ကမ္ဘာ့အိမ်သာဈေးကွက်ကို စိုးမိုးထားတဲ့ ဂျပန်ကုမ္ပဏီ TOTO

toto2

ဂျပန်ပြည်ဟာ ကမ္ဘာမှာအဆင့်မြင့်တီထွင်မှုအရှိဆုံး အိမ်သာဈေးကွက်မှာ ထိပ်ဆုံးရောက်လာတာ ၂၀၁၇ ခုနှစ်မှာ သက်တမ်းနှစ်တစ်ရာပြည့်တဲ့ ကုမ္ပဏီကြီး TOTO ကြောင့် ဖြစ်တယ်။ ရှုပ်ထွေးခက်ခဲတဲ့ 'စမတ်အိမ်သာ' (Smart Toilet) တွေကြောင့် နာမည်ကြီးတဲ့ဂျပန်ပြည်မှ ဂျပန်သန့်စင်ခန်းသုံးပစ္စည်းကိရိယာ လုပ်ငန်းအသင်းကြီး (JSEIA) က ကျွန်မတို့လို နိုင်ငံခြားသားတွေ ရေဆွဲခလုတ်နှိပ်ရင်း မျက်နှာပေါ်ရေနဲ့ မတော်တဆပက်ဖျန်းခံရတဲ့ဒုက္ခမျိုးက ကင်းဝေးစေဖို့ အလိုအလျောက်စနစ် ခလုတ်တွေအတွက် သင်္ကေတရုပ်ပုံတွေကို တစ်ပြေးညီဖြစ်အောင် ၂၀၁၇ နှစ်ဆန်းက 'စံ'သတ်မှတ်ပေးခဲ့ပါတယ်။

အနောက်ကမ္ဘာသို့ ခရီးထွက်ခြင်း

-------------------

၁၉၀၃ ခုနှစ်က ဂျပန်တီထွင်သူ 'ကဇုချီကအိုကုရား' ဟာ ဥရောပရောက်တော့ ပြောင်လက်နေတဲ့ ကြွေအိမ်သာအိုးတွေကို မြင်မြင်ချင်းတအားသဘောကျပြီး ဂျပန်ပြည်ရောက်တဲ့အခါ အဲဒီအချိန်က ရေဆိုးပိုက်စနစ်မရှိတဲ့ အိမ်ပြင်ဘက်မှာ ဆောင့်ကြောင့်ထိုင် အခင်းကြီးငယ်သွားရတဲ့ အိမ်သာတွေကို ခေတ်မီအောင်လုပ်ဖို့ ဆုံးဖြတ်ပါတယ်။

၁၉၁၄ ခုနှစ်က ဂျပန်မှာ အနောက်တိုင်းပုံစံ ပထမဆုံးရေဆွဲ (ဘိုထိုင်) အိမ်သာကိုထုတ်လုပ်ပြီး ၁၉၁၇ မှာ Toyo Toki ကုမ္ပဏီကို တည်ထောင်ကာ ၁၉၇၀ ပြည့်နှစ်မှာတော့ "TOTO" လို့ နာမည်ပြောင်းပါတယ်။ နောက်ပိုင်းနှစ်တွေအတွင်းမှာ TOTO ဟာ အရည်အသွေးကောင်း အိမ်သာဈေးကွက်မှာ ရေပန်းစားလာခဲ့ပေမယ့် ၂၀ ရာစုကုန်ခါနီးကျမှပဲ ၎င်းဟာ တီထွင်ဖန်တီးမှုတွေ စတင်ပြုလုပ်တယ်။ ၁၉၈၀ ပြည့်နှစ်မှာ တီထွင်တဲ့ Washlet အိမ်သာအိုးတစ်လုံးကို ၁၉၈၀ ပြည့်နှစ်က အမေရိကန်ဒေါ်လာ ၆၆၀ ခန့်နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၄၉,၀၀၀ နဲ့ ရောင်းချတယ်။

