Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan

လက်(ဇ်)မင်းနာရာဆင်းဟန်းဟာ ကိုဗစ်ကပ်ဆိုးကာလအတွင်းက သူ့ဇနီး၊သားဖြစ်သူတို့နဲ့ကွဲနေပြီး အသက်၇၀နှစ်အရွယ်ရှိသူ့မိခင်အိုကြီးနဲ့အတူ လန်ဒန်မြို့ကတိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ နေထိုင်ခဲ့ရပါတယ်။ အခုတော့ကမ္ဘာကျော်အမေရိကန်ကော်ဖီဆိုင်ခွဲလုပ်ငန်းကုမ္ပဏီ Starbucks ရဲ့လက်ရှိ စီအီးအိုဟောင်းဝပ်ရှု(လ်)က ၎င်းရဲ့ စီအီးအိုရာထူးကိုဆက်ခံမယ့်သူအဖြစ် လက်(ဇ်)မင်းကိုခေါင်းခေါက်ရွေးချယ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် လူသုံးကုန်ပစ္စည်းလုပ်ငန်းကုမ္ပဏီကြီး Reckitt Benckiser  မှာ အမှုထမ်းစဉ်က လက်(ဇ်)မင်းမှာ ရိုးစင်းတဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အဲဒီကုမ္ပဏီရဲ့ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ထက်ဝက်အထိ ဖြန့်ချိရောင်းချသွားဖို့ပဲဖြစ်ပါတယ်။ အခုတော့၂၀၂၂ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ကျော်မှာ ဆိုင်ပေါင်း၃၂၀၀ဖွင့်ထားတဲ့ Starbucks ကော်ဖီဆိုင်လုပ်ငန်း ကုမ္ပဏီကြီးကို ဦးဆောင်ဖို့ ရွေးချယ်ခြင်းခံရပါတယ်။ Starbucks ဟာ ရပ်ကွက်တစ်ခုချင်းအတွက် ဆိုင်ခွဲတစ်ခုစီ တိုးချဲ့သွားမယ်ဆိုတဲ့ နည်းဗျူဟာအတွက် ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။

“အခုလိုသိပ်အရေးကြီးတဲ့ကာလမှာ Starbucks လိုနမူနာစံပြကုမ္ပဏီကြီးမှာပါဝင်ရမှာမို့ကျွန်တော်နှိမ့်ချမိပါတယ်။ ” ကော်ဖီနဲ့ပတ်သက်လို့ စားသုံးသူတွေရဲ့ဆက်သွယ်ပုံကိုပြောင်းလဲပေးခြင်းအတွက် Starbucks ဟာ လေးစားမြတ်နိုးခံရတာကြာပြီဖြစ်ကြောင်း သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဂျာမန်ဘာသာစကားပြောသင်တန်းမှဘွဲ့ရထားပြီးအ‌မေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အထင်ကရကျောင်း Wharton School မှအမ်ဘီအေဘွဲ့လည်းရခဲ့တဲ့ လက်(ဇ်)မင်းဟာ စီအီးအိုတာဝန်ထမ်းဆောင်တဲ့အခါ သူ့ရှေ့ကစီအီးအိုတချို့ထက် ပိုတာရှည်ခံမယ့်အမွေအနှစ်ကို ထားရစ်ခဲ့ဖို့မျှော်လင့်ထားပါတယ်။

၂၀၂၂ခုနှစ်၊အောက်တိုဘာလကျမှသာ သူဟာ Starbucks ကုမ္ပဏီကိုရောက်လာမှာဖြစ်ပြီး ၂၀၂၃ခုနှစ်၊ဧပြီလကျမှ လက်ရှိစီအီးအို ဟောင်းဝပ်ရှု(လ်)ဇ်ရဲ့ရာထူးကို တရားဝင်လွှဲပြောင်းလက်ခံယူရမှာပါ။ ရှု(လ်)ဇ်ဟာ Starbucksကို အကြိမ်ကြိမ် ကမ္ဘာလုံးဆိုင်ရာထူးခြားဖြစ်ရပ်ဆန်းကြီးအဖြစ်သို့ အသွင်ပြောင်းလဲပေးခဲ့သူပဲဖြစ်ပါတယ်။

