[caption id="attachment_25182" align="alignnone" width="370"]Tina Singhsacha[/caption]
အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာကို စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ၊ ဒါမှမဟုတ် အလည်အပတ်သွားတဲ့အခါမျိုးတွေမှာ ဘယ်လိုတွေပြင်ဆင်သင့်တယ်၊ ဘယ်လိုပြုမူပြောဆိုနေထိုင်သင့်တယ် စတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို နိုင်ငံတကာခရီးစဉ်အတွေ့အကြုံတွေ အများအပြားရှိတဲ့ Standard Chartered Bank Myanmar ရဲ့ Chief Representative ဖြစ်သူ Tina Singhsacha က အခုလို ပြောပြထားပါတယ်။
နိုင်ငံပေါင်းဘယ်နှနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ ခရီးသွားဖူးလဲ . . .
အပန်းဖြေဖို့နဲ့ စီးပွားရေးလုပ်ငန်းချဲ့ထွင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ တရုတ်၊ ဟောင်ကောင်၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတော်တော်များများကို ခရီးသွားခဲ့ဖူးပါတယ်။ Standard Chartered မှာ အလုပ်လုပ်တော့ အလုပ်ကိစ္စနဲ့ မြန်မာနိုင်ငံအပါအဝင် အာဆီယံဆယ်နိုင်ငံကို ခရီးသွားရပါတယ်။ အရင်က စင်ကာပူမှာရှိတဲ့ Bain & Company မှာ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအရာရှိအနေနဲ့ အလုပ်လုပ်ခဲ့တုန်းကလည်း အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ တိုကျို၊ ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအနှံ့ကို ခရီးသွားရပါတယ်။
အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာကို သွားရာမှာ လက်ကိုင်ထားရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေ . . .
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ်သွားမယ့် နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ ထုံးတမ်းအစဉ်အလာတွေကို နားလည်လက်ခံပြီး အလေးထားဖို့လိုပါတယ်။ ဒါကို အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေမှ လက်ကိုင်ထားရမှာမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်တိုင်း လက်ကိုင်ထားဖို့လိုပါတယ်။
အရှေ့တိုင်းနဲ့ အနောက်တိုင်းနိုင်ငံတွေကို ချဉ်းကပ်ရာမှာ မတူညီတဲ့ နည်းလမ်းတွေက . . .
စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်ကောင်းတွေကို လိုက်နာတာဟာ ကိုယ်က Professional ဆန်တယ်ဆိုတာကို ပြရာရောက်ပါတယ်။ ဒါပေမဲ့ အရှေ့နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုပုံစံတွေက မတူပါဘူး။ အာရှမှာဆိုရင် လိပ်စာကတ်လဲလှယ်ရာမှာ လက်နှစ်ဖက်အသုံးပြုမလား၊ လက်တစ်ဖက်တည်းကို အသုံးပြုမလားဆိုတာ အရေးကြီးတယ်။ တစ်ခါတလေ လက်တစ်ဖက်တည်းနဲ့ လိပ်စာကတ်ကို ပေးတာဟာ ယဉ်ကျေးမှုမရှိဘူးဆိုတာကို ပြရာရောက်ပါတယ်။ ကိုယ်သွားတွေ့တဲ့လူကို ဘယ်လိုမျက်နှာထားမျိုးနဲ့ ဆက်ဆံတယ်ဆိုတဲ့အပေါ်မှာ အာရှသားတွေက တအားအလေးဂရုပြုပါတယ်။ ဒါကြောင့် အာရှသားတစ်ယောက်ယောက်နဲ့ သွားတွေ့တဲ့အခါမှာ ကို့ရို့ကားယားအမူအရာမျိုးမဖြစ်အောင် သတိထားသင့်ပါတယ်။ ဒီနည်းလမ်းတွေဟာ အနောက်နိုင်ငံသား တစ်ယောက်ယောက်နဲ့ သွားတွေ့တဲ့အခါမှာတော့ သိပ်ပြီးအရေးမပါပါဘူး။ အနောက်နိုင်ငံသားတွေကတော့ အစည်းအဝေးပြီးတဲ့အချိန်မှာ သူတို့မျက်လုံးကိုကြည့်ပြီး လက်ဆွဲနှုတ်ဆက်တာနဲ့ ကျေးဇူးတင်စကားပြောတာမျိုး ပိုပြီးမျှော်လင့်ထားတတ်ကြပါတယ်။ ဒါတွေက အရှေ့အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေရဲ့ မတူညီမှုတွေကို သာမန်လောက်ပြောတာပဲ ရှိပါသေးတယ်။ တစ်ယောက်ယောက်နဲ့ သွားတွေ့တဲ့အခါမှာ သူ့နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့တွေကို အရင်ဆုံး ကြိုတင်လေ့လာသွားဖို့လိုပါတယ်။
စီးပွားရေးအရ ချိန်းဆိုရာမှာ . . .
