Toyota Motor ရဲ့ CEO Akio Toyoda ဟာ Forbes မဂ္ဂဇင်းက သတ်မှတ်တဲ့ 2015 Powerful People စာရင်းရဲ့ အဆင့် ၂၈ မှာရှိပြီး ၂၀၁၄ ရဲ့အဆင့် ၃၄ ကနေ ရှေ့ကို တိုးလာတာ တွေ့ရပါတယ်။
သူဟာ Toyota Motors တည်ထောင်သူ ကီအီချီရို တိုယိုဒါ (Kiichiro Toyoda) ရဲ့ မြေးဖြစ်ပြီး ကမ္ဘာ့စီးပွားကပ်ဆိုက်ကာလနဲ့ ၂၀၁၁ ခုနှစ် ဆူနာမီငလျင် အဖြစ်အပျက်တလျှောက် ကုမ္ပဏီကို ဦးဆောင်ကျော်ဖြတ်လာသူဖြစ်ပါတယ်။ ရောင်းအားအနေနဲ့ Toyota ဟာ ၂၀၁၅ခုနှစ် ပထမ ၉ လအတွင်း မော်တော်ကားအစီးရေ ၇.၄၉ သန်း ရောင်းချပြီး Volkswagen ကုမ္ပဏီဆီကနေ ကမ္ဘာ့အရောင်းရဆုံး ကားကုမ္ပဏီဆိုတဲ့ ဦးဆောင်မှုကို ပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီဟာ သူ့နောက်မျိုးဆက်တွေရဲ့ ဘက္ထရီအားသုံးကားတွေအတွက် Hydrogen Fuel Cell Technology ကို ပိုအလေးထားတဲ့အကြောင်း လူသိများပါတယ်။ 'တစ်ကမ္ဘာလုံးက လူတွေအားလုံး ကျွန်တော်တို့ကုမ္ပဏီကို အကြီးဆုံးကားကုမ္ပဏီအစား အကြီးမြတ်ဆုံး ကားကုမ္ပဏီအဖြစ် မြင်စေချင်တာပါ' လို့ Toyoda က ၂၀၁၅ ခုနှစ် Toyota ကားပြပွဲမှာ ပြောခဲ့ပါတယ်။
အသက်မွေးဝမ်းကြောင်း . . .
Akio Toyoda ဟာ ၁၉၈၂ ခုနှစ်မှာ Babson College (USA) ကနေ MBA ဘွဲ့ကို ရခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Toyota ကုမ္ပဏီမှာစဝင်ပြီး ၂၀၀၀ ပြည့်နှစ်မှာ Toyota Motors ရဲ့ Board of Directors မှာ အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Executive Vice President အဖြစ် ရာထူးတိုးပေးခြင်း ခံရပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်မှာတော့ Executive Vice President အသစ် ၄ ဦး၊ ဘုတ်အဖွဲ့ဝင်သစ် ၈ ဦးတို့နဲ့အတူ ကုမ္ပဏီရဲ့ President အသစ်အဖြစ် အတည်ပြုခြင်းခံခဲ့ရပါတယ်။
Toyoda ရဲ့ အသက်မွေးလုပ်ငန်းတလျှောက် မော်တော်ကားထုတ်လုပ်မှု၊ ထုတ်ကုန်နဲ့ ဈေးကွက်မြှင့်တင်မှု စသဖြင့် ကားထုတ်လုပ်မှုရဲ့ အခန်းကဏ္ဍတိုင်းကို ဂျပန်နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ တာဝန်ယူခဲ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြင်ပမှာတော့ Califonia က General Motors Co. နဲ့ ဖက်စပ်ပြီးတော့ 'New United Motor Manufacturing Inc.(NUMMI) လို့ခေါ်တဲ့ Toyota ရဲ့ ဖက်စပ်ထုတ်လုပ်ရေးမှာ Executive Vice President နဲ့ Board အဖွဲ့ဝင်အဖြစ် ၁၉၉၈ ခုနှစ်၊ ဧပြီလကစပြီး တာဝန်ယူခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ ဂျပန်နိုင်ငံကို ပြန်လာပြီး အဲဒီနှစ် ဇွန်လမှာပဲ လူသုံးကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ရနိုင်တဲ့ ဆိုင်ဒါဇင်ပေါင်းများစွာနဲ့ မော်တော်ကားအသစ်တွေ၊ တပတ်ရစ်ကားတွေရဲ့ အချက်အလက်တွေ၊ သတင်းတွေပါ တင်ပြပေးတဲ့ Gazoo.com ဆိုတဲ့ Website ကို ဖန်တီးစီမံအုပ်ချုပ်ပေးပါတယ်။
