အမျိုးသမီးဂေါက်သီးအားကစားတွင် ထိုင်းဂေါက်သီးမယ်များ ကမ္ဘာ့အဆင့်သို့ရောက်ရှိလာသည်မှာ နှစ်နှစ်ခန့်သာ ရှိပါသေးသည်။ နိုင်ငံအဆင့်အရကြည့်ပါလျှင် ယူအက်စ်အေ၊ ကိုးရီးယား၊ သြစတြေးလျ၊ ဆွီဒင်၊ ဂျပန်၊ စပိန်၊ အင်္ဂလန်၊ ကနေဒါ၊ တရုတ်တို့က ထိုင်းအထက်တွင် ရှိကြသည်။ မက္ကစီကိုနှင့် နယူးဇီလန်တို့မှပင် ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးမယ်များ ပေါ်ထွက်ခဲ့ဘူးသည်။
ကမ္ဘာ့အဆင့်သို့ရောက်ခြင်းဟူသည်မှာ ကမ္ဘာ့အမျိုးသမီးအကောင်းဆုံးတိုးဖြစ်သော အယ်လ်ပီဂျီအေတိုး၌ ခြေချခွင့်ရပါမှာ ပြောနိုင်မည်ဖြစ်ပါသည်။ အယ်လ်ပီဂျီအေတိုး၌ ပထမဆုံးအကြိမ် ထိုင်းဂေါက်သီးမယ်တစ်ဦး စတင်ဗိုလ်စွဲသောကာလမှာ ၂၀၁၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပါသည်။ Yokohama Tire LPGA Classic ၌ အသက် ၂၀ သာရှိသေးသော အာရီးယားဂျူတာနုဂန်း (Ariya Jutanugarn) အမည်ရှိ ထိုင်းဂေါက်သီးမယ်လေးအောင်ပွဲ ရလိုက်ခြင်းပါ။
အာရီးယားသည် ၂၀၁၄ ခုနှစ်၏ နှစ်ကုန်လက်ရည်စစ်ပွဲ၌ အောင်မြင်ကာ ၂၀၁၅ ခုနှစ်မှစ၍ အယ်လ်ပီဂျီအေတိုးတွင် ခြေချခွင့်ရခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်အတွင်း၌ ပုခုံးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပါသည်။ အယ်လ်ပီဂျီအေတိုးပြိုင်ပွဲ ၁၀ ပွဲဆက်တိုက် နှစ်ရက်နှင့် ပြုတ်ခဲ့ပြီး ပုခုံးဒဏ်ရာအား ခွဲစိတ်ကုသခဲ့ရပေရာ ပြိုင်ပွဲများနှင့် ရှစ်လကြာ ဝေးကွာခဲ့ပါသည်။ ကမ္ဘာ့အဆင့်ဂေါက်သီးမယ် အဆင့်ဇယားတွင် အမှတ်စဉ် ၁၂၄ အထိ ကျဆင်းသွားခဲ့ပါသည်။ ၂၀၁၃ ခုနှစ်က ဥရောပအမျိုးသမီးတိုး၏ Lalla Meryem Cup ပြိုင်ပွဲအား ဗိုလ်စွဲခဲ့ရာ သူကလေးက ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၁၅ အထိ ရောက်ခဲ့ဖူးပါသည်။
အဆိုပါ ၂၀၁၆ ခုနှစ် မေလ ၈ ရက်နေ့က သူကလေးအမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးတိုးဖြစ်သော အယ်လ်ပီဂျီအေတိုး၌ အောင်ပွဲရလိုက်ခြင်းမှာ ထိုင်းဂေါက်သီးမယ်များထဲမှ ပထမဆုံးဗိုလ်စွဲနိုင်မှုဖြစ်သဖြင့် ထိုရက်သတ္တပတ်အပြီး ထိုင်းနိုင်ငံသို့ ခေတ္တပြန်လာရာတွင် ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ခေါ်ယူတွေ့ဆုံချီးကျူးဂုဏ်ပြုခဲ့ပါသည်။ ဤအောင်ပွဲကြောင့် ကမ္ဘာ့အဆင့်တွင် သူကလေးက အမှတ်စဉ် ၂၁ သို့ ရောက်လာခဲ့သည်။
