ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုများပြားလာဖို့အတွက် Bartender တွေရှိဖို့ လိုအပ်ပါတယ်။ Bartender တွေဆိုတာ ခရီးသွားကဏ္ဍတိုးတက်အောင် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီပေးနေရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက Bartender တွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ အရည်အချင်းတွေ တိုးတက်လာအောင် ပံ့ပိုးကူညီပေးသွားနိုင်ဖို့အတွက် မြန်မာ Bartender အသင်းကို ဖွဲ့စည်းတည်ထောင်ဖြစ်ခဲ့တယ်လို့ဆိုတဲ့ Myanmar Bartenders Association ရဲ့ ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းအေးနဲ့ တွေ့ဆုံခိုက်မှာ အခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။
[caption id="attachment_23151" align="alignnone" width="370"]ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းအေး[/caption]
မြန်မာ Bartender အသင်း ဖွဲ့စည်းဖြစ်ပုံ . . .
Bartender အသင်းဖွဲ့ဖို့အတွက် ကျွန်တော်တို့တွေက Myanmar Restaurant Association ရဲ့ အကူအညီနဲ့ မနှစ်က ကျင်းပခဲ့တဲ့ First Myanmar Bartender Championship ပြိုင်ပွဲပြီးကတည်းက Bartender အသင်းဖွဲ့ဖို့ ကော်မတီဖွဲ့ခဲ့ပါတယ်။ Myanmar Bartender တွေအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့က မြန်မာပြည်မှာ Bartender အသင်းရှိဖို့လိုပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ကြိုးစားပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေနဲ့ တိတိကျကျလေး ဖွဲ့ဖြစ်တာကတော့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်ကမှ ဖြစ်ပါတယ်။
အသင်းအဖွဲ့ရဲ့ရည်ရွယ်ချက် . . .
အသင်းအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ Bartender Association ဖြစ်တာနဲ့အညီ Bartender တွေ အကျိုးရှိစေဖို့အတွက် လိုအပ်တဲ့ Training တွေ၊ Bartender တွေရဲ့ Capacity Development စတာတွေ တိုးတက်လာဖို့ အဓိကထားပြီး ဖွဲ့ဖြစ်ခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက Market ပွင့်လာတဲ့အချိန်မှာ Bar တွေ၊ Cafe တွေ တော်တော်များများ ဖွင့်လာတဲ့အခါမှာ လိုအပ်ချက်တွေရှိလာမယ့် Bartender တွေကို ထပ်ပြီးမွေးထုတ်ပေးသွားနိုင်ဖို့လည်း ပါဝင်ပါတယ်။
Bartender ပြိုင်ပွဲတွေအတွက်ကို ဘယ်လိုပံ့ပိုးပေးသွားမှာပါလဲ . . .
ပြိုင်ပွဲပိုင်းပြောမယ်ဆိုရင် ဒီနှစ်ထဲမှာတင် ကျွန်တော်တို့ မြန်မာ Bartender အသင်းကို ပြိုင်ပွဲနှစ်ပွဲ ဖိတ်ခေါ် ထားတာရှိပါတယ်။ သြဂုတ်လ ၂၅ ၊ ၂၆ ရက်မှာ စင်ကာပူမှာလုပ်မယ့် Asia Pacific Bartender ပြိုင်ပွဲမှာ မြန်မာ Bartender ထဲက နှစ်ယောက်ဝင်ပြိုင်ဖို့ ရှိပါတယ်။ အောက်တိုဘာလ ပထမပတ်မှာ မလေးရှားမှာလုပ်မယ့် Asean Bartender ပြိုင်ပွဲမှာလည်း ကျွန်တော်တို့ဆီက ပြိုင်ပွဲဝင်နှစ်ယောက်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ အဲဒါကြောင့်လည်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာ DJ Bar မှာ Second Myanmar Bartender Championship ပြည်တွင်းပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပြည်ပမှာသွားပြိုင်ဖို့အတွက် မြန်မာပြည်ကိုယ်စားလှယ် ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။
Bartender အသစ်တွေ မွေးထုတ်ဖို့ကတော့ ကျွန်တော်တို့ရဲ့ ရေရှည်အစီအစဉ်ဖြစ်ပါတယ်။ လောလောဆယ်မှာ Bartender တွေရဲ့ အရည်အချင်းတွေ တောက်ပြောင်လာအောင် သင်တန်းပေးဖို့အတွက် အဓိကရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ မြန်မာ Bartender အသင်းဟာ အခုမှစဖွဲ့ထားတာဖြစ်တဲ့အတွက် အဖွဲ့အစည်းတွေမှတ်ပုံတင်တာတို့ အသင်းတည်နေရာတို့ အတိအကျရပြီးသွားတဲ့အခါမှာတော့ Bartender အသစ်တွေကို Training တွေပေးပြီးတော့ မွေးထုတ်သွားဖို့ အစီအစဉ်ရှိပါတယ်။
လက်ရှိအပြင်မှာ Bartender သင်တန်းကျောင်းတွေရှိပေမယ့် ကလေးတွေအနေနဲ့ သင်တန်းတက်နိုင်ဖို့အတွက် သင်တန်းကြေးတွေမြင့်နေတာကြောင့် တက်နိုင်ဖို့အတွက် လက်လှမ်းမမီဘူးဖြစ်နေပါတယ်။ ဒါကို မြန်မာ Bartender Association ကနေပြီးတော့ အမြတ်အစွန်းအတွက်ကို အဓိကမထားဘဲ Bartender Life ကို စိတ်ဝင်စားတဲ့ကလေးတွေ လက်လှမ်းမီတဲ့ ဈေးနဲ့တက်နိုင်အောင် သင်တန်းတွေဖွင့်လှစ်သွားဖို့ ရှိပါတယ်။
အသင်းမှာ ပါဝင်တဲ့လူတွေ . . .
