ကျန်ရှိနေသည့်သက်တမ်းအတွင်း လက်ရှိအစိုးရ ပြောင်းလဲသင့်သည်များ : ဦးညိုမင်း

[caption id="attachment_6936" align="alignnone" width="264"]ဦးညိုမင်း Chairman (Min Zarni Group of Companies) ဦးညိုမင်း
Chairman (Min Zarni Group of Companies)[/caption] နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲ များ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေးပြုပြင်ပြောင်းလဲသင့်သည်များကို ဦးညိုမင်း၊၊ Chairman (Min Zarni Group of Companies) နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ ဦးစားပေးပြောင်းလဲသင့်တဲ့မူဝါဒတွေကတော့ စီးပွားရေးမူဝါဒတွေပါပဲ။ လတ်တလောစီးပွားရေးအနေအထား ကတော့တည်ငြိမ်တဲ့အဆင့်တော့ရောက်လာပါပြီ။ အခုတည်ငြိမ်တဲ့ အနေအထားကိုရောက်လာတဲ့အခါကျတော့ ကျန်နေတဲ့ အချိန်လေးတစ်ခုမှာ ဒီထက်ပိုကောင်းတဲ့စီးပွားရေး Policy တွေချပြီး လုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ ရှင်သန်ရပ်တည်နိုင်မယ့်မူဝါဒတွေလိုအပ် အရင်ဆုံးလုပ်ဖို့လိုတာကတော့ ကျွန်တော်တို့မှာ လိုအပ်နေတဲ့ Infrastructure ပိုင်းကို ဘယ်လိုဖြည့်ဆည်းမလဲဆိုတာပါပဲ။ ဒီဟာက ကျွန်တော်တို့လိုလုပ်ငန်းတိုင်းမှာ မဖြစ်မနေလိုအပ်ပါတယ်။ နောက်တစ်ချက်ကလည်း ပြည်တွင်းလုပ်ငန်းရှင်တော်တော်များများဆိုရင် စက်ရုံအလုပ်ရုံတွေ ရင်းနှီးပြီးလုပ်နေရတာ များပါတယ်။ အဲဒီတော့ ဒီလူတွေကို ကာကွယ်ပေးနိုင်တဲ့ စီးပွားရေး Policy တွေ လိုအပ်ပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင် ကုန်ကြမ်းကို Export လုပ်ခွင့်မပေးပါဘူး။ ကုန်ကြမ်းကို Export လုပ်ခွင့်မပေးတဲ့အတွက် အဲဒီနိုင်ငံမှာရှိတဲ့စက်ရုံအလုပ်ရုံတွေမှာ အလုပ်တွေပုံမှန်ရှိတယ်။ ထိုနည်းတူစွာပဲ နိုင်ငံခြား Investment လုပ်ချင်တဲ့သူတွေက ဒီအခြေ အနေပေါ်မူတည်ပြီးတော့ Investment လုပ်ကြပါတယ်။ အခုကျတော့ ငါးပဲပြောပြော၊ သစ်ပဲပြောပြော အကုန်လုံးက ကုန်ကြမ်းပို့တဲ့စနစ်တွေ သွားနေကြတော့ တကယ့်တကယ် တိုင်းပြည်မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာ ပိုင်ရှင်တွေကလည်း ရုန်းကန်ရသလို၊ တစ်ဖက်မှာ ဝန်ထမ်းတွေနဲ့ ပတ်သက်လို့လည်း လိုအပ်သလောက် မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဝန်ထမ်းတွေနဲ့ပတ်သက်လို့ စားဝတ်နေရေးတွေက လက်ရှိအနေအထားမှာ မလုံလောက်မှန်းလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လည်း