သူကလေး၏အောင်မြင်မှုမှာ ထိုတစ်ပွဲနှင့် မရပ်ခဲ့ပါ။ ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့က ပြီးခဲ့သော Kingsmill Championship ၌ ဗိုလ်စွဲခဲ့ပြန်သည်။ ထိုင်းသူလေးတစ်ဦးက အမျိုးသမီးကမ္ဘာ့အကောင်းဆုံး အယ်လ်ဂျီအေတိုးနှစ်ပွဲဆက်တိုက် ဗိုလ်စွဲခြင်းဟူသည်မှာ အလွန်အံ့သြဖွယ်ရာပင် ဖြစ်ခဲ့ပါသည်။ ထိုပွဲအပြီးရက်သတ္တပတ်တွင် မေလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ LPGA Volvik Championship ပြိုင်ပွဲဆက်လာပါသည်။ ထိုပွဲတွင်လည်း အာရီးယားက ဒုတိယရသူအပေါ် ၅ ချက်ဖြတ်၍ အောင်ပွဲရခဲ့ပြန်ပါသည်။ သုံးပွဲဆက်တိုက်ဗိုလ်စွဲသည့်အခါတွင်မူကား မယုံနိုင်စရာဂေါက်သီးမယ်လေးအဖြစ်မှ ကမ္ဘာ့အကောင်းဆုံးဂေါက်သီးမယ်များစာရင်းဝင် ထိပ်သီးတစ်ဦး ဖြစ်လာခဲ့ပါသည်။
ဤသို့သုံးပွဲဆက်တိုက် အယ်လ်ပီဂျီအေတိုးတွင် အနိုင်ရခဲ့သော နောက်ဆုံးဂေါက်သီးမယ်မှာ ၂၀၁၃ ခုနှစ်က စွမ်းဆောင်ခဲ့သူ ထိုစဉ်ကကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့သော အင်ဘီပတ်ခ်ဖြစ်ပါသည်။ ထို့အပြင် အယ်လ်ပီဂျီအေတိုး၌ စတင်အောင်ပွဲရသည့်အကြိမ်မှစ၍ သုံးပွဲဆက်တိုက်ဗိုလ်စွဲသူဟူ၍ ယခင်ကတစ်ယောက်မျှ မရှိခဲ့သေးပါ။ အာရီးယားက ပထမအောင်ပွဲသုံးပွဲအား ဆက်တိုက်ရခဲ့သူလေးဟူ၍ သမိုင်းတွင်စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါသည်။
အာရီးယားသည် အသက်ငါးနှစ်ခွဲအရွယ်မှစ၍ ဂေါက်သီးကစားခဲ့သည်။ သူမထက်တစ်နှစ်နှင့် လေးလသာကြီးသော မော်ရီးယားသည်လည်း အယ်လ်ပီဂျီအေတိုး၌ ပုံမှန်နေရာရနေသည့် ဂေါက်သီးမယ်ပင် ဖြစ်ပါသည်။ သူတို့၏မိဘများက ဘန်ကောက်မြို့အနီးရှိ Rose Garden ဂေါက်ကလပ်တွင် ပရိုရှော့ပ်ဆိုင်ကို ပိုင်ဆိုင်သည်။ ငယ်ရွယ်စဉ်ကတည်းက အမေရိကန်ပြည်ထောင်စုအထိ သွားရောက်လေ့ကျင့်ယှဉ်ပြိုင်ခဲ့ကြသည်။ ကမ္ဘာ့နံပါတ်တစ်ဖြစ်နေသူ ကိုရီးယားနွယ်ဖွား နယူးဇီလန်ဂေါက်သီးမယ်လေး လစ်ဒီယာကိုးနှင့်လည်း ပြိုင်ဖက်များဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်များက အမေရိကန်ဂျူနီယာ ဂေါက်သီးအသင်းအဖွဲ့၏ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆုကို