U Zau Seng @ Sladin Laphai
Director, Business Development
Myanmar Seilone Co Ltd
မြန်မာစည်းလုံးကုမ္ပဏီလီမိတက်ရဲ့ Director တစ်ဦးအဖြစ် တာဝန်ယူထားပြီး Property Development ပိုင်းနဲ့ Hotel & Restaurant ပိုင်းကို အဓိကဦးစားပေးဆောင်ရွက်နေတဲ့ ဦးဇော်ဆန်းကို အင်တာဗျူးမေးမြန်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ Hotel & Restaurant ပိုင်းမှာ နေပြည်တော်က Emerald Palace Hotel & Emerald Restaurant နဲ့ရန်ကုန်က Residence@26 & Cafe@26 တို့ပါဝင်ပြီး လက်ရှိမှာ ဦးဇော်ဆန်းက ဒီလုပ်ငန်းနှစ်ခုကို စီမံခန့်ခွဲနေတာကြောင့် ဟိုတယ်၊ စားသောက်ဆိုင်နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်မှုပိုင်း၊ စီမံခန့်ခွဲမှုပိုင်း၊ ကိုယ်တိုင်လေ့လာသင်ယူမှုပိုင်းတို့ကို ဇောင်းပေးပြီး မေးမြန်းဖြစ်ခဲ့တာကို တင်ဆက်လိုက်ပါတယ်။
ပညာအရည်အချင်းနဲ့လုပ်ငန်းအတွေ့အကြုံ . . .
အထက်တန်းကျောင်းသားအရွယ်ကတည်းက အမေရိကန်နိုင်ငံကို စရောက်ခဲ့ပါတယ်။ ကျောင်းတက်တာနဲ့ အလုပ်လုပ်တာပေါင်းရင် ကျွန်တော် ဆယ်နှစ်ကျော်လောက် ကြာခဲ့ပါတယ်။ နိုင်ငံခြားမှာပဲ အိမ်ထောင်ကျပြီးတော့ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံက Business ကို အထူးပြုတဲ့ Menlo College မှာ Business Management တက်ရင်းနဲ့ Information Technology ကိုပါ စိတ်ဝင်စားလို့ Web Development ကိုတွဲပြီးတော့ ယူခဲ့ပါတယ်။ ကျွန်တော် ကျောင်းပြီးသွားတဲ့အချိန်မှာ Web Development ၊ Application Development တွေနဲ့ဆိုင်တဲ့ Programming ပိုင်းနဲ့ စပြီး အလုပ်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ Main Business Major နဲ့ ပတ်သက်တဲ့ Marketing Development မှာလုပ်ရင်း ကျွန်တော့်ကို သဘောကျတဲ့အတွက် ကျွန်တော် Marketing ဘက်ပိုင်းကို ပြောင်းခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ Technology ကျွမ်းကျင်မှုကြောင့် Marketing ကနေ Internet Marketing ၊ E Marketing(Electronic Marketing) ဘက်ကို ရောက်လာပါတယ်။ အများအားဖြင့် ကျွန်တော့်ရဲ့ Background ကတော့ E Marketing မှာဆိုရင် Industry အမျိုးမျိုးမှာ လုပ်ခဲ့ဖူးပါတယ်။ Publishing ၊ Retail နဲ့ Media Industry တွေမှာ လုပ်ခဲ့ဖူးပါတယ်။
E Marketing လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံအကြောင်းကို အခြေခံပြီး လက်ရှိ E Marketing Trend ကို သုံးသပ်ပြပါ . . .
