ဦးစိုင်းနော်ခမ်း
Chief Executive Officer
Global Wave Technology
နောက်ခံပညာရေးနဲ့ လုပ်ငန်းစတင်ဖြစ်ခဲ့ပုံ . . .
ကျွန်တော်က UCSY (University of Computer Science , Yangon) ကနေ ၂၀၀၃ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးတော့ Software House ထောင်ဖို့ကြိုးစားခဲ့တယ်။ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှာ Global Wave Technology ကို စပြီးတည်ထောင်ဖြစ်ခဲ့ပါတယ်။ အခု Chief Technical Officor (CTO) အဖြစ် တာဝန်ယူထားတဲ့ ကျွန်တော့်သူငယ်ချင်း ကိုဇော်မျိုးနိုင်နဲ့တွဲပြီး လုပ်ငန်းစခဲ့တာပါ။ အဲဒီအချိန်က Venture Capital အတွက် Partner အနေနဲ့ Medipower Medicine Company က ဒေါက်တာစောလှထွန်းနဲ့ ဒေါက်တာသန်းစင့်တို့ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းစတင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် Software Application တွေရေးပေးဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး Product ကတော့ Time Attendance Software ပါ။ ကျွန်တော်တို့ Software ရောင်းရတယ်။ ကုမ္ပဏီစထောင်ခဲ့ချိန်မှာပဲ အောင်မြင်မှု ရခဲ့ပါတယ်။
လုပ်ငန်းအဆင့်ဆင့်ဖြတ်သန်းမှု . . .
ဒီလိုနဲ့ ၂၀၀၆ ခုနှစ်မှာ လုပ်ငန်းတိုးချဲ့ခဲ့တယ်။ အရင်က ဝန်ထမ်းခြောက်ယောက်လောက်ကနေ ၂၅ ယောက် လောက်အထိ တိုးလာတယ်။ အဲဒီမှာ Package Software တွေ ရောင်းတာတင်မကတော့ဘဲ စီးပွားရေးလုပ်ငန်းတွေ လိုချင်တဲ့ Customized Software တွေရေးပေးတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ် အကုန်လောက်အထိ တော်တော်လေးရုန်းကန်လိုက်ရတယ်။ အတွေ့အကြုံတွေလည်း ရလိုက်တယ်။ လုပ်ငန်းချဲ့တဲ့အခါ Management၊ Marketing နဲ့ တခြား Processing တွေ စသဖြင့် အမှားအယွင်း လုပ်မိတာတွေရှိတယ်။ Customer တွေကို ပေးထားတဲ့ကတိကို တည်နိုင်အောင် ကြိုးစားရတယ်။ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေကို လစာပေးနိုင်အောင် တော်တော်လေးကို ရုန်းကန်ရတယ်။
ပထမတစ်နှစ်က အောင်မြင်တယ်ဆိုတာ စရိတ်ကျဉ်းကျဉ်းနဲ့ပဲလုပ်ခဲ့တာကြောင့်လည်း ပါပါတယ်။ ဝန်ထမ်းခြောက်ယောက်နဲ့ ရုံးခန်းကျဉ်းကျဉ်းလေးမှာပဲ လုပ်ခဲ့တယ်။ နောက်ပြီး Product တစ်ခုတည်းကိုပဲ အာရုံစိုက်ခဲ့တယ်။ အဲဒီတော့ Investment နည်းနည်းမှာ Income ပြန်ထွက်လာတာ မြန်သွားပါတယ်။
လုပ်ငန်းချဲ့ထွင်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့မှာ Management၊ Marketing စသဖြင့်လိုအပ်တဲ့ Skill တွေ များလာတယ်။
ဒါဆို လုပ်ငန်းချဲ့ထွင်တဲ့အခါ ထည့့်သွင်းစဉ်းစားရမယ့်အချက်တွေ၊ ပြင်ဆင်ရမယ့်အချက်တွေကို အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြပေးပါ . . .
