ဦးအေးမင်းဦး (Chairman - Design Printing Services Co Ltd)

uayeminoo1

မြန်မာနိုင်ငံမှာ Digital Mapping နဲ့ Street Directory နဲ့ ပတ်သက်တဲ့ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ဦးဆုံးစတင်လုပ်ကိုင်ခဲ့သူ ဦးအေးမင်းဦးဟာ Design Printing Services (DPS) Company Ltd မှာ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဦးဆောင်လျက်ရှိပါတယ်။ လုပ်ငန်းစတင်တည်ထောင်ခဲ့ချိန် ၁၉၉၄ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ DPS ကနေ ပေးနေတဲ့ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

DPS စတင်ဖြစ်ပုံ

-----------------

ဈေးကွက်ထဲမှာ မြေပုံကောင်းကောင်းတွေ ရှိဖို့လိုအပ်တယ်ဆိုပြီး စခဲ့တာပါ။ ကိုယ်ပိုင်လုပ်ငန်း စတင်မတည်ထောင်ခင်တုန်းကလည်း Royal Dutch Shell (Oil indsutry company) မှာ လုပ်ကိုင်ခဲ့ပြီး Digital Map တွေ တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စင်ကာပူသွားပြီး Printing လုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျ ထပ်မံလေ့လာဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပုံနှိပ်မှာ Colour Separation လို့ ခေါ်တဲ့အပိုင်းကိုပဲ သီးသန့်လေ့လာပြီးတော့ မြန်မာပြည်မှာ Design Printing Services ဆိုပြီး ၁၉၉၄ ခုနှစ်မှာ စထောင်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူမှာ သွားပြီးလေ့လာတဲ့အခါကျတော့ အဲဒီခေတ်ရဲ့ Technology Turning Point လို့ပဲပြောရမယ့် ထူးခြားမှုတစ်ခုသွားတွေ့တယ်။ အဲဒါက မြေပုံတွေပြုစုတဲ့အခါကျတော့ Mapinfo နဲ့ ပြုစုတာ။ ဒါပေမဲ့ တကယ်အချောပြန်ဆွဲတော့ အဲဒီအချိန်က Corel DRAW နဲ့ဆွဲတယ်။ အဓိကပြဿနာက မြေပုံတွေကို ပုံနှိပ်ရင် Colour ခွဲပြီး ပုံနှိပ်တဲ့ နည်းပညာ၊ စက်မရှိဘူး၊ အဲဒီအချိန်က မြန်မာပြည်မှာ လုံးဝမရှိသေးဘူး။ စင်ကာပူမှာက ကိုယ်ကဘာကို သွားတွေ့လဲဆိုတော့ Corel DRAW သုံးရင်းနဲ့ Colour Separation သူတို့ဘယ်လိုလုပ်သလဲဆိုတာကို သွားတွေ့ပါတယ်။ သူတို့ရဲ့လမ်းတွေကို (မြေပုံမှာ) အဲဒီကတည်းက စထည့်ခဲ့တာပါ။ ကျွန်တော်တို့ ဒီဘက်မှာလုပ်ထားတဲ့ပုံကို သွားပြီးလေ့လာတဲ့အချိန်မှာ သူတို့ကို စမ်းပြီးတော့ ထုတ်ကြည့်ပေးပါဆိုပြီးပေးလိုက်တယ်။ သူတို့ဆီမှာ လေးရောင်တည်းနဲ့ ရိုက်လို့ရတဲ့ ဖလင်လုပ်ပြီး ဒီကိုပြန်ပို့လာတယ်။ အဲဒီမှာ Quality က ကွန်ပျူတာ Screen မှာ ပေါ်တဲ့အတိုင်းပေါ်တယ်။ အဲဒီအချိန်တုန်းက ကွန်ပျူတာ Screen ပေါ်တဲ့အတိုင်းက ပြန်ပုံနှိပ်မှာ မရသေးဘူး။ အဲဒီလိုအချိန်မှာ (စင်ကာပူမှာ) မြေပုံဟာ ကွန်ပျူတာထဲက Quality ကို လေးရောင်တည်းနဲ့ ရိုက်လို့ရတယ်။ ကွန်ပျူတာမှာ ကြိုက်သလိုဆွဲလိုက်၊ ကျေနပ်ပြီဆိုတဲ့အချိန်ကျမှ ထုတ်လို့ရတယ်။ အဲဒီလို နည်းပညာလည်းရခဲ့တော့ ၁၉၉၆ ခုနှစ် “Visit Myanmar Year’’ စတဲ့အချိန်လည်းဖြစ်နေတာကြောင့် မြေပုံကိုလုပ်ကြည့်ကြရအောင်ဆိုပြီး အဲဒီကစပြီး Tourist တွေအတွက် Guide Map စလုပ်လိုက်တာ ဒီနေ့အထိပါပဲ။