E Marketing က ကျွန်တော်စလုပ်တဲ့အချိန်မှာ အစပဲရှိပါသေးတယ်။ အခုဆိုရင်တော့ Technology မြင့်တက်လာတာနဲ့အမျှ E Marketing Industry မှာလည်း တော်တော်လေးပြောင်းလဲလာတာတွေ့ရပါတယ်။
ကျွန်တော် Online Marketing ကို စလုပ်တဲ့အချိန်မှာ Electronic Email ကနေစခဲ့တယ်။ ပြီးတော့ Website Development ပိုင်းမှာ Technology က ပိုမြင့်လာပြီး Web Marketing ကို ပြောင်းသွားတယ်။ Web Marketing ကနေပြီးတော့ Search Engine တွေ၊ Google တွေ ပေါ်လာတဲ့အချိန်မှာ Search Engine Optimization(SEO) ဆိုပြီး အများကြီးထပ်တိုးလာတယ်။ အခုနောက်ပိုင်း Facebook တွေ ပေါ်လာတဲ့အခါကျတော့ Social Media Marketing ဖြစ်လာတယ်။ အခု Mobile Phone တွေက ပိုပြီးကောင်းလာတဲ့အခါ နောက်ဆုံးတွေ့နေရတာက Mobile Marketing ဖြစ်ပါတယ်။ Desktop ကွန်ပျူတာနဲ့အပြိုင် အခုခေတ် Smart Phone တွေက Function အမျိုးမျိုးလုပ်ပေးလာနိုင်တဲ့အတွက် Mobile Marketing ဘက်ကို ပိုပြီးအားသန်လာတာကို တွေ့ရပါတယ်။ Application တွေကိုလည်း ပိုပြီးတော့ကောင်းအောင် လုပ်လာနိုင်တယ်။
မြန်မာနိုင်ငံကို ပြန်လာဖြစ်ခဲ့တဲ့အကြောင်းနဲ့အတူ ဒီမှာအလုပ်လုပ်ဖို့အတွက် ဘာတွေပြင်ဆင်ခဲ့ရသလဲ . . .
ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်၊ ယောက်ဖလည်းဖြစ်တဲ့ ဦးဇော်မာန်ကလည်း နိုင်ငံခြားမှာ ပညာသင်ပြီးတော့ မြန်မာနိုင်ငံမှာ အလုပ်ပြန်လာလုပ်တယ်။ ကျွန်တော့်မိသားစုကလည်း ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့ ကိုယ့်တိုင်းပြည်မှာ ပြန်လာလုပ်ဖို့ အားပေးတယ်။ မြန်မာနိုင်ငံကလည်း ပွင့်လင်းလာပြီဆိုတော့ Opportunity တွေရှိတဲ့အတွက် ကျွန်တော်အဘက်ဘက်ကနေ စဉ်းစားပြီးတော့ ပြန်လာဖြစ်တာပါ။ ဘာတွေပြင်ဆင်ဖြစ်သလဲဆိုရင်တော့ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံ၊ လုံလောက်တဲ့ ပညာအရည်အချင်းရှိတယ်ဆိုပေမယ့် နေရာအသစ်မှာ သင်ယူချင်တဲ့စိတ်ရှိရမယ်။ မာနရှိနေလို့ မရဘူး။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးတော့ ဒီမှာရှိတဲ့သူတွေကို ဘယ်လိုကူညီနိုင်မလဲ၊ ကိုယ့်အနေနဲ့ရော သူတို့ဆီက ဘယ်လိုပညာအသစ်တွေကို သင်ယူနိုင်မလဲဆိုတာကို ကြည့်ပါတယ်။
အခုလက်ရှိတာဝန်ယူထားတဲ့ လုပ်ငန်းတွေအကြောင်း . . .
မြန်မာစည်းလုံးကုမ္ပဏီမှာ လက်ရှိတာဝန်ယူနေတဲ့ Business Sector နှစ်ခု ရှိပါတယ်။ တစ်ခုက Property Development ဖြစ်ပြီးတော့ နောက်တစ်ခုက Hotel & Restaurant ဖြစ်ပါတယ်။ အထူးဦးစားပေး လုပ်ဆောင်နေတာကတော့ Business Sector အသစ်ဖြစ်တဲ့ Hotel & Restaurant ပါ။ နေပြည်တော်မှာက Emerald Palace Hotel & Emerald Restaurant ဖြစ်ပြီး ရန်ကုန်မှာက Residence@26 & Cafe@26 တို့ ဖြစ်ပါတယ်။ Hotel & Restaurant Business ကိုတော့ ထိုင်းနိုင်ငံအခြေစိုက် The Unique Collection of Hotels & Resorts Management Company နဲ့အကျိုးတူတွဲဖက်လုပ်ဆောင်နေပါတယ်။
ဒီမှာကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့အတူ လက်ရှိလုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို စီမံခန့်ခွဲမှုအပိုင်းကို ပြောပြပေးပါ . . .
