ဦးစိုးသန်းမင်းဒင်(ဥက္ကဋ္ဌ-မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း)

[caption id="attachment_31114" align="alignnone" width="370"]usoetheinmindin1ဥက္ကဋ္ဌ
မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း[/caption]

အသင်းဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက် . . .

အသင်းအနေနဲ့ ဖွဲ့စည်းဖြစ်ပုံကတော့ UMFCCI မှာရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာအသင်းတွေထဲမှာ ဟင်းသီးဟင်းရွက်နဲ့ပတ်သက်တဲ့ အသင်းအဖွဲ့ကမရှိသေးတဲ့အတွက် စီးပွားကူသန်းကဦးဆောင်ပြီး ၂၀၀၆ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ကစပြီး ဖွဲ့စည်းပေးခဲ့တာပေါ့။ ရည်ရွယ်ချက်ကတော့ သစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်တွေကို ဈေးကွက်ရရှိရေးနဲ့ သစ်သီးဝလံပန်းမန်တွေနဲ့ပတ်သက်တဲ့ ထွက်နှုန်းကောင်းအောင် အရည်အသွေးတွေကောင်းအောင်၊ မျိုးတွေကောင်းအောင် ဒီကဏ္ဍသုံးခုအတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆို အသင်းသက်တမ်း ၁၁ နှစ်ရှိပါပြီ။

တိုးတက်အောင်မြင်ခြင်း . . .

အသင်းတည်ထောင်တဲ့ ၁၁ နှစ်မှာ အောင်မြင်မှုရလာတယ်လို့ ပြောလို့ရတယ်။ အသင်းစဖွဲ့တုန်းက ဖရဲသခွားအစုအဖွဲ့နဲ့ သရက်အစုအဖွဲ့ဆိုပြီး ဒီနှစ်ခုပဲရှိခဲ့တာ အခုဆိုရင် သီးနှံကိုလိုက်ပြီးဖွဲ့ထားတဲ့ အစုအဖွဲ့သုံးဆယ်ဖွဲ့နိုင်ပြီ။ အဲတုန်းက တိုင်းနဲ့ပြည်နယ်ဆို မန္တလေးတိုင်းတစ်ခုပဲဖွင့်နိုင်ခဲ့ပေမယ့် အခုဆိုတိုင်းနဲ့ပြည်နယ်ဆယ်ခုမှာ အသင်းခွဲတွေဖွဲ့နိုင်ခဲ့ပြီးတော့ အသင်းဝင်က လေးသောင်းကျော်ထိ ရှိလာပါပြီ။

လုပ်ငန်းနယ်ပယ်မှာပြောမယ်ဆိုရင် ပန်းနဲ့ပတ်သက်ရင် အရင်တုန်းက တောင်သူတွေက ကိုယ်ဘာသာကိုယ်ရောင်း၊ ကိုယ့်ဘာသာကိုယ်ဝယ်ပြီး လုပ်နေခဲ့ပေမယ့် အခုဆိုပန်းအသင်းဖွဲ့ပြီး လုပ်လိုက်တဲ့အတွက် ဒီပန်းအသင်းကနေစပြီး ဈေးကွက်ကို စနစ်တကျပို့နိုင်တယ်။ ပန်းစိုက်တဲ့အခါမှာလည်း အရင်တုန်းက ပန်းစိုက်တာများတဲ့အတွက် ဈေးကွက်မှာ ပန်းတွေပိုနေတာရှိတယ်။ အခု အဲဒါမျိုးတွေကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိတယ်။ နောက်တစ်ခုအနေနဲ့ အာလူးက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက စစ်ဗိုလ်မျိုးတစ်မျိုးတည်းကိုပဲ စိုက်ခဲ့တယ်။ ဒီလိုစိုက်လာတော့ ဒီမျိုးဟာ တဖြည်းဖြည်းနဲ့ မျိုးညံ့လာပြီးတော့ ရောဂါဒဏ်လည်းမခံနိုင်ဘဲနဲ့ ထွက်နှုန်းလည်းကျလာတယ်။ ဒီလိုဖြစ်လာတော့ တောင်သူတွေအနေနဲ့ လုံးဝမကိုက်တော့ဘူး။ အသင်းအဖွဲ့ဖွဲ့ပြီးတဲ့အခါမှာကျတော့ နိုင်ငံခြားကမျိုးတွေ တင်သွင်းစမ်းသပ်ပြီး စိုက်ပျိုးတဲ့အခါကျတော့ အများကြီးပြောင်းလဲသွားတယ်။