အများကြီးရှိပါတယ်။ ကျွန်တော်တို့က ကျောင်းပြီးခါစကတည်းက Software ပဲရေးတတ်ပြီး စီးပွားရေးလောကထဲကို ဝင်လာတာဖြစ်ပါတယ်။ Internet နဲ့ဆိုင်တဲ့ ဝန်ထမ်းပိုင်းမှာတင် တော်တော်ကွာခြားသွားပါတယ်။ ဝန်ထမ်းတွေများလာတဲ့အခါ သူတို့အဆင်ပြေအောင်လုပ်ပေးနိုင်ဖို့က မလွယ်ကူပါဘူး။ တစ်ခုမှားသွားရင် သင်ခန်းစာယူ၊ စာဖတ်၊ ပြီးတော့မှ တစ်ဆင့်ပြန်ပြင်တာမျိုးတွေ လုပ်ရပါတယ်။ အဲဒီအချိန်တုန်းက စင်ကာပူမှာ Software Programmer တွေ တအားခေတ်ကောင်းနေတဲ့ အချိန်ဆိုတော့ စင်ကာပူကို သွားကြတာ သိပ်များပါတယ်။ ကျွန်တော်ကလည်း လုပ်ငန်းချဲ့တဲ့အချိန်မှာ အတော်ကြီးရုန်းကန်နေရတာဆိုတော့ ဝန်ထမ်းတွေကို တအားလစာတိုးမပေးနိုင်ဘူး။ အဲဒီတော့ ကျွန်တော့် ဝန်ထမ်းတွေရဲ့ Turnover rate က တအားကိုမြင့်ပါတယ်။ ဒီအတွက် On Job Training (OJT) တွေ စလုပ်ခဲ့တယ်။ လူတွေ မွေးထုတ်တယ်။ ဒါကတော့ ရုံးတွင်း Programmer လိုအပ်ချက်အတွက်ပေါ့။
နောက်ပြီး အသုံးစရိတ်ကကြီးလာတော့ Software ပိုရောင်းရမှ အဆင်ပြေမယ့်အခြေအနေမျိုး ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီခေတ်ကာလအနေအထားက အခုခေတ်လိုတော့ မဟုတ်သေးဘူး။ Software ဆိုလို့ရှိရင် ဝယ်သုံးတာက သိပ်အများကြီး မတွင်ကျယ်သေးပါဘူး။ နောက်ပြီး ကျွန်တော်တို့က Software Product တစ်ခုရေးပြီဆိုလို့ရှိရင် Customer ပိုစိတ်ဝင်စားအောင် အဲဒီ Product နဲ့ ကိုက်ညီမယ့် Hardware ပစ္စည်းကို ရှာတယ်။ ဥပမာ- Time Attendance Software ရေးတယ်ဆိုလို့ရှိရင် သူနဲ့တွဲသုံးလို့ရတဲ့ Finger Print လို ပစ္စည်းမျိုး၊ RFID ကတ်လိုမျိုးတွေကိုရှာတယ်။ နိုင်ငံခြားကနေသွင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ Software ပဲ ရေးလာတဲ့သူဆိုတော့ Expericence ကမရှိဘူး။ အဲဒီမှာ ပစ္စည်းမှားဝယ်တာတွေ၊ Import မှာ အခက်အခဲတွေ တွေ့ရပါတယ်။
နောက်တစ်ခုက စာရင်းအင်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့နောက်မှာရှိတဲ့ Capital Venture တွေကလည်း သူတို့တခြားလုပ်ငန်းတွေ ဘယ်လိုလုပ်သလဲဆိုတာ ပြန်သင်ပြပေးတော့ တဖြည်းဖြည်းချင်း စနစ်ကျအောင်လုပ်လာနိုင်တယ်။ ဝင်ငွေနဲ့ ထွက်ငွေ မျှအောင် စာရင်းဇယား ဘယ်လိုဆွဲရမလဲဆိုတာကအစ သင်ယူရပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နှစ်နှစ်ကာလကတော့ ကျွန်တော့်အတွက် စာတွေ့နဲ့ လက်တွေ့တွဲပြီး လုပ်ခဲ့ရပါတယ်။