ကျွန်တော်ရောက်စက အခြေခံ၊ အောက်ခြေကအစ ကိုယ်တိုင်လိုက်စဉ်းစားရတယ်၊ လိုက်လုပ်ရတယ်။ အဲဒါလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ ပြီးတော့ ဒီမှာရှိတဲ့ လူငယ်ဝန်ထမ်းတွေက သင်ယူချင်စိတ်ရှိပေမယ့် Skill ပိုင်း အားနည်းကြတာကို တွေ့ရတယ်။ ကျွန်တော့်အနေနဲ့ သင်ယူချင်စိတ်ရှိတဲ့လူငယ်တွေကို သင်ယူနိုင်တဲ့ အခွင့်အရေးပေးချင်တယ်။ စိန်ခေါ်မှုတစ်ခုကတော့ သူတို့ကို သင်ပေးတဲ့အခါ သူတို့မှာအခြေခံ Background အားနည်းတော့ နည်းနည်းအခက်အခဲရှိတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို အားပေးတယ်။ ကျွန်တော်က အခွင့်အရေးပေးနိုင်တယ်။ သူတို့ဘက်ကနေ အရည်အချင်းမီအောင် ကြိုးစားအားထုတ်ရလိမ့်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ အဲဒီမှာ သူတို့ဘက်က အတတ်နိုင်ဆုံး လိုက်လုပ်တာကို ကျွန်တော်တို့က ရေရှည်အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပြီးစလုပ်နေပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ Skill တွေ တိုးတက်လာပြီး အတွေးအခေါ်တွေလည်း ပိုပြီးမြင့်တက်လာတယ်။ နိုင်ငံခြားနဲ့ကွာတာက နိုင်ငံခြားမှာဆိုရင် အကုန်လုံးက အတည်တကျ ဖြစ်နေပြီ။ ဒီမှာကတော့ နေ့တိုင်းနေ့တိုင်း သင်ယူနေရပြီး လုပ်ရတာတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။
ဝန်ထမ်းရွေးချယ်မှုအပိုင်းကိုလည်း ပြောပြပေးပါ . . .
ပထမအချက်က ကျွန်တော်တို့ရဲ့ Organization Culture နဲ့ ကိုက်ညီတဲ့သူတွေကို ရွေးချယ်တယ်။ ကျွမ်းကျင်ပြီးသားသူတွေကိုပဲ ခေါ်တာမဟုတ်ဘူး။ အရည်အချင်းရှိပြီး သင်ယူနိုင်တဲ့သူတွေကို ဦးစားပေးရွေးတယ်။ ပြည်ပက ကျွမ်းကျင်တဲ့ပညာရှင်တွေကို ရွေးချယ်တဲ့အခါမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေနေထိုင်နိုင်တဲ့သူတွေကိုသာ ရွေးချယ်ခန့်အပ်ပါတယ်။ ဒုတိယအချက်က ကြိုးစားချင်စိတ်ရှိတဲ့သူတွေ၊ တိုးတက်ချင်စိတ်ရှိတဲ့သူတွေ၊ လစာကိုပဲမကြည့်ဘဲ ကိုယ့်တိုးတက်မှုရှေ့ရေးကို ကြည့်တဲ့သူတွေကို ရွေးချယ်ပါတယ်။ ဝန်ထမ်းခန့်တဲ့အချိန်က အရေးကြီးသလို Training ပေးတဲ့အချိန်ကလည်း အရေးကြီးပါတယ်။ Training ပေးတဲ့အခါ သူတို့တကယ်တတ်လာသလား၊ တကယ်ထိရောက်မှုရှိလား၊ သူတို့လက်ခံယူမှု ရှိလားဆိုတာကလည်း အရေးကြီးပါတယ်။
