ZARA ရဲ့ မြန်ဆန်အရည်အသွေးမြင့် ထုတ်ကုန်များ

[caption id="attachment_28239" align="alignnone" width="370"]Zara1Zara ကို စတင်တည်ထောင်သူ ပိုင်ရှင် Amancio Ortega[/caption]

ဖက်ရှင်အဝတ်အစားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ နာမည်ကြီးကိုယ်ပိုင်ဒီဇိုင်နာတွေက ထုတ်လုပ်တဲ့ အဝတ်အထည်တွေကို ဈေးနှုန်းမြင့်မြင့်နဲ့ ကိုယ်ပိုင်ရောင်းချလေ့ရှိကြတယ်။ ဒီလိုကုမ္ပဏီများနဲ့မတူခြားနားစွာ အရည်အသွေးမြင့် ဒီဇိုင်းနဲ့ အဝတ်အစားထုတ်ကုန်တွေကို လူတိုင်းဝတ်ဆင်နိုင်တဲ့ ဈေးနှုန်းနဲ့ရောင်းချတာကြောင့် အောင်မြင်လူကြိုက်များတဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာပါတယ်။ ဒီထဲမှာ ထင်ရှားတဲ့ကုမ္ပဏီတွေကတော့ ZARA ၊ H & M နဲ့ Mango တို့ ဖြစ်ပါသည်။ ဒီကုမ္ပဏီတွေထဲက ZARA ရဲ့ ဈေးကွက်ထိုးဖောက်မှုပုံစံကို တင်ပြအပ်ပါတယ်။ ZARA ဟာ စပိန်နိုင်ငံမှ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။ ပိုင်ရှင်မှာ စပိန်လူမျိုး Amancio Ortega ဖြစ်ပါတယ်။ Amancio Ortega ဟာ Inditex Group ရဲ့အစုရှယ်ယာအများစုကို ပိုင်ဆိုင်ပြီး ဒီ Group အောက်မှာ ZARA အမှတ်တံဆိပ်အပါအဝင် Massimo Dutti ၊ Pull & Bear ၊ Bershka ၊ Stradivarius ၊ Oysho ၊ Zara Home နဲ့ Uterque Brand တွေ ပါဝင်ပါတယ်။

[caption id="attachment_28242" align="alignnone" width="576"]Zara4ပထမဆုံး Zara စတိုးဆိုင် စတင်ဖွင့်လှစ်ခဲ့တဲ့ အဆောက်အဦးနေရာ[/caption]

ZARA ရဲ့အစ . . .

Amancio Ortega ဟာ ၁၉၇၅ ခုနှစ်မှာ စပိန်နိုင်ငံ ACoruna မြို့လယ်မှာ ZARA စတိုးဆိုင်ကို စတင်ဖွင့်လှစ်ပါတယ်။ စတင်စဉ်က ဆိုင်နာမည်က Zobra ဖြစ်ပါတယ်။ စပိန်နိုင်ငံက ဂန္ထဝင်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Zobra the Greek ကနေ ယူတာပါ။ ဒါပေမဲ့ အနီးမှာရှိတဲ့ အရက်ဆိုင်တစ်ခုနဲ့ နာမည်တူနေတာကြောင့် ZARA လို့ ပြောင်းလိုက်တာပါ။

ZARA ရဲ့ ဈေးကွက်ထိုးဖောက်ရေးဗျူဟာ . . .

ZARA အရည်အသွေးမြင့်ဖက်ရှင်ဒီဇိုင်းတွေကို လူတိုင်းဝယ်ယူနိုင်တဲ့ဈေးနဲ့ရောင်းချခြင်းဟာ ZARA ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အပြောင်းအလဲမြန်တဲ့ ယဉ်ကျေးမှု (Instant Culture) ထွန်းကားကြီးထွားလာတဲ့အချိန်မှာ ZARA က ဈေးသက်သက်သာသာနဲ့နောက်ဆုံးပေါ်ဖက်ရှင်ကို ခဏသာဝတ်ဆင်ပြီး အသစ်ထပ်မံဝယ်ယူ ဝတ်ဆင်နိုင်မယ့် အဝတ်အစားတွေကို ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပါတယ်။ Instant Fashion လို့ ခေါ်ပါတယ်။ ဈေးကြီးကြီးပေးပြီး ကြာကြာဝတ်ဆင်ရတဲ့ Brand တွေနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။ ဒီ Instant Culture နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားတာကြောင့် အောင်မြင်တဲ့ တချို့ Brand တွေထဲမှာ IKEA ၊ H&M နဲ့ Mango တို့လည်း ပါဝင်ပါတယ်။