တစ်လက်စတည်းမှာပဲ ၂၀၀၇ ခုနှစ်ကစပြီးတော့ နိုင်ငံခြား Outsourcing ဘက်ကိုလည်း အစပျိုးခဲ့ပါတယ်။ Online ပေါ်မှာ Freelancer တွေက ဘာ Project လိုချင်တယ်ဆိုပြီး တင်ထားတယ်။ ဒါကို ကျွန်တော်တို့က ဝင်တင်ရတယ်။ အဲဒီလိုမျိုး နာမည်ကြီး Site တွေမှာ နှစ်ခု၊ သုံးခုလောက် စရေးကြည့်တယ်။ အဲဒီမှာ သူတို့က ကျွန်တော်တို့ကို အပ်လာတာတွေရှိတယ်။ ငွေရေးကြေးရေးအရကြည့်မယ်ဆိုရင်တော့ သိပ်အမြတ်ကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ Recommendation တွေရလာတယ်။ အဲဒီ Recommendation တွေ ကိုင်ပြီးတော့ စင်ကာပူဘက်ကို စတိုးကြည့်တယ်။ တစ်ခုကံကောင်းတာက ၂၀၀၈-၂၀၀၉ ခုနှစ်လောက်မှာ ကျွန်တော့်ကျောင်းတုန်းက သူငယ်ချင်းတွေကလည်း စင်ကာပူမှာအခြေကျနေပြီ။ အဲဒီကမှ ကျွန်တော်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတချို့ကို Partner အဖြစ် ခေါ်ပြီးတော့ Outsourcing ဘက်ကို စလိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ စင်ကာပူမှာ Global Wave Pte ဆိုပြီးတော့ ကျွန်တော်တို့အတွက် Project တွေရှာပေးပါတယ်။ Globel Wave Pte က ကျွန်တော်တို့နဲ့ စင်ကာပူက သူငယ်ချင်းနဲ့ Joint Venture ပုံစံ လုပ်ထားတာပါ။ Customer တွေအနေနဲ့ကတော့ စင်ကာပူကို အခြေခံပြီးတော့ ယူအက်စ်၊ ကနေဒါ၊ သြစတြေးလျ စသဖြင့် အများကြီးရှိပါတယ်။
၂၀၀၈ ခုနှစ်ကုန်ခါနီး ၂၀၀၉ ခုနှစ်လောက်မှ ကျွန်တော်တို့ နည်းနည်း Stable ဖြစ်လာတယ်။ Project ကလည်း တစ်ခုတည်းမဟုတ်တော့ဘဲ နှစ်ခု၊ သုံးခုထုတ်လာနိုင်တယ်။ Customer တွေလည်း များလာတယ်။ နောက်ပြီး ကျွန်တော်တို့က လုပ်ငန်းစလုပ်ကတည်းက တခြားနေရာတွေမှာ အားနည်းချက် ရှိကောင်းရှိနိုင်ပေမယ့် Customer Service ပေးတဲ့နေရာမှာတော့ သေသေချာချာ ဖိဖိစီးစီးလုပ်ပါတယ်။
Customer Service ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို Control လုပ်ပါသလဲ . . .
