ထိုင်းနိုင်ငံကို စီးပွားရေးကိစ္စနဲ့ ခရီးသွားမယ့်၊ တွေ့ဆုံဆွေးနွေးမှုတွေလုပ်မယ့် စီးပွားရေးသမားတွေအတွက် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ အခြားသိထားသင့်တဲ့အချက်တချို့ကို Kasikorn Bank ရဲ့ Chief of Representative (Myanmar) ဖြစ်တဲ့ Nuttaphong Visitkitchakarn က ပြောပြထားပါတယ်။ Nuttaphong Visitkitchakarn ဟာ မြန်မာနိုင်ငံကိုရောက်ရှိပြီး တာဝန်ထမ်းဆောင်နေတာ အခုဆိုရင် လေးနှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တွေ့ဆုံဖို့ Appointment တောင်းမယ်ဆိုရင် . . .
အီးမေးလ်ပို့ပြီး Appointment တောင်းနိုင်ပါတယ်။ တိုက်ရိုက်ဖုန်းခေါ်တာမျိုးတွေနဲ့လည်း Appointment တောင်းနိုင်ပါတယ်။ အလုပ်ဖြစ်ဖို့ဆိုရင် Head of Department ၊ ဒါမှမဟုတ် ပိုင်ရှင်နဲ့ တိုက်ရိုက်တွေ့ဆုံဖို့ ကြိုးစားသင့်ပါတယ်။ သူတို့မှာ Assistant တွေ ရှိတတ်တာကြောင့် Assistant တွေကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ ဖုန်းဆက်ပြီး Appointment အတွက် မိတ်ဆက်ပါ။ ပြီးရင် သူ့ Assistant ကနေ Follow Up လိုက်ပါ။
တကယ်လို့ ကိုယ်တွေ့မယ့် စီးပွားရေးလုပ်ငန်းရှင်နဲ့ အပြင်မှာဆုံဖူးပြီး Name Card တွေ အပြန်အလှန် လဲလှယ်ဖူးတယ်ဆိုရင် အီးမေးလ်ပို့ပြီး ချိန်းဆိုတာကအလုပ်ဖြစ်ပါတယ်။ အီးမေးလ်ပို့တဲ့အခါ ကိုယ့်ကုမ္ပဏီ၊ လုပ်ငန်းအကြောင်း အကျဉ်းချုပ်မိတ်ဆက်ဖို့လိုပြီး သူနဲ့ဘာကြောင့်တွေ့ချင်သလဲဆိုတာကိုလည်း ပြောပြဖို့ လိုပါတယ်။
ဒီလိုမဟုတ်ဘဲ တကယ့်ကိုပထမဆုံးတွေ့ဖို့ ချိန်းတာဆိုရင်တော့ ဖုန်းဆက်သင့်ပါတယ်။ ပြီးရင် သူတို့က အီးမေးလ်ပို့ခိုင်းတတ်ပါတယ်။ အဲဒီမှာ ကိုယ့်ကုမ္ပဏီနဲ့ လုပ်ငန်းအကြောင်းနဲ့အတူ ဘာကြောင့်တွေ့ချင်တယ်ဆိုတာကို အသေးစိတ်ရေးပို့ရင်း Appointment တောင်းနိုင်ပါတယ်။ ပြန်လာတဲ့ Feedback နဲ့ လိုအပ်တဲ့အချက်အလက်တွေကို ပြင်ဆင်သင့်ပါတယ်။
ကုမ္ပဏီအမျိုးအစားပေါ်မူတည်ပြီးတော့လည်း Appointment ယူရတာ ပုံစံကွဲပြားနိုင်ပါတယ်။ ကော်ပိုရိတ်လုပ်ငန်းကြီးတွေမှာဆိုရင် Hierarchy မြင့်တာကြောင့် တစ်ခါတလေမှာ Apppointment ယူရတာ ခက်ခဲနိုင်ပါတယ်။ SME လုပ်ငန်းရှင်တွေဆိုရင်တော့ Apppointment ချိန်းဆိုရတာက ပိုရှင်းလင်း လွယ်ကူနိုင်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမတိုင်ခင်မှာ ဘယ်လိုပြင်ဆင်မှုမျိုးတွေ ပြုလုပ်သင့်ပါသလဲ . . .
ကိုယ်တွေ့မယ့်ကုမ္ပဏီ၊ လုပ်ငန်းအကြောင်း၊ နောက်ခံအကြောင်းအရာတွေကို သေချာသိအောင် လေ့လာထားသင့်ပါတယ်။ ဒါက Impression လည်း တက်စေပြီး အလုပ်အတူတွဲလုပ်ဖို့ စိတ်ဆန္ဒပြင်းပြတာကိုလည်း ဖော်ပြနိုင်ပါတယ်။ အဲဒီကုမ္ပဏီ၊ လုပ်ငန်းအကြောင်းသိတဲ့သူဆီက မေးမြန်းတာမျိုး၊ ကုမ္ပဏီဝက်ဘ်ဆိုက်ကနေ ရှာကြည့်တာမျိုးတွေ လုပ်သင့်ပါတယ်။
ပထမဆုံးတွေ့ဆုံတဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ နှုတ်ဆက်သင့်ပါသလဲ . . .