[caption id="attachment_28243" align="alignnone" width="576"]Zara5IT နည်းပညာအခြေခံပြီး ဒီဇိုင်းတွေထုတ်လုပ်တဲ့ ZARA[/caption]

ZARA ဟာ အမြန်ဆုံးပြောင်းလဲနေတဲ့ စားသုံးသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ ဒီဇိုင်းထွင်ခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ဖြန့်ချိခြင်းအတွက် ကုန်ကျချိန်ကို အနည်းဆုံးလျှော့ချထားပါတယ်။ ဒီလိုအချိန်အတိုဆုံး ထုတ်လုပ်ဖြန့်ချိနိုင်ဖို့ တခြား Brand ကြီးတွေလို နာမည်ကြီးဒီဇိုင်နာတစ်ယောက်ချင်းစီကို အားမပြုဘဲ ဒီဇိုင်နာ အုပ်စုတွေကို အသုံးပြုတယ်။ သတင်းနည်းပညာ (IT) ကို အသုံးချပါတယ်။

ZARA စတိုးတွေမှာ RFID (Radio Frequency Indentification) နည်းပညာကို ၂၀၁၄ ခုနှစ်မှာ စတင်သုံးစွဲပါတယ်။ RFID နည်းပညာဆိုတာ အဝတ်တွေမှာ တပ်ထားတဲ့ လုံခြုံရေးခလုတ်ပြားလေးတွေမှာ သက်ဆိုင်ရာအဝတ်အထည်ရဲ့ အချက်အလက်ပါတဲ့ Chip ပြားလေးတွေ မြှုပ်နှံထားတာပါ။ ငွေရှင်းပြီးရင် ကောင်တာမှာ အဲဒီခလုတ်ပြားလေးလို ဖြုတ်ပြီးယူထားလိုက်ပါတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် ZARA အနေနဲ့ ဘယ်အဝတ်အထည်တွေဟာ ဘယ်အချိန်မှာ ရောင်းရတယ်၊ လက်ကျန်ဘယ်လောက်ရှိတယ်စတဲ့ လိုအပ်တဲ့သတင်းအချက်အလက်တွေကို အမြန်ဆုံးရရှိတာကြောင့် အလွန်ပဲ အကျိုးရှိပါတယ်။

[caption id="attachment_28244" align="alignnone" width="576"]Zara6RFID နည်းပညာသုံး ZARA[/caption]

ZARA ရဲ့ ဆိုင်တွေမှာ နှစ်ပတ်ကြာတဲ့အခါတိုင်း ဒီဇိုင်းအသစ်တွေ တင်လေ့ရှိပါတယ်။ ဒီဇိုင်းအသစ် တစ်ခုထုတ်လုပ်ဖို့ တစ်ပတ်ပဲ အချိန်ယူပါတယ်။ ဒီဇိုင်းတစ်ခုထုတ်လုပ်ပြီးတိုင်း ဆယ်ရက်နဲ့ နှစ်ပတ်အတွင်း ဆိုင်ပေါ်တင်နိုင်အောင် လုပ်ပါတယ်။

ပျမ်းမျှအားဖြင့် အထည်ထုတ်လုပ်သူတွေရဲ့ ဒီဇိုင်းတစ်ခုဟာ ဈေးကွက်ထဲရောက်ဖို့ ခြောက်လကြာမြင့်ပါတယ်။ ဒီလိုစီမံမှုကြောင့် ZARA ဟာ တစ်နှစ်ကို ဒီဇိုင်းအသစ်ပေါင်း ၁၂,၀၀၀ နဲ့ အမျိုးပေါင်း သန်း ၄၅၀ လောက် ထုတ်လုပ်နိုင်ပါတယ်။ (တစ်လကို ဒီဇိုင်းအသစ် တစ်ထောင်) ထုတ်လုပ်တဲ့ သဘောပါပဲ။