ကျွန်တော် နေပြည်တော်ဟိုတယ်စလုပ်တော့ အင်တာဗျူးလုပ်တဲ့အချိန်မှာ အလုပ်လာလျှောက်တဲ့ လူငယ်တွေက Hotel & Tourism အကြောင်းကို ဘာမှနားမလည်ဘူး။ ဘယ်နေရာမှာလုပ်ချင်သလဲလို့ မေးရင်တောင် ပေးတဲ့နေရာမှာလုပ်ပါမယ်ဆိုတဲ့သူတွေ အများကြီးပဲ။ အဲဒီထဲကရွေးချယ်ပြီးတော့ သူတို့ကို Training ပေးတဲ့အချိန်မှာ ဘယ်နေရာမှာ အားသာလဲဆိုတာ မန်နေဂျာကနေ ကြည့်ပြီးတော့ ပြန်ရွေးချယ်ရပါတယ်။ သူတို့ကို လမ်းကြောင်းပေးတယ်။ သေချာဂရုစိုက်ပြီးတော့ သူတို့အောင်မြင်အောင် ပြန်ပြီးထောက်ပံ့ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော့်ဆီက ဝန်ထမ်းတွေ တခြားဟိုတယ်တွေကို ပြောင်းသွားတာတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင်လည်း ကျွန်တော်တို့ဘက်က သူတို့တိုးတက်အောင် လုပ်လိုက်နိုင်တယ်လို့ ယူဆတယ်။ ကျွန်တော်တို့ဘက်က သူတို့ကို အခွင့်အရေးပေးခဲ့သလို သူတို့ဘက်ကလည်း ကြိုးစားပြီး ကျွန်တော်တို့ဆီမှာ လုပ်ခဲ့တယ်။ သူတို့က တခြားလူတွေကို ဟိုတယ်နဲ့ပတ်သက်ပြီး အခြေခံကောင်းကောင်းလိုချင်ရင် Emerald Palace မှာ တိုးတက်မှုရှိတယ်။ Training လည်း ကောင်းတယ်ဆိုပြီး အကြံပြုထောက်ခံမှုပေးတာတွေရှိတယ်။ ဆိုလိုတာက ကျွန်တော်တို့ဆီမှာ အတင်းဆွဲထားမယ်ဆိုတာ မရှိဘူး။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကလည်း ဒီမှာရှိတဲ့သူတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။
လက်ရှိဝန်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ . . .
နေပြည်တော်မှာ ဝန်ထမ်းအယောက် ၆၀ လောက်ရှိပြီး ရန်ကုန်မှာက ၃၀ လောက်ရှိပါတယ်။ ဝန်ထမ်းအင်အားက တခြားဟိုတယ်တွေနဲ့ယှဉ်ရင် ကျွန်တော်တို့ဆီမှာ နည်းလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရေအတွက်ထက် အရည်အသွေးကို ပိုပြီးအာရုံစိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ Training ကောင်းကောင်းပေးတယ်။ ဥပမာ - F&B Team အကူအညီလိုတယ်ဆိုရင် Front Office ကရော တခြားဌာနတွေကပါ Training ယူထားတဲ့အတွက် အဘက်ဘက်ကနေ ကူညီနိုင်တဲ့ အရည်အချင်းတွေရှိတယ်။ နောက်ပိုင်းလုပ်ငန်းတိုးချဲ့လာတဲ့အချိန်မှာ ဒီထက်ပိုပြီး Training တွေပေးသွားပြီး ဝန်ထမ်းတွေလည်း ထပ်ဖြည့်သွားဖို့ အစီအစဉ် ရှိပါတယ်။
အခုလက်ရှိ Property Development Business မှာလည်း အရည်အချင်းရှိတဲ့ လူငယ်အင်ဂျင်နီယာတွေကို ကျွန်တော်တို့နဲ့ လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် Construction ကြီးတွေဆီကို ပညာသင်စေလွှတ်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။
ဝန်ထမ်းတွေအတွက် Training ပိုင်းကို ဘယ်လိုစီစဉ်ပေးထားပါသလဲ . . .
