Springteen က သီချင်းအားလုံးကို Sony ကို ရောင်းချ

Grammy ဆုများစွာရရှိထားတဲ့ အဆိုကျော် Bruce Springsteen က သူရဲ့သီချင်းတွေအကုန်လုံးကို Sony Music ကို ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ သဘောတူညီမှုတစ်ခုနဲ့ ၂၀၂၁ ခုနှစ် ဒီဇငက်ဘာလအတွင်းမှာ ရောင်းချခဲ့ပါတယ်။

Sony Music နဲ့ Born To Run သီချင်းရဲ့ပိုင်ရှင် Bruce Springsteen တို့ ဒီသဘောညီရောင်းချမှုမှာ Springsteen ရဲ့ သွင်းထားပြီးသားသီချင်းအားလုံးနဲ့ သီချင်းထုတ်ဝေပိုင်ခွင့်ကိုပါ ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုရောင်းချမှုဟာငွေပမာဏအားဖြင့် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို နှစ်ဦးနှစ်ဖက်က တရားဝင်မထုတ်ပြန်ပေမဲ့ Billboard ကတော့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားတာပါ။ ဒီလိုသာဆိုရင်တော့ အရင်နှစ်တုန်းက Bob Dylan နဲ့ Universal Music Group တို့ကြားလုပ်ခဲ့တဲ့ ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိတဲ့ အလားတူသဘောတူညီရောင်းချမှုထက် ပိုတန်ဖိုးကြီးသွားပြီပဲဖြစ်ပါတယ်။

အခု Sony Music က ရလိုက်တဲ့ ပိုင်ဆိုင်ခွင့်တွေထဲမှာ Springsteen ရဲ့ ဂန္ထဝင်ရော့ခ်သီချင်းတွေဖြစ်တဲ့ Dancing In the Dard၊ Glory Days ၊ Born in the USA နဲ့ Thunder Road လို သီချင်းတွေများစွာပါဝင်ပါတယ်။

ဒီလို သီချင်းအကုန်ရောင်းချမှုသဘောတူညီချက်မျိုးကြောင့် ယခင်ကနာမည်ကျော်ဂီတပညာရှင်ကြီးတွေဖြစ်ကြတဲ့ Paul Simon , Stevie Nicks, Neil Young တို့လို လူတွေအနေနဲ့ သူတို့ရဲ့သီချင်းအကုန်အတွက် အကျိုးအမြတ်တွေ ပြန်လည်ရရှိခဲ့ကြပါတယ်။

တကယ်တော့ Sony ဟာ အခုအချိန်မှာ အသက် ၇၂ နှစ်အရွယ်ဖြစ်နေပြီဖြစ်တဲ့ Springsteen နဲ့ Columbia တေးသံသွင်းကနေတစ်ဆင့် နှစ် ၅၀ ကြာ လက်တွဲခဲ့တာဖြစ်ပါတယ်။

Columbia Records နဲ့ ၁၉၇၂ ခုနှစ် စာချုပ်ချုပ်ဆိုဖြစ်ခဲ့တာဟာ တကယ်မှန်သွားခဲ့တာပါလိုံကျွန်တော်ပြောနိုင်ပါတယ်။ ကျွန်တော့်ရဲ့ဂီတအမွေတွေလည်း ဒီကုမ္ပဏီနဲ့ ကျွန်တော်ယုံကြည်တဲ့ ဒီလူတွေကပဲ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးမှာဖြစ်လို့ သိပ်စိတ်လှုပ်ရှားမိပါတယ်လို့ Bruce Springsteen က ဆိုပါတယ်။

Grammy ဆု ၂၀ ရရှိထားတဲ့ Springsteen ဟာ အမေရိကန်ဂီတလောကမှာ အလေးစားခံရဆုံးနဲ့ ပိုစတာအများဆုံးနေရာယူခဲ့တဲ့ဂီတပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အစောပိုင်းသီချင်းတွေအများစုဟာ လက်လုပ်လက်စား လူတန်းစားရဲ့ခက်ခဲပင်ပန်းမှုတွေကို ထင်ဟပ်စေခဲ့ပါတယ်။ သူ့ရဲ့သီချင်းစာသားတွေဟာ ကဗျာဆန်တယ်ဒါပေမဲ့ လူမှုဘဝနဲ့နိုင်ငံရေးအာဘော်တွေလည်း ပါပါတယ်။

သူရဲ့ တစ်ပင်တိုင် Broadway ပြဇာတ် Springsteen on Broadway ဟာလည်း လက်မှတ်ကုန်ရောင်းချခဲ့ရပြီး အဲဒီပြဇာတ်အတွက် Tony award လည်းရရှိခဲ့ပါတယ်။ ပြီးတော့ Streets of Philadelphia သီချင်းဟာလည်း Oscar ရရှိခဲ့ပါသေးတယ်။

Ref : BKK Post, Internet, Sony Music