နှစ်နှစ်ဆက်တိုက် အာရီးယားဆွတ်ခူးရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်က US Girls Junior ၊ Rolex Girls Junior ၊ Junior PGA Ch. ပြိုင်ပွဲများနှင့် ၂၀၁၂ ခုနှစ်က Thunderbird International Junior ၊ Rolex Girls Junior ၊ Junior PGA Ch. ၊ Women's Western Ch. ၊ Canadian Amateur Ch. ပြိုင်ပွဲများအောင်နိုင်ခဲ့သည်။
အပျော်တမ်းဂေါက်သီးမယ်များအတွက် ကမ္ဘာ့အကြီးကျယ်ဆုံးပြိုင်ပွဲဖြစ်သော ယူအက်စ်အမျိုးသမီးအပျော်တမ်း ချန်ပီယံရှစ်ပ်ပြိုင်ပွဲတွင် ၂၀၁၂ ခုနှစ်က ဆီမီးဖိုင်နယ်အထိရောက်ခဲ့ပြီး လစ်ဒီယာကိုးအား ရှုံးနိမ့်ခဲ့သည်။ ကိုးက ချန်ပီယံဖြစ်သွားပါသည်။ ကမ္ဘာ့အပျော်တမ်းဂေါက်သီးမယ်အဆင့်တွင် ကိုးကဲ့သို့ နံပါတ်တစ်နေရာကိုတော့ အာရီးယားမရခဲ့ဘူးပါ။ အစ်မဖြစ်သူမော်ရီးယားက အရပ် ၅ ပေ ၁ လက်မသာရှိပြီး ပုညှက်သူဖြစ်သော်လည်း အာရီးယားက ၅ ပေ ၇ လက်မအရပ်မြင့်ကာ သန်မာစွာထွားကြိုင်းသူလေးဖြစ်ပါသည်။ ဂေါက်သီးအလွန်ပြေးအောင်ရိုက်နိုင်သော အာရီးယားသည် ဒရိုက်ဗာဂေါက်တုတ်အားသုံးလေ့မရှိပါ။ သူမ၏သရီးဂွဒ်က ၂၇၅ ကိုက်ရောက်ပြီး သံ ၂ က ၂၆၅ ကိုက်ပင် ရောက်ပါသည်။ သူမ၏ သံ ၂ ရိုက်ချက်သည်ပင်လျှင် အခြားမိန်းကလေးများ၏ ဒရိုက်ဘာရိုက်ချက်ထက် ရှေ့ရောက်နေတတ်ပါသည်။
၂၀၁၆ ခုနှစ်က သုံးပွဲဆက်တိုက် ဗိုလ်စွဲလိုက်သည့်အခါ အာရီးယားသည် ကမ္ဘာ့ဂေါက်သီးမယ်အဆင့်ဇယား၌ အမှတ်စဉ် ၁၀ သို့ ရောက်လာပါသည်။ ထိုနှစ်ထဲတွင် ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ အမျိုးသမီးဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီး ကျင်းပခဲ့ပါသည်။ အာရီးယားသည် တတိယနေ့အပြီးတွင် ဦးဆောင်သူဖြစ်ခဲ့ပြီး နောက်ဆုံးနေ့တွင်လည်း ဆက်လက်ဦးဆောင်ကာ ပေါင်း ၁၆ ချက်လျော့ဖြင့် ဒုတိယရသူ မီရင်မ်လီးအပေါ် သုံးချက်ဖြတ်၍ ဗိုလ်စွဲခဲ့ပါသည်။ ထိုင်းနိုင်ငံသူများထဲမှ ပထမဆုံးမေဂျာအောင်ပွဲ ပိုင်ရှင်ဖြစ်လာပါသည်။ ကမ္ဘာ့ဂေါက်သီးမယ်အဆင့်ဇယားတွင် ဒုတိယနေရာသို့ ရောက်လာသည်။ ၂၀၁၆ ခုနှစ်အတွင်း အယ်လ်ပီဂျီအေတိုးပြိုင်ပွဲ ဗိုလ်စွဲမှုအရေအတွက်တွင် လစ်ဒီယာကိုးနှင့်အတူ လေးကြိမ်စီတိုက်နေခဲ့ပါသည်။
