Shady Ramadan
Founder & CEO
YangonDoor2Door
Yangoon Door2Door နဲ့ပတ်သက်လို့ Founder & CEO ဖြစ်သူ Mr Shady Ramadan က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့သားတစ်ယောက်ဖြစ်ပြီး ကိုင်ရိုမှာ IT ကုမ္ပဏီတစ်ခု (Go Compute) ကို တည်ထောင်လုပ်ကိုင်လျက်ရှိရာက ဇနီးဖြစ်သူအလုပ်တာဝန်အရ မြန်မာနိုင်ငံကို ၂၀၁၀ ပြည့်နှစ်က ပြောင်းရွှေ့နေထိုင်ရာဖြစ်ခဲ့တာပါ။ သူဟာ ရန်ကုန်မြို့တွင်း Delivery ကဏ္ဍလိုအပ်ချက်ကို ကိုယ်တိုင်ကြုံတွေ့ခံစားရာက www.yangond2d.com ဆိုတဲ့ Website ကို ၂၀၁၃ ခုနှစ်မှာ တည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းကို Environmental Friendly ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတာကြောင့် စက်ဘီးတွေပဲသုံးမယ်၊ ပစ္စည်းတွေလိုက်ပို့တဲ့အခါ လမ်းမှာ ကာဗွန်ထုတ်လွှင့်မှု မဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ထားတာကြောင့် အမှတ်တံဆိပ်အရောင်ကိုလည်း အစိမ်းရောင်ရွေးချယ် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ စစချင်းတော့ Website နဲ့ စခဲ့ပေမယ့် App ၊ Facebook App တွေကိုလည်း တဖြည်းဖြည်းချင်း မိတ်ဆက်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းမှာတော့ ပြည်တွင်း IT ကုမ္ပဏီတစ်ခုဖြစ်တဲ့ BOD Tech ကနေ ၅၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှုကို ရရှိခဲ့ပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာလည်း Delivery ဝန်ဆောင်မှုကို မန္တလေးနဲ့ နေပြည်တော်တို့ကို တိုးချဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
Motto . . .
Yangoon Door2Door ရဲ့ Motto က How Yangon Eats ပါ။
Yangoon Door2Door ကနေ စားသုံးသူတွေအတွက် ဘယ်လိုအာမခံချက်တွေ ပေးပါသလဲ . . .
ကျွန်တော်တို့ စားသုံးသူတွေကို ပေးတဲ့အာမခံချက်ကတော့ အစားအသောက်ကို ကောင်းမွန်တဲ့ပုံစံနဲ့ အချိန်မီ ပို့ပေးပါမယ်။ တကယ်လို့ Messenger ကြောင့် အစားအသောက်က ပျက်စီးသွားခဲ့တယ်ဆိုရင် တောင်းပန်ပြီး တခြားတစ်ခု ချက်ချင်းအခမဲ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ပစ္စည်းပို့တဲ့လမ်းတစ်လျှောက်မှာ ဖြစ်ပျက်နေတာတွေကို စားသုံးသူကို အမြဲမပြတ် သတင်းပို့နေပါတယ်။ လူတွေက သူတို့ကိုသာ ကြိုတင်အကြောင်းကြားထားမယ်ဆိုရင် စောင့်ပေးဖို့လည်း ဝန်မလေးပါဘူး။ စိတ်လည်းရှည်ကြပါတယ်။ ကျွန်တော်တို့က သူတို့ကို ကြိုတင်အကြောင်းကြားထားပေးဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။ ပြီးတော့ကြိုတင်လည်း တောင်းပန်ထားရပါတယ်။ ကြိုတင်အကြောင်းမကြားထားရင်တော့ သူတို့စိတ်ဆိုးတတ်ကြပါတယ်။ တကယ်လို့ အစားအသောက်မှာ တစ်စုံတစ်ရာ မှားယွင်းတာမျိုးရှိရင်လည်း စားသောက်ဆိုင်ကို ပြန်လည်ပြောဆိုဆွေးနွေးပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ မျက်နှာစာသက်သက်ဖြစ်ပြီး အမှားအယွင်းရှိရင် ကျွန်တော်တို့အမှတ်တံဆိပ်သာမက စားသောက်ဆိုင်ရဲ့ အမှတ်တံဆိပ်နာမည်ပါ ထိခိုက်ကြောင်းကို ရှင်းပြပါတယ်။ စားသုံးသူကိုလည်း တခြားတစ်ခုချက်ချင်း ပြောင်းမှာခိုင်းပြီး အခမဲ့လုပ်ပေးပါတယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ကိုယုံကြည်အောင်၊ ကျွန်တော်တို့ ဝန်ဆောင်မှုကို ယုံကြည်အောင် လုပ်ပေးပါတယ်။
လုပ်ငန်းစခဲ့တုန်းက ဝန်ထမ်းအရေအတွက်နဲ့ လက်ရှိဝန်ထမ်း အနေအထား . . .