အဓိကကတော့ Service Technician တွေ၊ Sale တွေကို Product အကြောင်း သေချာ Training ပေးပါတယ်။ Customer Service သွားပြီဆိုရင်လည်း ဘာတွေလုပ်ရမယ်ဆိုတဲ့ Rule တွေ ချထားတယ်။ ဒါကလည်း ပြောတော့သာလွယ်တာပါ။ မကြာခဏ အမှားအယွင်းတွေ လုပ်ရင်းနဲ့ပဲ ဒီ Rule တွေက မှန်လာတာပါ။ နောက်ပြီး Staff တွေ Customer Site ကို သွားပြီးပြီဆိုရင် ဘာတွေလုပ်ခဲ့တယ်၊ Customer က ဘာတွေပြောတယ်ဆိုတဲ့ Report တင်ခိုင်းတယ်။ ဒါကို ကျွန်တော်နေ့စဉ်ဖတ်တယ်။ Customer Needs ကို ကျွန်တော်တို့ အလေးထားပါတယ်။ Customer ကနေ ဒီ Function က အသုံးမတည့်ဘူး၊ မကြိုက်ဘူး၊ တခြားပုံစံ လိုချင်တယ်ဆိုတာမျိုးပြောလာရင် ကျွန်တော်တို့ Product ကို ပြုပြင်ပြောင်းလဲဖို့ စတင်စဉ်းစားရပါတယ်။ Customer က ဘာလိုချင်တယ်ဆိုတာကို အမြဲတမ်း နားထောင်ပြီးတော့ ဖိဖိစီးစီးလုပ်ခဲ့တယ်။ အဲဒီတော့ ကျွန်တော့် Customer တွေက တခြားသူတွေကို ညွှန်းပေးပါတယ်။ ဒီလိုနဲ့ ကျွန်တော့်လုပ်ငန်းက Stable ဖြစ်လာပြီး Product တွေပိုရောင်းလာရပါတယ်။
လက်ရှိကုမ္ပဏီအရွယ်အစားနဲ့ အနေအထား . . .
လက်ရှိဝန်ထမ်းဦးရေကတော့ တစ်ရာနီးပါးလောက် ရှိပါတယ်။ ကျွန်တော်တို့ ရေးနေတဲ့ Ready Made Software တွေကတော့ Package ငါးမျိုးလောက်ရှိပါတယ်။ နောက်ပြီး Enterprise Solution ဆိုပြီး Department တစ်ခု သီးသန့်ဖွဲ့ထားတယ်။ အဲဒီမှာ အစိုးရဝန်ကြီးဌာနတွေအတွက် E-Government လုပ်ပေးတယ်။ နောက်ပြီးစီးပွားရေးလုပ်ငန်းအကြီးကြီးတွေက ရုံးလုပ်ငန်းတစ်ခုလုံးကို ICT ပြောင်းချင်တယ်ဆိုရင် ကျွန်တော်တို့က အကြံပေးတယ်။ ဘယ်နေရာမှာ ဘယ်လိုသုံးပြီးတော့ ဘယ်လို Software နဲ့ Run ရင်ကောင်းမလဲဆိုတာကို ပြောပြတယ်။ ဆိုလိုတာက Enterprise ဘက်ကျတော့ ကျွန်တော်တို့ရေးထားတဲ့ Package Software တင်မကဘဲ Customized Software လည်းပါတယ်။ နောက်ပြီး Open Source တွေလည်း ပါပါတယ်။ ကျွန်တော်တို့က Configuration လုပ်ပေးရတယ်။ တစ်ခါတလေကျရင်လည်း နိုင်ငံခြားက နာမည်ကြီး Software တွေ ဝယ်လာတဲ့အခါ ကျွန်တော်တို့ Software နဲ့ Integration လုပ်တဲ့အပိုင်းတွေလည်း ချိတ်ဆက်ပြီးလုပ်ပေးရတာတွေ ရှိပါတယ်။
