ဟောင်ကောင်ကို အလုပ်ကိစ္စနဲ့ သွားမယ်ဆိုရင်

JamesKo

ဟောင်ကောင်ကို အလုပ်ကိစ္စနဲ့ ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ တခြားသိထားသင့်တဲ့ အကြောင်းအရာတွေကို ဟောင်ကောင်လူမျိုးဖြစ်တဲ့ James Ko ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ James Ko ဟာ Capital Limited မှာ Director ၊ e-city Mobile Phone Retail Chain မှာ Country Manager အဖြစ် တာဝန်ထမ်းဆောင်နေပြီး မြန်မာနိုင်ငံမှာ အချိန်ပြည့်တာဝန်ထမ်းဆောင်နေတာ ၃ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ချိန်းမယ်ဆိုရင် . . .

တွေ့ဆုံဖို့အတွက် ချိန်းဆိုတဲ့အခါမှာ ပုံမှန်အတိုင်း E-mail ကတစ်ဆင့် ချိန်းဆိုနိုင်ပါတယ်။ တွေ့ဆုံမယ့် အချိန်နဲ့နေရာကိုတော့ ကြိုတင်သဘောတူညီထားပြီး ဖြစ်သင့်ပါတယ်။ သူ့ရဲ့ရုံးခန်းမှာ လာတွေ့လို့ရမလားလို့ တောင်းဆိုတာက သူ့အတွက်အများကြီး အဆင်ပြေစေသလို ကိုယ်က ယဉ်ကျေးကြောင်း ပြသရာလည်း  ရောက်ပါတယ်။

ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ နှုတ်ဆက်သင့်ပါသလဲ . . .

ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ အရင်ဆုံး လက်ဆွဲနှုတ်ဆက်ပြီးတော့ ကျွန်တော့်ရဲ့နာမည်ဘယ်သူပါ၊ ဒီနေ့ကို ကျွန်တော့်အတွက် အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ နှုတ်ဆက်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ယောက်အကြောင်းတစ်ယောက် အပြန်အလှန်အနည်းအကျဉ်းလောက် မိတ်ဆက်တာ၊ ကိုယ်နဲ့အတူ အဖော်ပါလာတဲ့သူတွေနဲ့ မိတ်ဆက်ပေးတာနဲ့ ကိုယ့်ရဲ့ကုမ္ပဏီအကြောင်း အနည်းငယ်လောက် မိတ်ဆက်ပေးတာမျိုးကို ပြုလုပ်ကြပါတယ်။

ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အခါမှာ လက်ဆောင်ပေးသင့် ၊ မသင့် . . .

ပေးရမယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ လက်ဆောင်ပေးတာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ အမေရိကန်မှာဆိုရင်တော့ လက်ဆောင်လက်ခံတဲ့အခါမှာ လူတစ်ယောက်ကို ဘယ်တန်ဖိုးလောက်ပဲ လက်ခံရမယ်ဆိုတဲ့ ဥပဒေမျိုးရှိတဲ့အတွက် လက်ဆောင်ပေးတဲ့အခါမှာ သတိထားသင့်တာတွေတော့ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ပုံမှန်အားဖြင့်တော့ ဒေါ်လာ ၁၀၀ ထက်ပိုပြီး တန်ဖိုးမကြီးတဲ့လက်ဆောင်မျိုးကိုပဲ ပေးကြပါတယ်။

ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ ဘယ်လိုအကြောင်းအရာမျိုးကို ပြောသင့်ပါသလဲ။ စီးပွားရေးလား၊ ယဉ်ကျေးမှုလား၊ နိုင်ငံရေးလားဆိုတာ . . .

လုပ်ငန်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ မလုပ်ခင် လတ်တလောဖြစ်နေတဲ့အကြောင်းတွေ၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းတွေစတဲ့ ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာရှိတာလေးတွေနဲ့ အစပျိုးပြောတာက နှစ်ဦးနှစ်ဖက် စကားပြောသွက်လက်စေဖို့ အကူအညီပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ မြန်မာပြည်မှာ လတ်တလောဖြစ်ပျက်နေတဲ့ ကောင်းတဲ့အကြောင်းအရာတွေ၊ တိုးတက်မှုတွေလိုမျိုးတွေနဲ့ နောက်ထပ်စကားဆက်လို့ကောင်းမယ့် အကြောင်းအရာမျိုးတွေပေါ့။

တွေ့ဆုံမှုက အဆင်ပြေတယ်ဆိုရင် နောက်ထပ်ဘာဆက်လုပ်သင့်လဲ၊ တကယ်လို့ အဆင်မပြေဘူးဆိုရင်ကော . . .