Akio Toyoda ဟာ President ဖြစ်လာချိန်မှာပဲ ကုမ္ပဏီရဲ့ ရာစုနှစ်တိုင်းအတွင်း အဆိုးဆုံးအခြေအနေ ကပ်ဒုက္ခတွေကို သူကိုယ်တိုင် ပဲ့ကိုင်ထိန်းသိမ်းပြီး ကျော်ဖြတ်မယ်လို့ ကတိပေးခဲ့ပါတယ်။ သူပြောတဲ့ ကပ်ဒုက္ခတွေဆိုတာ ကားထုတ်လုပ်တဲ့ကုမ္ပဏီကြီးကို နှစ်ပေါင်း ၇၃ နှစ်အတွင်း ပထမဆုံးအကြိမ် တစ်နှစ်စာရှင်းတမ်းမှာ အရှုံးပေါ်စေခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို ဆိုလိုတာပါ။ တစ်ခုတည်းသော ဖြေသိမ့်စရာကတော့ Toyota ရဲ့ နာကျင်ခံစားရတဲ့ ဒုက္ခဟာ တစ်ကမ္ဘာလုံးက ကားလုပ်ငန်းတွေအထိ ပျံ့နှံ့ခဲ့ပြီး US မှာရှိတဲ့ ပြိုင်ဖက်တွေက အဆိုးဆုံးခံစားကြရတာပါပဲ။
နောက် ၉ လလောက်ကြာတော့ မတော်တဆထိခိုက်မှုကာကွယ်ရေး အကြောင်းပြချက်ကြောင့် မော်တော်ကားစီးရေ ၈.၅ သန်း ပြန်ခေါ်ယူခဲ့ရတဲ့ Toyota ကုမ္ပဏီရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး US လွှတ်တော်ဆိုင်ရာ ကော်မတီမှာ စစ်ဆေးခံဖို့ ပြင်ဆင်နေတဲ့အချိန်၊ အသက် ၅၃ နှစ်ရှိပြီ ဖြစ်တဲ့ Chief Executive Akio ဟာ လွန်ခဲ့တဲ့ကာလတွေမှာ အောက်ခြေပိုင်းတာဝန်သာ ယူခဲ့ရတုန်းက နေ့ရက်တွေကို ထူးဆန်းတဲ့ ခံစားမှုတစ်မျိုးနဲ့ ပြန်လည်တွေးတောနေခဲ့မိပါတယ်။
Akio Toyoda ကို Nagoya မြို့မှာ ဖခင်ဖြစ်သူ Shoichiro Toyoda မှ မွေးဖွားခဲ့ပါတယ်။ Toyoda Automatic Loom Works (တိုယိုဒါ အော်တိုမက်တစ်ရက္ကန်းလုပ်ငန်း) တည်ထောင်သူ Sakichi Toyoda ရဲ့ သားစဉ်မြေးဆက်တွေဟာ ၁၉၇၃ ခုနှစ်က တည်ထောင်ခဲ့တဲ့ Toyota Motors လုပ်ငန်းရဲ့ ထိပ်ပိုင်းအုပ်ချုပ်မှုကဏ္ဍကို အချိန်ကြာမြင့်စွာကတည်းက ကြီးစိုးလာတာ ဖြစ်ပါတယ်။ Kiichiro Toyoda ရဲ့ သားဖြစ်သူ၊ Shoichiro Toyoda ကို ၁၉၅၂ ခု၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က Nagoya မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
Akio Toyota ရဲ့ အဘိုး Kiichiro Toyoda ဟာ ၁၉၄၁ နဲ့ ၁၉၅၀ ကြားမှာ Toyota ရဲ့ President ဖြစ်ခဲ့ပါတယ်။ Akio Toyota ရဲ့ ဖခင် Shoichiro Toyoda ဟာ ၁၉၈၂ နဲ့ ၁၉၉၂ ကြားမှာ Toyota ရဲ့ President ဖြစ်ခဲ့ပါတယ်။