ထိုပွဲအပြီးတွင် အိုလံပစ်ပြိုင်ပွဲရှိနေသဖြင့် အယ်လ်ပီဂျီအေတိုးပြိုင်ပွဲများ ခေတ္တရပ်နားခဲ့ပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့တွင်မှ Canadian Pacific Women's Open ပြိုင်ပွဲဖြင့် ပြန်စခဲ့ပါသည်။ ထိုပွဲတွင်လည်း အာရီးယားက ဒုတိယရသူဆေယောင်ကင်းမ်အပေါ် လေးချက်ဖြတ်ကာ အောင်ပွဲရခဲ့ပြန်ပါသည်။ တစ်နှစ်အတွင်း အောင်ပွဲအများဆုံးရသူဖြစ်ခဲ့ပါသည်။ ကမ္ဘာ့ဂေါက်သီးမယ် အမှတ်ဇယားတွင် ဒုတိယနေရာ၌ပင် ရှိဆဲပါ။ နံပါတ်နှစ်ဟု ဆိုသော်လည်း ၂၀၁၅ ခုနှစ်က ငါးပွဲနှင့် ၂၀၁၆ ခုနှစ်၌ လေးပွဲဗိုလ်စွဲထားသူ နံပါတ်တစ်လစ်ဒီယာကိုးက အမှတ်များစွာသာနေဆဲ ဖြစ်ပါသည်။
၂၀၁၆ ခုနှစ် အယ်လ်ပီဂျီအေတိုး၏ နှစ်ပိတ်ပွဲကြီးဖြစ်သော CME Group Tour Ch. သည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ဤပွဲအပြီးတွင်မှ အယ်လ်ပီဂျီအေတိုး၏ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆု၊ တစ်နှစ်တာ ဆုကြေးအများဆုံး ဂေါက်သီးမယ်ဆုနှင့် Race to CME Globe အမှတ်ဇယား အမှတ်အများဆုံး ဒေါ်လာတစ်သန်းဆုများ အဖြေထွက်ပေါ်မည်ဖြစ်ရာ ကိုးနှင့် အာရီးယားတို့က အပြိုင်အဆိုင် ဖြစ်နေခဲ့ကြပါသည်။ ပြိုင်ပွဲဒုတိယနေ့အပြီးတွင် ကိုးက ၁၂ ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာပြီး အာရီးယားက ၄ ချက်လျော့သာ ရနေခဲ့ပါသည်။ တတိယနေ့တွင် ကိုးက တစ်ချက်ပိုသာရခဲ့ပြီး အာရီးယားက ၇ ချက်လျော့ရခဲ့ပေရာ သူတို့နှစ်ဦး ၁၁ ချက်လျော့ခြင်းတိုက်ကာ စတုတ္ထနေရာ၌ ရှိခဲ့ကြပါသည်။ နောက်ဆုံးနေ့တွင် အာရီးယားက သုံးချက်လျော့ရကာ ပေါင်း ၁၄ ချက်လျော့ဖြင့် စတုတ္ထချိတ်ခဲ့ပြီး ကိုးက အီးဗင်းပါသာရသဖြင့် အဆင့် ၁၀ သာ ချိတ်ခဲ့ပါသည်။ အဆိုပါနောက်ဆုံးပြိုင်ပွဲ၏ ရလဒ်ကြောင့် အာရီးယားသည် ဒေါ်လာတစ်သန်းအမှတ်ဇယားတွင် အမှတ်အများဆုံး၊ တစ်နှစ်တာ ဆုကြေးအများဆုံး၊ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်အမှတ်ဇယားတွင်လည်း အမှတ်အများဆုံးရသူဖြစ်သွားကာ တစ်နှစ်တာအကောင်းဆုံးဆုများကို သိမ်းကြုံးရယူနိုင်ခဲ့ပါသည်။ ၂၀၁၆ နှစ်ကုန်တွင် ထိုင်းဘုရင်က အာရီးယားသို့ Order of the Direkgunabhorn ဟုခေါ်သည့် သူရဲကောင်းဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ချီးမြှင့်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် လစ်ဒီယာကိုးက