အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ Messaging App များကို အသုံးပြုခြင်း : David Tse (Senior Director, APAC, Rakuten Viber)

အာရှပစိဖိတ်ဒေသတွင်း Viber Team ကို ဦးဆောင်နေသူ David Tse (Senior Director, APAC, Rakuten Viber) က CEO စာဖတ်ပရိသတ်တွေကို Messaging Application တွေကို မိမိတို့ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုမျိုးပေါင်းစပ်အသုံးပြုကာ

  • ဖောက်သည်တွေနဲ့ အချိတ်အဆက်မိမိ ဝန်ဆောင်မှုတွေပေးနိုင်မလဲဆိုတာ
  • စီးပွားရေးလုပ်ငန်းနဲ့ သူတို့ရဲ့ဖောက်သည်တွေကြား အပြန်အလှန်ချိတ်ဆက်မှုတွေမှာ လုံခြုံမှုအပြည့်အဝရှိစေမယ့် Viber ရဲ့ Privacy Feature တွေကဘာတွေလဲဆိုတာ
  • မြန်မာနိုင်ငံနဲ့ အာရှပစိဖိတ်ဒေသတွင်း‌ဈေးကွက်အပေါ် Viber ရဲ့ အမြင်နဲ့ အနာဂတ်ဈေးကွက်နည်းဗျူဟာတွေကဘာတွေဖြစ်မလဲဆိုတာ

တွေကို ဖြေဆိုပေးထားပါတယ်။

David Tse ဟာ Viber ရဲ့ အာရှပစိဖိတ်ဒေသတွင်းလုပ်ငန်းအဖွဲ့ကိုဦးဆောင်ကာ မိတ်ဖတ်စီးပွားရေးလုပ်ငန်းတွေနဲ့ အသုံးပြုသူတွေ နေ့စဉ်တိုးပွားလာအောင်လုပ်ဆောင်နေတဲ့ Busienss Development ၊ Marketing ပိုင်းက Professional တွေကို ဦးဆောင်နေတာပါ။ David အနေနဲ့ Viber မတိုင်ခင်က Razer (Gaming Industry) ၊ Netflix (Online Streaming Service/ Entertainment ) လုပ်ငန်းတွေမှာလည်း APAC ဒေသတွင်း ဦးဆောင်ရာထူးများနှင့် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသတွင်း Viber Team ကို ဦးဆောင်နေသူ David Tse (Senior Director, APAC, Rakuten Viber)

Messaging Application တွေကို သုံးပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သုံးစွဲသူအတွေ့အကြုံ ပိုမိုကောင်းမွန် အောင် ဘယ်လိုလုပ်နိုင်မလဲ။

ခုခေတ်အွန်လိုင်းနဲ့ချိတ်ဆက်ထားတဲ့ ကမ္ဘာကြီးမှာ အသုံးပြုသူတွေက ချန်နယ်ပေါင်းများစွာ၊ စက်ကိရိယာများစွာကို အသုံးပြုပြီးတော့ ပုံစံမျိုးစုံနဲ့ ချိတ်ဆက်နေကြပါတယ်။ အသုံးပြုသူတွေရဲ့ အလေ့အထကလည်း အဆက်မပြတ် တိုးတက်ပြောင်းလဲနေပါတယ်။ အဲဒါကြောင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဆိုရင် အသုံးပြုသူတွေရဲ့ အလေ့အထ၊ ရှိတတ်တဲ့နေရာတွေကို သိရှိနားလည်ထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် လူတော်တော်များများက တစ်ခုခု ဝယ်ယူဖို့ လိုတဲ့အခါ ပထမအဆင့်အနေနဲ့ မိုဘိုင်းဖုန်းကနေ ပစ္စည်းအကြောင်း အရင်လေ့လာပြီး ဒုတိယအဆင့်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်က ဝေဖန်သုံးသပ်ချက်တွေ ဖတ်ကြလေ့ရှိပါတယ်။ နောက်ပြီး တတိယအဆင့်အနေနဲ့ Viber ဒါမှမဟုတ် FB messenger ပေါ်ကနေမှ ကုန်ပစ္စည်းတွေရဲ့ ကမ်းလှမ်းချက် (offer) တွေကို ဝင်ရောက်ကြည့်ရှု ဝယ်ယူတတ်ကြပါတယ်။ ဒီလိုဝယ်ယူမှုပုံစံတွေက ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် ရောင်းချသူတွေအနေနဲ့ ဝယ်ယူအသုံးပြုသူတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ လွှမ်းမိုးနိုင်မယ့် စာတိုပေးပို့ရေးအက်ပ်တွေကတစ်ဆင့် ချိတ်ဆက်ရောင်းချတာလိုမျိုး ဈေးကွက်ရှာဖွေတဲ့ နည်းလမ်းတွေကို ချဲ့ထွင်အသုံးပြုလာကြဖို့ အရေးကြီးပါတယ်။