စစချင်းတုန်းကတော့ Bike Messenger ဆယ်ယောက်လောက်နဲ့ ကျွန်တော်ကိုယ်တိုင်နဲ့ စခဲ့ကြတာပါ။ အခုတော့ ကျွန်တော်တို့မှာ Bike Messenger ၃၅ ယောက်နဲ့ ရုံးဝန်ထမ်း ၁၂ ယောက် ရှိနေပါပြီ။
Order အများစုက ဘယ်ကနေလာပါသလဲ . . .
လက်ရှိမှာကတော့ App ရယ်၊ Website ရယ်ရှိပါတယ်။ Android ၊ IOS ၊ Facebook Appလည်း ရှိပါတယ်။ ဒါကြောင့် စားသုံးသူတွေကလည်း Facebook ကနေ မှာနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ App တွေကို လူသိအောင် မလုပ်ရသေးပါဘူး။ ဒါကြောင့် လောလောဆယ်မှာတော့ Order တွေက Website ကနေ လာတာများပါတယ်။ ကျွန်တော်တိုY Promote လုပ်ပြီးသွားရင်တော့ Facebook ကနေ Order တွေ တော်တော်များများလာမယ်လို့ မျှော်မှန်းထားပါတယ်။
Order တွေ စတင်ပို့ဆောင်ပေးချိန်နဲ့ နောက်ဆုံးပို့ပေးချိန် . . .
မနက် ၉ နာရီကနေ ည ၉ နာရီအထိ ကျွန်တော်တို့ Order တွေ ပို့ဆောင်ပေးပါတယ်။ အသုံးပြုသူတွေကတော့ ကျွန်တော်တို့ဆီမှာ အချိန်မရွေး ကြိုတင်မှာထားနိုင်ပါတယ်။ လက်ရှိလိုချင်တာတွေအတွက်ရော၊ နောက်တစ်ရက်နှစ်ရက်လောက်မှ လိုချင်တာတွေ အတွက်ရော Order တွေ ကြိုတင်ထားနိုင်ပါတယ်။ တစ်နေ့စာအတွက် Order ကိုတော့ နောက်ဆုံး Order ကို ၈နာရီ ၄၅ မိနစ်လောက်မှ မှာရင်လည်း အဲဒီညအတွင်း ပို့ပေးပါတယ်။
Messenger တစ်ယောက်က အလေးချိန်ဘယ်လောက် အများဆုံးတင်နိုင်ပါသလဲ . . .
Messenger တစ်ယောက်က တစ်ချိန်မှာ အများဆုံး ရှစ်ကီလိုလောက်အထိ သယ်နိုင်ပေမယ့် အစားအသောက်တွေဆိုတော့ အများဆုံး သုံးလေးကီလိုလောက်ပဲရှိပါတယ်။
Catering Service ပေးပါသလား . . .
ကျွန်တော်တို့ Catering Service လည်း ပေးပါတယ်။ စားသောက်ဆိုင်များစွာနဲ့ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် စားသုံးသူတစ်ယောက်ကသာ ကျွန်တော်တို့ကို တောင်းဆိုလာရင် လုပ်ပေးပါတယ်။
Delivery လုပ်တဲ့အခါမှာ အချိန်ဘယ်လောက် အတိုင်းအတာ ကြာပါသလဲ . . .