သရက်ဆိုရင်လည်း အရင်တုန်းက တရုတ်ပြည်ကို တန်ချိန် ၁၅,၀၀၀ လောက်ပဲပို့နိုင်တာကနေ အခုဆို တန်ချိန်လေးသောင်းကျော်လောက် ပို့နိုင်နေပြီ။ အရင်က တစ်တန်ကို ဒေါ်လာတစ်ထောင်အောက်မှာပဲရှိတယ်။ အခုဆို ဒေါ်လာတစ်ထောင့်ခြောက်ရာလောက်ထိရလာတဲ့ အနေအထားရှိလာတာပေါ့။ နောက်ဖရဲဆိုရင်လည်း အရင်တုန်းက ဆောင်းတွင်းလောက်ပဲစိုက်တာ အခုဆိုရင် တစ်နှစ်ပတ်လုံးနီးပါးစိုက်တာ တစ်လလောက်ပဲ ဖရဲမရတဲ့အနေအထားရှိတယ်။ အခုဆိုတန်ချိန် ၆၅၀,၀၀၀ လောက် တရုတ်ပြည်ကိုပို့နေပြီ။ ဒါတွေက အသင်းအဖွဲ့ဖွဲ့လိုက်တဲ့အခါ တိုးတက်မှုတွေ ပြောင်းလဲမှုတွေဖြစ်လာတဲ့ အနေအထားတွေပါ။ အစုအဖွဲ့သုံးဆယ်စလုံးမှာ ပြောင်းလဲမှုရှိလာပါတယ်။

၂၀၁၆ အတွင်း အသင်းအနေနဲ့ ဆောင်ရွက်ခဲ့တာတွေ . . .

၂၀၁၆ ခုနှစ်မှာတော့ ဈေးကွက်တွေရရှိဖို့အတွက် Trade Fair တွေအများကြီး လုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း တောင်ကြီးမှာလုပ်ခဲ့တယ်၊ အဲ့ဒီလိုပဲ မြန်မာပြည်အောက်ပိုင်းမှာဆိုလည်း သရက်နဲ့ပတ်သက်တဲ့ Myanmar Mango Festival ကို ၂၀၁၆ ခုနှစ်အတွင်း လေးကြိမ်မြောက် လုပ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာလည်းလုပ်တယ်။ အဲဒါတွေက ရန်ကုန်မှာလုပ်ခဲ့တာပေါ့။ ဒီလိုလုပ်ခဲ့တဲ့အတွက် ပြည်ပနိုင်ငံတွေကလည်း ပိုလည်းသိလာတယ်။ မြန်မာပြည်မှာသရက်အမျိုးပေါင်း နှစ်ရာကျော်ရှိပါလားဆိုတာမျိုး မေးတာတွေရှိလာပါတယ်။ အဲဒီအထဲမှာ ဘာတွေဖြစ်လာလဲဆိုတော့ နာမည်ကြီးစိန်တစ်လုံး၊ ရွှေဟင်္သာလောက်ပဲ မဟုတ်ဘဲနဲ့ တခြားအလားအလာရှိတဲ့ သရက်သီးမျိုးတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်။  ဥပမာ-မြသပိတ်လိုဟာမျိုးတော့ ဒီသရက်သီးဆိုရင် အရောင်ကအနီရောင်ဆိုပြီး နိုင်ငံခြားသားတွေပြတဲ့အခါကျရင် တအားသဘောကျတာ။ ဈေးကွက်တွေလည်း ဖော်ထုတ်လို့ရခဲ့တယ်။ သီးနှံအမယ်အသစ်တွေလည်း ဖော်ထုတ်လို့ရခဲ့တယ်။ ပြီးတော့ အသင်းသားတွေအတွက် နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာတွေ လုပ်တယ်။ နိုင်ငံတော်က လုပ်နေတဲ့ SME Department တွေနဲ့လည်း ချိတ်ပေးနိုင်ခဲ့ပါတယ်။

