နောက်ခံပညာရေးနဲ့လုပ်ငန်းအတွေ့အကြုံများ . . .
ကျွန်တော်က အင်္ဂလန်နိုင်ငံ၊ Imperial College ကနေ အင်ဂျင်နီယာဘွဲ့ရခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်မှာ လန်ဒန်မှာဖွင့်ထားတဲ့ Kleinwort Benson ရဲ့ Corporate Finance Department မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Mergers and Acquisitions ပိုင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံမှာ Seamico Securities Plc ကို ထူထောင်ခဲ့ပြီး အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ Seamico Securities Plc က Corporate Finance ၊ Fund Management နဲ့ Stock Broking ဆိုင်ရာ ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီကို ၁၉၉၅ ခုနှစ်မှာ အများပိုင်ကုမ္ပဏီအဖြစ် The Stock Exchange of Thailand မှာ တင်ခဲ့ပါတယ်။ Seamico က ထိုင်းနိုင်ငံမှာသာမကဘဲ ဟောင်ကောင်၊ လန်ဒန်နဲ့ မွန်ဘိုင်းမြို့တို့မှာပါ Acquistion နဲ့ Securities Firm တွေ လုပ်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ Thai Strategic Capatical ဆိုတဲ့ ဘန်ကောက်အခြေစိုက် Private Equity Fund Manager ကို ထူထောင်ခဲ့ပြီး B-Quick ၊ Modern Asia Environmental Holdings နဲ့ Wuttisak Clinic တို့မှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ပြီးတဲ့အခါ Thai Strategic Capital ကို Prudential Plc နဲ့ Private Equity Joint Venture အဖြစ် ထူထောင်ခဲ့ကာ HSBC Private Equity (Asia) နဲ့ CVCI တို့မှာတော့ ပူးတွဲပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ကျွန်တော် ကျင်လည်ခဲ့တဲ့ Industry တွေကတော့ ဘဏ္ဍာရေး၊ စည်သွတ်တူနာငါး၊ Waste Management ၊ ဟိုတယ်၊ ကားပြုပြင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ ရုပ်ရှင်ရုံ စတဲ့ Industry တွေမှာ Director ၊ Audit Committee Member အဖြစ် ထမ်းဆောင်ခဲ့တဲ့အတွက် အတွေ့အကြုံတွေ ရခဲ့ပါတယ်။ GHP Arbitrium (Far East) ၊ Draco PCB Plc နဲ့ Nam Seng Insurance Plc တို့ရဲ့ ဘုတ်အဖွဲ့မှာ Lakeshore Capatical Partner ရဲ့ Investment Committee မှာ အဖွဲ့ဝင်ဖြစ်သလို ၁၉၈၉ ခုနှစ်မှာ ကျွန်တော်တွဲဖက်တည်ထောင်ခဲ့တဲ့ Thai Private Equity & Vendure Capital Assocation မှာလည်း ဒါရိုက်တာအဖြစ် တာဝန်ယူထားပါတယ်။
Myanmar Investments အကြောင်းလည်း ပြောပြပေးပါ . . .
Myanmar Investments International Limited (MIL) ကို ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ London Stock Exchange ရဲ့ (Alternative Investment Market) မှာ ကုန်သွယ်မှုပြုလုပ်ဖို့ စတင်ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ အမေရိကန်ဒေါ်လာသန်းသုံးဆယ်အထိ မြှင့်တင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအမျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ပါတယ်။ ဥပမာဆိုရရင် Hard Infrastructure တွေဖြစ်တဲ့ တယ်လီကွန်း၊ လျှပ်စစ်၊ ရေနဲ့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း Soft Infrasture တွေဖြစ်တဲ့ ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ Logistic လုပ်ငန်းပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။
Investment လုပ်ရာမှာ ဘယ်လို Policy တွေ ထားရှိပါသလဲ . . .