ပြိုင်ပွဲများတွင် အဆင့်မြင့်မြင့်ချိတ်နိုင်မှုများ နည်းလာသဖြင့် ကမ္ဘာ့အဆင့်အမှတ်များ လျော့ကျလာခဲ့သည်။ မေလကုန်အထိကာလအတွင်း အာရီးယားက ဗိုလ်မစွဲနိုင်ခဲ့သော်လည်း ဒုတိယနှစ်ကြိမ်၊ တတိယတစ်ကြိမ်ရခဲ့သဖြင့် အမှတ်များက ကိုးနှင့် နီးကပ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်က ယူအက်စ်အိုးပင်းအမျိုးသမီးမေဂျာပွဲကြီး ဗိုလ်စွဲခဲ့သော ကိုးရီးယားဂေါက်သီးမယ် ဆိုယွန်ရူးသည်လည်း ဤနှစ်အတွင်း အလွန်လက်ကောင်း လက်မှန်နေခဲ့ပါသည်။ သူမက ဒုတိယနှစ်ပွဲရပြီးနောက် ဤနှစ်၏ ပထမဆုံးအမျိုးသမီး မေဂျာပွဲကြီးဖြစ်သော ANA Inspiration ပြိုင်ပွဲအား ဧပြီလဆန်းက ဗိုလ်စွဲလိုက်သည့်အခါ အာရီးယားကိုပေါ် ကျော်လွန်၍ ကမ္ဘာ့နံပါတ်နှစ်နေရာသို့ရောက်ခဲ့ပါသည်။ သို့သော် သူတို့သုံးဦး၏ အမှတ်များက အလွန်နီးကပ်နေခဲ့ကြသည်။ ကိုးက ၉.၄၇ မှတ်၊ ရူးက ၈.၄၆ မှတ်နှင့် အာရီးယားက ၈.၂၈ မှတ်တို့ ဖြစ်ကြသည်။
၂၀၁၇ ခုနှစ် မေလဆန်းက ကျင်းပသော Lorena Ochoa Match Play ပြိုင်ပွဲတွင် အာရီးယားဗိုလ်စွဲပါက ကမ္ဘာ့အဆင့်တစ်ဖြစ်ပါမည်။ ထိုပွဲတွင် သူက ဖိုင်နယ်အထိရောက်ခဲ့ပြီးမှာ ဆေးယောင်ကင်းမ်ကို ရှုံးကာ ဒုတိယသာရခဲ့သဖြင့် နံပါတ်တစ်ဖြစ်ရန် အခွင့်အရေးလွတ်သွားခဲ့သည်။ ရူးထက်အမှတ်ပိုသွားကာ နံပါတ်နှစ်နေရာသို့တော့ ပြန်ရောက်လာပါသည်။ အာရီးယားအတွက် ယခုနှစ်အတွင်း သုံးကြိမ်မြောက် ဒုတိယချိတ်ခဲ့ခြင်းလည်းဖြစ်သည်။ ရမှတ်များမှာ ကိုးက ၈.၈၃ မှတ်၊ အာရီးယားက ၈.၅၂ မှတ်နှင့် ရူးက ၈.၅၁ မှတ်တို့ ဖြစ်ကြပါသည်။
ဇွန်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သော Shop Rite LPGA Classic တွင် ကိုးရောအာရီးယားပါ ဝင်မကစားခဲ့ကြပါ။ ရူးက ပါဝင်ကစားခဲ့သည်။ ဤပွဲတွင် ရူးသာ တတိယနှင့်အထက် အဆင့်ချိတ်ပါက ရူးကကမ္ဘာ့နံပါတ်တစ်ဖြစ်လာပါမည်။ ရူးသာ ထိုအဆင့်မချိတ်ပါလျှင် အာရီးယားက ဝင်မကစားသော်လည်း ကမ္ဘာ့နံပါတ်တစ်ဖြစ်မည်ဟု တွက်ချက်ပြကြပါသည်။ ရူးသည် ဒုတိယနေ့အပြီးတွင် ဖြတ်ချခံရသည့်အထဲ ပါသွားခဲ့သဖြင့် ထိုရက်သတ္တပတ်ကုန် တနင်္လာနေ့ ကမ္ဘာ့ဂေါက်သီးမယ်ဇယားထုတ်ပြန်ရာတွင် အာရီးယားကမ္ဘာ့နံပါတ်တစ်ဖြစ်ပါပြီဟု