usoetheinmindin2

အာဆီယံဈေးကွက်မှာ ယှဉ်ပြိုင်တဲ့အခါမှာ တွေ့ရတဲ့အခက်အခဲတွေ . . .

အာဆီယံဈေးကွက်ဆိုရင် အဓိကကဖရဲသခွားပဲ အဲဒီနှစ်ခု တန်ချိန်အများဆုံးပို့နေတာပေါ့။ ဒီလိုပို့တာတွေက အဓိကတရုတ်ပြည်ဈေးကွက်ကို ၉၅ ရာခိုင်နှုန်းသွားတယ်။ ဘာဖြစ်လို့ တခြားနိုင်ငံတွေ မပို့လဲဆိုတော့ သရက်သီးကို ဥပမာပေးမယ်၊ အခုခူးလိုက်တယ်၊ ညနေထုပ်ပိုးပြီး နောက်တစ်နေ့မနက်ကျတော့ ရောက်သွားတယ် ကားနဲ့ပေါ့။ နောက်ဈေးကွက်မှ တန်းရောင်းရုံပဲ။ တခြားနိုင်ငံပို့မယ်ဆိုရင် အအေးခန်းမှာထားရဦးမယ်။ အဲဒီလိုသိုလှောင်မယ်ဆိုရင် လျှပ်စစ်မီးလိုအပ်ပါတယ်။ နောက်ပြီး သယ်ယူပို့ဆောင်ဖို့အတွက်ကလည်း ဆိပ်ကမ်းကိုပို့မယ်ဆိုလည်း အအေးခန်းကားတို့ ကွန်တိန်နာတို့လိုမယ်။ ဒါမျိုးတွေက ကျွန်တော်တို့ဆီမှာမလုပ်နိုင်သေးဘူး။ အဲဒါကိုရင်းနှီးမယ့် ကုမ္ပဏီကလည်း မရှိသလောက်ဖြစ်နေတယ်။ အဲဒါတွေမရှိတဲ့အခါကျတော့ တစ်ခြားတိုင်းပြည်ကို သွားဖို့ကျတော့ ခက်ခဲတယ်။ အခုဥရောပဘက်က နိုင်ငံတွေကို တင်ပို့နေတယ်ဆိုရင်တောင်မှ လုပ်ငန်းရှင်တစ်ဦးကို တန်ချိန်တစ်ရာထက်ပိုပြီး မပို့နိုင်ပါဘူး။  အဲဒီလိုပို့တဲ့ ကုမ္ပဏီလည်း သူတို့ပေးဆပ်ပြီး လုပ်နေရတာ။ သူတို့စွန့်စားပြီး လုပ်နေရတာပါ။ အဲဒီကဏ္ဍမှာ အရင်းအနှီးရှိတဲ့သူကလည်းဝင်မပါဘူး။ ဘာလို့လဲဆိုတော့ ဒါကပုပ်သိုးလွယ်တဲ့ ပစ္စည်းဖြစ်တယ်။ ခုနက အခြေခံအဆောက်အအုံပိုင်းမှာလည်း ပြည့်စုံမှုမရှိသေးဘူးဆိုတော့ ဒါကိုစွန့်ပြီးမလုပ်ကြဘူး။ မလုပ်ကြတော့ တစ်ခြားတိုင်းပြည်တွေကို မရောက်ပါဘူး။ အခုပို့နေတဲ့ တရုတ်ဆိုရင်လည်း အခက်အခဲကတော့ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီဟာတွေကို ကိုယ့်ဘာသာကို ဖြေရှင်းပြီးသွားနေတာပါ။ ဥပမာ- တရုတ်ပြည်ကိုသွားတယ်ဆိုရင် မန္တလေး-မူဆယ်လမ်းကြီး ဒီလမ်းကြီးမှာ တစ်ခါတစ်ရံ ပြည်တွင်းမငြိမ်မသက်ဖြစ်တဲ့အခါမျိုးတွေ ရှိတယ်။ နောက်လမ်းပိုင်းပျက်စီးတာတွေရှိတယ်။ ဒီအသီးတွေက သူများတိုင်းပြည်တွေမှာလို အအေးခန်းထဲ ထည့်သွားတာမဟုတ်ဘဲ အရပ်ကားတွေနဲ့ သယ်တဲ့အခါကျတော့ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာသွားတဲ့အခါကျရင် ပျက်စီးမှုတွေရှိတယ်။ တော်တော်ဆိုးဆိုးဝါးဝါး ပျက်စီးတဲ့သူလည်းရှိပါတယ်။ အဲဒီလမ်းပျက်နေတဲ့အချိန် လွတ်သွားတဲ့ကားက ဈေးပိုရတာတွေရှိတာပေါ့။ နောက်ပြီးရောင်းဝယ်တဲ့နေရာမှာ စံသတ်မှတ်ချက်တွေရှိတယ်။ ဥပမာ-သရက်သီးက ဘယ်အရွယ်ကဘယ်လောက်ဆိုတာလို့ စံသတ်မှတ်ချက်တွေပါ။ ကျွန်တော်တို့ လုပ်နေတယ်။ ဖရဲသခွားနဲ့ ပတ်သက်ပြီးလည်း စံသတ်မှတ်ချက်တွေ လုပ်နေတယ်။ အကြီးဆုံးအရွယ်က ဘယ်လောက်ရှိရမယ်၊ လုံးပတ်ကဘယ်လောက်ရှိရမယ် ဒါမျိုးတွေလုပ်နေတယ်။ ဒါတွေလုပ်မှ ရောင်းတဲ့အခါမှာ ဈေးကောင်းရပြီး အဆင်ပြေမယ်၊ ပြီးတော့အငြင်းပွားမှု နည်းသွားပါမယ်။ အသင်းအနေနဲ့ကတော့ အခက်အခဲတွေ မရှိအောင်တော့ လုပ်ပေးနေပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ တွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေ . . .

အဓိကစိုက်ပျိုးရေးမှာတော့ စိုက်ပျိုးစရိတ်မြင့်မားတာ၊ ထုတ်လုပ်စရိတ်မြင့်မားတာ၊ ဓာတ်မြေသြဇာသွင်းအားစု၊ ပိုးသတ်ဆေးတွေ၊ ဒါတွေကတခြားတိုင်းပြည်နဲ့စာရင် ဈေးကြီးနေတာပါတယ်။ နောက်တစ်ခုက ထုတ်လုပ်မှုစရိတ် မြင့်မားဆဲဆိုတဲ့အထဲမှာ ဘာရှိလဲဆိုတော့ ဥပမာပြောရရင် ရာသီဥတုတွေ တအားပြောင်းလဲလာတယ်။ ပြောင်းလဲလာတဲ့အခါ ရေလိုအပ်ချက်တွေရှိလာတယ်။ ရေလိုအပ်ချက်ကို အခုအခါ စက်သုံးဆီနဲ့ မောင်းနေရတယ်။ လျှပ်စစ်မီးမရှိဘူး။ ခြံစိုက်တဲ့နေရာ ၉၉ ရာခိုင်နှုန်း လျှပ်စစ်မီးမရှိတဲ့နေရာတွေများတယ်။ အဲဒီတော့ ဒီဟာတွေ အကုန်လုံးဟာ ဒီဇယ်တွေဓာတ်ဆီတွေနဲ့ မောင်းရတဲ့အခါကျတော့ စရိတ်ကပိုကုန်ပါတယ်။ လျှပ်စစ်နဲ့ဆိုရင် စရိတ်သက်သာမယ်။ လုပ်သားအင်အားပါ သုံးစွဲရတာသက်သာတယ်။ ဒါတွေကြောင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်မှာ မြင့်မားနေတာပါ။