လက်ရှိကျွန်တော်တို့ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ ဥက္ကဌ၊ စာရင်းစစ်၊ အတွင်းရေးမှူး၊ ဒုဥက္ကဌ အားလုံးပေါင်း ဆယ်ယောက်ရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်တွေ၊ Bar ပိုင်ရှင်တွေ၊ Bartender တွေအတွက် ပံ့ပိုးပေးနေတဲ့ Supporting ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် လက်ရှိမှာအသင်းကို စီမံခန့်ခွဲမှုကော်မတီက ဆယ်ယောက်နဲ့ CEC တွေက ကိုးယောက် အားလုံးပေါင်း ၁၉ ယောက်နဲ့ ဖွဲ့ထားပါတယ်။
လက်ရှိဆောင်ရွက်နေတာတွေ . . .
အခုအနီးကပ်ဆုံးဆောင်ရွက်နေတာကတော့ ကျွန်တော်တို့အနေနဲ့ Second Myanmar Bartender Championship အတွက်ကို မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနဲ့တွဲဖက်ပြီး ဝိုင်းဝန်းပြီး ပံ့ပိုးပေးတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။ ဒါပြီးရင်တော့ အသင်း Registration ဖြစ်မြောက်ရေးနဲ့ Membership တိုးပွားရေးအတွက်ကို ပြုလုပ်သွားမှာပါ။
ရေရှည်မှာ အသင်းအနေနဲ့ဆောင်ရွက်သွားမှာတွေ . . .
ရေရှည်မှာ Bar Industry တစ်ခုလုံး၊ Bar နဲ့စပ်ဆက်နေတဲ့ လူတွေအားလုံးအတွက် အကျိုးရှိအောင် လုပ်သွားမှာပါ။ Bartender လို့ပြောရင် လူတွေက အရက်နဲ့တွဲမြင်ကြပါတယ်။ တကယ်က Bartender တွေမှာလည်း သူတို့ရဲ့ Professional Ethics တွေရှိပါတယ်။ ဥပမာ လူတစ်ယောက် အရက်များများသောက်နေတဲ့အချိန်မှာ ထပ်မသောက်ဖို့ပြောတာတို့၊ သူနဲ့လိုက်ဖက်တာကို စပ်ပေးတာတို့၊ မူးနေတဲ့လူကို ဆက်မရောင်းတာတို့၊ အသက် ၁၈ နှစ်မပြည့်ရင် မရောင်းတာတို့တွေရှိပါတယ်။ နောက်ပြီး Bar ပိုင်ရှင်တွေ အချင်းချင်းကြားမှာလည်း ဝန်ထမ်းတွေတိုးတက်ဖို့ ဘယ်လိုလုပ်ကြမလဲ။ ဝန်ထမ်းခေါ်တာကအစ အချင်းချင်း ဘယ်လိုစည်းကမ်းတွေ လိုက်နာရမယ့်ဟာတွေ၊ နားလည်မှုတွေ ရှိသွားမယ်။ Networking ရှိသွားမယ်။ အဓိကကတော့ Bartender တွေရဲ့ အရည်အချင်းတက်လာဖို့နဲ့ အသစ်တွေ မွေးထုတ်သွားဖို့ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့က ဒီကနေသင်တန်းဆင်းပြီးသွားတဲ့ Bartender အသစ်တွေအတွက်ကိုလည်း အလုပ်အကိုင် တစ်ခါတည်းရနိုင်အောင်နဲ့ နိုင်ငံတကာကို သွားမယ်ဆိုရင်လည်း နိုင်ငံတကာအသိအမှတ်ပြု Bartender လက်မှတ်တွေ ပေးအပ်သွားနိုင်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ။
လက်ရှိမှာတော့ ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များအသင်းနဲ့ Bartender Life က အတွေ့အကြုံရှိတဲ့လူတွေနဲ့ လက်တွဲပြီး စုပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ Member ဝင်သင့်တဲ့နေရာတွေကို ဝင်သွားမှာပါ။
အသင်းဝင်တွေ ရွေးချယ်ဖြစ်ပုံ . . .