အဲဒီလို ထုတ်လုပ်နိုင်တာကြောင့် Product  ရဲ့ Life Cycle ကိုလည်း လျှော့ချနိုင်ပါတယ်။ ZARA ဒီဇိုင်းသမားတွေဟာ စင်ပေါ်ရောက်ပြီး မကြာခင်မှာပဲ နောက်ထပ်ဒီဇိုင်းအသစ်တစ်မျိုး စင်ပေါ်ကို ရောက်လာပါတယ်။ ဒီဇိုင်းတစ်မျိုးဟာ စင်ပေါ်မှာ တစ်ပတ်အတွင်း သိပ်မရောင်းရဘူးဆိုရင် အရောင်းရပ်လိုက်ပါတယ်။ ထုတ်လုပ်တာကိုလည်း ရပ်လိုက်ပြီး နောက်ထပ်ဒီဇိုင်းတစ်ခုထပ်တင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ဖောက်သည်တွေဟာ ဘာတွေအသစ်ရောက်နေလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ZARA စတိုးဆိုင်ကို အမြဲလာဖြစ်နေပါတယ်။ ပျမ်းမျှအားဖြင့် စပိန်မှာရှိတဲ့ စတိုးဆိုင်တစ်ခုကို ဈေးဝယ်တစ်ယောက်ဟာ တစ်နှစ်ကို သုံးခေါက်လောက်ရောက်ပေမဲ့ ZARA စတိုးကိုတော့ ၁၇ ခေါက် ရောက်တယ်လို့ ဆိုပါတယ်။ ဒါဟာ Instant Culture နဲ့ လိုက်လျောညီစွာဖြစ်အောင် စီမံဆောင်ရွက်တဲ့ ZARA ရဲ့ Instant Fashion Trend ပါပဲ။

တခြားပြိုင်ဘက်တွေဟာ Product တွေကို အာရှမှာ ထုတ်လုပ်ပေမယ့် ZARA ကတော့ စပိန်၊ ပေါ်တူဂီ၊ မော်ရိုကိုစတဲ့ နိုင်ငံတွေမှာ ထုတ်လုပ်စေပါတယ်။ ဒါပေမဲ့ ကြာကြာထားရောင်းလို့ရပြီး ဈေးပိုပေါတဲ့ တီရှပ်လို ပစ္စည်းမျိုးတွေကိုတော့ အာရှမှာ ထုတ်လုပ်စေပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုက ZARA ဟာ ကြော်ငြာအတွက် ငွေမသုံးပါဘူး။ အဲဒီအတွက် ကုန်ကျတဲ့ငွေကို နောက်ထပ်စတိုးဆိုင်အသစ်တစ်ခုဖွင့်ဖို့ အသုံးပြုတယ်လို့ ဆိုပါတယ်။ စတိုးဆိုင်ဖွင့်တဲ့အခါမှာလည်း ZARA ဟာ အကောင်းဆုံးနေရာတွေကို ရွေးချယ်တဲ့ ဗျူဟာကို သုံးပါတယ်။ နယူးယောက်မှာဆိုရင် ပဉ္စမရိပ်သာလမ်းလို၊ အင်္ဂလန်မှာဆိုရင် အောက်စဖို့လမ်းမကြီး၊ ပြင်သစ်နိုင်ငံမှာဆိုရင် ရှောင်စေလီဇေးလို လမ်းမကြီးတွေမှာ ရွေးချယ်ဖွင့်လှစ်ပါတယ်။

အခုအချိန်မှာ ZARA ဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ စတိုးဆိုင်ပေါင်း ၂၁,၀၀၀ ကျော် ရှိနေပါပြီ။

[caption id="attachment_28245" align="alignnone" width="576"]Zara7အခုခါမှာ ZARA ဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ စတိုးဆိုင်ပေါင်း ၂၁,၀၀၀ ကျော်ရှိနေပါပြီ[/caption]

ZARA ရဲ့ ပိုင်ရှင် Amancio Ortega . . .