ရောင်းချသူတွေက ကိုယ်ရောင်းချနေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို စိတ်ဝင်စားဝယ်ယူလိုတဲ့ သူတွေနဲ့ Messaging App တွေကတစ်ဆင့် စိတ်ကြိုက်ဆက်သွယ်ပြောဆိုမှုတွေ ပြုလုပ်နိုင်ပြီး ကောင်းမွန်ယုံကြည်ရတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာလည်း ဖြစ်ပါတယ်။ Viber အနေနဲ့က ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုသူပေါင်း ၁ ဘီလီယံရှိပြီး နာမည်အကြီးဆုံး Messaging App တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုရုံသာမကပဲ လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်း အထောက်အကူပြု ပလက်ဖောင်းတစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေအနေနဲ့ သုံးစွဲသူတစ်ဦးချင်းစီကို စိတ်ကြိုက်Message များအပြင် လုပ်ငန်းဆိုင်ရာ Message များလည်း ပေးပို့နိုင်မှာပါ။ ဒီလိုနည်းပညာတွေ အသုံးပြုပြီး ဝယ်ယူသူတွေနဲ့ ချိတ်ဆက်တဲ့အခါ ဗွီဒီယို၊ ဓာတ်ပုံ၊ Emoji တွေသုံးပြီး ပိုမိုဆွဲဆောင်မှုရှိစွာနဲ့ ပြောဆိုဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Viber Channel နဲ့ Chatbot တွေကလည်း ကမ်းလှမ်းချက် (offer) တွေကို ဝေမျှနိုင်ပါတယ်။ ဝယ်ယူသူတွေကလည်း ဒီလို Channel တွေမှာ မိမိရဲ့ တုန့်ပြန်ချက်၊ အမြင် စတာတွေကို ပြန်လည်မျှဝေနိုင်ပြီး အထူးကမ်းလှမ်းချက်တွေကိုလည်း တောင်းဆိုသွားနိုင်မှာ ဖြစ်ပါတယ်။ Chatbot မှာဆိုရင် ဝယ်ယူသူတွေ သိချင်တဲ့ မေးခွန်းတွေကို လျင်မြန်စွာ ဖြေဆိုပေးနိုင်တဲ့အတွက်ကြောင့် လုပ်ငန်းဆောင်တာတွေကို ပိုပြီး မြန်မြန် လည်ပတ်စေနိုင်မှာ ဖြစ်ပါတယ်။

Messaging App တွေကိုသုံးတဲ့အခါ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အဓိကလိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မလဲ။

မြန်မာနိုင်ငံတွင်းက (မိုက်ခရို) တစ်ပိုင်တစ်နိုင်၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေက ဝယ်ယူသူတွေနဲ့ ပိုမို အဆင်ပြေပြေ ချိတ်ဆက်နိုင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတွေ၊ ဝန်ဆောင်မှုတွေ လိုအပ်လာပါတယ်။ လက်ရှိအခြေအနေမှာ ဒစ်ဂျစ်တယ်အခြေပြု ဆက်သွယ်ရေး ပလက်ဖောင်းတွေအပေါ် ပိုမိုတင်းကြပ်စွာ စောင့်ကြည့်ထိန်းချုပ်ထားမှုတွေကြောင့် ပြည်သူတွေအနေနဲ့ သူတို့နေ့စဥ်အသုံးပြုနေရတဲ့ Application တွေနဲ့ ပတ်သက်ပြီး ပူပန်ကြောင့်ကြနေရပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေက Rakuten Viber လိုမျိုး လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတွေကို ရှာဖွေလာကြတာပါ။ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပိုမိုချဲ့ထွင်နိုင်အောင်၊ ဝယ်ယူသူတွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်နိုင်အောင် စတာတွေအတွက် လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ Default အနေနဲ့ ထည့်သွင်းပေးထားတဲ့ end-to-end encryption လုပ်ဆောင်ချက်ကြောင့် အက်ပလီကေးရှင်းထဲမှာ ပေးပို့သူနဲ့ လက်ခံသူ နှစ်ဖက်ကလွဲပြီး တခြား လူပုဂ္ဂိလ် အဖွဲ့အစည်းဖြစ်စေ၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်စေ၊ Viber ကိုယ်၌ကဖြစ်စေ ဝင်ရောက်ကြည့်ရှုတာ၊ အချက်အလက်တွေ ရယူတာမျိုး ပြုလုပ်လို့မရနိုင်ပါဘူး။ ဒါ့အပြင် Viber Desktop ဗားရှင်းအတွက်လည်း passcode အသုံးပြုခွင့် ပေးထားပါတယ်။ နောက်ပြီး သတ်မှတ်ထားတဲ့ အချိန်တစ်ခုရောက်ရင် ပို့ဆောင်ထားတဲ့ စာတွေ၊ ပုံတွေကို အလိုအလျောက် ဖျက်ပစ်နိုင်တဲ့ disappearing message ဆိုတဲ့ လုံခြုံရေးဆိုင်ရာ အထူးလုပ်ဆောင်ချက်ကိုလည်း Viber က ထည့်သွင်းပေးထားပါတယ်။ မကြာသေးခင်က နောက်ဆုံးထည့်သွင်းထားတဲ့ လုပ်ဆောင်ချက်အသစ်အနေနဲ့ဆိုရင် two-step verification ဆိုတာ ရှိပါတယ်။ အသုံးပြုသူက ထည့်သွင်းထားတဲ့ email ကနေတစ်ဆင့် ကုဒ်နံပါတ်ထည့်သွင်းအတည်ပြုနိုင်မှ Viber ကိုဝင်ရောက်နိုင်တာမျိုးပါ။ ဒီလုပ်ဆောင်ချက်တွေက ဘဏ်လုပ်ငန်း၊ ပညာရေး၊ စီးပွားရေးစတဲ့နယ်ပယ် အသီးသီးမှာ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုမြင့်တက်လာတဲ့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ လုပ်ဆောင်ချက် တွေပဲ ဖြစ်ပါတယ်။

