အိန္ဒိယနိုင်ငံကို စီးပွားရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးဖို့အတွက် သွားမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို Mega Lifesciences ရဲ့ President & Head Coach (Myanmar) ဖြစ်သူ အိန္ဒိယလူမျိုး Mr Girish က အခုလို ပြောပြထားပါတယ်။
အိန္ဒိယလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းကိစ္စအတွက် Appointment ယူ ချိန်းဆိုရင် . . .
အခုချိန်မှာတော့ ဆယ်သွယ်ရေးတွေက အင်မတန်လွယ်ကူနေပါပြီ။ Appointment တစ်ခု လုပ်တော့မယ်ဆိုရင် Email နဲ့ ဆက်သွယ်ပြီးတော့ လုပ်သင့်တယ်။ Email ရေးတဲ့အခါမှာ ကိုယ်ဟာဘယ်သူပါ၊ ဘယ်ကုမ္ပဏီကပါ စသဖြင့် အစပျိုးသင့်ပါတယ်။ ပြီးတော့ ကိုယ်ဘာတွေဆွေးနွေးချင်တယ်ဆိုတာတွေ ထည့်ရေးပါ။ ပြီးရင် သူ့ရဲ့ မိတ်ဆွေတွေဆီကတစ်ဆင့် သိတာ၊ Online ကနေ သူ့ရဲ့ Profile ကို ရှာတွေ့တာ စသဖြင့် ရှင်းလင်းချက်လေးတွေ ရေးသင့်ပါတယ်။ အဲဒီလိုရေးမှ ကိုယ်ဘယ်သူလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်မှာပါ။ ခုခေတ်မှာက Junk Mail တွေ သိပ်ပေါတဲ့အတွက် တကယ်လို့ ကိုယ်က သေသေချာချာ ရှင်းမပြဘူးဆိုရင် ကိုယ့်ရဲ့ Email ကို Junk Mail အဖြစ် သတ်မှတ်သွားနိုင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း Junk Mail တွေ အများကြီးလက်ခံရရှိပါတယ်။ စာနှစ်ကြောင်းလောက် ဖတ်ပြီးရင်ကို သိနေပြီ။ ကျွန်တော် ဆက်မဖတ်တော့ဘူး။ တစ်ခါတည်း Delete လုပ်လိုက်တယ်။ Mail ပို့ပြီးသွားရင်လည်း ဖုန်းနံပါတ်ရှိတယ်ဆိုရင် ဖုန်းဆက်ပြီး အီးမေးလ်ပို့ထားကြောင်း၊ အီးမေးလ်မှာ အသေးစိတ်ဖော်ပြထားကြောင်း အကြောင်းကြားသင့်ပါတယ်။
ပထမဦးဆုံးစတင်တွေ့ဆုံတဲ့အခါ နှုတ်ဆက်စကား ဘယ်လိုပြောသင့်ပါသလဲ . . .
အိန္ဒိယလူမျိုးအများစုကတော့ အင်္ဂလိပ်စာနဲ့ ရင်းနှီးကြပါတယ်။ အိန္ဒိယမှာ စီးပွားရေးလုပ်ငန်းကိစ္စတွေကို အင်္ဂလိပ်လိုပြောကြပါတယ်။ မြန်မာလူမျိုးတွေလည်း အင်္ဂလိပ်စာ ကောင်းကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်လိုပဲ နှုတ်ခွန်းဆက်စကားပြောနိုင်ပါတယ်။ ကျွန်တော့်အထင်ကတော့ မြန်မာနဲ့ အိန္ဒိယက တူညီတဲ့ယဉ်ကျေးမှု ပုံစံတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း လက်ဆွဲပဲနှုတ်ဆက်ဆက်၊ လက်အုပ်ချီပြီးပဲ နှုတ်ဆက်ဆက် အဆင်ပြေပါတယ်။ ရုံးပိုင်းဆိုင်ရာနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံမှုတွေမှာတော့ အများအားဖြင့် လက်ဆွဲနှုတ်ဆက်ကြတာများပါတယ်။
ပထမဦးဆုံး စတင်တွေ့ဆုံတဲ့အခါ လက်ဆောင်ပေးတာ အဆင်ပြေပါသလား။ ဘယ်လိုပေးသင့်ပါသလဲ . . .