ဒုတိယကွင်းပတ်ကစားခဲ့သည့် သောကြာနေ့ကတည်းက သတင်းများတွင် ပါရှိလာခဲ့ပါသည်။ သို့သော် တနင်္လာနေ့တွင် အာရီးယားက ကမ္ဘာ့နံပါတ်နှစ်သာ ဖြစ်ဆဲဖြစ်ခဲ့ပါသည်။ အယ်လ်ပီဂျီအေတိုးက ရက်သတ္တတစ်ပတ်စာ တွက်ချက်မှုလိုသွားခဲ့ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ Rolex Ranking ဟုခေါ်သော ကမ္ဘာ့အမျိုးသမီးဂေါက်သီးမယ်အဆင့်ဇယားသည် လက်ရှိကာလနှင့်ကပ်လျက် နှစ်နှစ်တာကာလ သို့မဟုတ် ရက်သတ္တပတ် ၁၀၄ ပတ်အပေါ် တွက်ချက်ခြင်း ဖြစ်ပါသည်။ ရက်သတ္တပတ်တစ်ပတ်တိုးလာတိုင်း အဝေးဆုံးရက်သတ္တပတ်က ရလဒ်ကို နှုတ်ပစ်ရပါမည်။ ထိုသို့ မနုတ်ခဲ့မိသောကြောင့် အာရီးယားကမ္ဘာ့နံပါတ်တစ်ဖြစ်မည်ဟု မှားယွင်းတွက်ချက်မိခြင်းပါဟု ဆိုခဲ့ပါသည်။ ရမှတ်များမှာ ကိုးက ၈.၃၇ မှတ်၊ အာရီးယားက ၈.၃၆ မှတ်၊ ရူးက ၈.၁၁ မှတ်တို့ အသီးသီးဖြစ်ကြသည်။
၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက်နေ့၌ ကနေဒါတွင် အယ်လ်ပီဂျီအေတိုး၏ Manulife LPGA Classic ပြိုင်ပွဲ ကျင်းပခဲ့ပါသည်။ အာရီးယားက ၅ ချက် လျော့ရခဲ့ပြီး ဦးဆောင်သူနှင့် ၃ ချက်အကွာ၌ ရှိနေခဲ့သည်။ ဒုတိယနေ့တွင် အာရီးယားက ၂ ချက်လျော့သာရခဲ့ပေရာ ပေါင်း ၇ ချက်လျော့တွင်သာ ရှိခဲ့သည်။ ကမ္ဘာ့အဆင့်လေးအမေရိကန်ဂေါက်သီးမယ် လက်စီတွမ်ဆင်က နှစ်ရက်ပေါင်း ၁၂ ချက်လျော့ဖြင့် ဦးဆောင်နေပါသည်။ တတိယနေ့တွင်လည်း လက်စီက ၅ ချက်လျော့ထပ်ရပြန်ရာ စုစုပေါင်း ၁၇ ချက်လျော့ဖြင့် ဆက်လက်ဦးဆောင်နေပါသည်။ အာရီးယားက ဤနေ့၌ ၇ ချက်လျော့ရခဲ့ရာ ပေါင်း ၁၄ ချက် လျော့သို့ ရောက်လာသည်။ ကမ္ဘာ့အဆင့်ငါး ကိုရီးယားဂေါက်သီးမယ် အင်ဂျီချန်းလည်း ပေါင်း ၁၅ ချက်လျော့ ရနေပါသည်။ ဤပွဲ၌ ကိုးနှင့် ရူးတို့ ပါဝင်ကစားခြင်းမရှိပေရာ ဤပွဲဗိုလ်စွဲပါက အာရီးယား ကမ္ဘာ့အဆင့်တစ်ဖြစ်မည်ဟူသော တွက်ချက်မှုလည်း ထွက်ပေါ်လာပါသည်။
နောက်ဆုံးနေ့တွင် အာရီးယားနှင့် အင်ဂျီချန်းတို့က ဒုတိယနောက်ဆုံးအတွဲအဖြစ် ထွက်ခဲ့ရပြီး လက်စီနှင့် လင်ဒီဒန်ကင်တို့က နောက်ဆုံးအတွဲအဖြစ် ထွက်ခဲ့ကြပါသည်။ အာရီးယားက ဘိုဂီတစ်ကျင်းပါသွားသော်လည်း ဘာဒီလေးကျင်းရခဲ့သဖြင့် ဤနေ့အတွက် ၃ ချက်လျော့၊ စုစုပေါင်း ၁၇ ချက်လျော့ဖြင့် ပွဲပြီးခဲ့သည်။ သူမသည် ကျင်း ၁၂ ပြီးကတည်းက