မောင်နှမလေးယောက်မှာ အငယ်ဆုံးဖြစ်တဲ့ Amancio Ortega ဟာ ငယ်စဉ်ဘဝကို စပိန်နိုင်ငံ၊ Leon မြို့မှာ အစပြုခဲ့ပါတယ်။ အသက် ၁၄ နှစ်မှာ ကျောင်းထွက်ပြီး ရှပ်အင်္ကျီချုပ်တာ သင်ယူခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ အမျိုးသမီးစုဖွဲ့ထားတဲ့ သမဝါယမအသင်းတွေက ထုတ်လုပ်တဲ့ ရေချိုးခန်းသုံးဝတ်ရုံတွေကို ရောင်းချတဲ့ ဆိုင်ကို စတင်ဖွင့်လှစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ZARA စတိုးဆိုင်ကို စတင်ဖွင့်လှစ်ရောင်းချပါတယ်။

[caption id="attachment_28246" align="alignnone" width="338"]Zara8ရှောင်စေလီဇေးလမ်းမကြီးရှိ ZARA စတိုးဆိုင်[/caption]

[caption id="attachment_28247" align="alignnone" width="338"]Zara9အောက်စဖို့လမ်းမကြီးရှိ ZARA စတိုးဆိုင်[/caption]

ဒီနေ့မှာတော့ Amancio Ortega ဟာ ZARA ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ Inditex Group ရဲ့ ၅၉ ဒသမ ၂၉၇ ရာခိုင်နှုန်းကို  ပိုင်ဆိုင်ထားပါတယ်။ Amancio Ortega ဟာ Forbes မဂ္ဂဇင်းရဲ့ ၂၀၁၆ ခုနှစ်ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်း ဝင်ပါတယ်။ နာမည်ကျော် ရင်းနှီးမြှုပ်နှံသူ Warren Buffett ထက် ပိုပြီးချမ်းသာပါတယ်။ ဥရောပမှာတော့ အချမ်းသာဆုံးစာရင်းဝင်ပါတယ်။

[caption id="attachment_28236" align="alignnone" width="576"]Zara10၂၀၁၆ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာပါဝင်တဲ့ Amancio Ortega[/caption]

အလွန်ချမ်းသာပေမဲ့ Amancio Ortega ဟာ သိုသိပ်စွာပဲ နေပါတယ်။ ၁၉၉၉ ခုနှစ်အထိ Amancio Ortega ရဲ့ ဓာတ်ပုံဟာ ဘယ်မီဒီယာပေါ်မှာမှ မပါခဲ့ပါဘူး။ နေမှုပုံစံကလည်း ရိုးစင်းလွန်းပါတယ်။ ရှပ်အင်္ကျီအဖြူ၊ မီးခိုးရောင်ဘောင်းဘီနဲ့ ဘလေဇာကုတ် အပြာရောင်ကို နေ့စဉ်ယူနီဖောင်းလို ဝတ်ဆင်ပါတယ်။ နေ့စဉ်ဘဝကို ကုမ္ပဏီရဲ့ ထုတ်ကုန်တွေအတွက် ဒီဇိုင်းဆင်ခြင်း၊ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေအတွက် အဓိကအချိန်ပေးနေထိုင်ပါတယ်။

 ၂၀၁၆ ခုနှစ်၊ ဇွန်လမှာ ဗြိတိန်က ဥရောပယူနီယံက ထွက်မယ်လို့ ကြေညာတဲ့အခါ Amancio Ortega အနေနဲ့ ခြောက်ဘီလီယံပမာဏ ဆုံးရှုံးခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ZARA ကတော့ ဆက်လက်ရှင်သန်ရပ်တည်လျက်ရှိနေဆဲ ဖြစ်ပါတယ်ခင်ဗျာ။

ရိုးဆက်