ပစ္စည်းတစ်ခုပို့ဆောင်ပေးရတဲ့ ကြာချိန်က စားသောက်ဆိုင်နဲ့ ပို့ရမယ့်လိပ်စာ အကွာအဝေးပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ အဲဒါကို ကြိုတင်တွက်ချက်ပြီး ကျွန်တော်တို့ Website မှာ ပြသထားပြီး ဖြစ်ပါတယ်။ အဲဒီအချိန်တွေက ကျွန်တော်တို့ကိုယ်တိုင်စမ်းသပ်ထားပြီးသား ဖြစ်ပါတယ်။ စားသုံးသူတွေအနေနဲ့ ကျွန်တော်တို့ဆီကနေမှာရင် ဘယ်လောက်အချိန်ကြာမယ်၊ ပို့ဆောင်ခ ဘယ်လောက်ကျသင့်မယ်ဆိုတာကို တစ်ခါတည်း သိထားပြီးသားဖြစ်ပါတယ်။ အဲဒီမှာ တစ်ခါတည်း ဖော်ပြပေးထားပါတယ်။
Road Safety အတွက် ဘယ်လိုလုပ်ပါသလဲ . . .
ကျွန်တော်တို့ Bike Messenger တွေကိုလည်း ဝတ်စုံပြည့်ဆင်ပြီး မီးပွိုင့်တွေကို ဖြတ်မမောင်းဖို့ စသဖြင့် လုံခြုံရေးအတွက် လိုက်နာရမယ့်အရာတွေအားလုံးကို သင်ကြားပေးထားပြီး မတော်တဆမှုတွေ မဖြစ်အောင်လည်း ဂရုစိုက်သလို အာမခံလည်း ထားပေးထားပါတယ်။ အစတုန်းကတော့ သူတို့က ဦးထုပ်မဆောင်းချင်ကြတာမျိုးလည်းရှိကြပါတယ်။ ဒါကို ဟာသလို့ ထင်တတ်ကြပါတယ်။ ကျွန်တော်ကတော့ သူတို့ကို အဲဒီလို ဝတ်စုံပြည့်ဝတ်ဖို့ ဖိအားပေးတိုက်တွန်းပြီး တော်တော်လည်းရှင်းပြခဲ့ရပါတယ်။ အခုတော့ သူတို့အားလုံး နားလည်နေပါပြီ။ အခုတော့ ကျွန်တော်တို့မှာလည်း App ရှိနေပြီး Messenger တွေမှာလည်း GPS တွေ တပ်ဆင်ထားပြီဖြစ်တာကြောင့် သူတို့ဘယ်ရောက်နေပြီလဲဆိုတာကို Track လုပ်နိုင်ပါတယ်။
နိုင်ငံတကာ ဈေးကွက်ထဲကနေ ဒီလိုအလားတူလုပ်ငန်းကို လေ့လာထားတာ ရှိပါသလား . . .
ရှိပါတယ်။ ကျွန်တော်တို့ ကိုင်ရိုမှာ အီဂျစ်လို Order လို့ အဓိပ္ပာယ်ရတဲ့ Otlub လို့ခေါ်တဲ့ Website ရှိပါတယ်။ ကျွန်တော် အဲဒီ Website ကို ၂၀၁၀ ပြည့်နှစ်လောက်မှ သုံးဖူးပါတယ်။ အဲဒီအချိန်ကတည်းက အီဂျစ်က စားသောက်ဆိုင်တွေအကုန်လုံးက Delivery ဝန်ဆောင်မှုပေးပါတယ်။ လူတိုင်းက မော်တော်ဆိုင်ကယ်တွေ ရှိသလို လိုက်လံပို့ဆောင်ပေးမှုတွေလည်းလုပ်ပါတယ်။ Otlub က Gateway တစ်ခုသက်သက်ပါပဲ။ Order တွေ လက်ခံပြီးတော့ စားသောက်ဆိုင်တွေကို ကြားထဲကနေ အကြောင်းကြားပေးပါတယ်။ စားသောက်ဆိုင်တွေကိုယ်တိုင်က လိုက်လံပို့ဆောင်တဲ့ဝန်ဆောင်မှုကို ပေးပါတယ်။ မြန်မာနိုင်ငံမှာက စားသောက်ဆိုင်တွေအတွက် လိုက်လံပို့ဆောင်ပေးတာက စိန်ခေါ်မှုတစ်ခုဖြစ်နေတာပါ။ မော်တော်ဆိုင်ကယ် အပါအဝင် လိုက်လံပို့ဆောင်ပေးတဲ့ ကိစ္စကို စီမံရတာအပါအဝင်ပါ။
စားသောက်ဆိုင်အသစ်တွေကို လက်ခံရင် စည်းကမ်းချက်တွေ ရှိသလား . . .