နောက်ထပ်ဘာဒီများမရတော့ပဲ ''ပါ'' များသာ ရခဲ့ခြင်းဖြစ်ပါသည်။ အင်ဂျီချန်းသည် ကျင်း ၁၄ အပြီးအထိ ဤနေ့အတွက် အီးဗင်းပါသာရှိသေးပြီး ပေါင်း ၁၅ ချက်လျော့တွင်သာရှိရာမှ ကျင်း ၁၅ နှင့် ၁၆ တို့တွင် ဘာဒီများရကာ ပေါင်း ၁၇ ချက်လျော့ဖြင့် အာရီးယားနှင့်တိုက်ကာ ပွဲသိမ်းနိုင်ခဲ့ပါသည်။
လက်စီသည် ပထမကော်နာတွင် ၃ ချက်လျော့ရခဲ့ပြီး ပေါင်းအချက် ၂၀ လျော့သို့ ရောက်လာကာ အပြတ်ဦးဆောင်ခဲ့ပြီး သေချာပေါက်ဗိုလ်စွဲတော့မည့် အခြေအနေကို ရခဲ့ပါသည်။ ဒုတိယကော်နာ၌ ကျင်း ၁၂ နှင့် ၁၃ တို့တွင် ဘိုဂီနှစ်ကျင်းပါသွားသော်လည်း ကျင်း ၁၅ တွင် ဘာဒီရသည့်အခါပေါင်း ၁၉ ချက်လျော့ဖြင့် နှစ်ချက်သာဆဲ ဖြစ်ပါသည်။ ကျင်း ၁၆ ပါဖိုက်၌ ငါးပေဘာဒီပတ်လွဲခဲ့သည်။ ၁၉ ချက်လျော့တွင် ရှိဆဲပါ။ ကျင်း ၁၇ ပါသရီး၌ ခြောက်ပေ ''ပါ'' ပတ်လွဲခဲ့ပြန်သည်။ ၁၈ ချက်လျော့သို့ ကျသွားပါသည်။ ကျင်း ၁၈ ပါဖိုး၌ သူမသည် ဒုတိယအချက်အား ၉၉ ကိုက်အကွာမှသာ ရိုက်ရပြီး တူးအွန်ရခဲ့သဖြင့် တူးပတ်ရလျှင် ဗိုလ်စွဲမည်ဖြစ်ပါသည်။ သူမ၏ ဒုတိယပတ်သည် လေးပေသာကွာဝေးသော်လည်း လွဲခဲ့ပြန်သည်။ ၁၇ ချက်လျော့သို့ ကျသွားကာ အာရီးယား၊ အင်ဂျီချန်းတို့နှင့် ကျင်းပြတ်ကျင်းပိုကစားရန် ဖြစ်လာခဲ့သည်။ အာရီးယားနှင့် အင်ဂျီချန်းတို့မှာ ဆက်ရိုက်ရန်ပင် မျှော်လင့်မထားခဲ့ကြပါ။ သူတို့နှစ်ဦးဆယ်လ်ဖီ ဓာတ်ပုံရိုက်နေကြရင်းမှ လက်စီသရီးပတ်ဖြစ်သွားသည်ကို တီဗီတွင် မြင်တွေ့ကြရပြီး ကျင်းပြတ်ကျင်းပို ကစားရန် ပြန်ထွက်လာခဲ့ကြရပါသည်။
ပထမကျင်းပိုအဖြစ် ကျင်းအမှတ် ၁၈ တွင် ကစားကြရသည်။ ထိုပါဖိုးကျင်း၌ တီရှော့တ်များတွင် အာရီးယားက ရပ်ဖ်ထဲရောက်ခဲ့ပြီး လက်စီနှင့် အင်ဂျီချန်းတို့က ဖဲဝေးတွင် ရှိခဲ့ကြသည်။ ဒရိုက်ဗ်အပြေးဆုံးဂေါက်သီးမယ်ဖြစ်သော လက်စီသည် ကျင်းပေါက်နှင့် ၉၃ ကိုက်သာ ကွာဝေးပါတော့သည်။ အာရီးယားက ရပ်ဖ်ထဲမှ ရိုက်လိုက်ရာ ဂရင်းေပါ်ကျင်းပေါက်နှင့် ၂၅ ပေခန့်တွင် အွန်ခဲ့ပါသည်။ ဖဲဝေးမှရိုက်ရသော အင်ဂျီချန်းသည် ဝက်ဂျ်သာ သုံးရသော်လည်း ရိုက်ချက်ညံ့သွားကာ အာရီးယားထက် ဝေးကွာသောနေရာတွင် အွန်ခဲ့ပါသည်။ ၉၃ ကိုက်အကွာမှ ရိုက်ရသော လက်စီသည်လည်း အချိန်အဆလိုသွားကာ ဂရင်းအစပ်သို့သာ ရောက်ခဲ့ပါသည်။