နောက်ပြီး On Job Training (OJT) လုပ်ပါတယ်။ ဒါကငွေရေးကြေးရေးအရတော့ အကျိုးအမြတ် မရှိပါဘူး။ ကျွန်တော်တို့က သင်တန်းသားတွေကို လုံးဝအခမဲ့သင်ပေးပါတယ်။ Software ရေးဖို့ စိတ်ဝင်စားတဲ့သူတွေကို သင်တန်းတက်ဖို့ လျှောက်လွှာတင်ဖို့ ခေါ်လိုက်တယ်။ နှစ်လသင်တန်းပေးပြီး Project ရေးခိုင်းပါတယ်။ Project ရေးပြီဆိုတာနဲ့ လစာစပေးပါတယ်။ ကျွန်တော့်ဆီမှာ လက်ရှိအလုပ်လုပ်နေတဲ့သူအများစုကလည်း OJT ကဆင်းတဲ့သူတွေ ဖြစ်ပါတယ်။ အပြင်ကခေါ်တာတော့ တအားနည်းပါတယ်။ သင်တန်းလာတက်တဲ့အခါ သီအိုရီသင်ပေးတယ်။ လက်တွေ့လုပ်တယ်။ အဲဒီမှာ ကျွန်တော်တို့ဆီမှာ အလုပ်ဝင်ချင်တဲ့သူတွေကို အလုပ်ခန့်ပါတယ်။
ပြန်ချုပ်လိုက်မယ်ဆိုရင် အလုပ်ကလေးပိုင်း ရှိပါတယ်။ ပထမတစ်ခုက Ready Made Software နဲ့ Device တွေရောင်းတယ်။ Local မှာဖြန့်တယ်။ ဒုတိယတစ်ခုက Enterprise Solution တွေလုပ်တယ်။ တတိယတစ်ခုက Oversea Outsourcing တွေလုပ်တယ်။ နောက်ဆုံးတစ်ခုကတော့ OJT ဖြစ်ပါတယ်။
Global Wave မှာ တာဝန်ယူထားတဲ့ Role နဲ့ Responsibility . . .
ကျွန်တော်က CEO တာဝန်ယူထားပါတယ်။ ကျွန်တော့် သူငယ်ချင်းကတော့ CTO တာဝန်ယူထားပါတယ်။ ကျွန်တော်ကတော့ Management ပိုင်းကို ပိုပြီးတော့ တာဝန်ယူပေးရပါတယ်။ Marketing ၊ Sale နဲ့ Service ပိုင်းကိုလည်း ပိုပြီး Focus လုပ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းကတော့ Technology ပိုင်းကို ပိုပြီး အားစိုက်ပါတယ်။ Technology ပိုင်းမှာ နောက်ကျမကျန်အောင်၊ အမြဲတမ်း Upgrade ဖြစ်နေအောင် လုပ်ပေးပါတယ်။
Technician ပိုင်းကနေ Management ပိုင်းကို ဝင်လာခဲ့တဲ့အချိန်မှာ ဘယ်လိုဆုံးဖြတ်ပြီးဝင်လာခဲ့တာလဲ။ ဘယ်လို Adapt လုပ်ခဲ့ရသလဲ . . .
ကျွန်တော်တို့ လုပ်ငန်းစကတည်းက သူငယ်ချင်းတွေ ပေါင်းလုပ်ကြမယ်ဆိုတဲ့အခါ ဒိုင်ခံလုပ်တာက ကျွန်တော်နဲ့ လက်ရှိ CTO တာဝန်ယူထားတဲ့ ကျွန်တော့်သူငယ်ချင်းပဲရှိတယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ နည်းလမ်းမရှိဘူး။ နှစ်ယောက်စလုံး Program ထိုင်ရေးနေလို့တော့မဖြစ်ဘူး။ ကျွန်တော်ကလည်း Management ပိုင်းကို အကျွမ်းကျင်ကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ရခဲ့တဲ့ Experience တွေအလိုက် ခွဲပြီးတော့လုပ်မှရမယ်ဆိုပြီး သိလာတယ်။ ဒါက လုပ်ငန်းလုပ်တဲ့အခါ ပိုပြီးတော့လည်း ထိရောက်ပါတယ်။ Technology အနေနဲ့ကလည်း တဖြည်းဖြည်းချင်း မြင့်တက်လာတယ်။ Implementation ကို တိုးတက်အောင်မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ကျန်ခဲ့မှာပဲ။ ဒါကို တစ်ယောက်က ဒိုင်ခံပြီး စဉ်ဆက်မပြတ်လေ့လာပေးနေဖို့လိုတယ်။ ဒီအတွက် CTO ကတာဝန်ယူပါတယ်။
Management ကောင်းကောင်းလုပ်နိုင်အောင် ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်ခဲ့ပါသလဲ . . .