ကျွန်တော်တို့အသင်းက Bartender အသင်းဆိုပေမဲ့ Bartender တွေဟာ ဝန်ထမ်းတွေဖြစ်နေတာကြောင့် သူတို့မှာ ကန့်သတ်ချက်တွေရှိတယ်။ သူတို့တွေက ဝန်ထမ်းတစ်ပိုင်းဖြစ်နေတဲ့အတွက် ပိုင်ရှင်ကခွင့်ပေးမှ ဒီအတွက်ကို အချိန်ပေးနိုင်မယ်။ နောက်ပြီးဝန်ထမ်းတွေ ဖြစ်နေတဲ့အတွက် ငွေရေး၊ ကြေးရေး အကန့်အသတ်တွေရှိတယ်။ Bar တွေမှာ ကော့တေးဖျော်တာတွေကအစ စီမံခန့်ခွဲမှုပိုင်းတွေပါမှာ ကန့်သတ်ချက်တွေက ရှိနေတော့ လောလောဆယ်မှာတော့ တခြားအလွှာတွေကပါ ပံ့ပိုးပေးနေရပါတယ်။ ဒါကြောင့်အသင်းမှာ Bar ပိုင်ရှင်တွေ၊ မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များ အသင်းကလူတွေ၊ Bartender တွေကို Support လုပ်ပေးနေတဲ့ကုမ္ပဏီပိုင်ရှင်တွေစတဲ့ အလွှာပေါင်းစုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Bartender အသင်းဆိုပေမဲ့ CEC နေရာတွေမှာ Bartender တွေက အချိုးအစားတစ်ခုနဲ့ပဲ ပါနေပါသေးတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ Management Skill တွေ တက်လာတဲ့အခါကျရင် အသင်းမှာ Bartender တွေ ပိုများလာမှာဖြစ်ပါတယ်။
အသင်းကို စိတ်ဝင်စားလို့ပါဝင်ချင်တယ်ဆိုရင် . . .
ကျွန်တော်တို့ ဒီနေ့အစည်းအဝေးကကျင်းပတဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှာရှိတဲ့ Register လုပ်ထားတဲ့ Bar တွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ၊ Bar ပိုင်ရှင်တွေနဲ့ Bar နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့သူတွေကို အသင်းဝင်အဖြစ် လက်ခံသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Bar ပိုင်ရှင်တွေ၊ Bar နဲ့ ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူတွေကို အသင်းဝင်လျှောက်ထားဖို့ တရားဝင်မသတ်မှတ်ထားရ သေးပါဘူး။
Bartender Life ကို စိတ်ဝင်စားတဲ့လူတွေအတွက် အသင်းအနေနဲ့ ပြုလုပ်ပေးသွားမှာတွေ
ကျွန်တော်တို့ပေးတဲ့ Training တွေက Bar Industry ကို စဝင်လာချင်တဲ့ ကလေးတွေအတွက်လည်း ဖြစ်နိုင်သလို၊ လက်ရှိလုပ်နေတဲ့လူတွေအတွက် Trainging လည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ အသင်းကပေးတဲ့ Trainging တွေကို နိုင်ငံတကာအသိအမှတ်ပြုအောင်လည်း စင်ကာပူ Bartender အသင်း တို့နဲ့လည်း မနှစ်ကအစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ Curriculum မှာ ဘာတွေ ပါသင့်တယ်ဆိုတာတွေကို အသေးစိတ်ဆွဲပြီးသွားရင် သင်တန်းနှစ်မျိုးလုံးကို ဖွင့်ပေးသွားမှာဖြစ်ပါတယ်။ ဖွင့်ပေးပြီးသွားရင် ကျွန်တော်တို့ဆီက Bartender ကလေးတစ်ယောက်ရဲ့ လက်မှတ်က နိုင်ငံခြားသွား အလုပ်လုပ်ချင်ရင်တောင် လုပ်လို့ရနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး သင်ရိုးညွှန်တန်းတွေ ပြန်ပြင်ရမှာဖြစ်တဲ့အတွက် အချိန်တော့နည်းနည်းယူရဦးမှာ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့