တကယ်လို့ အိန္ဒိယမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို ပထမဆုံးတွေ့ဆုံတဲ့အခါ ကိုယ်က လက်ဆောင်ပေးချင်တယ်ဆိုရင် ပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားရမှာက ဈေးတအားကြီးတဲ့ အဖိုးတန်ပစ္စည်းတွေ မဟုတ်ဘဲ ရိုးရာလက်မှုပစ္စည်း ဖြစ်သင့်ပါတယ်။ ပြန်လည်အမှတ်ရစေမယ့် အမှတ်တရပစ္စည်းတစ်ခုဆိုရင် အဆင်ပြေပါတယ်။ လက်ဆောင်ပေးတာက သိပ်တော့အရေးမကြီးပါဘူး။
အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လုပ်ငန်းကိစ္စအပြင် လေပေးဖြောင့်စေဖို့ ဘယ်လိုအကြောင်းအရာမျိုးကို ပြောသင့်ပါသလဲ . . .
မြန်မာနဲ့ အိန္ဒိယဟာ ယဉ်ကျေးမှုဆိုင်ရာ ရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။ အိန္ဒိယလူမျိုးတွေဟာ သမိုင်းကြောင်းတို့ ၊ ယဉ်ကျေးမှုအကြောင်းတို့ ၊ အစားအသောက်အကြောင်းတို့ ပြောလေ့ရှိကြပါတယ်။ ကျွန်တော်ထင်တာကတော့ မြန်မာနဲ့အိန္ဒိယလူမျိုးကြားမှာ ပြောလို့ကောင်းမဲ့ အကြောင်းအရာကတော့ ဘောလုံး အားကစားအကြောင်းပါပဲ။ အိန္ဒိယမှာ လူအများစုက ဘောလုံးပွဲကို စိတ်ဝင်တစားကြည့်ကြပါတယ်။ အိန္ဒိယမှာ နံပါတ်တစ်က ခရစ်ကက်ပွဲ၊ နံပါတ်နှစ်က ဘောလုံးအားကစားပါပဲ။ မြန်မာမှာတော့ ဘောလုံးကိုပဲ အဓိက ကစားကြပါတယ်။ ခရစ်ကက်ကတော့ မရှိသလောက်ပေါ့။
တကယ်လို ကိုယ်တွေ့ဆုံရမယ့် လုပ်ငန်းရှင်က အမျိုးသမီးဖြစ်နေမယ်ဆိုရင်ရော ဘာတွေသိထားသင့်ပါသလဲ . . .
အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ထူးထူးထွေထွေကြီး ကွဲပြားတာတော့ မရှိဘူးလို့ ထင်ပါတယ်။ လက်ဆွဲနှုတ်ဆက်တာလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေဆို လက်ဆွဲနှုတ်ဆက်တာထက် လက်အုပ်ချီ နှုတ်ဆက်တာက ပိုအဆင်ပြေပါတယ်။ ကျွန်တော်တို့ အာရှမှာတော့ ယဉ်ကျေးမှုတွေက ဆင်တူပါတယ်။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ ဒါပေမဲ့ ပွေ့ဖက်ပြီး၊ နမ်းပြီး နှုတ်ဆက်တာမျိုးတော့ မလုပ်ကြပါဘူး။ ဒီလိုမျိုးတွေရှိထားပြီးသားဖြစ်တဲ့အတွက် ဒီက မြန်မာအမျိုးသမီးတွေကို ဆက်ဆံသလိုပဲ ဆက်ဆံနိုင်ပါတယ်။
တွေ့ဆုံညှိနှိုင်းမှုက အဆင်ပြေတယ်ဆိုရင် နောက်တစ်ဆင့် ဘာလုပ်ရမလဲ . . .
တွေ့ဆုံညှိနှိုင်းမှုပြီးသွားလို့ရှိရင် ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ Email ပို့တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ပြောဆိုဆွေးနွေးတဲ့ အဓိကအချက်အလက်တွေကို ချရေးပြီး Email က တစ်ဆင့်ပြန်ပို့ပါ။ တွေ့ဆုံမှုအတွက် ကျေးဇူးတင်ပါတယ်။ သိပ်ကောင်းတဲ့တွေ့ဆုံမှု ဖြစ်ခဲ့တယ်ဆိုတာလည်း ထည့်ရေးပါ။ အဓိကအရေးကြီးတာကတော့ ကိုယ်ဘယ်လိုပြောခဲ့တယ်၊ ဘာတွေပြောခဲ့တယ်ဆိုတာအပေါ်မူတည်ပြီး နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတာကို စဉ်းစားရမှာပါ။
စီးပွားရေးအရ တွေ့ဆုံတဲ့အခါမျိုးမှာ ဘယ်လိုအဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ သင့်တော်ပါသလဲ . . .
အာရှနိုင်ငံတွေနဲ့ သင့်တော်တဲ့ဝတ်စုံပုံစံတွေဆိုရင် အဆင်ပြေပါတယ်။ Formal ပုံစံပဲ ဝတ်ဝတ်၊ ရိုးရာဝတ်စုံပဲ ဝတ်ဝတ် အဆင်ပြေပါတယ်။