uayeminoo2

DPS Chairman အနေနဲ့ တာဝန်ယူမှု

------------------

DPS ရဲ့ Strategy အနေနဲ့ ဘယ်ဘက်ကိုရွေ့မလဲဆိုတာကို ဦးဆောင်စဉ်းစားချမှတ်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနောက်ပိုင်းမှာ Google တို့ MIMU တို့လို လုပ်ငန်းတွေလည်းရှိလာသလို၊ မြေပုံတွေ Free ရယူသုံးစွဲနိုင်တာတွေလည်း ရှိလာတာကြောင့် ကိုယ့်ဝန်ဆောင်မှုတွေကို သုံးဖို့လိုသေးလား၊ မလိုတော့ဘူးလားဆိုတာဆိုတဲ့ မေးခွန်းတွေက စရှိလာပါပြီ။ ဟိုးအရင်ခေတ်အဆက်ဆက်က ရယူဖို့ခက်ခဲခဲ့တဲ့မြေပုံတွေက အရင်အစိုးရလက်ထက်ကစပြီးတော့ တော်တော်လေးကို လွယ်လွယ်ကူကူနဲ့ Data တွေဆိုရင်လည်း အသေးစိတ်ကအစ တဖြည်းဖြည်းချင်းရလာတော့ ကျွန်တော်တို့အနေနဲ့ ဘာကိုဆက်လုပ်ရမလဲဆိုတာ ရွေးချယ်လာရပါပြီ။ ကျွန်တော်က အဲဒီအပိုင်းတွေကိုတော့ အမြဲစဉ်းစားပြီး Trend တွေကိုကြည့်ပြီး ဘယ်အပိုင်းကို လုပ်မလဲဆိုပြီး ဆုံးဖြတ်ပေးရတာပါ။ ရုံးမှာတော့ Sale and Marketing ကိုတော့ Main အနေနဲ့ထားတယ်။ ဒါကို ကျွန်တော်ကိုယ်တိုင်ဦးစီးပြီး ကိုင်ပါတယ်။ Marketing Strategy ထဲမှာ အခုက Online ဘက်ကို တဖြည်းဖြည်းချင်းကူးလာတယ်။ Online Strategy ချပြီးလည်း လုပ်ကိုင်နေပါတယ်။

DPS ရဲ့ Strategy

--------

ဟိုးတုန်းကတည်းက ကျွန်တာ်တို့က Best Guide in Town ဆိုတဲ့ဆောင်ပုဒ်နဲ့လုပ်လာတာ တောက်လျှောက်ပါပဲ။ မြန်မာပြည်မှာတော့ မြေပုံနဲ့ပတ်သက်တဲ့ Data နဲ့ ပတ်သက်တာတွေကို ဦးဆောင်ပြီးလုပ်တဲ့ ကုမ္ပဏီဖြစ်ဖို့ ကြိုးစားနေတာပါ။