လက်စီက ချစ်ပ်လုပ်ခဲ့ရာ ကျင်းပေါက်နားသို့ ကပ်သွားပါသည်။ အင်ဂျီချန်းက ဘာဒီပတ်သွင်းခဲ့ရာ မဝင်ခဲ့ပါ ''ပါ'' သာ ရခဲ့သည်။ အာရီးယားက ၂၅ ပေအကွာမှ ကွေ့ဝိုက်ခက်ခဲသော ပတ်တင်အားသွင်းလိုက်ရာ ကျင်းပေါက်ထဲသို့တန်းဝင်သွားခဲ့ပါသည်။ အာရီးယားကိုယ်တိုင်ပင် မယုံကြည်စွာဖြင့် အံ့သြဝမ်းသာဖြစ်ခဲ့ပါသည်။ အာရီးယားဗိုလ်စွဲခဲ့ပါပြီ။ ဆုကြေးငွေ ဒေါ်လာ ၂၅၅,၀၀၀ ရခဲ့ပြီး ယခုရာသီ၌ ရပြီး ဆုကြေးစုစုပေါင်း ဒေါ်လာ ၉၅၄,၂၇၉ ဖြင့် ဆုကြေးအများဆုံးလူနေရာသို့ ရောက်ခဲ့သည်။ Race to CME Globe ဒေါ်လာတစ်သန်း အမှတ်ဇယားတွင်လည်း ယခုပွဲမှရရှိသော အမှတ် ၅၀၀ ကြောင့် စုစုပေါင်း ၂၁၂၈ မှတ်ဖြင့် ပထမနေရာသို့ ရောက်သွားပါသည်။ အယ်လ်ပီဂျီအေတိုး၌ ဤပွဲအထိ တစ်နှစ်အတွင်း ၁၃ ပွဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်ရာ မည်သူမျှနှစ်ကြိမ် ဗိုလ်မစွဲနိုင်ကြသေးပါ။
ပူးတွဲဒုတိယရခဲ့သူ လက်စီသည် ယခုနှစ်အတွင်း တစ်ကြိမ်ဗိုလ်စွဲထားသူဖြစ်ပြီး ကျင်းပြတ်ကျင်းပိုကျမှ ရှုံးကာ ဒုတိယရခဲ့မှုမှာလည်း ယခုနှစ်အတွင်းတွင်ပင် နှစ်ကြိမ်ရှိခဲ့ပါပြီ။ အခြားပူးတွဲဒုတိယရသူ အင်ဂျီချန်းသည်လည်း ယခုနှစ်အတွင်း ဒုတိယရမှုချည့်လေးကြိမ်ရှိခဲ့ပါ ပြီ။ ထို့ကြောင့်လည်း သူတို့နှစ်ဦးသည် ကမ္ဘာ့အဆင့်၌ စတုတ္ထနှင့် ပဉ္စမနေရာများသို့ ရောက်နေကြခြင်း ဖြစ်ပါသည်။
ဤအောင်ပွဲမှ ရမှတ်ကြောင့် အာရီးယားသည် ကမ္ဘာ့ဂေါက်သီးမယ်အဆင့်ဇယားတွင် လစ်ဒီယာကိုးကို ကျော်ကာ ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးမယ်ဖြစ်လာပါသည်။ ဤပွဲအပြီး ကမ္ဘာ့အဆင့်အမှတ်များမှာ အာရီးယား ၈.၇၈ မှတ်၊ ကိုး ၈.၃၄ မှတ်၊ ရူး ၈.၁၇ မှတ်၊ လက်စီ ၇.၄၇ မှတ်နှင့် အင်ဂျီချန်း ၇.၁၃ မှတ်တို့ အသီးသီးဖြစ်ကြပါသည်။ လစ်ဒီယာကိုး၏ ၈၅ ပတ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ်နေရာရခြင်းအား ရပ်တန့်စေခဲ့ပါသည်။ အာရီးယား၏အသက်မှာ ၂၁ နှစ်၊ ၆ လနှင့် ရက် ၂၀ သာ ရှိသေးပေရာ အယ်လ်ပီဂျီအေရာဇဝင်၌ ဒုတိယအသက်အငယ်ဆုံးကမ္ဘာ့နံပါတ်တစ်ဖြစ်လာသူလေး ဖြစ်ပါသည်။
သူတို့နိုင်ငံမှ ဂေါက်သီးမယ်လေး ကမ္ဘာ့နံပါတ်တစ်နေရာကို ရရှိခဲ့သဖြင့် ထိုင်းနိုင်ငံသူ နိုင်ငံသားများမှာ အလွန်အမင်း ဝမ်းသာဂုဏ်ယူနေကြပါသည်။
ဝင်းမြင့်သိန်း