ကပ်ရောဂါ ဖြစ်ပွားမှုရဲ့ အကျိုးဆက်အနေနဲ့ မိုက်ခရို (တစ်ပိုင်တစ်နိုင်)၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ Messaging App အသုံးပြုမှုတွေ မြင့်တက်လာပုံအကြောင်း ပြောပြပါဦး။

ကျွန်တော်တို့ Rakuten Viber က အသုံးပြုသူတွေအားလုံးကို အတူတကွရှိနေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပြီး လုံခြုံပြီး ကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြုံကို ပေးဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါက မြန်မာနိုင်ငံကို တော်တော်လေး အထိနာစေခဲ့ပါတယ်။ မြန်မာနိုင်ငံဈေးကွက်က ကျွန်တော်တို့ Viber အတွက်လည်း စိတ်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့ပေမယ့် အသုံးပြုတွေအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်အတိုင်း လုံခြုံရေးအပေါ် အလေးထားတဲ့ လုပ်ဆောင်ချက်တွေ ဆက်လက်ထည့်သွင်း လုပ်ဆောင်ပေးခဲ့ပါတယ်။ စီးပွားရေး၊ ပညာရေး စတဲ့ နယ်ပယ်အသီးသီးမှာ ကိုဗစ်စည်းမျဥ်းစည်းကမ်းတွေကြောင့် နေအိမ်မှာသာ အလုပ်လုပ်၊ ပညာသင်ကြားလာကြတဲ့အတွက် စာတိုပေးပို့တဲ့အက်ပ်တွေကို ပိုမိုချဲ့ထွင် အသုံးပြုလာကြပါတယ်။ အဓိကအားဖြင့် စီးပွားရေးအတွက်ဆိုရင် Rakuten Viber မှာ အဖွဲ့လိုက် ဖုန်းခေါ်ဆိုမှု၊ ဗွီဒီယိုကောလ် ခေါ်ဆိုမှု အတွက် ပါဝင်နိုင်သူဦးရေ တို့ချဲ့ခြင်း၊ screen ကို တစ်ဖက်သူဆီ မျှဝေနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေအပါအဝင် တခြားသော အင်္ဂါရပ်တွေကို ကျွန်တော်တို့တွေ ချဲ့ထွင်ထည့်သွင်းပေးခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကလည်း Viber Community တွေ၊ Group တွေ တည်ထောင်ခဲ့ကြပြီး Viber Channel ပါ ထည့်သွင်းလာခြင်းကြောင့် သုံးစွဲသူတွေကို ပိုမိုအဆင်ပြေစေခဲ့ပါတယ်။