uayeminoo3

DPS ပေးနေတဲ့ ဝန်ဆောင်မှု

----------------

ကုမ္ပဏီတွေကို ကျွန်တော်တို့တွေက သူတို့ဖြန့်တဲ့ဆိုင်တွေ အားလုံးရဲ့ Location အလိုက် မြေပုံပေါ်မှာ Retail Outlet (ကုန်စုံဆိုင်လေးကနေစပြီးတော့ စူပါမားကတ်ကြီးတွေ အထိပါပါတယ်) Data တွေကို ကောက်ပေးတယ်။ (ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ပစ္စည်းဖြန့်ချိန်ဆို သူတို့လွှတ်ထားတဲ့ကားတစ်စီးက အဲဒီကို) တကယ်သွားလား မသွားလားဆိုတာ ကြည့်လို့ရတယ်။ Location တွေ ထည့်ထားတယ်။ နောက်တစ်ခုက ဆိုင်မြေပုံတွေပေါ့၊ အဲဒီမှာ တစ်ခါတည်း လိပ်စာ၊ ရောင်းတဲ့ပစ္စည်းအမျိုးစားတွေ ထည့်လို့ရတယ်။ ရောင်းအားတွေကိုလည်း ထည့်သွားလို့ရတယ်။ ဟိုတုန်းကတည်းက ကျွန်တော်တို့က The Best Town ဆိုတဲ့ဟာနဲ့ လုပ်လာတာ တောက်လျှောက်ပဲ။ အရောင်းအကောင်းဆုံးဆိုင်ဆိုရင် မြေပုံမှာ သီးသန့်ပေါ်လာမယ်။ ဒီမြေပုံကို ကွန်ပျုတာမှာ နောက်တစ် File ပွားယူလိုက်ပြီး အရင်လနဲ့ နောက်လရောင်းအားတွေကိုလည်း ပြန်နှိုင်းယှဉ်ကြည့်လို့ရတယ်။ ဒီ Location တစ်ခုမှာပဲ တစ်နှစ်လုံးစာကို ပြပါဆိုလည်းရတယ်။ ပြီးရင် ကျွန်တော်တို့ Client တွေကို သီးသန့်ဝန်ဆောင်မှုအနေနဲ့ သင်တန်းပေးတယ်။ Data ကောက်ပေးတယ်။

ကျွန်တော်တို့က အခုနောက်ပိုင်းမှာ GPS Tracking ဆိုတဲ့ဟာ အသုံးပြုလာတာရှိတယ်။ Tracking ကို ကားမှာတပ်လိုက်ပြီးရင် ကားပျောက်သွားတာတို့၊ ခိုးသွားတာတို့ဆို မြေပုံပေါ်မှာ ပေါ်နေပါမယ်။ အခုနောက်ပိုင်း အမေးများတာကတော့ အင်တာနက်ကနေ အိမ်ခန်းပြန်ရောင်းတဲ့ ကုမ္ပဏီတွေက တချို့အချက်အလက်တွေ လိုတာတွေရှိတယ်။ ဥပမာ- ရန်ကုန်တစ်မြို့လုံး ဝယ်လိုအားကို ကျွန်တော်တို့နဲ့ Survey ကောက်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က ကင်မရာတွေနဲ့ အဆောက်အအုံတွေ ဓာတ်ပုံလိုက်ရိုက်တယ်။ ဒီဟာနဲ့ သူတို့ဆင်းထားတဲ့ Data တွေကိုပေါင်းပြီးတော့ အဲဒီသတင်းအချက်အလက်တွေကို ကုမ္ပဏီတွေကို ပြန်ပေးတဲ့ ဝန်ဆောင်မှုပေးနေတယ်။ သူတို့က ဒါတွေယူပြီး သုံးနေတယ်။ နောက်ထပ် တစ်မြို့ပြီးတစ်မြို့လည်း တိုးပြီးတောင်းနေတယ်။ ဒါမျိုးတွေ ဝန်ဆောင်မှုတွေလည်း ပေးနေပါတယ်။