Investment Policy အနေနဲ့ကတော့ Myanmar Investments ဟာ British Virgin Islands မှာ တရားဝင်ဖွဲ့စည်းထားတဲ့ အများပိုင်ကုမ္ပဏီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ အကျိုးရလဒ်တွေကို ရှာဖွေဖော်ထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေ အားလုံးကလည်း မြန်မာနိုင်ငံဟာ ရေရှည်မှာ အကျိုးအမြတ်တွေရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလားအလာကောင်းတွေရှိတယ်လို့ ယုံကြည်ကြပါတယ်။ Myanmar Investments ရဲ့ လုပ်ငန်းတွေ အဓိကဆောင်ရွက်သွားမယ့်နိုင်ငံကိုက မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်ဘဲ အမေရိကန်ဒေါ်လာဈေးတက်တာကြောင့် ပြည်တွင်းလုပ်ငန်းတွေမှာ ထိခိုက်တာတွေရှိပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကို ဘယ်လိုအကြံပြုချင်ပါသလဲ . . .
နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စက ကိုယ်တွယ်ရခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်တော်အထင်ကတော့ တစ်ခါတလေမှာ ကျပ်ငွေကခိုင်မာနေပြီးတော့ တစ်ခါတလေမှတော့ အမေရိကန်ဒေါ်လာငွေက ခိုင်မာနေတတ်ပါတယ်။ ဒါကြောင့် ငွေလဲလှယ်နှုန်းက မဖြစ်မနေကိုင်တွယ်ဖြေရှင်းဖို့ မလိုပါဘူး။ တကယ်လို့ ဒေသတွင်းက ငွေကြေးတွေကို ကြည့်မယ်ဆိုရင်လည်း ထိုင်းဘတ်ငွေ၊ မလေးရှားရင်းဂစ် ငွေတွေအားလုံး တန်ဖိုးကျနေပါတယ်။ ဒါပေမဲ့ မြန်မာကျပ်ငွေလောက်တော့ မဟုတ်ဘူး။ ကျွန်တော့်အထင် ဒီငွေတွေက ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် တန်ဖိုးကျပြီးတော့ မြန်မာကျပ်ငွေကတော့ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက် တန်ဖိုးကျနေပါတယ်။
အရေးတကြီးစဉ်းစားရမယ့် ပထမအချက်ကတော့ Export အပိုင်းမှာဆိုရင် မြန်မာနိုင်ငံက လက်ရှိမှာ ဘာကုန်ပစ္စည်းတွေကို Export လုပ်နေသလဲ။ ကျွန်တော် ခန့်မှန်းလို့ရသလောက်ကတော့ မြန်မာနိုင်ငံရဲ့ Export ကုန်ပစ္စည်းတစ်ဝက်လောက်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဖြစ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံကို တင်ပို့ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ဈေးနှုန်းသိသိသာသာကျဆင်းတာကြောင့်လည်း နိုင်ငံက ဝင်ငွေရရှိမှု ကျဆင်းနေပါတယ်။ ဒါကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းတယ်။ သဘာဝဓာတ်ငွေ့ကတော့ ဈေးနှုန်းပြန်တက်တဲ့တိုင်အောင် ကျွန်တော့်အထင်ကတော့ ကျပ်ငွေက အားနည်းနေဦးမှာပဲ။ အဲဒီတော့ Export များများလုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ Export များများ လုပ်နိုင်မှပဲ ငွေကြေးကခိုင်မာလာမှာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ မြန်မာနိုင်ငံက ဘယ်နိုင်ငံတွေနဲ့ ကုန်သွယ်မှုပြုလုပ်နေသလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ ဖြစ်ပြီးတော့ ဒီနိုင်ငံတွေအားလုံးရဲ့ ငွေကြေးတန်ဖိုးကလည်း ကျဆင်းနေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို ဘတ်ငွေနဲ့ Export လုပ်မယ်ဆိုရင် ဘာသက်ရောက်မှုမှမရှိပါဘူး။ ဒါကြောင့် ဒေသတွင်းကုန်သွယ်မှုအပေါ်မူတည်ပြီး ရေတိုမှာဆိုရင် မြန်မာနိုင်ငံက Export အများကြီးလုပ်နိုင်မှာ မဟုတ်ပါဘူး။ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ပြီးတော့ ပဲတို့ပဲ Export လုပ်နိုင်မယ်။
Export များများလုပ်ပြီး Import နည်းမယ်ဆိုရင် ကိုယ့်ငွေကြေးက ခိုင်မာလာမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကုန်ပစ္စည်းများများကို နေရာဒေသ ကျယ်ကျယ်ပြန့်ပြန့်ထိ Export လုပ်နိုင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ တခြားအိမ်နီးချင်း အာရှနိုင်ငံတွေထက် အရည်အသွေးပိုကောင်းပြီး ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းရှိမလား။ စည်သွတ်အစားအသောက်တွေက ထိုင်းနိုင်ငံထက် ပိုပြီးဈေးသက်သာနိုင်မလား၊ ထိုင်းနိုင်ငံထက်ပိုကောင်းတဲ့ အစားအသောက်တွေ ထုတ်နိုင်မလားဆိုတာ စဉ်းစားကြည့်နိုင်တယ်။ စုစုပေါင်း Export လုပ်တဲ့ရာခိုင်နှုန်းက တော်တော့်ကိုနည်းပါတယ်။ ဒါကြောင့် ရေရှည်မှာ အစိုးရက Export ကို တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့လိုပါတယ်။ ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာတော့ တိတိကျကျ မပြောနိုင်ပါဘူး။ ပထမတစ်ချက်ကတော့ Export အလုပ်တဲ့ ကုမ္ပဏီတွေကို Tax Incentives ပေးတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာဘဏ်တစ်ခု ဖွဲ့စည်းဆောင်ရွက်ပြီး Export များများလုပ်နိုင်အောင် ရည်ရွယ်ပြီး ငွေထုတ်ချေးပေးတာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ Import ပိုင်းနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းထုတ်ကုန်ပစ္စည်း သိပ်မရှိဘူး။ Import ပစ္စည်းတွေကို အစားထိုးသုံးနိုင်မယ့် ကုန်ပစ္စည်းတွေလည်းမရှိဘူးလို့ ဆိုရမယ်။ အဲဒီတော့ Import ကတော့ ဆက်လုပ်နေရဦးမှာပဲ။
အခုဆိုရင် နိုင်ငံက ဒီမိုကရေစီစနစ်နဲ့ ပွင့်လန်း သွားပြီ။ လူတွေက မျှော်လင့်ချက်တွေ မြင့်မားလာတယ်။ ဝယ်လိုအားတွေ မြင့်တက်လာတယ်။ လူသုံးကုန်ပစ္စည်းတွေ ပိုလိုအပ်လာပြီး ဝယ်လာမယ်။ ဒါကို တားဆီးလို့မရဘူး။ အာဆီယံစီးပွားရေး အသိုက်အဝန်းဖွင့်လိုက်တဲ့အခါမှာလည်း ကျွန်တော်တို့တွေ ကုန်ပစ္စည်းတွေကို ပိုပြီးတော့ တင်သွင်းမယ်။ ဒါက ဝယ်ယူသူအပိုင်းကပါ။
ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့အပိုင်းမှာဆိုရင်လည်း တကယ်လို့ ကိုယ်တင်ပို့မယ့် ကုန်ပစ္စည်းအရည်အသွေးကို မြှင့်မယ်ဆိုရင် ဘာလုပ်မလဲ။ သင့်စက်ရုံကို အဆင့်မြှင့်ရမယ်။ Capital Equipment တွေ ဝယ်ရမယ်။ ဒါကြောင့် ဒီနေ့ မြန်မာနိုင်ငံဟာ တိုးတက်နေပေမယ့် ခက်ခဲတဲ့ အန္တရာယ်တွေလည်း ရှိနေတယ်။ အကူးအပြောင်းကာလဖြစ်နေတယ်။ Import များများလုပ်ရမယ့် အနေအထားမှာလည်း ရှိနေတယ်။ အာဆီယံ အသိုက်အဝန်းကြောင့်လည်း လွယ်ကူလွတ်လပ်စွာ တင်ပို့နိုင်တဲ့ အနေအထား ဖြစ်နေတယ်။ တစ်ကိုယ်ရေသုံး ကုန်ပစ္စည်းတွေက အစားထိုးနိုင်ရင်တောင် Capital Goods တွေကတော့ မဖြစ်မနေ လိုအပ်နေပါတယ်။ ဒီအကူးအပြောင်းကာလက ငါးနှစ်ကနေ ဆယ်နှစ်အတွင်းတော့ ကြာမှာဖြစ်ပါတယ်။
Public Works ကတော့ ကောင်းပါတယ်။ တချို့အရေးကြီးတဲ့ အပိုင်းလေးတွေတော့ရှိပါတယ်။ ကျွန်တော် ဒါကိုတော့ မဖြေနိုင်သေးပါဘူး။ အခုချိန်မှာ ကျွန်တော်တို့မှာလုံလောက်တဲ့ ဘိလပ်မြေ၊ စတီး၊ Capacity Works တို့ ရှိပါသလား။ တကယ်လို့ မရှိဘူးဆိုရင် ကျွန်တော်တို့တည်ဆောက်ရမှာပဲ။ Public Works က အလုပ်အကိုင်အခွင့်အလမ်းတွေ ၊ Efficiency တွေ ဖန်တီးပေးတယ်။ အရှေ့မှာ ပြောခဲ့သလို Infrastructure တွေ လိုအပ်နေတယ်။ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ လျှပ်စစ်မီးဆိုတာတွေထက်ပိုတဲ့ Infrastructure တွေ လိုအပ်နေတာပါ။ ဒါတွေ အကုန်လုံးက Public Works နဲ့ သက်ဆိုင်နေပြီး ကောင်းကောင်းရှိတာနဲ့အမျှ Infrastructure တွေရဲ့ အရည်အသွေးကလည်းကောင်းမှာဖြစ်ပါတယ်။ ပိုကောင်းတဲ့ လမ်းတွေရှိတဲ့အခါ ပိုကောင်းတဲ့ Logistics ရှိလာမယ်။
ပုံမှန်အတိုင်းဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ ဝင်ငွေဟာ ဝင်ငွေခွန်နဲ့ တင်သွင်းကုန်မှာ အခွန်ရလား၊ အခွန်ကောက်ခံနိုင်သလား ဆိုတဲ့ အပေါ်မှာလည်း မှီတည်နေပါတယ်။ တကယ်လို့ အခွန်တိုးမြှင့်မယ်ဆိုရင်လည်း သေချာကောက်ခံနိုင်ဖို့တော့ လိုပါတယ်။
မြန်မာနိုင်ငံက ချမ်းသာပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်မှာ Reserve လုပ်ထားတဲ့ငွေက သိပ်အများကြီး လုံလုံလောက်လောက် မရှိပါဘူး။ ကျွန်တော်ထင်တာတော့ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံလောက်ပဲရှိမယ်။ Reserve ထပ်လုပ်ဖို့ လိုပါတယ်။ နောက်ပြီး နိုင်ငံဟာ အကူအညီတွေလည်း လိုအပ်နေပါတယ်။ လက်ရှိမှာ အမေရိကန်ဒေါ်လာ သန်းရာဂဏန်းလောက်ထိ အကူအညီတွေ ရပါတယ်။ ဒါပေမဲ့ နိုင်ငံဟာ အဆင့်မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံလောက် လိုအပ်နေတာဖြစ်ပါ တယ်။ လျှပ်စစ်တစ်ခုတည်းအတွက်ကို နောက်ဆယ်နှစ်ကနေ ၁၅ နှစ်မှာ အသုံးပြုနိုင်ဖို့ တစ်နှစ်အတွင်းမှာ ဒေါ်လာနှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရတာကလည်း Emerging Market အတွက် မကောင်းပါဘူး။ သူက အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေကို Overseas မှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးမှာမဟုတ်ပါဘူး။ Trump Effect ကြောင့် ၂၀၁၇ အာရှနိုင်ငံတွေရဲ့ စီးပွားရေးအခြေအနေက ခက်ခဲမယ်လို့ ကျွန်တော်မြင်ပါတယ်။
အယ်ဒီတာအဖွဲ့