ဥရောပမှာ တင်ပါးဆေးကြောဖို့ သီးသန့်လက်ဆေးကန်လိုဖြစ်တဲ့ Bidet ရဲ့ Function တွေကို လျှပ်စစ်အိမ်သာအိုးတစ်လုံးမှာ ထည့်သွင်းပေးလိုက်တာပါ။ ဝယ်သူတွေဟာ ၎င်းတို့ရဲ့ ရှိရင်းစွဲအိမ်သာ၊ ဒါမှမဟုတ် "TOTO" အိမ်သာအိုးမှာ အဲဒီ Washlet ကို ဖြည့်စွက်တပ်ဆင်ပေးလို့ရပါတယ်။ TOTO ဟာ အဲဒါနဲ့အလားတူ အမေရိကန်လုပ်ပစ္စည်းကိုလည်း ဖြန့်ချိလျက်ရှိပေမယ့် ၎င်းက အဲဒါကို ပိုကောင်းအောင် ပြုပြင်ဖန်တီးတီထွင်ဖို့ ရည်ရွယ်တယ်။

toto1

''ဒီဟာကို ပိုကောင်းအောင် ငါတို့လုပ်ပေးနိုင်ရမယ်လို့ ကျွန်တော်တို့ အမြဲပြောကြတယ်။ ဒီစိတ်ကူးကို ကျွန်တော်တို့က ဈေးကွက်ဝင်အောင်လုပ်ဖို့ ကြိုးစားတယ်'' လို့ လက်ရှိ TOTO ဥက္ကဋ္ဌကြီး 'မဒိုကားကီတမူးရား'က ပြောတယ်။ အဲဒီစိတ်ကူးကို အကောင်းဆုံးဖြစ်စေဖို့ အင်ဂျင်နီယာတွေက သိပ်မပူ၊ သိပ်မအေးဘဲ အနေတော်နွေးတဲ့ ရေထွက်အောင်လို့ အပူချိန်ထိန်းနည်းကို တီထွင်ကြတယ်။ ပြီးတော့ ထိုင်ခုံအောက်က တုတ်တံမှ ပန်းထွက်တဲ့ရေရဲ့ ထောင့်ဒီဂရီကို မနားမနေ ကြိုးစားရှာဖွေတယ်။

TOTO အမှုထမ်းဦးရေသုံးရာကို ထောင့်အမျိုးမျိုးနဲ့ စမ်းအသုံးပြုစေပြီးတဲ့အခါ သန့်ရှင်းမှုနဲ့ သက်သောင့်သက်သာဖြစ်မှု အလယ်အလတ်အဆင့်ကို ၎င်းတို့ရရှိတော့ 'ရွှေထောင့်' (ဒီဂရီ) လို့ သူတို့က ခေါ်ကြတယ်။ (ရေပန်းထွက်တာ သိပ်မမြင့်၊ သိပ်မနိမ့်ဘဲ အနေတော်ဖြစ်စေဖို့ပါ။ အဲဒါကတော့ ၄၃ ဒီဂရီပါတဲ့။

TOTO က သိမ်းပိုက်ခြင်း

----------

TOTO ရဲ့ Washlet ဟာ နေ့ချင်းညချင်း အောင်မြင်မှုရတာမဟုတ်ပေမယ့် အဆင့်မြင့်ဖောက်သည်အုပ်စုကို ၎င်းရရှိသွားပါတယ်။ ဂေါက်ကွင်းတွေနဲ့ TOTO ပစ်မှတ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထံ ရောင်းချရာ ၎င်းတို့က လျင်မြန်စွာ စွဲမက်ကုန်ကြပါတယ်။ အရာရှိတွေဟာ ၎င်းတို့အိမ်တွေမှာ Washlet တွေတပ်ဆင်ပြီး ခရီးသွားတဲ့အခါ TOTO အိမ်သာအိုးရှိတဲ့ ဟိုတယ်တွေမှာပဲ တည်းခွင့်တောင်းဆိုတယ်။ ''အဲဒီခေတ်က ဟိုတယ်ကက်တလောက်တွေလှန်ကြည့်ရင် သူတို့မှာ Washlet ရှိ၊ မရှိ ဖော်ပြတဲ့ စာတိုင် (ကော်လံ) တစ်ခု တွေ့ပါတယ်။ အခုခေတ်မှာတော့ ဂျပန်ဟိုတယ်တိုင်း အဲဒါရှိနေပြီ'' လို့ 'နာရီကိုရာမရှိတ' က ပြောပါတယ်။