အကြောင်းကိစ္စတစ်ခုခုပေါ်လာတယ်ဆိုရင် ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ရှာဖွေပြီး လေ့လာဖတ်ကြည့်ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာလည်း ရုံးတွင်းမှာ Management Training တွေ လုပ်လေ့ရှိပါတယ်။ စဉ်ဆက်မပြတ်လေ့လာနေရပါတယ်။ နောက်ပြီး ကျွန်တော့်ရုံးမှာရှိတဲ့ မန်နေဂျာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရဲရဲဝံ့ဝံ့အလုပ်လုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ မိမိနဲ့သက်ဆိုင်တဲ့ အလုပ်တာဝန်တွေမှာ အစအဆုံးတာဝန်ယူစေပြီး Management Skills တက်လာအောင် လုပ်ဆောင်စေပါတယ်။
ကိုယ်တိုင်ကျေနပ်အားရတဲ့ Product တွေနဲ့ Customer တွေ . . .
ကျွန်တော်တို့မှာ လက်ရှိ GlobalTA ၊ GlobalHR ၊ GlobalPOS ၊ GlobalGold ၊ GlobalFMS ဆိုပြီး Package Product ငါးခုရှိပါတယ်။ GlobalTA (Time Attendance System) ဆိုရင် မြန်မာနိုင်ငံက Customer တော်တော်များများ အသုံးပြုနေကြပါတယ်။ GlobalHR (Payroll & HR System) ကိုလည်း အသုံးများ ကြတယ်။ နောက်ပိုင်းမှာ Retail ဆိုင်တွေရဲ့ အရောင်းပိုင်းမှာသုံးတဲ့ GlobalPOS (Point of Sales System) ကိုလည်း Customer သုံးလေးရာလောက်သုံးနေပါပြီ။ Filling Station တော်တော်များများကလည်း ကျွန်တော်တို့ GlobalFMS Customer တွေ များပါတယ်။ အဓိကကတော့ ကျွန်တော်တို့ Product တွေကို ခေတ်နဲ့လျော်ညီအောင်လုပ်တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကနဲ့ဆိုရင် Software က နာမည်ပဲတူတော့တာပေါ့။ အထဲက နည်းပညာတွေရော၊ သုံးစွဲမှုပုံစံတွေရော မတူတော့ဘူး။ စဉ်ဆက်မပြတ်ပြောင်းလဲနေတယ်။ Customer စိတ်ကြိုက်ဖြစ်မှာတွေကို ထည့်ပြီးတော့ လုပ်နေပါတယ်။
Enterprise အပိုင်းမှာလည်း လုပ်ငန်းကြီးတော်တော်များများကို လုပ်ပေးထားပါတယ်။ YCDC ဆိုရင် လည်း E-Government အတွက် ဆောင်ရွက်ပေးခဲ့တာတွေရှိပါတယ်။ Public က Online ကနေ လျှောက်လွှာတွေ တင်လို့ရအောင်ရယ်၊ ရုံးတွင်း Data တွေ ပိုပြီးမြန်မြန်ဆန်ဆန် ဖြန့်ဝေလို့ရအောင်ရယ်အတွက် ဆောင်ရွက်ပေးထားတာတွေ ရှိပါတယ်။
လုပ်ငန်းဖွဲ့စည်းမှုပုံစံ . . .
