Sunflower Art Gallery

sunflowers1

ပန်းချီဦးမောင်မောင်သိမ်း (ပုသိမ်)ရဲ့ လက်ရာတွေကို အဓိကတွေ့ရမှာဖြစ်ပြီး ပန်းပုလက်ရာတွေနဲ့အတူ တခြားလက်မှုပစ္စည်းတွေကိုပါ ပြသထားတဲ့ Sunflower Art Gallery မှ ဒေါ်စောအိသိမ်းက ပြခန်းအကြောင်း အခုလိုရှင်းလင်းပြောပြခဲ့ပါတယ်။

sunflowers2

စတင်တည်ထောင်ဖြစ်ပုံ . . .

Sunflower Art Gallery ကို ၁၉၉၄ ခုနှစ်ကနေစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအရှေ့မှာတော့ Bagan Studio ဆိုပြီးတော့ ကျွန်မအဖေ ပန်းချီဆရာကြီး ဦးမောင်မောင်သိမ်း (ပုသိမ်) က ဖွင့်ခဲ့တာရှိပါတယ်။ ကျွန်မက ပန်းချီအနုပညာကို ဝါသနာပါတာကြောင့် ကျောင်းပြီးကတည်းက ဒီပြခန်းကို ဖွင့်လှစ်ဖြစ်ခဲ့တာပါ။ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်လောက်ထိဖွင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ အခုဖွင့်ထားတဲ့ ရှမ်းကုန်းလမ်းထဲကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့က ပန်းချီပြခန်း ၊ ပန်းချီသင်တန်းနဲ့ အိမ်တွင်းလုပ် Organic လက်မှုပစ္စည်းလက်ရာတွေကိုလည်း တွဲဖက်ပြထားပါတယ်။

sunflowers3

တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့်လိပ်စာ . . .

အမှတ် ၅၄ (ညာဘက်)၊ ပထမထပ်၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိပြီး sunflowersgroup.org ၊ facebook.com/sunflowergallery ၊ [email protected] နဲ့ ဖုန်း ၀၉- ၂၅၀၁၁၁၂၄၅ ၊ ၀၉-၄၅၀၀၁၁၉၅၆ တို့ကနေ ဆက်သွယ်နိုင်ပါတယ်။

ပြခန်းဖွင့်လှစ်ချိန် . . .

ကျွန်မတို့ ပြခန်းကို နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်ထားပါတယ်။ ဒါပေမဲ့ ဖုန်းဆက်ချိန်းပြီးလာမယ်ဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် လာလို့ရပါတယ်။

sunflowers4

ဘယ်သူတွေ အဓိကလာရောက်ကြည့်ရှုပါသလဲ . . .

ကျွန်မတို့ ပြခန်းကို အများအားဖြင့် လာနေကျဖောက်သည်တွေ၊ Tourist တွေ၊ Collector တွေ၊ Dealer တွေ လာပြီးဝယ်လေ့ရှိပါတယ်။ ကျွန်မအဖေရဲ့ Customer တွေဖြစ်တဲ့ ပြင်သစ်၊ အင်္ဂလန်နဲ့ စင်ကာပူနိုင်ငံက Customer တွေလည်း လာဝယ်လေ့ရှိပါတယ်။ အများအားဖြင့်တော့ အနောက်တိုင်းသားတွေက အထူးသဖြင့် အဖေ့လက်ရာတွေ လာဝယ်ကြတာများပါတယ်။ အာရှဘက်ပိုင်းကတော့ ဂျပန်ကလွဲရင် သိပ်မလာကြပါဘူး။

ဘယ်လိုပန်းချီကားအမျိုးအစားတွေ ပြထားပါသလဲ . . .