ထိုင်းလူမျိုးအချင်းချင်းဆိုရင်တော့ လက်အုပ်ချီပြီး နှုတ်ဆက်လေ့ရှိပါတယ်။ နိုင်ငံခြားသားနဲ့ဆိုရင်တော့ အနောက်တိုင်းပုံစံအတိုင်း လက်ဆွဲနှုတ်ဆက်လို့ ရပါတယ်။ နောက်ပိုင်းမျိုးဆက်တွေမှာဆိုရင်လည်း လက်ဆွဲနှုတ်ဆက်တာက ပုံမှန်ဖြစ်လာပါတယ်။
တွေ့ဆုံတဲ့အခါ လက်ဆောင်ပေးသင့် ၊ မသင့် . . .
ပေးနိုင်ပါတယ်။ ဒါကအာရှလူမျိုးတွေရဲ့ Culture တစ်ခုပါပဲ။ လက်ဆောင်ခပ်သေးသေးပဲ ကောင်းပါတယ်။ တန်ဖိုးကြီးဖို့ မလိုပါဘူး။ အဖွဲ့အစည်းကြီးတွေမှာဆိုရင် တန်ဖိုးကြီးတဲ့ လက်ဆောင်တွေလက်ခံတာကို ခွင့်မပြုကြပါဘူး။ Corporate Governance အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပါတယ်။
ဒါဆို ဘယ်လိုလက်ဆောင်အမျိုးအစား ပေးသင့်ပါလဲ . . .
မြန်မာနိုင်ငံက အမှတ်တရလက်ဆောင်ပစ္စည်းတွေ၊ လက်မှုပစ္စည်းလေးတွေနဲ့ ရိုးရာပစ္စည်းလေးတွေက သင့်တော်ပါတယ်။
ထိုင်းစီးပွားရေးလုပ်ငန်းရှင်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါ ဘယ်လိုအဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ သင့်တော်ပါသလဲ . . .
အမျိုးသားတွေအနေနဲ့ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်နိုင်ပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း အပေါ်ထပ် ကုတ်ဝတ်ရင် အဆင်ပြေပါတယ်။
ပထမဆုံးတွေ့ဆုံချိန်မှာ ရင်းနှီးခင်မင်မှုတည်ဆောက်နိုင်ပြီး လေပေးဖြောင့်အောင် စီးပွားရေးကိစ္စအပြင် ဘယ်လိုအကြောင်းအရာမျိုးကို ပြောသင့်ပါသလဲ . . .
ပုံမှန်အားဖြင့်တော့ ယဉ်ကျေးမှုအကြောင်းတွေ၊ ထိုင်းနိုင်ငံမှာ အလည်အပတ်သွားသင့်တဲ့နေရာတွေ မေးတာ၊ စားသောက်ဆိုင်ကောင်းကောင်းတွေကို အကြံဉာဏ်တောင်းတာတွေ လုပ်နိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး မိသားစုအကြောင်းမေးတာ၊ ပြောတာလည်း လုပ်နိုင်ပါတယ်။
တွေ့ဆုံဆွေးနွေးတာက အဆင်ပြေတယ်ဆိုရင် နောက်တစ်ဆင့် ဘာဆက်လုပ်သင့်ပါသလဲ . . .
တွေ့ဆုံဆွေးနွေးခဲ့တာတွေကို စာနဲ့ရေးပြီး Confirm လုပ်သင့်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လုပ်ငန်း၊ ဒါမှမဟုတ် ကုန်ပစ္စည်းနမူနာကို ပြသင့်ပါတယ်။ ကိုယ်က ဝယ်မယ့်ဘက်ကဆိုရင်လည်း ကုန်ပစ္စည်းနမူနာကို ကြည့်ရပါမယ်။ ဆက်ပြီးတွဲလုပ်ရမယ့် Contact Person က ဘယ်သူလဲဆိုတာကိုလည်း သေချာမေးမြန်းသင့်ပါတယ်။
Dinner Meeting နဲ့ပတ်သက်ပြီး သိထားသင့်တာတွေ . . .
ထိုင်းစီးပွားရေးလုပ်ငန်းရှင်နဲ့ Dinner Meeting လုပ်တာလည်း အတော်ကို Formal ဖြစ်ပါတယ်။ ထိုင်းလူမျိုးအများစုက Dinner မှာ အရက်သောက်ကြပါတယ်။ အရက်သောက်တဲ့အခါ Have Fun ဆိုရင် ထိုင်းစကားနဲ့ဆိုရင် Sanook (ဆက်နွပ်) လို့ပြောပြီး သောက်လေ့ရှိပါတယ်။ တကယ်လို့ Dinner Meeting က တအားကြီး Formal မဖြစ်ဘူးဆိုရင် ရယ်မောစရာတွေပြောပြီး ပိုရင်းနှီးသွားအောင်လည်း တည်ဆောက်နိုင်တယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လေ့လာနိုင်ပါတယ်။
အခြားသတိထားသင့်တာ . . .
ထိုင်းလုပ်ငန်းရှင်နဲ့တွေ့ဆုံတဲ့အခါ ထိုင်းနိုင်ငံရေးအကြောင်း မဆွေးနွေးသင့်ပါဘူး။ ဘုရင်နဲ့ ပတ်သက်ပြီးတော့လည်း ထင်မြင်ချက်တွေ မပြောသင့်ပါဘူး။
နန္ဒာနေဝင်း