Package Software ပိုင်းအတွက်ဆိုရင် Business Development Team ၊ Sales Team ၊ Service Team နဲ့ Development Team ဆိုပြီး ရှိပါတယ်။ Business Development Team က ကျွန်တော် မကြည့်နိုင်တဲ့အလုပ်တွေမှာ ကျွန်တော့်ကိုယ်စား Customer Service တွေလိုက်ကြည့်ရတယ်။ Promotion တွေ၊ Sale တွေနဲ့ တခြားလိုအပ်တဲ့ Management တွေလုပ်ရပါတယ်။ Sales Team ကတော့ Customer Presentation ပိုင်းကို အဓိကတာဝန်ယူပါတယ်။ နောက်တစ်ခုကတော့ Service Team ပေါ့။ Customer က ကျွန်တော်တို့ Product ကို ဝယ်သွားပြီဆိုရင် အနောက်ကနေ Installation လုပ်ပေးတာ၊ Training ပေးတာ၊ Customer ဘက်မှာ တစ်ခုခုအဆင်မပြေတာကို ဖြေရှင်းပေးတာတွေ လုပ်ရပါတယ်။ နောက်ပြီး Development Team ကတော့ Programmer တွေဖြစ်ပါတယ်။
Enterprise အတွက်လည်း ဒီပုံစံအတိုင်းပဲ ဖွဲ့စည်းထားပါတယ်။ သူ့အတွက် Sale ကတော့ သီးသန့်မထားပါဘူး။ Customer ကိုအကြံဉာဏ်ပေးတာနဲ့ လိုအပ်တဲ့ Project အကြီးတွေကို သွားရှင်းပြဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင် သွားရှင်းပြပါတယ်။ ဒါမှမဟုတ်ရင်လည်း Project Manager တွေ သွားပါတယ်။
မြန်မာကုမ္ပဏီတွေအနေနဲ့ Technology ကို ဘယ်လောက် Adapt လုပ်နိုင်နေပြီလဲ။ အဲဒီအတွက်ကော ဘယ်လို Support လုပ်ပေးပါသလဲ . . .
ကျွန်တော်တို့ Software တွေရဲ့ Function ကို Customer တွေ အပြည့်အဝသုံးရဲ့လား၊ မသုံးဘူးလား၊ ဘယ် Function တွေက သူတို့အတွက်ပိုနေလဲ၊ ဘာကပုံစံမကျဖြစ်နေသလဲဆိုတာတွေကို အမြဲတမ်း ဆန်းစစ်နေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ Service Team က တကယ့် End Users နဲ့ အမြဲချိတ်ဆက်ထားတယ်။ သူတို့ရဲ့ Complaint တွေကို အမြဲတမ်းယူတယ်။ အသုံးပြုတဲ့ End Users ပြောင်းသွားရင်လည်း Training တွေ ပြန်ပေးပါတယ်။
နောက်တစ်ခု Customer တွေ မသုံးဖြစ်ဘူးဆိုတာက ကျွန်တော်တို့ Product က သူတို့သုံးရတာ ခက်ခဲတယ်၊ Ease of User မဖြစ်ဘူးဆိုရင် သုံးချင်မှာမဟုတ်ဘူး။ ဒါကို Training ပေးရင်းနဲ့ Requirement တွေ ကောက်လာပါတယ်။ End User က သုံးရင်းနဲ့ ဘယ်နေရာမှာ ခဏခဏမှားနေသလဲ၊ သုံးရတာ အခက်အခဲရှိနေသလားဆိုတာတွေကြည့်ပြီး ပြောင်းဖို့လိုရင် ပြောင်းရပါတယ်။ သုံးတဲ့သူအဆင်ပြေအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးပါတယ်။
အခုဆိုရင် ကုမ္ပဏီတွေက Technology အသုံးပြုမှုပိုင်းမှာ တော်တော်လေးကို တိုးတက်လာပါပြီ။ လက်ရှိမှာ Boom ဖြစ်လာတာနဲ့အမျှ Daily Routines တွေကိုလျှော့ချပြီး Automation ကိုသွားတဲ့သူ များလာတာနဲ့အမျှ Software System ကိုပိုသုံးလာကြတယ်။ Database Management စနစ်တွေကို ပိုုပြီးအားထားလာတယ်။
နိုင်ငံခြားကုမ္ပဏီတွေလည်းဝင်လာပြီး ပြိုင်ဘက်တွေများလာတဲ့အခါ ကိုယ့်ရဲ့အားသာချက်က ဘာများဖြစ်မလဲ . . .
