Starbucks ဆိုင်ခွဲများ တိုးချဲ့ခြင်းပြန်လည်စတင်

ထိုင်းနိုင်ငံ၏ဖြစ်နိုင်ခြေစီးပွားရေးတိုးတက်မှုအနေအထားကြောင့် အမေရိကန်အခြေစိုက် Starbucks ကော်ဖီဆိုင်လုပ်ငန်းစုအနေဖြင့် ၂၀၂၂-၂၀၂၄ ကာလတွင် တစ်နှစ်လျှင် ဆိုင်ခွဲ ၃၀ ထပ်မံဖွင့်လှစ်ရန်အစီအစဉ်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နှစ်ဝက်ကာလအထိ အရောင်းပမာဏမှာတိုးတက်လာသဖြင့် ယခင်က COVID-19 မတိုင်မီက ရည်ရွယ်ထားသည့်အတိုင်း ၂၀၂၂ မှစ၍ ၂၀၂၄ ခုနှစ်အထိ နှစ်စဉ် ဆိုင်ခွဲ ၃၀ ဖွင့်လှစ်သွားမည်ဟု ဆုံးဖြတ်ထားခြင်းဖြစ်သည်။

COVID-19 ကာလတွင် ကျန်းမာရေးအနေအထားနှင့်စည်းကမ်းချက်များနှင့်အညီ ကားနှင့်အော်ဒါမှာ၍ ပစ္စည်းမှာယူနိုင်သောဆိုင်ခွဲများတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ဒစ်ဂျစ်တယ်ပလက်‌ဖောင်းများကို ဦးစားပေးရင်းနှီးမြှုပ်နှံထားခဲ့သည်။ ထို့ပြင် အစည်းအဝေးခန်းမ ငှားရမ်းခြင်းဝန်ဆောင်မှုလည်းတိုးချဲ့ထားရာ လက်ရှိတွင် Starbucks ဆိုင်ခွဲ ၅၀ ရာခိုင်နှုန်းတွင် ထိုဝန်ဆောင်မှုရရှိနေပြီဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် Starbucks အနေဖြင့် ၁၉၉၈ ခုနှစ်၊ ဇူလိုင်တွင် ပထမဆုံးဆိုင်ခွဲစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်နိုင်ငံတွင်း ဆိုင်ပေါင်း ၄၄၄ ဆိုင်ရှိပြီး ထိုဆိုင်များမှာ ပထမမူလပုံစံအဖြစ်လည်းကောင်း၊ ကားဖြင့်အော်ဒါမှာယူသောပုံစံအဖြစ်လည်းကောင်း၊ ကြိုတင်စာရင်းပေးလာရောက်သည့်ပုံစံ( Reserve) ဖြင့်လည်းကောင်း ပုံစံ ၃ မျိုးဖြင့် ဖွင့်လှစ်ထားသည်။ အဓိကရည်ရွယ်ချက်မှာ “Starbucks ဟာ ကော်ဖီဆိုင်သက်သက်မဟုတ်ဘဲ နေ့စဉ်လူနေမှုဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဝန်ဆောင်မှုပေးနိုင်ဖို့ရည်ရွယ်ထားပါတယ်။” ဟုဆိုလေသည်။

COVID-19 ကာလ ၂၀၂၀-၂၀၂၁ ခုနှစ်များတွင်ပင် ဆိုင်သစ်များဖွင့်လှစ်ခဲ့ရာ ၂၀၁၉ တွင် စုစုပေါင်း ၃၇၅ ဆိုင်နှင့် ၂၀၂၁ ခုနှစ်တွင် ၄၂၉ ဆိုင်ထိဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုနှစ် နှစ်စပိုင်းတွင် ဓာတ်ဆီဆိုင်နှင့် ရပ်ကွက်တွင်းဈေးဝယ်စင်တာများတွင် ၁၅ ထပ်ဖွင့်ရာ စုစုပေါင်း ၄၄၄ဆိုင်ရှိနေပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၅ ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ်ပါသည်။

ထိုင်း Starbucks ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Nednapa မှ “ထိုင်းနိုင်ငံဟာ Starbucks Asia Pacific ဒေသတွင်း ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်တို့လို အရေးပါတဲ့နေရာဖြစ်ပြီး အဓိကကတော့ လူသိများတဲ့အမှတ်တံဆိပ်ဖြစ်တာကြောင့် ကော်ဖီကြိုက်တဲ့ ထိုင်းလူမျိုးတွေအတွက်သာမက ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့ တိုးရစ်တွေဟာလည်း ဈေးကွက်ကြီးတစ်ခုပါပဲ။” ဟုဆိုလေသည်?

Ref : BKK Post