Training ပေးဖို့ အချိန်ဇယားနဲ့လုပ်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ လုပ်ငန်းတူပူးပေါင်းဆောင်ရွက်တဲ့ The Unique Collection of Hotel & Resorts Management က Operation Director တွေကနေ သင်ကြားပေးနေပါတယ်။ ဥပမာ - Group Executive Chef က TUC Management of Hotels & Resorts ရဲ့ Kitchen Team မှာ ရာထူးအားဖြင့် အကြီးဆုံးပါ။ သူ မြန်မာပြည်လာတဲ့အချိန်မှာ Quality Control တွေ အကုန်လုံးပြန်ကြည့်ပြီးတော့ Training အမြဲပေးနေပါတယ်။ Menu Creation တွေလည်း လုပ်ပေးတယ်။ သူက နိုင်ငံတကာအတွေ့အကြုံတွေရှိနေတော့ ပြည်တွင်းမှာရှိတဲ့လူတွေရဲ့ အကြိုက်နဲ့လိုက်ပြီး ဘယ်လိုအသစ်အဆန်းတွေ ဖန်တီးမလဲဆိုတာကိုတိုင်ပင်ပြီး အမြဲတမ်းစီမံခန့်ခွဲလေ့ရှိပါတယ်။ Housekeeping Departrment မှာလည်း Operation Director ရှိပါတယ်။ Front Office ၊ Finance Department နဲ့ Department အကုန်လုံးအတွက် သူတို့ဆီကပဲ Training လာပေးပါတယ်။ General Manager နဲ့ Manager တွေ အကုန်လုံးကတော့ Local ကပဲဖြစ်ပါတယ်။
လုပ်ငန်းမှာ Expatriate တွေကော ဘယ်အချိန်ထိ လိုမယ်လို့ ထင်ပါသလဲ . . .
ဖြစ်နိုင်ရင်တော့ ကျွန်တော် Local တွေနဲ့ပဲ လုပ်သွားချင်ပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်က Expatriate တွေကိုခေါ်ပြီး Local တွေ တိုးတက်အောင်လုပ်ဖို့ဖြစ်ပါတယ်။ အများအားဖြင့် လုပ်ငန်းရှင်တွေက Expatriate တွေကိုငှားပြီး အားကိုးလုပ်နေရတာတွေ ရှိတယ်။ Expatriate တွေ ဘယ်လောက် လိုအပ်ဦးမလဲဆိုတာကတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းလိုအပ်ချက်အပေါ်ပဲ မူတည်ပါတယ်။
ဝန်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုလေ့လာသုံးသပ်ပြီး စီမံခန့်ခွဲပါသလဲ . . .
ကိုယ့်ဘက်ကနေ ဝန်ဆောင်မှုပေးတဲ့အခါမှာ Customer တွေက ဘယ်သူလဲ၊ သူတို့ရဲ့လိုအပ်ချက်တွေက ဘာတွေလဲ၊ ဘယ်သူတွေက ဘာတွေကို ဖြည့်ဆည်းပေးပြီးပြီလဲ၊ ဘာတွေထပ်ပြီးဖြည့်ဆည်းပေးရဦးမလဲ ဆိုတာတွေ ကြည့်ရပါတယ်။ ဥပမာ - နေပြည်တော်မှာဆိုရင် အဲဒီတုန်းက အီတလီစားသောက်ဆိုင်မရှိတော့ အီတလီအစားအစာ စားချင်တဲ့သူတွေကို ဝန်ဆောင်မှုပေးဖို့အတွက် ဆိုင်ဖွင့်ခဲ့တယ်။ ကျွန်တော်တို့က မရှိသေးတဲ့ ဝန်ဆောင်မှုတွေကိုပေးတယ်။ ပြီးတော့ အရည်အသွေးမြင့်မြင့်နဲ့ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပါတယ်။
Restaurant နဲ့ Hotel Industry ရဲ့ Market ကို သုံးသပ်ပြပါ။ Market မှာ နေရာရဖို့အတွက် ဘယ်လိုစီမံလုပ်ကိုင်နေပါသလဲ . . .