Data ကောက်ယူမူ

--------------------

အရင်တုန်းကအချိန်နဲ့ အခုချိန်ဆို လုပ်ငန်းသဘောအရ အများကြီးကွာသွားပြီ။ ဒါပေမဲ့ အခြေခံကိုတော့ ဆက်သုံးရပါတယ်။ အဲဒီမှာ Business Model လို့ခေါ်တဲ့ အပိုင်းတွေက အများကြီးပြောင်းလဲသွားပြီ။ ဟိုအရင်တုန်းက GIS မြေပုံကို တန်ဖိုးထားတဲ့သူ သိပ်မရှိသေးဘူး။ အဲဒီတော့ ကိုယ်တို့က ဒါတွေကိုပြုစုတယ်၊ အိန္ဒိယဂြိုဟ်တုပုံဝယ်တယ်။ အဲဒီတုန်းက ဂြိုဟ်တုပုံကြမ်းကြမ်းကြီးကို အခုလက်ရှိ Goggle မှာ မြင်ရတာထက် ငါးဆလောက်ကို ဝါးတာပေါ့၊ အဲဒီပုံက ရန်ကုန်မြို့ရဲ့လမ်းတွေကို ရေးရေးလေးပဲ မြင်ရတယ်၊ အဲဒီပုံမှာ လမ်းနာမည်တွေမပါဘူး၊ ဒါပေမဲ့ လမ်းအရာတော့ပါတယ်။ ဒီဂြိုဟ်တုပုံက GPS နဲ့ ကွက်တိကိုက်တယ်။ အဲဒီတော့ လမ်းနာမည်တွေကို လူတွေက ဆင်းမှတ်ရတယ်။ ဒါပေမဲ့ GPS ကနေ မှတ်လာပြီးတော့ ခုနကဂြိုဟ်တုပုံမှာ ပြန်မှတ်လိုက်တော့ အဲဒီလမ်းနာမည်နဲ့ ဂြိုဟ်တုပုံကွက်တိရတယ်။ အဲဒီကနေ ပြုစုပြီးတော့ စာအုပ်တွေ ထုတ်ခဲ့တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC က နောက်ကနေ ပံ့ပိုးမှုနဲ့ လုပ်ခဲ့တယ်။ အခုအချိန်ကျတော့ လမ်းတွေက ပြောင်းလဲတာတော့ နည်းတယ်၊ ပြောင်းလဲလာရင် အချိန်တိုတွင်းသိနိုင်ဖို့ နေ့တိုင်း Survey ဆင်းတယ်။ ဒီနေ့ထိ တစ်ခါမှမရပ်သေးဘူး၊ တောက်လျှောက်ဆင်းနေတာ။ အဲဒီလိုကောက်တဲ့နေရာမှာ ဆက်သွယ်ရေးဝန်ကြီးဌာနအောက်က စာတိုက်နဲ့ပူးပေါင်းပြီး Data ကောက်တယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး Data ကောက်တယ်။ နောက်ပြီး ကိုယ့်လူတွေမြို့သစ်တွေကို ကိုယ်တိုင်သွားပြီး ကင်မရာတွေနဲ့ရိုက်ပြီး Data ကောက်တယ်။ ပြီးတော့ မြေပုံပေါ်မှာ အိမ်လိပ်စာတစ်ခုချင်း ဖြည့်တာပေါ့။ တခြားပြည်နယ်တိုင်းတွေကျတော့ ဟိုးအရင်က အစိုးရထုတ်ခဲ့တဲ့ မြေပုံကြီးတွေရှိတယ်၊ အဲဒါတွေကို ပထမတော့ အခြေခံခဲ့တာပေါ့၊ နောက်ပိုင်းကျတော့ ဂြိုဟ်တုပုံတွေ ထပ်ထွက်လာတော့ ဒီဂြိုဟ်တုပုံတွေကို ထပ်ပြီး အခြေခံပြီး ပြုစုတယ်။ Update ဖြစ်ဖို့အတွက်လည်း နည်းမျိုးစုံနဲ့ ကောက်နေတာပေ့ါ၊ လူကိုယ်တိုင် အဲဒီနေရာတွေ သွားတယ်။ အရင်အစိုးရအစဉ်အဆက် လက်ထက်ကတည်းက ဒီပုံတွေကို သွားတောင်းထားတယ်။ တောင်းပြီးပြုစုလာတာပေါ့။ အဲဒီလိုကောက်တဲ့နေရာမှာ တစ်ခါတလေအိမ်တွေက လိပ်စာအမှန်မပြောတာတွေ ရှိတယ်။ အဲဒီအခါကျတော့ စာတိုက်ကယူမှာလား၊ မြို့နယ်အုပ်ချုပ်ရေးမှူးဆီက ယူရမှာလား၊ ကိုယ်တိုင်ဆင်းပြီး ကြည့်ရမှာလား  ဒါမျိုးတွေဆုံးဖြတ်ရပါတယ်။