            ၁၉၇၇ ခုနှစ်က Starbucks ကို ဝယ်ယူခဲ့တဲ့ ရှု(လ်)ဇ် ဟာ သူ့ရာထူးဆက်ခံသူတွေလက်ထဲမှ စီအီးအိုရာထူးကို ပြန်ယူဖို့ Starbucks ကို အကြိမ်ကြိမ်ပြန်လာခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ အငြိမ်းစားမယူခင်အထိ ၂၀၀၈ ခုနှစ်က ပထမအကြိမ်ပြန်လာပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းကလည်း ယာယီစီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဒုတိယအကြိမ်ပြန်လာခဲ့တယ်။

            Starbucks ဟာ ရှု(လ်)ဇ်ထက် ပိုကောင်းတဲ့ ဦးဆောင်မှုအစီအစဉ်တစ်ခုလိုအပ်နေပါပြီလို့ ၂၀၂၂ ခုနှစ် မတ်လက CNN က ထောက်ပြခဲ့ပါတယ်။ လက်(ဇ်)မင်းဟာ အနာဂတ်အရာရှိတွေအတွက် လေ့ကျင့်ကွင်းဖြစ်တဲ့ McKinsey ကုမ္ပဏီမှာ နှစ်ပေါင်း ၂၀ တိုင်တိုင် အတိုင်ပင်ခံလုပ်စဉ်ကတည်းကသူ့ရဲ့စီးပွားရေး လုပ်ငန်းအမြင်ထက်မြက်မှုကို ပိုထက်အောင်သွေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး Pepsi ကုမ္ပဏီရဲ့ လက်တင်အမေရိကန်နိုင်ငံဆိုင်ရာလုပ်ငန်းလည်ပတ်ရေးဌာနမှာ အမှုထမ်းတဲ့အခါ သူဟာ နာမည်တစ်လုံးရခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က Reckitt Benckiser ကုမ္ပဏီရဲ့ စီအီးအိုဖြစ်လာတော့ အဲဒီကုမ္ပဏီမှာ ၎င်းရဲ့ထက်မြက်ထူးချွန်မှုမရှိတော့မှန်း သတိထားမိလာတယ်။ Reckitt ဟာ ပိုးသတ်ဆေး Lysol ၊ ဝက်ခြံပျောက်ဆေး Clearasil နဲ့ Durex တံဆိပ် ကွန်ဒုံးတွေလို ကုန်ပစ္စည်းတွေအတွက် အထူးလူသိများလှပါတယ်။ ၂၀၂၃ ခုနှစ် ကုန်တဲ့အခါ ကုမ္ပဏီအနေနဲ့ ဒေါ်လာ  ၂.၈ ဘီလီယံအရှုံးမပေါ်အောင် လုပ်ပေးမယ့် လေးနှစ်စီမံကိန်းကို သူမိတ်ဆက်ပေးခဲ့ပါတယ်။ ကလေးဖြည့်စွက်စာလုပ်ငန်းကို ပြန်ရောင်းချပစ်လိုက်ပြီးနောက် Reckitt ၅ ရာခိုင်နှုန်းတိုးတက်လာပုံကိုမြင်ကြရတယ်။ ပထမ ၆ လတာအတွင်း Reckitt ဟာ ၇.၆ ရာခိုင်နှုန်းတိုးချဲ့နိုင်ခဲ့တယ်။