အာဆီယံနဲ့ မြန်မာနိုင်ငံဈေးကွက်အပေါ် Viber ရဲ့အမြင်

မြန်မာနိုင်ငံရဲ့  ဈေးကွက်အခြေအနေက လျင်မြန်စွာ ပြောင်းလဲနေပြီးတော့ Viber အသုံးပြုသူတွေအပါအဝင် လူသားအားလုံးရဲ့ အလေ့အထတွေကလည်း သိသိသာသာ ပြောင်းလဲလာပါတယ်။ ဒစ်ဂျစ်တယ်အခြေပြု ဆက်သွယ်ပြောဆိုမှုတွေကို စောင့်ကြည့်ထိန်းချုပ် ခံလာရမှုကြောင့် စီးပွားရေးလုပ်ငန်းတွေအတွက်ရော၊ ကျန်သူ တစ်ဦးတစ်ယောက်ချင်းစီအတွက်ပါ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု ပလက်ဖောင်းတွေ လိုအပ်လာပါတယ်။ Community ကို အသုံးပြုမှုများလာတာကို ကြည့်ခြင်းအားဖြင့် လူတွေက Viber ကို စီးပွားရေးအတွက် အားထားလာကြတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါ့အပြင် brand တွေက Viber Channel တွေ ဖန်တီးလာကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ကျွန်တော်တို့အတွက် အရေးပါတဲ့ ဈေးကွက်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ နည်းပညာတွေ အသုံးပြုပြီးတော့ မြန်မာနိုင်ငံသားတွေအတွက် အသုံးပြုရအဆင်ပြေတဲ့ ပလက်ဖောင်းတစ်ခုဖြစ်အောင် လုပ်ဆောင်နေတာပါ။

အာဆီယံနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်သွားမယ့် Viber ရဲ့ နည်းဗျူဟာ

၂၀၂၂ အတွက် ကျွန်တော်တို့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်အသစ်တွေ ရှိပါတယ်။ အသုံးပြုသူတွေအတွက် ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ၊ လုပ်ငန်းခွင် (သို့) စီးပွားရေးလုပ်ငန်းတွေအတွက်ဖြစ်စေ အကောင်းဆုံး လုပ်ဆောင်ချက်တွေ ထည့်သွင်းသွားပေးဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုပါတယ်။ မြန်မာနိုင်ငံအတွက် လုံခြုံစိတ်ချရမှုရှိစေဖို့က အထူးဦးစားပေး လုပ်ဆောင်နေပြီး တခြားမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ လုပ်ဆောင်ချက်အသစ်တွေလည်း ထည့်သွင်းသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအတွက် အထူးပြုလုပ်ထားတဲ့ Viber Lens တွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက်ဆိုရင် Channel၊ Community၊ Chatbot စတာတွေကို ထည့်သွင်းပြီး အသုံးပြုသူတွေအတွက် ပိုပြီးအဆင်ပြေအောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။

Kyay KoShin Yoon စတဲ့ Viber ရဲ့ Lifestyle ချန်နယ်တွေမှာ ဘဝနဲ့ သက်ဆိုင်တဲ့ စာစုတွေ၊ အချစ်စာစုတွေ စတဲ့ content တွေ ပုံမှန်တင်ပေးနေပြီး အဖွဲ့ဝင်တွေအနေနဲ့ တင်နိုင်အောင် ပြုလုပ်ထားတဲ့ ချန်နယ်တွေလည်း ရှိပါတယ်။ ဒါ့အပြင် ခရီးသွားခြင်းနဲ့ဆိုင်တဲ့ content တွေ ဖတ်ရှုချင်တဲ့ Viber အသုံးပြုသူတွေအတွက်လည်း Experience Myanmar ဆိုတဲ့ စီးပွားရေးဆိုင်ရာ ချန်နယ် ဖန်တီးထားပြီး အချိန်တိုအတွင်း ချိန်နယ်အတွင်း ဝင်ရောက်သူလည်း သိသိသာသာ တိုးမြင့်ခဲ့ပါတယ်။

တခြားတိုးမြင့်လာတဲ့ ချန်နယ်တွေအနေနဲ့ဆိုရင် Best Guide နဲ့ MyanLearn ဆိုတဲ့ ပညာရေးအတွက် ပြုလုပ်ပေးထားတဲ့ ချန်နယ်တွေ ရှိပါတယ်။  ပညာရေးစနစ်ရဲ့ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ပြုလုပ်ထားတဲ့ ဒီလို ချန်နယ်တွေက ကျောင်းသားတွေနဲ့ ဆရာတွေကြားမှာ ရေပန်းစားလျက် ရှိပါတယ်။ ၂၀၂၂ ခုနှစ်မှာ Quiz၊ Poll၊ Reminder တွေအပြင် screen share တာ၊ ဖိုင် size အကြီးတွေ မျှဝေတာ စတဲ့ လုပ်ဆောင်ချက်အသစ်တွေကြောင့် ကပ်ရောဂါဖြစ်ပွားနေစဥ်အတွင်း နေအိမ်မှ၊ တစ်နည်းအားဖြင့် အဝေးမှ လေ့လာသင်ကြားလိုသူတွေအတွက် အထူးအသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ခဲ့ပါတယ်။

Rakuten Viber မှာ ကျွန်တော်တို့က အသုံးပြုသူတွေနဲ့ မိတ်ဖက်တွေရဲ့  စိတ်ဝင်စားမှု၊ လိုအပ်ချက်တို့အပေါ် အခြေခံပြီး ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းတစ်ခုဖြစ်အောင် လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်နေပါတယ်။

ဖြူလဲ့မွန်

Image Credits – Rakuten Viber