လက်ရှိမှာတော့ ကျွန်တော်က ကိုယ့် Customer ကိုပဲ အာရုံစိုက်နေနိုင်ပြီး Competition ကိုတော့ အာရုံမစိုက် နိုင်သေးပါဘူး။ ကျွန်တော်တို့က Customer လိုအပ်ချက်ကို ကြိုးစားပြီး ဖြည့်ဆည်းနိုင်သရွေ့ အဆင်ပြေနေမယ်လို့ ယုံကြည်ပါတယ်။
ကိုယ့်ရဲ့ Knowledge ကို အမြဲတမ်း Update ဖြစ်နေအောင် ဘယ်လိုဖြည့်ပါသလဲ . . .
ကျွန်တော်တို့က စာတွေဖတ်ဖြစ်တယ်။ ကျွန်တော်တို့ကြုံခဲ့ရတဲ့အခြေအနေတွေ၊ ပြဿနာတွေအပေါ်မှာ မူတည်ပြီး စာတွေရှာဖတ်တယ်။ Knowledge Sharing လုပ်တယ်။ ရုံးမှာလည်းသင်တန်းတွေလုပ်ပြီး စွမ်းရည်မြှင့်တာတွေလုပ်တဲ့အခါ ကျွန်တော်ကိုယ်တိုင်လည်း ဝင်တက်ပါတယ်။
ကုမ္ပဏီက အခုဆိုရင် ဆယ်နှစ်ကျော်သက်တမ်းရှိပြီဆိုတော့ နောက်ထပ် Growth ဖြစ်ဖို့ ဘာတွေပြင်ဆင်ထားပါသလဲ . . .
ကျွန်တော်တို့ အနာဂတ်အတွက် ဆက်လုပ်နေတာတွေ ရှိပါတယ်။ Product ဆိုလို့ရှိရင် Time Attendance (TA) နဲ့စပြီးရေးခဲ့တယ်။ နောက်ပြီး Desktop Application တွေသုံးတယ်။ အခုဆိုရင် TA ကို Cloud ပေါ်တင်လိုက်တယ်။ Information တွေအားလုံးကို Mobile ကနေ ကြည့်လို့ရမယ်။ Admin တွေ၊ HR တွေကလည်း ဝန်ထမ်းတွေရဲ့ အချက်အလက်အားလုံးကို Online ကနေ ကိုင်တွယ်လို့ရတယ်။ ဆိုလိုတာက Product တွေအားလုံးကို ခေတ်နဲ့အညီတိုးတက်အောင်လုပ်သွားမယ်။ စီးပွားရေးလုပ်ငန်းတွေက နောက်ထပ်လိုအပ်တာတွေကိုလည်း ထပ်ထုတ်သွားမယ်။
နောက်ပြီး အာဆီယံဒေသတွင်းမှာ ရောင်းရအောင် ကြိုးစားသွားမယ်။ အခုဆိုရင် အထက်မြန်မာပြည်က Customer တွေများလာတဲ့အတွက် မန္တလေးမှာလည်း ရုံးခွဲဖွင့်လိုက်ပါတယ်။ နောက်ပြီး အာဆီယံမှာ ရုံးခွဲဖွင့်ဖို့ အခွင့်အရေးရလာရင်လည်း အလေ့အကျင့်ရအောင် ကြိုးစားနေပါတယ်။
နန္ဒာနေဝင်း