ရှေ့မှာကျွန်မပြောခဲ့သလိုပါပဲ အနောက်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိန်းဆိုတာဟာ အရှေ့အာရှနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိန်းဆိုဖို့လောက် ယဉ်ကျေးပြနေဖို့မလိုပါဘူး။ အနောက်နိုင်ငံကုမ္ပဏီတွေက တွေ့ဆုံပွဲမတိုင်မီမှာ တစ်ဖက်က ဘယ်ကုမ္ပဏီက ဘယ်သူလာတက်မယ်ဆိုတာကို မျှော်လင့်မှု အားနည်းပါတယ်။ အရှေ့အာရှနိုင်ငံယဉ်ကျေးမှုမှာတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ မျက်နှာအမူအရာ ယဉ်ကျေးတာအပြင် ကြီးသူကို အရိုအသေပေးတာမျိုး ပြုလုပ်သင့်ပါတယ်။
အရက်သေစာသောက်စားဖို့နဲ့ ညဉ့်နက်ပိုင်းတွေ့ဆုံပွဲတွေကို ဘယ်လိုငြင်းဆိုနိုင်မလဲ . . .
လုပ်စရာရှိနေလို့၊ ဒါမှမဟုတ် အရက်နဲ့ ဓာတ်မတည့်တဲ့အတွက်ကြောင့် မသောက်ပါရစေနဲ့လို့ ငြင်းဆိုပါ။ ပုံမှန်အားဖြင့်တော့ ကိုယ်က စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲတွေမှာ သောက်ဖို့မလိုဘူးဆိုတာကို ယုံကြည်မှုရှိဖို့ လိုပါတယ်။ ကျွန်မ မြန်မာပြည်ရဲ့ Country Head ရာထူးကိုမယူခင် ဘဏ်လုပ်ငန်းနယ်ပယ်က CEO တော်တော်များများကို လေ့လာကြည့်တဲ့အခါမှာ အောင်မြင်တဲ့ CEO ၊ ဒါမှမဟုတ် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် အရက်သောက်တတ်ဖို့ မလိုဘူးဆိုတာကို CEO တွေနဲ့ စီးပွားရေးလုပ်ငန်း ခေါင်းဆောင်တော်တော်များများဟာ ကျန်းမာရေး၊ ဒါမှမဟုတ် တခြားကိစ္စတွေကြောင့် မသောက်ကြပါဘူး။ အကြောင်းပြချက်ခိုင်ခိုင်မာမာပေးပြီး ငြင်းဆိုတာဟာ ယဉ်ကျေးတယ်ဆိုတာကို ကျွန်မယုံကြည်ပါတယ်။ ညဉ့်နက်တွေ့ဆုံပွဲတွေကိုလည်း ဒီလိုပဲ အကြောင်းပြချက် ခိုင်ခိုင်လုံလုံပေးပြီး ငြင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ ညဘက်တွေ့ဆုံပွဲတွေကနေ ခိုင်မာတဲ့ရင်းနှီးမှုကို တည်ဆောက်နိုင်တာကြောင့် မသွားဘူးဆိုရင်တော့ ဒီရင်းနှီးမှုကို တည်ဆောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ကိစ္စတော်တော်များများမှာတော့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံပေးပြီး ငြင်းဆိုတာမျိုးက အဆင်ပြေပါတယ်။
စီးပွားရေးဆိုင်ရာတွေ့ဆုံပွဲတွေအတွက် ပြင်ဆင်ထားရမှာတွေ . . .