အထူးခြားဆုံးကတော့ နာဂစ်ဖြစ်တော့ နိုင်ငံခြားကုမ္ပဏီတွေ၊ NGO တွေဝင်လာတော့ မြေပုံတွေ တအားလိုတယ်။ လိုတော့ ကျွန်တော်တို့ကုမ္ပဏီကိုလည်း လာတောင်းပြီး သုံးတယ်။ အဲဒီထဲမှာ MIMU (Myanmar Information Management Unit) ဆိုတဲ့ NGO တစ်ခုက ပါလာတယ်။ အဲဒီအဖွဲ့က ကျွန်တော်တို့ကိုခေါ်ပြီးတော့ ဒီမြေပုံတွေကို မြန်မာလိုနဲ့အင်္ဂလိပ်လို ဘာသာပြန်တာတွေကို အကူအညီတောင်းတော့ ကျွန်တော်တို့အဖွဲ့တွေက အဲဒီအလုပ်အတူတူသွားလုပ်ရတယ်။ အဲဒီချိန်မှာ ပြည်ထဲရေးက မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ကျေးရွာတွေကအစ ဘယ်အချိန်ကဘာတွေ သတ်မှတ်ပါတယ်ဆိုတဲ့ ပြန်တမ်းကြီးတွေထုတ်ထားတာရှိပါတယ်။ အဲဒီ ပြန်တမ်းထုတ်ထားတာတွေကို အကုန်စုပြီးတော့ အဲဒီ MIMU အဖွဲ့က ကွန်ပျူတာထဲမှာ GIS အဖြစ် အကုန်ရိုက်ထည့်တယ်။ အဲဒါနဲ့ အခုမြေပုံမှာပါတဲ့ Data တွေက MIMU ကနေယူထားတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း MIMU မဆင်းနိုင်တဲ့ ရပ်ကွက်တွေရဲ့ Data ဆို သူတို့ကိုပြန်ပေးတယ်။ Data Exchange လုပ်လိုက်တာမျိုးပါပဲ။

uayeminoo4

DPS ရဲ့ Challenge တွေ

--------

အခု Google ကြောင့်မို့ မြေပုံတွေနဲ့ပတ်သက်တာတွေကို တဖြည်းဖြည်းချင်း Specialize လုပ်တဲ့သူတွေ ပေါ်လာပါတယ်။ ဒါပေမဲ့ အခု Google မှာ ကိုယ့်အိမ်နားကဆိုင်ကို ရှာကြည့်လိုက် ဆိုင်ကြီးတွေတောင်မှ တစ်ခါတလေမပါဘူး။ ကျွန်တော်တို့ကတော့ တစ်ခုမှမလွတ်စေရဘူး၊ နောက်ပိုင်း ပြောင်းရင်ပြောင်းသွားတဲ့ Data ကိုပါ ဆက်ပြီးတော့ ထည့်ပေးနေဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့က တစ်နှစ်တစ်ခါ ဒီလမ်းတွေ Data ပြန်ကောက်တဲ့ ပုံစံနဲ့သွားတာ ဖြစ်သလို သူများထပ်ထူးခြားချက်ကလည်း ကျွန်တော်တို့မှာ ဓာတ်ပုံသက်သေ ရှိပါတယ်။