Market က သူ့နေရာဒေသနဲ့ သူ ကွာခြားတယ်။ ရန်ကုန်ဆိုရင် နေပြည်တော်နဲ့မတူဘူး။ နေပြည်တော်မှာဆိုရင် ဆီးဂိမ်းပြီးသွားတဲ့နောက်ပိုင်းနဲ့တိုင်းပြည်က ဖွံ့ဖြိုးလာတဲ့အချိန်မှာ NGO အဖွဲ့အစည်းတွေက နေပြည်တော်ကို ပိုပြီးတော့ ရောက်လာတာတွေ့ရတယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်ကနေ ပြင်ဆင်ရတဲ့အပိုင်းတွေ ရှိပါတယ်။ ပြီးတော့ နေပြည်တော်က Restaurant ဆိုတာနဲ့ ရန်ကုန်က Cafe ဆိုရင်လည်း ကွာပါတယ်။ နေပြည်တော် Restaurant မှာဆိုရင် လာတဲ့သူတွေက NGO က လူကြီးပိုင်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေများတယ်။ သူတို့က အေးအေးဆေးဆေး စားသောက်ရင်း လုပ်ငန်းကိစ္စ စကားပြောကြတာတွေရှိတယ်။ ရန်ကုန်က Cafe ဆိုရင် အများအားဖြင့် ရုံးတက်ချိန်လာတယ်။ နေ့လယ်စာ လာစားတယ်။ မြန်မြန်ဆန်ဆန်နဲ့ စားသောက်ကြတယ်။ ဒီတော့ သူတို့ရဲ့လိုအပ်ချက်တွေက မတူဘူး။ အဲဒီအပေါ်မှာလိုက်ပြီး လိုက်လျောညီထွေဖြစ်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ လိုတယ်။
Customer တွေရဲ့ လိုအပ်ချက်က အမြဲတမ်းပြောင်းလဲနေမှာပဲ။ ကိုယ့်ရဲ့ Customer တွေရဲ့လိုအပ်ချက်က ဘာလဲဆိုတာနဲ့ သူတို့ရဲ့ပြောင်းလဲသွားတဲ့ လိုအပ်ချက်တွေအတိုင်း ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကိုလည်း လိုက်ပြောင်းပေးနိုင်ဖို့ လိုပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့က Quality ကို အဓိကထားပြီး Training လုပ်သွားပါတယ်။
ကိုယ်တိုင်က Marketing သမားဖြစ်ခဲ့တဲ့အတွက် လက်ရှိကိုယ့်ရဲ့လုပ်ငန်းမှာ Marketing ကိုကော ဘယ်လိုပုံစံနဲ့ လုပ်နေပါသလဲ . . .
အခုလက်ရှိ ကျွန်တော်မြင်သလောက် Social Media Marketing က အင်မတန်ပေါက်ရောက်ပါတယ်။ Word of Mouth Marketing ၊ Traditional Marketing လည်း ကျွန်တော်တို့လုပ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းနဲ့ ပိုပြီးကိုက်ညီတာကတော့ Social Media Marketing ပဲဖြစ်ပါတယ်။ Facebook ရှိတယ်။ Online Review တွေရှိတယ်။ Word of Mouth Marketing ကြောင့်လာတဲ့သူတွေက ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကြိုက်လို့ သူတို့ကပြန်ပြီး လမ်းညွှန်တာတွေ အများကြီးရှိပါတယ်။ Emerald Palace Hotel မှာဆိုရင် ပြည်ပက လူတွေလည်းလာတယ်။ ဥပမာ - ထိုင်းက ထိုင်းအိမ်ရှေ့မင်းသမီးလာသွားတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအရည်အသွေးကို သူတို့သဘောကျတဲ့အတွက် သူတို့ဆီက ထောက်ခံအားပေးမှုတွေရတာလို့ ဆိုရပါမယ်။
လုပ်ငန်းတွေရဲ့ တိုးတက်မှုအပိုင်းကိုလည်း အကြမ်းဖျင်း သုံးသပ်ပြပါဦး . . .