စားသောက်ဆိုင်တွေအနေနဲ့ အစားအစာတွေက ကောင်းရမယ်၊ အချိန်မှန်ရမယ်၊ စားသုံးသူတွေအတွက် တာဝန်ခံနိုင်ရမယ်ဆိုတာတွေတော့ရှိပါတယ်။ စားသုံးသူတွေကလည်း ဘယ်ဆိုင်ကကောင်းတယ်၊ ဘယ်ဆိုင်က မကောင်းဘူးဆိုတာကို သတ်မှတ်ပါတယ်။ ကျွန်တော်တို့က စားသောက်ဆိုင်တွေကို စားသုံးသူတွေရဲ့ Feedback တွေကို ပြန်ပြောပြပေးပါတယ်။ အစားအသောက်တွေက မသန့်ရှင်းတာမျိုးဆိုလည်း ချက်ချင်းစားသောက်ဆိုင်နဲ့ ဆွေးနွေးပါတယ်။ တကယ်တော့ တချို့ကိစ္စတွေမှာ အဲဒီလို စားသောက်ဆိုင်မျိုးတွေကို ကျွန်တော်တို့ Website ကနေ ဖြုတ်လိုက်တာမျိုး ရှိခဲ့ပါတယ်။
Website မှာ စားသောက်ဆိုင်တစ်ခု ပါဝင်ဖို့အတွက် ပိုက်ဆံပေးရတာမျိုးရှိပါသလား။ ဝန်ဆောင်ခတွေကို ဘယ်လိုသတ်မှတ်ပါသလဲ . . .
Listing က Free of Charge ပါ။ မှာယူတဲ့အစားအသောက်ရဲ့ ကုန်ကျစရိတ်ပေါ်မှာပဲ စားသောက်ဆိုင်တွေဆီက ဝန်ဆောင်ခ ကောက်ပါတယ်။ ပို့ဆောင်ခကိုလည်း စားသုံးသူအပေါ် ကောက်ခံတာက စားသောက်ဆိုင်တွေပေါ်မှာပဲ မူတည်ပါတယ်။ တချို့စားသောက်ဆိုင်တွေက Delivery Charges ယူသလို၊ တချို့စားသောက်ဆိုင်တွေက မယူပါဘူး။
ကျွန်တော်တို့က စကတည်းက စားသောက်ဆိုင်ကို နည်းနည်းလျှော့ယူ၊ ကျွန်တော်တို့ကလည်း နည်းနည်းလျှော့ယူပြီး ရောင်းအားတက်အောင်လုပ်ကြမလားလို့ ညှိပါတယ်။ ဒါကို များသောအားဖြင့်လည်း စားသောက်ဆိုင်တွေက လက်ခံတတ်ကြပါတယ်။ စားသုံးသူတွေအနေနဲ့လည်း ဒီအပေါ်မှာ ကောင်းကျိုးခံစားရပါတယ်။ လူတွေကလည်း အခမဲ့ပို့ဆောင်ပေးတာကို ကြိုက်ပါတယ်။ ဒါကလည်း Promotion ပါပဲ။
ပို့ဆောင်ခကလည်း စားသောက်ဆိုင်ပေါ် မူတည်ပါတယ်။ အများအားဖြင့်တော့ ကျသင့်ငွေအပေါ်မှာ ၁၅ ရာခိုင်နှုန်းဝန်းကျင် ကောက်ခံတာမျိုးဖြစ်ပါတယ်။ တချို့ကတော့ မတူပါဘူး။ စားသောက်ဆိုင်က ဘယ်လို Marketing မျိုးလုပ်ချင်တာလဲ၊ ကျွန်တော်တို့က ဘယ်လို Marketing မျိုးလုပ်ချင်တာလဲ၊ ပို့ဆောင်ခယူမှာလား မယူဘူးလား စသဖြင့် အကြောင်းအရာတွေအများကြီးပေါ် မူတည်ပါတယ်။ စားသောက်ဆိုင်က ပို့ဆောင်ခအတွက် ထပ်ဆောင်းယူထားတာမျိုးရှိတယ်ဆိုရင် ကျွန်တော်တို့အတွက် စရိတ်ကာမိအောင် ဘယ်လောက်ရာခိုင်နှုန်း ထပ်တိုးယူမလဲ စသဖြင့် စဉ်းစားရပါတယ်။