            နာမည်ကြီးတံဆိပ်ကုန်ပစ္စည်းတွေကို အမျိုးကွဲပြားစုံလင်တဲ့ အုပ်စုဖွဲ့စည်းပြီး “ကာကွယ်၊ စောင့်ရှောက်၊ ကုသပြီး၊ ပြုစုပျိုးထောင်မည်” ဆိုတဲ့ ဆောင်ပုဒ်အရ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းဖို့ တွန်းအားပေးခဲ့တယ်။ ၂၀၂၂  ခုနစ်အလွန် ၂၀၂၅ ဝန်းကျင်နှစ်ကာလတွေအတွင်း ဝင်ငွေဂဏန်းတစ်လုံးစာတိုးပွားဖို့  နည်းဗျူဟာချမှတ်တယ်။ အဲဒီအခိုက်မှာ ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါကြီး ပေါ်လာတယ်။ မကြာခင်မှာ သူဟာ အမေရိကရှိ သူဇနီး၊ သူ့သားတို့နဲ့ ကွဲနေပြီး   လန်ဒန်က အိပ်ခန်းနှစ်ခန်းပါတဲ့တိုက်ခန်းကျဉ်းလေးမှာ အသက် ၈၀ အရွယ်  မိခင်ကြီးနဲ့အတူ နေထိုင်ရတယ်။ အလုပ်ကိစ္စခရီးတွေသွားရာမှ သူရရှိတဲ့ ပုံစံအဆင့်၊ အသိအမှတ်ပြုခံရမှုမျိုးအပေါ် အားလုံးအားထားရတဲ့ ကုမ္ပဏီတစ်ခုကို သူအုပ်ချုပ်နေရတယ်။

“ကျွန်တော်တို့ရဲ့ သြဇာအာဏာနဲ့မျိုးတွေပြောင်းလဲသွားတယ်။ ကျွန်‌တော်တို့ဟာ ခပ်လှမ်းလှမ်းကနေ ဦးဆောင်ကြရမယ်။ ကိုယ့်ပတ်ဝန်းကျင်ရှိအဖွဲ့ကို လုပ်ခွင့်အာဏာအပ်နှင်းပြီး ယုံကြည်မှုထားရမယ်။ သူတို့ဟာရှေ့တန်းလူတွေဖြစ်တယ်။ လူသားဆန်အောင် ပြုလုပ်ပေးမှုဖြစ်တယ်လို့ သူက သူ့ဇာတိအိန္ဒိယနိုင်ငံရှိ CNBC ရုပ်သံဌာနခွဲကို ပြောပါတယ်။ )

၂၀၂၂ ခုနှစ်အတွင်း Reckitt ရဲ့ပြိုင်ဘက်ကုမ္ပဏီ Abbott Laboratories က ကလေးဖြည့်စွက်အာဟာရလုပ်ငန်း ပိတ်သိမ်းလိုက်လို့   Reckitt ရဲ့ Mead Johnson ကလေးဖြည့်စွက်စာကုမ္ပဏီဟာ လက်လီဆိုင်တွေဆီ မြန်ဆန်စွာဖြန့်ချိနိုင်တဲ့အတွက် စျေးကွက်ဝေစု ၃၇ ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်းအထိ တက်လာပါတယ်။ တရုတ်ပြည်အတွက် နည်းဗျူဟာကိစ္စ သူစဉ်းစားဖို့ အချိန်ကျတဲ့အခါ တရုတ်ပြည်မှာ ကလေးမွေးဖွားနှုန်းကျဆင်းမှုနဲ့ ၂၀၀၈ ခုနှစ်က မယ်လမင်းဓာတ်ပါဝင်မှုပြဿနာများနောက်ပိုင်း ပြည်တွင်းကလေးဖြည့်စွက်စွာကုမ္ပဏီတွေ ကြီးစိုးရေးဆိုတဲ့ တရုတ်အစိုးရရဲ့ ရည်မှန်းချက်တို့ကို သုံးသပ်ပြီး တရုတ်ပြည်စျေးကွက်ထဲ မဝင်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။