နေပြည်တော်ဟိုတယ်က ဆီးဂိမ်းလုပ်တဲ့ ၂၀၁၃ ခုနှစ်မှာ စဖွင့်ခဲ့တယ်။ အစတုန်းက Facilities အကုန်မပြည့်စုံခဲ့ဘူး။ အခုဆိုရင်တော့ Facilities တွေလည်း တော်တော်ပြည့်စုံလာပြီ။ နောက်ပြီး အဲဒီတုန်းက ဝန်ထမ်း ၄၀ ကျော်လောက်ပဲရှိရာကနေ အခုဆိုရင် ၆၀ လောက် ရှိလာပြီ။ ဧည့်သည်တွေ လာတဲ့အပိုင်းမှာလည်း တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ နိုင်ငံတကာကလာတည်းတဲ့ ဧည့်သည်တွေများလာပါပြီ။ အဲဒီလိုများလာတာကလည်း ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအရည်အသွေးကောင်းတာကို နှစ်သက်လို့ လာကြတာပေါ့။ ရန်ကုန်မြို့က Residence@26 & Cafe@26 ကလည်း ဖွင့်တာ သိပ်မကြာသေးပေမဲ့ အခုလက်ရှိမှာ ဧည့်သည်များလာကို တွေ့ရပါတယ်။
Restaurant & Hotel Business မှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အတွက်ကော ဘယ်လိုကြိုးစားပြင်ဆင်ပါသလဲ . . .
နေရာဒေသအလိုက် ပြိုင်ဆိုင်မှုတွေကတော့ရှိနေမှာပဲ။ အဲဒါတွေက ကိုယ့်ကို ပိုပြီးကြိုးစားအောင် အားပေးတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ကျွန်တော်လက်ခံထားပါတယ်။ ပြိုင်ဘက်ကို ယှဉ်ပြိုင်ဖို့ အဓိကထားရမှာမဟုတ်ပါဘူး။ အဓိကက ကိုယ့်ရဲ့ Customer တွေရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေပေါ်မူတည်ပြီး ဘယ်လိုဝန်ဆောင်မှု ပေးနိုင်မလဲဆိုတာ အမြဲလေ့လာနေရမယ်။
လက်ရှိလုပ်ငန်းကို Update လုပ်တဲ့အပိုင်းနဲ့နောက်ထပ်လုပ်ငန်းတိုးချဲ့မယ့်အပိုင်း . . .
လုပ်ငန်းတိုးချဲ့ဖို့ အစီအစဉ်တွေကတော့ အများကြီးရှိပါတယ်။ နေပြည်တော်၊ ရန်ကုန်အပြင် တခြားဈေးကွက်တွေမှာ နေရာကြည့်နေတာတွေရှိပါတယ်။ ကောင်းမွန်တဲ့နေရာဒေသနဲ့ သင့်တော်တဲ့အချိန်မှာ အခွင့်အရေးကောင်းရှိရင် လုပ်ငန်းတိုးချဲ့သွားဖို့ ရှိပါတယ်။ လက်ရှိလုပ်ငန်းနေရာတွေမှာလည်း ထပ်ပြီးတိုးချဲ့သွားဖို့ ရှိပါတယ်။ ဥပမာ - Emerald Palace မှာဆိုရင် Outdoor Dining Area နဲ့ GYM တိုးချဲ့ဖို့ရှိတယ်။ ကျွန်တော်တို့ရဲ့ Product တွေကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲတမ်းစဉ်းစားနေပါတယ်။