နေ့စဉ် Order ဘယ်နှခုလောက် Handle လုပ်နေရပါသလဲ . . .
လက်ရှိမှာ ကျွန်တော်တို့က တစ်နေ့ကို Order ပေါင်း ၁၂၀ လောက် လက်ခံပို့ဆောင်ပေးနေရပြီ။ ဒီအရေအတွက်ကလည်း သီတင်းပတ် တစ်ပတ်ချင်းတိုးလာနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စစချင်းမှာတုန်းကတော့ နိုင်ငံခြားသားတွေက ပိုများတယ်။ ၉၅ ရာခိုင်နှုန်းလောက်ရှိပြီး ပြည်တွင်းက ငါးရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ အခုမှာတော့ တစ်ဝက်စီလောက် ရှိနေပြီလို့ ပြောလို့ရပါတယ်။ အခုလို ၅၀ ရာခိုင်နှုန်းစီလောက် ဖြစ်နေတယ်ဆိုတာက ပြည်တွင်းဈေးကွက်အကုန်မရသေးဘူးလို့ အဓိပ္ပာယ်ရပါတယ်။ နောက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ငါးရာခိုင်နှုန်းက နိုင်ငံခြားသားဆိုရင် ကျွန်တော်တို့ရဲ့ Customer တွေက ၉၅ ရာခိုင်နှုန်း ပြည်တွင်းကနဲ့ ငါးရာခိုင်နှုန်း နိုင်ငံခြားသားတွေဖြစ်ရမယ်လို့ ကျွန်တော်မျှော်မှန်းထားပါတယ်။ အခုဆိုရင် ပြည်တွင်းစားသောက်ဆိုင်တွေ တော်တော်များများလည်း ကျွန်တော်တို့ Listing ထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ YKKO လို တိုင်းရင်းသားတို့လို Thai 47 တို့လို ဆိုင်တွေက အစပေါ့။ အဲဒီဆိုင်တွေက ပြည်တွင်း Taste တွေ ရနိုင်ပါတယ်။
Messenger တွေလည်း ထပ်တိုးဖို့ရှိပါတယ်။ မနက်တိုင်းတော့ Messenger တွေက ကျွန်တော်တို့ ရုံးကနေ စတင်ထွက်ခွာပါတယ်။ အပြင်ထွက်သွားပြီဆိုတာနဲ့ Order တွေက တစ်ခုပြီးတစ်ခု ဆက်နေတော့တာပါပဲ။ ဒါကြောင့် Messenger တစ်ယောက်တစ်နေရာကို Order ပို့ပြီးရင် အဲဒီမှာပဲ ငါးမိနစ်လောက် စောင့်ခိုင်းပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ ငါးမိနစ်အတွင်းမှာပဲ အဲဒီနားပတ်ဝန်းကျင်က Order အသစ်တစ်ခုကို အဲဒီ Messenger က ပို့ဆောင်ပေးရတတ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့မှာ Substation မရှိသေးပါဘူး။ လောလောဆယ်မှာတော့ ရန်ကုန်မြို့အတွင်း ပို့ဆောင်ပေးပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ မန္တလေးနဲ့ နေပြည်တော်တို့ကိုလည်း တိုးချဲ့သွားဖို့ရှိပါတယ်။
ဝန်ထမ်းတွေကို အုပ်ချုပ်တာနဲ့ ပတ်သက်လို့ . . .