နောက်ပိုင်း Technology တွေက တအားမြန်တယ်။ များလည်းများလာတယ်၊ Data တွေ တကယ်များတဲ့ဟာတွေ ကောက်ထားပြီးတော့ အဲဒီ Big Data ကြီးကို လိုသလိုသုံးနိုင်ဖို့ကို ကြိုတင်ပြင်ဆင်ရတာ အင်မတန်ခက်တယ်။ လူတစ်ယောက်က ဒါလိုချင်တယ်ဆိုရင် ကျွန်တော်တို့က အားလုံးက အဲဒီဘက်ကို လှည့်ပြီးလုပ်နေတော့ တခြားဟာတွေ လွတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တခြားဘာရှိလဲဆိုတော့ Data ကတော့ ကောက်ပြီးသား ရှိနေတယ်။ ဒါပေမဲ့ အဲဒီ Data တွေကို မလွတ်အောင် စီစဉ်ရတာကတော့ တကယ့် Challenge ပါပဲ။

ဈေးကွက်အခြေအနေက

------------------

အခုနောက်ပိုင်း မြေပုံကို Specialize လုပ်တဲ့ ကုမ္ပဏီကြီးတွေက သူတို့မှာ ဘယ်နှနိုင်ငံရဲ့ မြေပုံတွေ ပြည့်စုံပါပြီဆိုတာတွေ လိုက်စုတယ်။ အဲဒီမှာ Google ကလည်း စုနေတာပဲ၊ Google ကတော့ သုံးတဲ့သူ အင်မတန်များတဲ့အတွက်ကြောင့် သုံးတဲ့လူတွေဆီကပဲ သူတို့ကို Update လုပ်ပေးပါဆိုပြီး ပြောတယ်၊ ပိုက်ဆံ ထပ်အကုန်မခံဘူး။ တခြားကုမ္ပဏီတွေကလည်း ဒီမြေပုံကိုပဲ ပြန်ဝယ်တဲ့ကုမ္ပဏီတွေရှိတယ်။ မြန်မာပြည်မှာ ရောက်ပြီးသား ကားကုမ္ပဏီတချို့က ကားတွေဟာ ဘယ်တစ်စီးမှ ဒီအချိန်ထိ ကားထဲမှာ မြေပုံထည့်ပေးလိုက်နိုင်တာ မရှိသေးဘူး။ အဲဒီကုမ္ပဏီတွေက ကျွန်တော်တို့ လာမေးပြီး ကားထဲထည့်နိုင်တယ်ဆိုရင် မြေပုံရဲ့ဈေးကွက်က သူ့ဈေးကွက်ဖြစ်သွားပြီပေါ့။ ကျွန်တော်တို့ ပုံမှန်ရောင်းတဲ့ဟာကတော့ ငါတို့မြေပုံကို ကွန်ပျူတာတစ်လုံးမှာပဲသုံးပါ။ ဒါဆိုဘယ်လောက်ဆိုပြီးတော့ ရောင်းတယ်။ ဒါပေမဲ့ အဲဒီလိုများလာတဲ့အခါကျတော့ အဲဒီလိုအများကြီးအတွက် ကျွန်တော်တို့က သူတို့ကိုအသုံးပြုခွင့် ပြန်ညှိနှိုင်းပါတယ်။ ဈေးကွက်က ကြီးပါတယ်။ ဥပမာပြောရရင် ဒီမြို့ကြီးတွေ အကုန်လုံးရဲ့ လမ်းတွေရဲ့ Data တွေဆိုရင်ပဲ ဒေါ်လာသိန်းနဲ့ ချီသွားပြီ။ အဲဒါမျိုးတွေ သူတို့တွေက အရောင်းအဝယ်တွေ ရှိတာပေါ့။ ပြီးတော့ ကျွန်တော်တို့ဈေးကွက်မှာ Google ကြောင့် တအားကြီးထိခိုက်တာတွေရှိတယ်။ ဘာထိခိုက်လဲဆိုတော့ လူတိုင်းက Free တွေရကုန်တော့ ကျွန်တော်တို့ မြေပုံတွေကို မသုံးဘဲ Google ကိုပဲ Print ထုတ်ပြီး သုံးကြတယ်။ ဒါပေမဲ့ တစ်ဖက်ကကောင်းတာကျတော့ ခုနကကျွန်တော်ပြောတဲ့ လုပ်ငန်းတွေက Google ပုံသုံးလို့မရဘူး။ Copy-right ရှိတယ်။ အဲဒီတော့ Data အတိအကျလိုချင်တဲ့သူတွေ ကျရင်တော့ ကျွန်တော်တို့မြေပုံကို သုံးရမှာပါပဲ။

အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတာက

--------------------

ကျွန်တော်တို့ကတော့ ရှေ့လျှောက် Location Intelligence ဆိုတာလုပ်ပါမယ်။ Location တစ်ခုချင်းမှာ ရှိသင့်ရှိထိုက်တဲ့ Data စုံအောင် လုပ်ထားတယ်။ တစ်ချိန်ကြရင် ကားတစ်စီးက ဒီလမ်းတစ်လမ်းကို မောင်းမယ်ဆိုရင် လမ်းက ဘယ်လောက်ကျယ်ရှိလဲပြီးရင်၊ ဆိုင်းဘုတ်ကြည့်မယ်၊ ဘယ်ကွေ့ရမှာလား၊ ညာကွေ့ရမှာလား ယာဉ်မောင်းသူမပါတဲ့ ကားတွေလာခဲ့ရင် ဒီ Data တွေက အထောက်အကူဖြစ်မယ်လို့ မှန်းထားတယ်။ အဲဒါမျိုးတွေအတွက် ရည်ရွယ်ပြီးတော့ Data ကောက်မယ်။

အနာဂတ်အတွက်ကတော့ Trend တွေကို အမြဲမပြတ် လေ့လာနေရပါတယ်။ အခုဘာတွေကို တွေ့လာရလဲဆိုတော့ မကြာခင်မှာ E-goverment ဆိုပြီး လုပ်တော့မှာဆိုတော့ မြေကြီးပေါ်က Data တွေ မှန်ကန်ဖို့ အဓိကလိုအပ်လာပြီ။ သူတို့ဆီကိုလာပြီး လုပ်တဲ့ကုမ္ပဏီတွေကို E-government Solution တွေပေးချင်တယ်။ ဒါပေမဲ့ သူတို့မှာ Data မရှိဘူး။ တကယ်လူတစ်ယောက်ချင်းစီရဲ့ မှတ်ပုံတင် Data တစ်စုတစ်စည်းတည်း ရှိရင်တောင်မှ အားလုံးကို ပူးပေါင်းပြီးတော့ အလုပ်မလုပ်နိုင်ဘူးဖြစ်နေတာ။ ဒါကို ကျွန်တော်တို့ကလည်း လိုအပ်ချက်တစ်ခုအနေနဲ့ မြင်နေတော့ အဲဒီလမ်းကြောင်းကိုသွားနေတယ်။ ဒီ Ground Data တွေကို ရသလောက်စုမယ်။ ပြီးရင် Planning တွေမှာ သုံးဖို့ရည်ရွယ်ထားတာပေါ့။

ကျွန်တော်တို့က ဘယ်လောက် Level ကို ဦးတည်ပြီး လုပ်နေလဲဆိုရင် လိပ်စာတွေအကုန်လုံးကို ကျွန်တော်တို့ကောက်မယ်။ အဲဒီတော့ စာတိုက်ကနေမှ စာပို့ရင်ရောက်မယ်၊ လိပ်စာမှန်သမျှ ကျွန်တော်တို့ဆီမှာ ရနေပြီ။ ကွန်ပျူတာမှာ စာတိုက်ကပို့ရမယ့် လိပ်စာလေးတစ်ခုကို ရိုက်ထည့်လိုက်တာနဲ့ မြေပုံပေါ်မှာ ပြနိုင်တယ်။ အဲဒါကိုတော့ လက်ရှိ Google လည်း မလုပ်နိုင်ဘူး၊ MIMU လည်းမလုပ်နိုင်ဘူး။ အဲဒါကို ကျွန်တော်တို့ဆီမှာ ရအောင်လုပ်နေပါတယ်။

စိုးစည်သူ