ကိုယ့်ဘာသာကိုယ်မကျဆုံးသွားအောင် ထိန်းသိမ်းနေရတဲ့အခါကျတော့ အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေကိုပဲ မျှော်လင့်နေရပါတယ်။ လုပ်ငန်းတွေအနေနဲ့က ပထမ ပိုင်း ၂၀၁၀ ပြည့်နှစ်လောက်အထိက ဆုံးရှုံးမှုတွေ ကြီးကြီးကျယ်ကျယ်ကြုံရတာပါ။ ၂၀၁၁ ခုနှစ်မှာ နည်းလာတယ်။ ၂၀၁၂ ခုနှစ်မှာ နည်းနည်းငြိမ်လာပြီးတော့ အခု ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့က လုပ်ငန်းလေးတွေတည်ငြိမ်တဲ့ဘက်ကို သွားချင်နေတယ်ပေါ့နော်။ ဒါပေမဲ့ Up Trend ကို သွားဖို့ဆိုတာကလည်း ကျွန်တော်တို့ လုပ်လို့ မရတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ ဒါကတော့ နိုင်ငံတော်က ကူညီပေးမှပဲရမှာပါ။ အထူးသဖြင့်တော့ ခုနပြောတဲ့ Value added ကိုပဲဖြစ်ဖြစ်၊ ကုန်ချော ထွက်နိုင်တဲ့အနေအထားမျိုးကိုပဲဖြစ်ဖြစ် တိုင်းပြည်မှာ Investment လုပ်ထားတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို အစိုးရကနေပြီးတော့ ပံ့ပိုးပေးတော့မှ ကျွန်တော်တို့ ဒီထက်ပိုပြီးရှင်သန်နိုင်မှာပါ။ ကျွန်တော်တို့ရှင်သန်မှလည်း အလုပ်သမားတွေကို ပေးနိုင်မှာပါ။ အထူးသဖြင့် လှိုင်သာယာစက်မှုဇုန်မှာ နှစ်နှစ်အတွင်း အလုပ်သမားပြဿနာရှစ်ရာကျော်လောက် ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အခြေခံအကြောင်းရင်းက ဝန်ထမ်းတွေ စားဝတ်နေရေးမလောက်လို့ ဆူတဲ့ပြဿနာပါပဲ။ ဘာကြောင့် ဒီဘက်မှာ ကျွန်တော်တို့က မပေးနိုင်ရသလဲဆိုရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မနည်းရှင်သန်အောင်လုပ်နေရတဲ့ အချိန်မှာ ဒီဝန်ထမ်းတွေအတွက်ကို ဒုတိယဦးစားပေးပဲ စဉ်းစားပေးလို့ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လဲသွားရင် ကိုယ့်ဝန်ထမ်းလည်း တစ်ခါတည်းတွဲပြီးတော့ လဲသွားမှာပါပဲ။ အခြေခံ အားဖြင့် ပြောရရင်တော့ဒါပါပဲ။ အဲဒီတော့ နိုင်ငံတော်ကနေ မူဝါဒလေးတွေကို ကုန်ကြမ်းမပို့နဲ့ ကုန်ချောပို့၊ နောက်ပြီး ပြည်တွင်းမှာ စက်ရုံ၊ အလုပ်ရုံနဲ့ ရင်းနှီးမြှုပ်နှံထား တဲ့လူတွေ အလုပ်လုပ်လို့ရအောင်၊ ရှေ့လျှောက်ရှင်သန်နိုင်အောင် Policy လေးတွေ ပြောင်းပေးသင့်ပါတယ်။ အခြေခံလေးပဲ ရိုးရိုးလေးနားလည်အောင်ပြောရရင် ကုန်ကြမ်းပို့တဲ့စနစ်ကနေ ကုန်ချောပို့တဲ့စနစ်မျိုးကိုသွားမယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း စက်ရုံအလုပ်ရုံတွေ ရင်းနှီးမြှုပ်နှံ လာမယ်၊ နိုင်ငံခြားသားတွေ ကလည်း  Investment တွေလုပ်လာနိုင်ပါမယ်။ အခြေခံအဆောက်အအုံလိုအပ်ချက်တွေ ရှိနေ ကျွန်တော်တို့မှာ မပြည့်စုံတာတွေက Infrastructure ပိုင်းမှာဆိုရင် လမ်းမကောင်းဘူး၊ မီးမကောင်းဘူး။ ဒါတွေကို ဖြည့်ဆည်းဖို့ လိုပါတယ်။ ကျွန်တော်တို့ အအေးခန်း စက်ရုံတွေမှာဆိုရင် ၂၄ နာရီ မီးလိုအပ်ပါတယ်။ စက်အကြီးစားတွေသုံးရတဲ့အခါကျတော့ မီးလိုအပ်ချက်က တအားများပါတယ်။ မီးပျက်ပြီဆိုရင်  Generator မောင်း တာနဲ့ စရိတ်တွေကတက်လာပြီး ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားပါတယ်။ ဒါတွေက လိုအပ်ပေမဲ့ ချက်ချင်းပြုပြင်လို့ မရတာကို ကျွန်တော်တို့ နားလည် ပါတယ်။ ဒါတွေကိုတော့ တစ်ဆင့်ချင်းပြုပြင်သွားရမှာဖြစ်ပြီး အခုလည်း အစိုးရက လုပ်နေပါတယ်။ ဒါကြောင့် အခုကောင်းတဲ့လမ်းကြောင်း ပေါ်ကိုရောက်နေပြီလို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်။ နောက်ပြီး ဘဏ်တွေနဲ့ပတ်သက်တဲ့ အတိုးနှုန်းထားတွေကိုလည်း အမြန်ဆုံးပြောင်းလဲသင့်ပါတယ်။ လုပ်ငန်းရှင် တော်တော် များများဟာ ဘဏ်နဲ့မကင်းကြပါဘူး။ နိုင်ငံတကာမှာရှိနေတဲ့ အတိုးနှုန်းထားတွေနဲ့ ပြည်တွင်းက အတိုးနှုန်းတွေကိုနှိုင်းယှဉ်ရင် အများကြီး များနေတဲ့အခြေအနေ ရှိပါတယ်။ ဆိုလိုချင်တာကတော့ နိုင်ငံတကာနဲ့ယှဉ်ပြိုင်မယ်ဆိုရင် ကျွန်တော်တို့ မယှဉ်ပြိုင်နိုင်ပါဘူး။ လက်ရှိလုပ်ငန်းတွေရဲ့အကျိုးအမြတ်အခြေအနေကလည်း ဘဏ်တိုးနှုန်းရအောင် မနည်းကြိုးစားနေရတဲ့ အခြေအနေရှိပါတယ်။ တကယ့် တကယ်ကျတော့ လက်ရှိ ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းရှင်တွေကို အဓိကထားပြောချင် တာဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံ ရင်းနှီးမြှုပ်နှံထားတဲ့ လူတော်တော်များများက လက်ရှိလုပ်ငန်း ရပ်မသွားဖို့ကို အဓိက ကြိုးစားနေရပါတယ်။ ရှေ့ကိုတိုးတက်အောင်လုပ်မယ်ဆိုရင် အခြေအနေလေးတွေက အဆင်သင့်မဖြစ်သေးတဲ့အတွက် အတော့်ကို ကြိုးစားနေရပါတယ်။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ကိုယ့်ရှိနေတာလေး ကုန်မသွားအောင် အကုန်လုံး လူတိုင်း လူတိုင်းက ကြိုးစားနေပါတယ်။ စီးပွားရေးကောင်းလာရင် လူက ဒီထက်ပိုတိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ကူးစိတ်သန်းရလာမှာပါပဲ။ ကျန်တာတွေကတော့ စီးပွားရေးကောင်းမှ အကုန်ပြောင်းလို့ရမှာပါ။ စီးပွားရေးမကောင်းဘဲနဲ့ ဘာမှပြောင်း လို့မရပါဘူး။