Katusaki Watanabe ဆိုသူ Chairman ရာထူးကို ယူဖို့ လက်ရှိ President ရာထူးကို စွန့်လွှတ်ရမယ့်အချိန်မှာ Shoichiro Toyoda ရဲ့ ၅၂ နှစ်ရှိတဲ့ သားဖြစ်သူ Akio Toyoda ဒီရာထူးအတွက် အဓိကပြိုင်ဖက်တစ်ယောက် ဖြစ်လာတာပါ။ Toyota ကုမ္ပဏီရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ ၂၀၀၉ မှာ Mr. Watanabe ဟာ Vice Chairman ရာထူးသာ အပ်နှင်းခြင်းခံရပါတယ်။ အရည်အသွေးဆိုင်ရာ အရေးအခင်းမှာ သိမ်မွေ့စွာ ဖြတ်ကျော်သွားတဲ့ ဖြစ်စဉ်လေးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
မျိုးရိုးဆက်ခံမှုနဲ့အတူ ဝေဖန်ခံရမှုများ . . .
Toyota ကုမ္ပဏီကို တည်ထောင်သူ Kiichiro Toyoda ရဲ့ မြေးတစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ အသက်အငယ်ဆုံး President ဖြစ်လာရခြင်းရဲ့ အဓိကအရည်အချင်းကတော့ မျိုးရိုးပါပဲ။ ဒါကြောင့် ကားတွေပြန်ခေါ်ရတဲ့ ပြဿနာမတိုင်မီကတည်းက သူ့ခေါင်းဆောင်နိုင်မှု အရည်အချင်းအပေါ် သံသယဖြစ်ခဲ့ကြတာပါ။ လီဘာချို့ယွင်းမှု ဖြစ်နိုင်ခြေကြောင့် ကားတွေသန်းနဲ့ချီ ပြန်ခေါ်ယူမှုအပြီး လူထုနဲ့ မျက်နှာချင်းပြန်ဆိုင်ဖို့ အချိန်နှစ်ပတ်လောက်ကြာအောင် သတ္တိပြန်မွေးရတဲ့အခါမှာတော့ ညှာတာမှုမရှိတဲ့ သတင်းကြေငြာသူတွေက သူ့ကို No Show – Akio (ပုန်းလျိုးကွယ်လျိုး - အာကီရို) လို့ နာမည်ပြောင် ပေးခဲ့ကြပါတယ်။
သူ့လုပ်ဖော်ကိုင်ဖက်တွေက သူဟာ ပေါင်းသင်းရလွယ်ကူပြီး၊ မိသားစုကျောထောက်နောက်ခံကို အရေးတကြီး မဖြစ်မိစေဖို့ ကြိုးစားလေ့ရှိတယ်လို့ ပြောကြပါတယ်။
သို့တိုင်အောင် Toyoda ဟာ အချက်တော်တော်များများမှာ တခြားဂျပန်လူမျိုး CEO တွေနဲ့ မထူးခြားလှပါဘူး။ ၁၉၈၄ ခုနှစ်က Junior Manager အဖြစ် စတင်ဝင်ရောက်စဉ်က ကုမ္ပဏီအပေါ်သစ္စာရှိတဲ့ အေးဆေးပြီး လုံ့လဝိရိယရှိသော ကုမ္ပဏီအမှုထမ်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မီဒီယာတွေကို ကျွမ်းကျင်စွာ ဆက်ဆံတတ်ပြီး ပရိယာယ်များဖို့ မျှော်လင့်ရတဲ့ တခြားနိုင်ငံက အုပ်ချုပ်ရေးမှူးတွေလိုမဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုသက်သက်ကြောင့် သီးသန့်ထင်ပေါ်လာသူဖြစ်ပါတယ်။
အင်္ဂလိပ်စာစကားကို ကောင်းမွန်စွာပြောတတ်သည့်တိုင် Toyoda ဟာ မကြာမီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုန့်ဆိုင်းတဲ့အင်္ဂလိပ်စကားပြောကြောင့် လူအများရှေ့မှာ ပြင်းထန်စွာ အပြစ်တင်ခံခဲ့ရပါတယ်။ လုံလောက်တဲ့ ဦးညွတ်မှုမပြုတဲ့အတွက်တောင် ပါဝင်ပါတယ်။
ပြိုင်ကားချစ်သူ . . .
Akio Toyoda ဟာ Lexus IS - F နဲ့ Lexus IF – A တို့လို Sport Car တွေ ထုတ်လုပ်တဲ့ ပြိုင်ကားချစ်သူ တစ်ဦးဖြစ်ပါတယ်။ German မော်တော်ကားကလပ်အသင်း တစ်ခုဖြစ်တဲ့ ADAC (Allgemeiner Deutscher Auto-mobile Club) က ကျင်းပတဲ့ ADAC 24 Hour ပြိုင်ပွဲမှာ Morizo Kinoshita ဆိုတဲ့ နာမည်ဝှက်နဲ့ ပြိုင်ကားမောင်းသူတစ်ယောက်အနေနဲ့ သုံးကြိမ်တိုင် ဝင်ပြိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ပြိုင်ပွဲမှာတော့ သူရဲ့ LF - A Prototype No. 14 ပြိုင်ကားနဲ့ ဝင်ရောက်ယှဉ်ပြိုင်မောင်းနှင်ခဲ့တာ သူ့အတန်းလိုက်မှာ စတုတ္ထ၊ ပြိုင်ပွဲတစ်ခုလုံးရမှာ နံပတ် ၈၇ ချိတ်ခဲ့ပါတယ်။ ပြီးခဲ့နှစ်က Germany နိုင်ငံ၊ Nuburgring မြို့မှာ ကျင်းပခဲ့တဲ့ ၂၄ နာရီ စွမ်းရည်စိန်ခေါ်ပြိုင်ပွဲမှာToyota ကုမ္ပဏီရဲ့ Lexsus LF - A Super Car နဲ့ သူ့အတန်းမှာ အသိမှတ်ပြုဂုဏ်ယူထိုက်တဲ့ စတုတ္ထနေရာနဲ့ ပန်းဝင်ခဲ့တဲ့အသင်းမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ မကြာသေးမီကအထိ သူရဲ့ကားချစ်တတ်မှုနဲ့ ပြိုင်ကားအကြောင်းကို သူက Blog မှာ ဝေမျှခဲ့ပါသေးတယ်။
Toyoda ပြောစကားတွေနဲ့ ကောက်နုတ်ချက်တချို့ . . .
တစ်ခါမှားပြီးသားအမှားကို နောက်တစ်ခါထပ်မမှားဖို့ဆိုတာ Toyoda မျိုးဆက်ရဲ့ DNA ထဲမှာ ပါပြီးသားဖြစ်တယ်။
Toyota ကို ကျွန်တော်ရောက်ပြီးတဲ့နောက် တစ်နှစ်အတွင်း ကားအစီး ၂၀၀ကျော် မောင်းခဲ့တဲ့အခါတွေ ရှိခဲ့တယ်။ အခြားကုမ္ပဏီရဲ့ကားတွေ၊ အမျိုးအစား မတူညီတဲ့ကားတွေ အပါအဝင်ဖြစ်ပါတယ်။ ကားတစ်စီး နောက်တစ်စီးနဲ့ ဘယ်လိုကွာခြားလည်းဆိုတာကို ပြောပြနိုင်ချင်လို့ပဲ။
ကျွန်တော်ကိုယ်တိုင်အပါအဝင် Toyota ကုမ္ပဏီလည်း ခြောက်ပြစ်ကင်းမဟုတ်ပါဘူး။ အခြားလူတွေထက်ပိုပြီး၊ ကျွန်တော်က ဖောက်သည်တွေရဲ့ ကားတွေကို လုံခြုံစိတ်ချစေချင်တဲ့ ဆန္ဒရှိပါတယ်။
Toyota လမ်းစဉ် . . .
'သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေနဲ့ အခြေခံဥပဒေသတွေဟာ Toyota Motor Corporationရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ချဉ်းကပ်မှုနဲ့ ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်တွေအတွက် အခြေခံအုတ်မြစ်ဖြစ်ဖို့' ဆိုတာ Toyota ရဲ့လမ်းစဉ်ပါပဲ။
၂၀၀၁ ခုနှစ်မှာ Toyota ရဲ့ ပထမဆုံးအတွေးအခေါ် သဘောတရား၊ တန်ဖိုးနဲ့ စံပြထုတ်လုပ်မှုတွေကို ပေါင်းစပ်ပြီး 'တိုယိုတာလမ်းစဉ် ၂၀၀၁' (The Toyota Way 2001) လို့ ခေါ်တွင်ခဲ့ပါတယ်။ အဲဒီလမ်းစဉ်မှာ အဓိက သော့ချက်နယ်ပယ်နှစ်ခုအတွက် အခြေခံစည်းမျဉ်းတွေ ပါဝင်ပါတယ်။ အဲဒီနယ်ပယ်နှစ်ခုကတော့ 'အစဉ်မပြတ် တိုးတက်နေဖို့' နဲ့ 'လူတွေကို လေးစားဖို့' ပဲ ဖြစ်ပါတယ်။
အခြေခံစည်းမျဉ်းများကို ခြုံငုံသုံးသပ်ခြင်း . . .
Toyota လမ်းစဉ်ကို 'လူတွေကို သူတို့ရဲ့ အလုပ်တွေ အစဉ်မပြတ်တိုးတက် ကောင်းမွန်အောင်လုပ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ထောက်ပံ့ပေးဖို့ ရေးဆွဲထားတဲ့ စနစ်' လို့ ခေါ်ကြပါတယ်။ Toyota လမ်းစဉ်ရဲ့ အခြေခံစည်းမျဉ်း ၁၄ ခုကို အပိုင်း ၄ ပိုင်း ခွဲထားပါတယ်။
၁။ ရေရှည်အတွက်တွေးခေါ်မြော်မြင်ခြင်း။
၂။ မှန်ကန်သော လုပ်နည်းလုပ်ဟန်မှ မှန်ကန်သော ရလာဒ်ကို ထွက်ပေါ်စေခြင်း။
၃။ မိမိတို့၏ လူများကို ပျိုးထောင်ပေးခြင်းအားဖြင့် အဖွဲ့အစည်း၏တန်ဖိုးကို တိုးမြင့်စေခြင်း။
၄။ ပြဿနာရင်းမြစ်ကို အစဉ်မပြတ်ဖြေရှင်းစေခြင်းဖြင့် အဖွဲ့အစည်း၏ လေ့လာဆည်းပူးမှုကို တွန်းအားပေးခြင်း။
အဓိက အာရုံစိုက်ရမယ့် အခြေခံစည်းမျဉ်းနှစ်ခုကတော့ အစဉ်မပြတ် တိုးတက်နေဖို့ကတော့ ရေရှည်လှမ်းမျှော်ကြည့်နိုင်မှု တည်ဆောက်ဖို့နဲ့ စိန်ခေါ်မှုတွေအပေါ် လုပ်ဆောင်ချက်များ၊ အစဉ်မပြတ်ဆန်းသစ်တွေးခေါ်နေဖို့နဲ့ အဖြစ်အပျက်တစ်ခု ပြဿနာတစ်ခုရဲ့ အရင်းအမြစ်ကို ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။
လူတွေကိုလေးစားဖို့နဲ့ဆိုင်တဲ့ စည်းမျဉ်းအနေနဲ့ကတော့ စုပေါင်းလုပ်ကိုင်တတ်ခြင်းနဲ့ အပြန်အလှန် လေးစားမှု တည်ဆောက်ခြင်းတို့ ပါဝင်ပါတယ်။
အောင်ကို (တောင်ငူ)