ကျွန်တော်က အရည်အသွေးကို အဓိကထားပါတယ်။ အဓိကကတော့ Quality of Product ၊ Quality of Service နဲ့ People ဆိုတဲ့ အချက်သုံးချက်က ကျွန်တော်တို့ရဲ့ အဓိကဦးတည်ချက်လို့ ပြောလို့ရပါတယ်။ Quality of Product ဆိုရင် ကျွန်တော်တို့ လက်ရှိထုတ်ကုန်ဖြစ်တဲ့ အစားအသောက်တွေရဲ့ အရည်အသွေး၊ ကျွန်တော်တို့ထုတ်လုပ်တဲ့ အစားအသောက်ကို ဧည့်သည်တွေသုံးဆောင်ပြီးတော့ သူတို့ကျေနပ်အားရမှု ရှိအောင်၊ နိုင်ငံတကာအဆင့်မီအောင် အရည်အသွေးကို အဓိကထားပြီးဝန်ဆောင်မှုပေးတယ်။ Quality of Service ဆိုရင်တော့ ဘယ်လိုဝန်ဆောင်မှုတွေပေးမလဲ၊ ဧည့်သည်ရဲ့လိုအပ်ချက်ကဘာလဲ၊ ဧည့်သည်က မေးစရာမလိုဘဲ ဝန်ထမ်းတွေက မေးပြီးတော့ လိုအပ်ချက်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ဖြစ်ပါတယ်။ People ဆိုရင်တော့ ဝန်ထမ်းတွေကိုရွေးချယ်တဲ့အခါ ကျွန်တော်တို့ Organization နဲ့ကိုက်ညီပြီး သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ဝန်ထမ်းတွေကို Selection အနေနဲ့ ရွေးချယ်သွားတယ်။ ရွေးချယ်ခံရသူတွေကိုလည်း ရှိပြီးသားအရည်အချင်းထက် သာလွန်ကောင်းမွန်အောင် ပြည်ပက ကျွမ်းကျင်သူတွေကိုခေါ်ပြီး Develop လုပ်ပါတယ်။ Training အပြည့်နဲ့ ထောက်ပံ့ပေးတယ်။
ကိုယ်တိုင်အနေနဲ့ကော လုပ်ငန်းခွင်အတွက် ဘာတွေထပ်ပြီး လေ့လာပါသလဲ . . .
လေ့လာမှုဆိုတာ ဘယ်တော့မှ ပြီးဆုံးသွားတဲ့အရာ မဟုတ်တဲ့အတွက် အမြဲတမ်းဆည်းပူးနေပါတယ်။ ကျွန်တော်တို့အလုပ်က Customer တွေနဲ့အမြဲတမ်း ထိတွေ့နေရတော့ Customer တွေနဲ့ပတ်သက်ပြီး ဘာအခက်အခဲတွေရှိလဲဆိုတာ ဝန်ထမ်းတွေနဲ့ ကျွန်တော်အမြဲတမ်း ပြန်ဆွေးနွေးဖြစ်ပါတယ်။ နောက်ပြီး တခြားလုပ်ငန်းရှင်အသိမိတ်ဆွေတွေနဲ့ တွေ့တဲ့အချိန်တွေမှာလည်း အသိပညာတွေ ဝေမျှကြတယ်။ နောက်တစ်ခုက The Unique Collection of Hotels & Resorts ဘက်က အတွေ့အကြုံတွေရှိတဲ့၊ ကျွန်တော်တို့ရဲ့ လိုက်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Operation Director တွေဆီက ဗဟုသုတတွေ ဆက်ပြီးလေ့လာတယ်။ သူတို့နဲ့ ဆွေးနွေးမှုတွေ အမြဲလုပ်ပါတယ်။ ကျွန်တော့်စိတ်ကူးနဲ့ သူတို့ စိတ်ကူးတွေပဲဖြစ်ဖြစ်၊ တစ်ခါတလေ သူတို့ International အမြင်နဲ့ ကျွန်တော့် Local အမြင်မတူတာတွေပဲဖြစ်ဖြစ် အမြဲတမ်းဆွေးနွေးဖြစ်ပါတယ်။ Restaurant Industry ကလည်း အမြဲတမ်း ပြောင်းလဲနေတော့ Techology လိုပဲ အမြဲတမ်းလေ့လာတယ်။ အင်တာနက်ကနေလည်း Industry News တွေ ဖတ်တယ်။ ပြီးတော့ Business Trend ၊ Food Trend ဘယ်ကိုသွားနေတယ်ဆိုတာတွေ လေ့လာတယ်။ Social Media Marketing ဘက်မှာ ကျွန်တော်သဘောကျတဲ့ Restaurant တွေ၊ Cafe တွေရှိတယ်။ သူတို့ရဲ့ Page ကိုသွားပြီးလေ့လာတယ်။ Customer တွေကို ဘယ်လို Feedback ပေးလဲ၊ သူတို့ရဲ့ ထုတ်ကုန်တွေကို ဘယ်လိုကြော်ငြာသလဲဆိုတာတွေကို အမြဲလေ့လာပါတယ်။
နန္ဒာနေဝင်း