တချို့လူတွေက ကျွန်တော်တို့ကို Social Business လုပ်နေတာလားလို့ မေးနေတာရှိပါတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့ အမြတ်ရဖို့အတွက် အလုပ်လုပ်နေတာပါ။ ကျွန်တော်က စက်ဘီးတွေသုံးတာကြောင့် သူတို့အဲဒီလို ထင်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေကို သာတူညီမျှ ဆက်ဆံပါတယ်။ တန်အောင်ပေးပါတယ်။ အလုပ်ပေးပါတယ်။ အင်္ဂလိပ်စာ သင်ပေးပါတယ်။ ကွန်ပျူတာ သင်ပေးပါတယ်။ အာမခံထားပေးပါတယ်။ ကျွန်တော်တို့က အမြတ်အတွက် လုပ်နေသလို၊ ကျွန်တော်တို့ ဝန်ထမ်းတွေကိုလည်း အကျိုးရှိအောင် လုပ်ပေးပါတယ်။ သူတို့ကို လစာအပြင်၊ ပို့ရသမျှ Order တိုင်းအတွက်လည်း Commission ပေးပါတယ်။
Messenger အဖြစ် လျှောက်ချင်ရင် ဘယ်လိုအရည်အချင်းတွေ သတ်မှတ်ထားပါသလဲ . . .
Common Sense လိုပါတယ်။ စက်ဘီးကောင်းကောင်း စီးနိုင်ရပါမယ်။ ပညာအရည်အချင်း၊ အသက်အရွယ် ကန့်သတ်ချက် မရှိပါဘူး။ ကျွန်တော်တို့ဆီမှာ အချိန်ပိုင်းလာလုပ်နေတဲ့ တက္ကသိုလ်ကျောင်းသားလည်း ရှိပါတယ်။ ပြီးတော့အမျိုးသမီး Messenger တစ်ယောက်ရှိပါတယ်။ အမျိုးသမီးအရေအတွက်ထပ်တိုးဖို့လည်း လုပ်နေပါတယ်။ အလုပ်လုပ်နိုင်တဲ့လူတိုင်း ကျွန်တော်တို့ဆီမှာ လျှောက်နိုင်ပါတယ်။
ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြိုင်ဘက်တွေအကြောင်းလည်း ပြောပြပေးပါ . . .
လူငှားတာရော၊ လူတွေထိန်းသိမ်းတာရောက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေပါပဲ။ လောလောဆယ်မှာတော့ ပြိုင်ဘက်တွေကို စိတ်ထဲမထားပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ပဲ Order ပို့ချိန်ပိုမြန်လာအောင်၊ စားသောက်ဆိုင် အစုံအလင်အများအပြား ဖြစ်လာအောင် စသဖြင့် တစ်နေ့ထက်တစ်နေ့ ကျွန်တော်တို့လုပ်ငန်း တိုးတက်လာအောင်ပဲ ကိုယ့်ကိုယ်ကိုယ် ယှဉ်ပြိုင်နေရပါတယ်။ အစားအသောက် မအေးခင် ပို့နိုင်ဖို့ဆိုတာလည်း ကြိုးစားနေပါတယ်။ ကိုယ့်ဆီမှာ လူကောင်းတွေရှိအောင်လည်း လုပ်နေရပါတယ်။ Smart People တွေရှိမှ လုပ်ငန်းက တိုးတက်မှာဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ကျွန်တော်တစ်ယောက်တည်း အများကြီးလုပ်နိုင်ပါတယ်။ တစ်နေ့မှ Order ငါးခုလောက်ပဲရှိခဲ့တာဆိုတော့ ပို့တာကအစ ကျွန်တော်အကုန်လုပ်နိုင်ပါတယ်။ အခုတော့ Order အများကြီး ဖြစ်နေပါပြီ။ ဒါကြောင့် လူများများလိုပါတယ်။
အဲဒီစားသောက်ဆိုင်နဲ့ မလုပ်တော့ဘူးဆိုတာမျိုး ရှိခဲ့ဖူးပါသလား . . .