၁၉၉၈ ခုနှစ်မှာ Washlet အလုံးရေ ဆယ်သန်းရောင်းရပြီး ၂၀၀၀ ပြည့်နှစ်ကျတော့ စားသောက်ဆိုင်၊ ကုန်တိုက်နဲ့ စာသင်ကျောင်းတွေလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ TOTO အိမ်သာအိုးတွေကို တွေ့နေရပါပြီ။

ကနာဂါဝတက္ကသိုလ်မှ မြို့ပြဒီဇိုင်းပညာရှင်နဲ့ ဧည့်ပါမောက္ခ 'ရှီဟိုဟိကိုတကဲဟာရှိ' က ကုန်တိုက်တွေနဲ့ စူပါမားကက်တွေဟာ Washlet တွေ တပ်ဆင်ပြီးတော့ ဝယ်သူတွေကို ဆွဲဆောင်ကြကြောင်း ရှင်းပြတယ်။

''အထူးသဖြင့် ဈေးဝယ်တဲ့မိန်းမတွေဟာ သက်သောင့်သက်သာရှိပြီး သားနားတဲ့အိမ်သာမျိုးရှိရာ ကုန်တိုက်တွေဆီပဲ သွားကြတယ်'' လို့ ၎င်းက ပြောပါတယ်။ ဂျပန်ပြည် အဝေးပြေးလမ်းမတစ်ခုပေါ်က အပျံစားသန့်စင်ခန်းမျိုးကို သင်ဘယ်မှာမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ၂၀၁၅ ခုနှစ်မှာ TOTO ဟာ Washlet အရေအတွက် ကမ္ဘာတစ်ဝန်းသန်းလေးဆယ်ရောင်းရလို့ ဂျပန်ရဲ့ အိမ်သာအဆင့်အတန်းကို ပိုပြီးခိုင်မာသွားစေတယ်။ ၂၀၁၇ ခုနှစ်၊ မတ်လ ဘတ်ဂျက်ကုန်ချိန်မှာ TOTO ဟာ ဝင်ငွေ ယန်း ၃၃.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁၁ သန်း) ရရှိပါတယ်။

ယခုအခါ လန်ဒန်မြို့ Shard အဆောက်အအုံထိပ်က Shangri-La ကြယ်ငါးပွင့်ဟိုတယ်မှာ Boeing-777 ဂျက်လေယာဉ်ပျံရဲ့ အထက်တန်းခန်းတွေနဲ့ ပါရီမြို့က လု(ဗ်)ပြတိုက်ထဲက သန့်စင်ခန်းတွေမှာ TOTO တံဆိပ် Washlet တွေကို သင်တွေ့နိုင်ပါတယ်။ တိုတိုပြောရရင် Washlet ဟာ သန့်စင်ခန်းသုံးစွဲမှုအတွက် တကယ့်လူနေမှုအဆင့်အတန်းပြသင်္ကေတ ဖြစ်လာပါတယ်။

အိမ်သာကို ဂုဏ်ပြုခြင်း

-----------

ဖုန်နဲ့ အမှိုက်စုပ်စက်ကို Hoover လို့ ခေါ်လာကြပြီး ရေနွေးရေချိုးဇလုံကြီးကို Jacuzzi လို့ ခေါ်ကြတဲ့အတိုင်း စမတ်အိမ်သာကို ယခုအခါ TOTO လို့ ခေါ်နေကြပါပြီ။ ဒီဈေးကွက်မှာ တခြားတံဆိပ်တွေလည်း ဝင်တိုးပါတယ်။ Panasonic နဲ့ Toshiba တံဆိပ် စမတ်အိမ်သာအိုးတွေမှာ သင့်တီဗီရီမုတ်ထက် ထိန်းချုပ်မှုခလုတ် ပိုများပါတယ်။ LIXIL တံဆိပ်ဟာ ဂျပန်အိမ်သာဈေးကွက်ရဲ့ ၂၄ ရာခိုင်နှုန်းယူထားပြီး TOTO ရဲ့ အဓိကပြိုင်ဘက်ဖြစ်တယ်လို့ Japan Journal of Remodelling က ဆိုပါတယ်။