ကိုယ်သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကြိုတင်လေ့လာပြီး သွားနေတဲ့အချိန်မှာလည်း သူတို့တွေရဲ့ အကျင့်စရိုက်တွေကို လေ့လာပါလို့ အကြံပေးချင်ပါတယ်။ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တွေနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ အများကြီးလေ့လာနိုင်ပါတယ်။ သင့်အနေနဲ့ ယဉ်ကျေးမှုတွေ၊ ကျင့်ဝတ်တွေကို တစ်နေကုန် လေ့လာထားနိုင်တာကြောင့် တစ်ယောက်ယောက်နဲ့ သွားတွေ့တဲ့အခါမှာ ကိုယ်မရည်ရွယ်ထားတဲ့ အမှားတစ်ခုခုကို ကျူးလွန်မိခဲ့ရင်တောင် သူတို့တွေက အလွယ်တကူနဲ့ ခွင့်လွှတ်နိုင်ပါလိမ့်မယ်။
ဘယ်လိုအဝတ်အစားမျိုး ဝတ်ဆင်သင့်တယ်ဆိုတာ . . .
ကိုယ်သွားတွေ့ရမယ့် လူရဲ့ရာထူး၊ လုပ်ငန်း၊ နေရာ၊ အချိန်နဲ့ ကိုယ့်ရဲ့ရာထူးပေါ်မှာ မူတည်ပြီး အဝတ်အစား ပုံစံအမျိုးမျိုးကို ဝတ်ဆင်နိုင်ပါတယ်။ Professional ဆန်တဲ့ပွဲတွေကို သွားရမယ်ဆိုရင် အရောင်မတောက်လွန်း၊ မဖျော့လွန်းတဲ့ ကုတ်အင်္ကျီမျိုး ဝတ်ဆင်သွားသင့်ပါတယ်။ တီထွင်ကြံဆမှုတွေ၊ ဖန်တီးနိုင်မှုတွေ ပါတဲ့ပွဲမျိုးဆိုရင် ခေတ်မီအဝတ်အစားဒီဇိုင်းတွေ ဝတ်ဆင်သွားနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး တွေ့ဆုံပွဲတွေဆိုရင်တော့ ဂျင်းအဝတ်အထည်တွေကိုတောင် သင့်တော်တယ်ဆိုရင် ဝတ်ဆင်သွားနိုင်ပါတယ်။ ကျွန်မကတော့ Standard Chartered ကိုယ်စားပြုအနေနဲ့ ကျွန်မတို့ရဲ့ Regulator တွေ၊ Client တွေနဲ့ တွေ့ဆုံရတဲ့အခါမှာ အရောင်တအားကြီး မတောက်လွန်း၊ မဖျော့လွန်းတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ပါတယ်။
ပထမဆုံးတွေ့ဆုံရာမှာ စကားပြောကောင်းအောင် ဘယ်လိုအကြောင်းအရာမျိုးကို အရင်ပြောသင့်တယ်ဆိုတာ . . .