ဟုတ်ကဲ့။ အစောပိုင်းမှာ ပြောခဲ့ပြီးသလိုပဲ တချို့စားသောက်ဆိုင်တွေက မြန်မြန်ဆန်ဆန် မလုပ်ပေးနိုင်တာ၊ အစားအသောက်တွေ မှားတာမျိုးတွေကို ခဏခဏဖြစ်ဖူးရင်တော့ အဆင်မပြေပါဘူး။ ဥပမာ- ကျွန်တော်တို့ လမ်းကြောင်းတစ်ခုမှာ လိပ်စာတစ်ခုက အစားအသောက်တွေကို အချိန်မှန် မပြင်ဆင်ပေးထားနိုင်တာ၊ မှားတာတွေ ဖြစ်နေရင် အဲဒါက ကျွန်တော်တို့ရဲ့Operation ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က တစ်နေရာကနေ အစားအသောက်ကိုယူ တစ်နေရာကို ပို့ပြီးတာနဲ့ နောက်တစ်နေရာကိုသွားယူပြီး ထပ်ပို့ရတာမျိုးပါ။ ဒါကြောင့် တစ်နေရာမှာ ရပ်လိုက်ရတာနဲ့ အားလုံးအတွက် လစ်ဟာမှုဖြစ်သွားပါပြီ။ အဲဒါကြောင့် အများကြီးမဟုတ်ပေမဲ့ တချို့စားသောက်ဆိုင်တွေနဲ့ ဆက်မလုပ်တော့တာမျိုးတော့ ရှိပါတယ်။
BOD Tech ကနေ ရင်းနှီးမြှုပ်နှံမှုကို လက်ခံခဲ့တဲ့အပိုင်းနဲ့ ပတ်သက်လို့ ပြောပြပေးပါဦး . . .
BOD Tech က IT ကုမ္ပဏီဖြစ်ပါတယ်။ ကျွန်တော်က အဲဒီက CEO Mike Than Tun Win နဲ့ သိပါတယ်။ တကယ်တော့ BOD Tech က ကျွန်တော်တို့ကို ရင်းနှီးမြှုပ်နှံဖို့ မချဉ်းကပ်ခင် တခြားရင်းနှီးမြှုပ်နှံသူ တော်တော်များများလည်း ကမ်းလှမ်းခဲ့ဖူးပါတယ်။ ပြည်တွင်းရော၊ ပြည်ပပါဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းကတော့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးအတွက် သင့်တော်ကိုက်ညီတဲ့အချိန် မဟုတ်သေးဘူးလို့ တွက်ခဲ့ပါတယ်။
ကျွန်တော် Mike နဲ့ စကားပြောဖြစ်တော့ သူ့မှာ Online Business တွေအတွက် Vission ရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ သူတို့က Shopmya ၊ Flymya ၊ Inmya စတာတွေကိုလည်း လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ သူတို့က E-commerce နဲ့ ပတ်သက်ပြီး သွားနေတာဖြစ်သလို ကျွန်တော်တို့လိုအပ်တဲ့ IT Company လည်း ဖြစ်နေတယ်။ ဒါက အခက်ခဲဆုံးအပိုင်းမဟုတ်ပေမဲ့ အဓိက အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။
ကျွန်တော်တို့ကလည်း Online ကုမ္ပဏီတစ်ခုဖြစ်တဲ့အလျောက် IT Company နဲ့ ပူးပေါင်းတာက ပိုအဆင်ပြေပါတယ်။ BOD Tech က ကျွန်တော်တို့ဆီမှာ ၅၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပါတယ်။ ဒီလက်တွဲမှုက ခိုင်မာတဲ့လက်တွဲမှု ဖြစ်ပါတယ်။
အစားအသောက်အပြင် တခြားပစ္စည်းတွေကို ပို့ဆောင်ပေးတာမျိုးရော ရှိပါသလား . . .