ဒါပေမဲ့ TOTO တစ်ခုတည်းသာ ကိုယ်ပိုင်အိမ်သာပြတိုက် ဖွင့်ထားနိုင်တာပါ။ ဂျပန်ပြည်တောင်ပိုင်း၊ ကီတာကျူးရှူးမြို့မှာရှိတဲ့ TOTO ပြတိုက်ကို ၂၀၁၅ မှာ ဖွင့်ပြီးနောက်ပိုင်း ကုမ္ပဏီရဲ့ မျှော်မှန်းချက် ကျော်လွန်ကာ ဧည့်သည်ပေါင်း ၁၈၀,၀၀၀ လာကြည့်ပါတယ်။ အဲဒီပြတိုက်ထဲက ပစ္စည်းတချို့က အပျော်အပြက်သဘော ဖြစ်ပါတယ်။

toto3

ဥပမာ - မိလ္လာစွမ်းအင်သုံး မော်တော်ဆိုင်ကယ် "Neo" ဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစားပေးထုတ်လုပ်မှုကိုမြှင့်တင်ဖို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဂျပန်ပြည်တစ်ဝန်း လှည့်လည်ပြသရာမှာ သုံးတဲ့ ကိရိယာသဘော ဖြစ်တယ်။

TOTO ဟာ ဂျပန်ပြည်သူတွေအတွက် သိပ်သီးသန့်ဖြစ်လာပြီး ဂျပန်ရဲ့ 'ရှက်စရာ' ယဉ်ကျေးမှုကို သရုပ်ဖော်ရင်း ဂျပန်ပြည်ဟာ အဆင့်မြင့်နည်းပညာတီထွင်တဲ့ နိုင်ငံဖြစ်ကြောင်း မြှင့်တင်ပေးတာကြောင့် ပြည်သူတွေက အဲဒီပြတိုက်ကို ဂါရဝသွားပြုတဲ့အဆင့် ရောက်လာပါတယ်။

''ဂျပန်တွေဟာ အရင်က 'အိမ်သာ' ဆိုတဲ့ ဝေါ ဟာရကို လူရှေ့သူရှေ့ ပြောရမှာရှက်ကြတယ်။ အိမ်သာထဲက အနံ့အသက်နဲ့ အသံဗလံပြဿနာတွေကြောင့် ရှက်တယ်။ Washlet က အဲဒီပြဿနာတွေကို ဖြေရှင်းပေးလိုက်တယ်။ TOTO ဟာ အနံ့ဆိုးဖျောက်ပြီး အသံဗလံကို ဖုံးကွယ်ပေးတဲ့ကိရိယာ တီထွင်ပေးခဲ့တာမို့ ပြည်သူတွေက အိမ်သာကိစ္စကို လက်ခံလာကြတယ်'' လို့ တာကဟာရှိက ရှင်းပြတယ်။