နောက်စိန်ခေါ်မှုတစ်ခုက လုပ်သားရှားပါးလာတာဖြစ်ပါတယ်။ ဒီမှာလုပ်အားခ ဈေးသက်သာတယ်လို့ပြောပေမယ့် အလုပ်သမားရှားပါးတယ်။ အခုက ခြံလုပ်တဲ့ အလုပ်သမားခေါ်ဖို့က သိပ်မလွယ်တော့ဘူး။ ရတဲ့အမြတ်အစွန်းနဲ့ သူတို့ကိုပေးရတာလည်း သိပ်ပြီးမကိုက်ဘူး။ မကိုက်ဘူးဆိုတာ သူတို့လည်း ဘာမှမည်မည်ရရမရဘူး။ စိုက်ပျိုးတဲ့သူကလည်းမည်မည်ရရမရဘူး။ ဒါကလည်း စိုက်ပျိုးစရိတ်မြင့်နေတဲ့အတွက်တွေ့ရတဲ့ အဓိကစိန်ခေါ်မှုတစ်ခုပါပဲ။

usoetheinmindin3

အစိုးရက ဘာတွေပံ့ပိုးပေးနေပါသလဲ . . .

ဒီကိစ္စကိုအစိုးရနဲ့လည်း ဆွေးနွေးပြီးပါပြီ။ အရင်နဲ့မတူတာက သူတို့လည်း ချက်ချင်းဆောင်ရွက်ပေးနိုင်တာတွေကို ချက်ချင်းလုပ်ပေးတာပါ။ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ ဈေးကြီးတယ်ပြောတော့ သူတို့နိုင်ငံခြားကနေတင်သွင်းခွင့်၊ ရောင်းချခွင့်တွေပါ ပေးလာတယ်။ ပြည်တွင်းမှာက အရည်အသွေးကောင်းတာတွေရှိသလို အရည်အသွေးညံ့တာတွေလည်းရှိတယ်။ တချို့တရားမဝင်နည်းနဲ့ ဝင်လာတာတွေလည်းရှိတာပေါ့။ ဆိုလိုတာကတောင်သူတွေအနေနဲ့ ဘယ်ဟာအာမခံချက်ရှိလဲဆိုတာမသိဘူး။ အာမခံမရှိလို့ ဘယ်တိုင်ရမယ်ဆိုတာမသိတော့ ကျွန်တော်တို့အသင်းတကယ် Brand ရှိတဲ့ဟာတွေ တင်သွင်းလာနိုင်အောင် အစိုးရကိုတိုက်တွန်းပြောတဲ့အခါကျတော့ သူတို့ဖက်က အားပေးပြီးလုပ်ပေးလာတာတွေ ရှိပါတယ်။

နောက်တစ်ခုက တောင်သူတွေအတွက် အဓိကအရေးကြီးဆုံးက ဈေးကွက်ဖြစ်ပါတယ်။ ဈေးကွက်တွေက ကျွန်တော်တို့ဆီမှာ အင်မတန်ကျဉ်းတယ်။ ဈေးကွက်တွေ ဖော်ဆောင်ပေးဖို့ တင်ပြတဲ့အခါကျတော့ အစိုးရဘက်က စတင်ခေါ်တွေ့တာတွေ လုပ်လာပြီ။ စားသုံးသူကအဆင်သင့်တွေ့တဲ့ဟာကို စားသုံးကြတာဖြစ်တဲ့အတွက် ဈေးကွက်တွေကို နေရာအနှံမှာဖွင့်ထားမယ်ဆိုရင် စားသုံးသူတွေ အလွယ်တကူဝယ်စားနိုင်မယ်။ အဲဒီအတွက်လည်း တင်ပြထားတာတွေရှိပါတယ်။

အသင်းရဲ့ရှေ့လုပ်ငန်းစဉ် . . .