သြစတြေးလျလူမျိုးတွေဟာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာနဲ့ ခွဲထားကြတာကြောင့် သူတို့နဲ့တွေ့တဲ့အခါမှာ မိသားစုအကြောင်းပြောတာမျိုးကို ရှောင်ရမယ်။ ထိုင်းနိုင်ငံမှာအလုပ်လုပ်တုန်းက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ကျွန်မကို အမြဲတမ်းအလုပ်အကြောင်းကိုချည်းပဲ ပြောပြောနေတယ်၊ ရာသီဥတုတို့၊ ပုဂ္ဂိုလ်ရေးတို့နဲ့ ပတ်သက်ပြီး မပြောဘူးဆိုပြီး ဝေဖန်ခံခဲ့ရဖူးပါတယ်။
အနောက်နိုင်ငံသားတွေက စကားပြော ပိုမိုကောင်းမွန်အောင်လို့ ဟာသပြောကြလေ့ရှိပါတယ်။ အရှေ့အာရှနိုင်ငံတွေမှာဆိုရင်တော့ သူ့ရဲ့မိသားစုအကြောင်းနဲ့ သိပ်စိတ်ဝင်စားတဲ့အကြောင်းတွေကို ပြောတာမျိုးနဲ့ စကားပြောကောင်းလာအောင် ပြုလုပ်တာမျိုးက ပိုပြီးသင့်တော်ပါတယ်။
မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရာမှာ ဘယ်လိုပြုမူသင့်တယ်ဆိုတာ . . .
ကိုယ်သွားတွေ့ခဲ့တဲ့ လူတွေအကြောင်းနဲ့ သူတို့တွေရဲ့ ယဉ်ကျေးမှုတွေကို တစ်ခါလောက်လေ့လာပြီးပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာမယ်လို့ မြင်ပါတယ်။ တခြားလူတွေလည်း ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့အပြုအမူတွေကို လေ့လာနေတယ်ဆိုတာကို မမေ့ပါနဲ့။ ကိုယ်နားမလည်နိုင်တဲ့ကိစ္စတွေကို ဆုံးဖြတ်တာတွေ၊ ရမ်းသမ်းပြောဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ့်စိတ်ကသိကအောက်ဖြစ်စရာတွေ၊ မရှင်းလင်းတာတွေကြုံရင် ပွင့်ပွင့်လင်းလင်း မေးလိုက်တာက အကောင်းဆုံးဖြစ်မှာပါ။
ဘယ်လိုလက်ဆောင်မျိုးပေးသင့်တယ်ဆိုတာ . . .
အနောက်နိုင်ငံသားတွေဟာ လက်ဆောင်ရဲ့တန်ဖိုးကို သိပ်ပြီးအလေးမထားကြဘဲ ရတဲ့ပစ္စည်းကိုပဲ အမြတ်တနိုးနဲ့ တန်ဖိုးထားကြပါတယ်။ နိုင်ငံခြားကုမ္ပဏီတော်တော်များများမှာ လက်ဆောင်ပစ္စည်းယူတာနဲ့ ပတ်သက်ပြီး ဘယ်လောက်တန်ဖိုးထက်ပိုတဲ့ လက်ဆောင်ဆို မယူရဘူးဆိုပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေရှိပါတယ်။ ဒါကြောင့် အနောက်နိုင်ငံသားတွေနဲ့ တွေ့ဆုံရာမှာ လက်ဆောင်မပေးတာက ပိုပြီးတောင် အဆင်ပြေပါသေးတယ်။ အရှေ့အာရှနိုင်ငံတွေမှာကတော့ ပထမဦးဆုံးအကြိမ်တွေ့ဆုံရာမှာ လက်ဆောင်အပြန်အလှန် လဲလှယ်ကြတာက ထုံးစံလိုမျိုးကို ဖြစ်နေပါပြီ။ အာရှမှာတော့ လက်ဆောင်ပစ္စည်းတစ်ခုခုပေးတာဟာ ကိုယ့်ကုမ္ပဏီကို အမှတ်ရနေစေမယ့်အကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဖြည့်စွက်ချင်တာရှိရင် . . .
ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေနဲ့ ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ် လေ့လာနားလည်ထားပါ။ လူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ အပြုအမူတွေက ဒါတွေအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ ကျွန်မအနေနဲ့ လူတိုင်းကို လေးလေးစားစား၊ ရိုးရိုးသားသားနဲ့ ဆက်ဆံတာက ဘယ်တော့မှမမှားပါဘူးလို့ ဖြည့်စွက်ပြောချင်ပါတယ်။
ထက်ထက်