အိမ်သာသမိုင်း

----------------

TOTO အိမ်သာပြတိုက်မှာ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း နည်းပညာဆိုင်ရာ စွမ်းဆောင်အောင်မြင်မှုတွေကို တွေ့ရ မှာဖြစ်တယ်။ ထူးဆန်းတဲ့ ခလုတ်တွေချည်း အဓိက မထားဘဲ ဥပမာအားဖြင့် အိမ်သာအိုးရဲ့ မျက်နှာပြင်မှာ အညစ်အကြေးကပ်ငြိမနေအောင် အင်မတန်ချောမွေ့တဲ့ သီးသန့်ကြွေရည်ထပ်သုတ်ပေးထားတယ်။ အိမ်သာအိုးမှာ ခွေမပါတော့လို့ ရောဂါပိုးမွှားတွေ ခိုအောင်းလို့လည်း မရတော့ဘူး။ ရေဆွဲခလုတ်နှိပ်လိုက်တဲ့အခါ အိမ်သာအိုးရဲ့ နှုတ်ခမ်းပတ်လည်မှာ အညစ်အကြေးတွေ ပေကျံကပ်ငြိခြင်းမရှိစေဘဲ ဘက်တီးရီးယားတွေကို သတ်ပေးတဲ့ အက်စစ်ပါတဲ့ Ph အရည်အသွေးအနည်းငယ်ပါမယ့် Ewater ဆိုတဲ့ ရေသန့်ကို Washlet ကနေ ပန်းထုတ်ပေးတယ်။

၁၉၉၀ ပြည်နှစ်တွေ အနှောင်းပိုင်းမှာ TOTO ဟာ ကမ္ဘာ့အစွမ်းအထက်ဆုံး ရေဆွဲစနစ်ကို တီထွင်ဖို့ စတင်ကြိုးစားတယ်။

''TOTO မှာ ကျွန်တော် အလုပ်ဝင်ခါစက ရေတစ်ခါဆွဲရင် ရေ ၁၃ လီတာ ကုန်တယ်။ နောက်တော့ ခြောက်လီတာကုန်တယ်။ ရေကို ဒီထက်လျှော့ချဖို့ မဖြစ်နိုင်ဘူးလို့ လူတွေက ထင်ကြတယ်'' လို့ TOTO မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ 'ရှင်နီချီအာရိတ' က ပြောပါတယ်။

၂၀၀၂ ခုနှစ်မှာ TOTO က တီထွင်တဲ့ Tornado Flush ရေဆွဲစနစ်ဟာ အိမ်သာအိုးရဲ့အပေါ်က ရေမကျဘဲဘေး ကနေ ရေကျပြီး ရေအကုန်သက်သာစွာနဲ့ ဝဲလိုလည်ပြီး မိလ္လာပိုက်ထဲ စီးဆင်းစေတယ်။

နောက်ဆယ်နှစ်အကြာမှာ Tornado ရဲ့ ရေလိုအပ်ချက်ကို ထပ်လျှော့ဖို့ ကြိုးစားကြလို့ ၂၀၁၂ ခုနှစ်မှာ ရေတစ်ခါဆွဲရင် ၃.၈ လီတာပဲ ကုန်တော့တယ်။

''ကျွန်တော်အလုပ်ဝင်ခါစက အဲဒါလုံးဝဖြစ်နိုင်မယ်လို့ မထင်ခဲ့ဘူး။ ဒါဟာ ကြီးမားတဲ့အချိုးအကွေ့တစ်ခု ဖြစ်တယ်'' လို့ အာရီတာက ပြောပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး အိမ်သာအိုးဖြစ်လေမလား

--------------------

TOTO ဟာ ယခုနှစ်မှာ အတောက်ပြောင်ဆုံးနဲ့ အဆန်းသစ်ဆုံး အိမ်သာအိုးဖြစ်တဲ့ "Neorest NX" ကို ဖြန့်ချိလိုက်ပါတယ်။ ဒေါ်လာခြောက်ထောင်ဆိုတဲ့ ရောင်းဈေးကြောင့် ကမ္ဘာ့ဈေးအကြီးမားဆုံး စမတ်အိမ်သာအိုးဖြစ်နိုင်တယ်။ (စိန်စီရွှေချတဲ့ တခြားတံဆိပ်အိမ်သာအိုးတွေနဲ့ မယှဉ်နဲ့ပေါ့။) သမားရိုးကျ Washlet တစ်လုံးရောင်းဈေးက ဒေါ် လာ ၂,၅၀၀ ပဲ။ အနာဂတ်ဆန်တဲ့ ဒီဇိုင်းအတိုင်း လက်နဲ့ပြုလုပ်ပြီး ဖိုထဲမှာ မီးဖုတ်တဲ့ ဒီအိမ်သာအိုးကို သန့်စင်ခန်းသုံးပစ္စည်းအစား အနုပညာလက်ရာတစ်ခုသဖွယ် ဖန်ဆင်းတာဖြစ်တယ်။ နောက်ပြီး TOTO ရဲ့ တီထွင်ထားသမျှ နည်းပညာအကုန်လုံးကို ၎င်းမှာ ထည့်ပေးထားတယ်။ TOTO ရဲ့ အနာဂတ်အကြောင်း အမေးခံရတော့ မိမိတို့ဟာ ဈေးချိုတဲ့ အိမ်သာအိုးတွေလည်း တီထွင်နေပါတယ်လို့ 'ကီတာမူရာ' က ပြောပါတယ်။