လက်ရှိမှာ အစားအသောက်ပဲပို့နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ တခြားပစ္စည်းတွေကိုလည်း လုပ်သွားဖို့ စဉ်းစားနေပါတယ်။ ဥပမာ - စားသုံးသူတစ်ယောက်က ကျွန်တော်တို့ကို ပစ္စည်းတစ်ခုခုဝယ်ခိုင်းပြီး သူ့ဆီ ပို့ပေးစေချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ Website မှာပဲ အဲဒီလိုထပ်တိုးဝန်ဆောင်မှုပေးမလား အသစ်တစ်ခုပဲ ထပ်လုပ်မလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ဖြစ်နိုင်တာကတော့ သီးခြားတစ်ခုလုပ်ဖြစ်ဖို့ များပါတယ်။ ကျွန်တော်တို့က အဲဒီအတွက် အခြေခံအဆောက်အအုံ ရှိပြီးသားဖြစ်ပါတယ်။
နောက်တစ်ခု ကျွန်တော်ဖြည့်ပြောစရာရှိတာက ကျွန်တော်တို့ဆီက Messenger တွေလောက် ရန်ကုန်မြို့ကို ကျွမ်းကျွမ်းကျင်ကျင်သိတဲ့လူတွေ မရှိပါဘူး။ အားလုံးကို နေရာအားလုံးကို သိအောင်ကျွမ်းကျင်အောင် မြန်ဆန်အောင် လုပ်နိုင်နေပါပြီ။ ဒါကြောင့်ဒီလိုအနေအထားကို အသုံးချပြီး ထပ်ပြီး ပစ္စည်းအမျိုးအစား တိုးချဲ့သွားဖို့က လွယ်ပါတယ်။
အစားအသောက်အပြင် တခြားပစ္စည်းအမျိုးအစားတွေကို ထပ်တိုးမှာကလည်း ဒီနှစ်ကုန်ပိုင်းမရောက်ခင် မန္တလေးနဲ့ နေပြည်တော်ကို ဝန်ဆောင်မှုထပ်တိုးချဲ့တဲ့အချိန်လောက်ပဲ ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ဒီလိုလုပ်ငန်းကို ဒီလိုအချိန်မှာ လုပ်နေနိုင်တဲ့အတွက် ကံကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လိုလုပ်ငန်းတွေက လူကောင်းတွေ လိုပါတယ်။ လူကောင်းတွေနဲ့ အလုပ်ကြိုးစားပြီး သပ်ရပ်တဲ့လူတွေကို ရှာဖို့ကလည်း ခက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အပါအဝင် လုပ်ငန်းတော်တော်များများအတွက် ကိုယ့်လူတွေကို တိုးတက်အောင်လုပ်ဖို့ကလည်း လိုနေပါသေးတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် စစချင်းမှာ Messenger အဖြစ်ဝင်လာခဲ့ပြီး အခုအချိန်မှာ Order လက်ခံကာ Messenger တွေကို ပို့ခိုင်းတဲ့ အဆင့်ရောက်နေပြီဖြစ်တဲ့ ဝန်ထမ်းကောင်လေး နှစ်ယောက်ရှိပါတယ်။
သူတို့ကို အင်္ဂလိပ်စာနဲ့ ကွန်ပျူတာတွေ သင်ပေးထားပါတယ်။ ဒီလိုမျိုးလုပ်တာက ကျွန်တော်တို့ လုပ်ငန်းအတွက်တင် မဟုတ်ပါဘူး။ တိုင်းပြည်အတွက်ပါ ကောင်းပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာက အခွင့်အလမ်းပေါင်း မြောက်မြားစွာရှိနေပါတယ်။ လိုအပ်နေတာက လူအရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်တာက လူတွေရှိပေမယ့် Organize မဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။
အယ်ဒီတာအဖွဲ့