အဆင်ပြေတယ်ဆိုရင်တော့ ပုံမှန်အားဖြင့် တွေ့ဆုံပွဲမှာတင် နောက်ထပ်တွေ့ဆုံဖို့တွေ၊ လိုအပ်တဲ့ Information Share တာတွေ၊ တစ်ဖက်လူရဲ့လုပ်ငန်းဆီကို အလည်သွားတာတွေစတာတွေနဲ့ နောက်တစ်ဆင့် ဘာဆက်လုပ်ကြမယ်ဆိုတာကို ဆက်ဆွေးနွေးကြပါတယ်။

ပထမတစ်ယောက်နဲ့ တွေ့ဆုံရတာ အဆင်မချောဘူးဆိုရင် သူ့ထက် ရာထူးကြီးတစ်ယောက်နဲ့ ထပ်တွေ့ခွင့်ရဖို့ တောင်းဆိုသင့် ၊ မသင့် ဆိုတာ . . .

ဒါဟာတော်တော်လေးကို ထိလွယ်ရှလွယ်တဲ့အပိုင်းပဲ။ ဒါပေမဲ့လည်း တခြားရာထူးကြီးတဲ့တစ်ယောက်နဲ့ တွေ့ဖို့ချိန်းတဲ့အခါမှာ ပထမလူနဲ့မတွေ့နိုင်အောင် စီစဉ်ထားမယ်ဆိုရင် ပိုပြီးအဆင်ပြေစေမှာပါ။

စီးပွားရေးအရတွေ့ဆုံတဲ့အခါမျိုးမှာ ဘယ်လိုအဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ သင့်တော်ပါသလဲ . . .

နက်တိုင်အပါအဝင် ဝတ်စုံပြည့်ဝတ်ဆင်တာမျိုးက သင့်တော်ပါတယ်။

မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ . . .

တွေ့ဆုံပွဲမှာ ဆေးလိပ်သောက်တာမျိုးတွေ၊ ဖုန်းမြည်လာတာမျိုးတွေ၊ ဖုန်းကိုင်လိုက်တာမျိုးတွေ၊ ပီကေ ဒါမှမဟုတ် ကွမ်းဝါးနေတာမျိုးတွေကို ရှောင်ရပါမယ်။

ပထမဆုံးအကြိမ်တွေ့ဆုံဖို့အတွက် ပြင်ဆင်ထားသင့်တာတွေ . . .

ကိုယ်ဘယ်သူနဲ့ တွေ့ရမယ်ဆိုတာကိုသိပါ၊ တကယ်လို့ ဖြစ်နိုင်ရင် သူ့ရဲ့အကြောင်းကိုလေ့လာပါ။ ဟောင်ကောင်ကုမ္ပဏီအကြောင်းကိုလည်း လေ့လာပါ။ တွေ့ဆုံပွဲမှာ ပြောရလောက်တဲ့ အဓိကအချက်တွေကို ကြိုတင်ပြင်ဆင်ထားပါ၊ အဆင်ပြေမယ်ဆိုရင် ကိုယ့်ရဲ့ကုမ္ပဏီအကြောင်း အကျဉ်းချုံး မိတ်ဆက်ပေးပါ။

Table Manner နဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ . . .

တရုတ်လူမျိုးတွေရဲ့ အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှုကိုကြည့်ရင် ပုံမှန်အားဖြင့် စားစရာတွေကို ကိုယ်စားမယ့် ပန်းကန်ထဲကို တူကိုအသုံးပြုပြီး ယူရတာမျိုးရှိပါတယ်။ ဒီလိုအခါမျိုးမှာ ကိုယ့်အရင် ဧည့်သည်ကို ဦးစားပေးသင့်ပါတယ်။ တရုတ်လူမျိုးတွေဟာ စိတ်ဆိုးတဲ့အချိန်မှာပဲ တူကို ထမင်းပန်းကန်ထဲမှာ စိုက်ထားတတ်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ထမင်းပန်းကန်ထဲမှာ တူကိုစိုက်ထားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နောက်ထပ်သိထားသင့်တာတစ်ခုက အခန်းထဲမှာ ဆေးလိပ်သောက်တာကို ဟောင်ကောင်မှာ တားမြစ်ထားပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ကိုဒီ