''အိမ်သာအရေအတွက် တိုးပွားဖို့နဲ့ ရေဆိုးစနစ်တွေ ဖွံ့ဖြိုးဖို့လုပ်ရမယ့်နိုင်ငံတွေ အများကြီးကျန်ပါသေးတယ်။ ဒီနိုင်ငံတွေ ဖွံ့ဖြိုးဖို့ ရေချွေတာသုံးစွဲရေးဟာ အရေးကြီးတယ်။ ဥပမာ - အိန္ဒိယနိုင်ငံမှာ လူဦးရေ သန်းတစ်ထောင်က ရေဆယ်လီတာအစား ရေလေးလီတာပဲ ကုန်တဲ့ TOTO အိမ်သာအိုးကိုပဲသုံးရင် သူတို့ဘဝတွေ ပိုပြီးလှပလာမယ်''လို့ ၎င်းက ပြောပါတယ်။

TOTO ဟာ တရုတ်ပြည်လို ပြည်ပဈေးကွက်တွေကို မျက်စိကျနေပြီး ၂၀၁၇ ခုနှစ်ဆန်းကလည်း ဂျာမနီနိုင်ငံက စက်မှုပြပွဲမှာ ပုခက်ပုံ 'ရေပေါ်ရေချိုးဇလုံ' ဆိုတဲ့ အဆင့်မြင့်နည်းပညာပစ္စည်းသစ်ကို တိုးချဲ့တီထွင်ထားပါတယ်။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ စတင်ရောင်းချဖွယ်ရှိတဲ့ အဲဒီရေချိုးဇလုံကြီးဟာ ရေစိမ်တဲ့ကုထုံးကို မှီငြမ်းပြီး ရေစိမ်ချိုးသူတွေဟာ နတ်ပြည်ရောက်သလို ခံစားရမှာပါတဲ့။ TOTO အတွက် အကောင်းဆုံးအခွင့်အလမ်းက ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်အားကစားပွဲတော်ဖြစ်ပြီး ကမ္ဘာတစ်လွှားက အိမ်သာသုံးသူတွေကို ၎င်းရဲ့ သန့်စင်ခန်းမှ အံ့ဖွယ်ရာတွေကို ပြသပါလိမ့်မယ်။ ''TOTO သုံးစွဲဖို့ အခွင့်အရေးတိုးပွားအောင်လို့ လေဆိပ်လိုနေရာတွေမှာ နောက်ဆုံးပေါ်မော်ဒယ်တွေ တပ်ဆင်ပေးဖို့ ကျွန်တော်စီစဉ်နေပါတယ်'' လို့ ကီတာမူရာက ပြောပါတယ်။ TOTO ရဲ့ ပဉ္စလက်အစွမ်းကို ကိုယ်တွေ့ကြုံမှ သိလိမ့်မယ်လို့ ၎င်းက နိဂုံးချုပ်ပြောပါတယ်။

ဒီဆောင်းပါးဟာ CNN ဆောင်းပါးရှင် Amanda Sealy ရဲ့ သတင်းဆောင်းပါးကို ကောက်နုတ်ပြန်ဆို ဖော်ပြထားတာဖြစ်ပါတယ်။

ဟိဏ်းကိုကို