            “ကျွန်တော်က လူလွတ်ဖြစ်နေတော့ ခံစားချက်မရှိဘူး။ အဲဒီအတွက် ငွေထည့်မလား ဒါမှမဟုတ် တကယ့်တန်ဖိုးအစစ်ဖန်တီးလို့ရမယ့် တခြားနေရာတွေမှာ ငွေထည့်မလားလို့ ကျွန်တော်စဉ်းစားရပါတယ်”လို့ ၂၀၂၂ ဖေဖော်ဝါရီလတုန်းက သူက Bloomberg မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က UN ရဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအစည်းအဝေးကြီးကို ပူးပေါင်းစပွန်ဆာပေးခဲ့တဲ့ လက်(ဇ်)မင်းဟာ Starbucks က လက်ခံကျင့်သုံးခဲ့တဲ့ လူမှုရေးသာတူညီမျှမှုအတွက်လည်း စိုးရိမ်မကင်းဖြစ်နေပါတယ်။

Reckitt မှာ ကိုဗစ်ကပ်ကာလအတွင်းက အချို့သော လူမည်းသီးသန့်ထောက်ပံ့ခြင်း၊ ကောလိပ်ကျောင်းတွေမှ ကျောင်းသားတွေအတွက် ပညာသင်စရိတ်တို့အတွက် ကိုယ်ပိုင်ပိုက်ဆံဖြင့် စတင်ဒကာခံပေးခဲ့ပါတယ်။

“လူမည်းအသိုက်အဝန်းတွေဟာ အချိုးမညီမျှစွာ သက်ရောက်ခံရကြောင်း ကျွန်‌တော်တွေ့ရှိရတယ်။ သူတို့ကို ကူညီမယ့်ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေမရှိမှန်းတွေ့နေလို့ရလို့ပါပဲ”လို့ ၎င်းက CNBC အင်တာဗျူးမှာပြောခဲ့ပါတယ်။

လက်(ဇ်)မင်းရဲ့ ဥရောပမှ အတွေ့အကြုံအရ အလုပ်သမားသမဂ္ဂတွေကို Starbucks ရဲ့ အငြင်းပွားဖွယ်ရာ ချဉ်းကပ်နေမှုအတွက်လည်း အထောက်အကူပြုဖွယ်ရာရှိပါတယ်။ ဥရောပနိုင်ငံတွေမှာ ကုန်သွယ်ရေးသမဂ္ဂတွေဟာ သမိုင်းဝင်စက်မှုတော်လှန်ရေးခေတ်လွန် ပုံစံများကို အမြစ်တွယ်နေတာဖြစ်တယ်။

Reckitt ကုမ္ပဏီမှာ လက်(ဇ်)မင်း စီအီးအို လုပ်စဉ်ကာလအတွင်း သမဂ္ဂကိုယ်စားလှယ်လုပ်ပြီး၊ စုပေါင်းညှိနှိုင်းမှုမှာပါဝင်မှုတိုင်းဟာ တကယ်ပဲ တိုးတက်လာပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းက လုပ်သားအင်အား ၂၀ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ၂၃ ရာခိုင်နှုန်းဖြစ်လာတယ်လို့ Reckitt က ဆိုပါတယ်။ လက်(ဇ်)မင်းဟာ Starbucks လိုအပ်နေတဲ့ အခန်းကဏ္ဍသစ်ဆီ ခေါ်ဆောင်ဖို့  သင့်တော်မှန်ကန်တဲ့ ဦးဆောင်သူဖြစ်တယ်လို့ ဟောင်းဝပ်ရှု(လ်)က ပြောပါတယ်။ ဒီတစ်ခါတော့ ဇာတ်သိမ်းခန်းမှာ မိမိကုမ္ပဏီကို ပြန်ယူဖို့   ရှု(လ်)ဇ် ပြန်မလာပါစေနဲ့လို့ လက်(ဇ်)မင်းက မျှော်လင့်ရပါလိမ့်မယ်။

စိုးသိဏ်း

Ref: Bloomberg