ကျွန်တော်တို့ အသင်းထဲမှာ တချို့က အခုမှ အစုအဖွဲ့အဆင့်ပဲရှိပါသေးတယ်။ ဥပမာပြောရင် သရက်သီးအသင်း အစုအဖွဲ့တို့၊ လက်ဖက်တို့၊ ဖရဲသခွားတို့ စုစုပေါင်းသုံးဆယ်ရှိတဲ့အထဲမှာ မြန်မာနိုင်ငံအဆင့်တက်နိုင်တာ ၁၂ သင်းရှိပါတယ်။ မြန်မာနိုင်ငံအဆင့်တက်ဖို့ဆိုတာ အနည်းဆုံးတိုင်းနဲ့ပြည်သုံးခုမှာ အသင်းခွဲရှိမှ ဖွဲ့လို့ရတယ်။ တချို့အသင်းဆိုရင် အသင်းဝင်နှစ်သောင်းကျော်တယ်။ နှစ်သောင်းကျော်တော့ သူတို့ကတအား Edit ဖြစ်တယ်။ ဒါကိုအစုအဖွဲ့အနေနဲ့ထားမယ်ဆိုရင် အဆင်မပြေဘူး။ အဲဒီတော့ ကျွန်တော်တို့က သူတို့ကိုအစုအဖွဲ့ကနေ Association ဆိုတာဖြစ်အောင် လုပ်နေတယ်။ နောက်ပြီးတော့ သစ်သီးသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းချုပ်ဖြစ်အောင် လုပ်နေတယ်။ ကျွန်တော်တို့အောက်မှာရှိတဲ့ အစုအဖွဲ့သုံးဆယ်ကိုလည်း အသင်းဖြစ်အောင် အဆင့်မြှင့်တင်တာတွေလုပ်မယ်။ အဲဒါမှ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုပြီ တော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်ပါမယ်။

အသင်းဝင်ဖို့ဆိုရင် . . .

အသင်းဝင်ဖို့ဆိုရင် ကျွန်တော်တို့အသင်းမှာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူတွေအစုံပါပါတယ်။ သစ်သီးဝလံပန်းမန်ကဏ္ဍမှာ စိုက်ပျိုးနေတဲ့သူပဲဖြစ်ဖြစ်၊ တင်ပို့တဲ့သူပဲဖြစ်ဖြစ်၊ ပွဲစားပဲဖြစ်ဖြစ် ဒါတွေအကုန်လုံး ဝင်လို့ရတယ်။ စိုက်ပျိုးရာကနေ ရောင်းဝယ်တဲ့အထိကို ကွင်းဆက်တစ်ခုလုံးပါတဲ့ အသင်းအဖွဲ့ဆိုတော့ အဲဒါနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်အကုန်လုံးဝင်လို့ရတယ်။ နောက်တစ်ခုက ပညာရှင်တွေ Volunteer အသင်းဝင်အဖြစ် ဝင်ချင်လည်း လက်ခံတယ်။ တခြားစိတ်ဝင်စားတဲ့သူအနေနဲ့ပါ လက်ခံပါတယ်။ ကျွန်တော်တို့က သစ်သီးဝလံပန်းမန်ကဏ္ဍဖွံ့ဖြိုးဖို့အတွက်ကို အပြုသဘောနဲ့ လာသမျှလူအကုန်လုံးကို လက်ခံပါတယ်။ နိုင်ငံခြားသားကုမ္ပဏီတွေလည်း ဒီမှာအသင်းဝင်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ Membership Development Officer ဆိုပြီးတော့ အသင်းဝင်များ ဖွံဖြိုးရေးတာဝန်ခံတစ်ယောက် ထားပြီးတော့ကို လုပ်ပေးနေပါတယ်။ အသေးစိတ်အချက်အလက်တွေကို အသင်းရဲ့ Facebook စာမျက်နှာဖြစ်တဲ့ Myanmar Fruit Flower and Vegetable Producers and Exporters Association (www. facebook.com/mffvpeamyanmar) မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။