လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group

ဆိပ်ကမ်းတွေနဲ့ စွမ်းအင်လုပ်ငန်းစုတွေအပါအဝင် လုပ်ငန်းနယ်ပယ်တော်တော်များများမှာ ဝင်ရောက်နေရာယူထားပြီးသားဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီးဖြစ်တဲ့ Adani Group ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေထပ်မံပြုလုပ်သွားဖို့ရှိကြောင်း Chairman ဖြစ်သူ Gautam Adani က ဆိုပါတယ်။ အများစုကိုတော့ သဘာဝသယံဇာတကနေ ကာဗွန်ထုတ်လုပ်မှုသုညဖြစ်နိုင်ခြေနည်းနဲ့ စွမ်းအင်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ် (energy transition business) တွေဘက်မှာ အသုံးချရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

၁၉၈၈ ခုနှစ်က coal trading လုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့တဲ့ Adani Group ကို အခုအသက် ၆၀ ဝန်းကျင်ရှိတဲ့ Gautam Adani က ဦးဆောင်နေပြီး သူဟာလုပ်ငန်းနယ်ပယ်တော်တော်များများမှာ ဝင်ရောက်အခြေချ အောင်မြင်နေပြီဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အခြေခံအဆောက်အအုံ များတည်ဆောက်ငှားရမ်း၊ လုပ်ကိုင်ခြင်းဖြစ်ပြီး၊ လုပ်ငန်းစုဟာ လက်ရှိမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi  အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတွေနဲ့လည်း ကိုက်ညီအောင်လုပ်ကိုင်နေတာပါ။

ပြီးခဲ့တဲ့ ရက်အချို့က စင်ကာပူမှာြပုလုပ်ခဲ့တဲ့ Forbes Global CEO Conference မှာ ကမ္ဘာ့ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Gautam Adani က “လုပ်ငန်းစုတစ်ခုလုံးအနေနဲ့ လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဒေါ်လာဘီလီယံ တစ်ရာကျော် မတည်ရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ်”ဆိုပြီး ပြောခဲ့တာပါ။

“ဒီရင်းနှီးမြှုပ်နှံမှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကိုတော့ energy transition business တွေဘက်မှာ အသုံးချသွားမှာပါ။ လက်ရှိမှာတင်ကိုကဲ ကျွန်တော်တို့က ကမ္ဘာအကြီးဆုံး ဆိုလာစွမ်းအင်ထုတ်လုပ်သူဖြစ်နေနှင့်ပြီးသားဆိုပေမယ့်၊ ဆက်လက်ပြီးလည်း ဒီဘက်အပိုင်းကို အများကြီးပိုလုပ်သွားဖို့ရည်ရွယ်ထားတာဖြစ်တယ်”လို့ သူက ပြောပါတယ်။  

ဘယ်ကငွေကြေးကို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အသုံးချသွားမယ်ဆိုတာကိုတော့ သူကမပြောသွားပါဘူး။

အကြွေးသုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ CreditSights ကတော့ ဒီလအစောပိုင်းတုန်းက Adani Group ရဲ့ Loan Capital (debt) နဲ့ common stock value (equity) ရဲ့အချိုးနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းထုတ်ပြန်ခဲ့ပေမယ့် Adani Group ကတော့ သူတို့ရဲ့အဲဒီ အချိုးဟာ ရှိသင့်တဲ့အနေအထားရှိပြီး ဈေးကွက်သတ်မှတ်ချက်အဆင့်နဲ့လည်းညီကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

Gautam Adani ဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ် ဒေါ်လာ ၁၄၃ ဘီလီယံရှိကြောင်း Forbes ကထုတ်ပြန်ထားပြီး သူဟာ Tesla ရဲ့ ပဲ့ကိုင်ရှင် Elon Musk ရဲ့နောက်က ဒုတိယ အချမ်းသာဆုံးအဖြစ် ရပ်တည်နေတာပါ။ Adani Group ရဲ့ အများပိုင်အဖြစ် စတော့ဈေးကွက်တင်ထားသမျှကုမ္ပဏီစုစုပေါင်းရဲ့ ဈေးကွက်တန်ဖိုး ကတော့ ဒေါ်လာ ၂၆၀ ဘီလီယံရှိပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ အတော်ကို တိုးပွားလာခဲ့တဲ့သဘောရှိတာတွေ့ရပါတယ်။

ဒီတစ်နှစ်တည်းမှာတင် ပြုလုပ်ခဲ့သမျှသော ဘီလီယံဒေါ်လာနဲ့ချီတန်ဖိုးရှိတဲ့ သဘောတူညီမှု၊ ဝယ်ယူမှုတွေကိုလည်း Adani Group က ကြေငြာခဲ့ပါသေးတယ်။ အဲဒီထဲက တန်ဖိုးအကြီးဆုံးဝယ်ယူမှုတစ်ခုကတော့ Holcim AG ရဲ့ အိန္ဒိယနိုင်ငံအတွင်းက ဘိလပ်မြေလုပ်ငန်းဖြစ်တဲ့ Ambuja Cements Ltd and ‌ACC Ltd ကို ဒေါ်လာ ၁၀.၅ ဘီလီယံနဲ့ ဝယ်ယူမှုပဲဖြစ်ပါတယ်။

ပြန်လည်ဖြည့်ဆည်းနိုင်သော စွမ်းအင်အသုံးပြုကာ ရေကတစ်ဆင့် electrolysis အသုံးပြုပြီး တန်ဖိုးမကြီးတဲ့ green hydrogen ထုတ်လုပ်သူဖြစ်ချင်ကြောင်း Gautam Adani က ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့လည်း 5GW hydrogen electrolyser စက်ရုံနဲ့ 10 GW wind-turbine manufacturing facility ၊ 10 GW silicon-based photo-voltaic chain စတာတွေအတွက် ဆောက်လုပ်နေဆဲဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“ဒီကိစ္စက အိန္ဒိယနိုင်ငံအတွက် တကယ့်ကို အရွေ့တစ်ခုဖြစ်လာစေပြီး၊ တစ်နေ့မှာ အိန္ဒိယဟာ ထိပ်တန်း စွမ်းအင်ပို့ကုန်လုပ်တဲ့နိုင်ငံတစ်ခုဖြစ်လာနိုင်ခြေ အလားအလာတွေကိုလည်းဖြစ်စေပါတယ်” လို့ဆိုပါတယ်.

လက်ရှိမှာ အိန္ဒိယနိုင်ငံက ကမ္ဘာ့ တတိယအကြီးဆုံး crude importer နဲ့ consumer ဖြစ်ပါတယ်။

Adani Group ဟာ အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်း ၂၅ ရာခိုင်နှုန်းသော ခရီးသွားတွေနဲ့ ၄၀ ရာခိုင်နှုန်းသော လေကြောင်းပို့ကုန်တွေကို ကိုင်တွယ်ပေးနိုင်တဲ့ အကြီးဆုံး airport operator လည်းဖြစ်ပါတယ်။

ပြီးတော့ အိန္ဒိယနိုင်ငံအတွင်း ဈေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းကျော်ရှိထားတဲ့ အကြီးဆုံး ဆိပ်ကမ်းတွေနဲ့၊ ထောက်ပို့ကွင်းဆက်လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ကုမ္ပဏီကြီးလည်းဖြစ်ပါတယ်။

Ref : BKK Post, Internet, Forbes