ပြခန်းမှာက ကျွန်မအဖေရော၊ မောင်လေးရော၊ ကျွန်မ ကိုယ်တိုင်ကပါ ပန်းချီဆရာတွေဖြစ်တာကြောင့် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ပန်းချီကားတွေ၊ ကျွန်မအဖေရဲ့ မိတ်ဆွေတွေရဲ့ ပန်းချီကားတွေနဲ့ ကျွန်မအဖေ စုဆောင်းထားတဲ့ Collection Masterpiece တွေကိုလည်း ပြသထားတာကြောင့် ဘယ်ပန်းချီကားအမျိုးအစားတွေကို ပြထားလဲဆိုတာကို ပြောဖို့တော်တော်လေးခက်ပါတယ်။   ပန်းချီအမျိုးအစားတစ်မျိုးတည်းကို သွားတာထက် အနုပညာပုံစံအမျိုးမျိုး ပြထားတဲ့ အနုပညာအားကောင်းတဲ့ ဘယ်လိုလက်ရာကိုပဲဖြစ်ဖြစ် ပြထားပါတယ်။

sunflowers6

ကျွန်မတို့ဆီမှာ ပန်းချီကားတွေအပြင် ပန်းပုအနုပညာလက်ရာတွေကိုလည်း ပြသထားပါတယ်။ အင်းလေးမှာလည်း Inle Heritage နဲ့ ပါတနာလုပ်ထားပြီး ကျွန်မတို့ Sunflower က စီစဉ်တဲ့ပွဲတွေကို တစ်နှစ်မှာ သုံး၊ လေး၊ ငါးလလောက် သွားပြလေ့ရှိပါတယ်။

ဒါအပြင် ကျွန်မတို့ Sunflower အနေနဲ့ Made in Myanmar ဆိုပြီး သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ဓာတုဆိုးဆေးမပါတဲ့ လက်မှုပစ္စည်းတွေ၊ Recycle ပစ္စည်းတွေ၊ တိုင်းရင်းသားရိုးရာပစ္စည်းတွေ စတာတွေကို အမျိုးသမီးအဖွဲ့တွေနဲ့ ပေါင်းပြီးပြထားပါတယ်။ ကျွန်မတို့ Sunflower ရဲ့ ပင်တိုင်အနေနဲ့ ထုတ်တဲ့ မဒိုင်ရှယ်ရီဆိုတဲ့ လက်မှုပစ္စည်းလည်း ရှိပါတယ်။ နောက်ပိုင်းမှာ ဒီအိမ်တွင်းလက်မှုပညာတွေကို မတိမ်ကောအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်မှုပစ္စည်းတွေကိုပါ ပြသသွားဖို့ အစီအစဉ်ရှိပါတယ်။

sunflowers5

ဈေးနှုန်းပိုင်း . . .

ကျွန်မတို့ဆီမှာ လက်မှုပစ္စည်းတွေကတော့ တစ်ထောင် ၊ နှစ်ထောင်ကျပ်လောက်ကနေပြီးတော့ သောင်းဂဏန်းလောက်ထိရှိပြီး ကြာနဲ့လုပ်ထားတဲ့ ပစ္စည်းတွေကတော့ သိန်းဂဏန်းလောက်ထိ ရှိပါတယ်။ ပန်းချီကားတွေကတော့ ဒေါ်လာ ၁၅၀ လောက်ကနေစပြီးတော့ ဒေါ်လာသောင်းဂဏန်းလောက်ထိ အမျိုးမျိုးရှိပါတယ်။ နောက်ပြီး သိန်းနဲ့ချီတဲ့ Collection Masterpiece တွေလည်း ရှိပါတယ်။ အများဆုံးရောင်းရတာကတော့ ဒေါ်လာ ၁၅၀ ၊ နှစ်ရာဝန်းကျင်ကနေပြီးတော့ သောင်းဂဏန်းတွေပါ။

အနာဂတ်အစီအစဉ် . . .

၂၀၁၇ ခုနှစ်မှာတော့ ကျွန်မတို့ ပြခန်းကို ဆယ်မိုင်ကုန်းမှာရှိတဲ့ ကျွန်မတို့ အိမ်မှာပဲ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့က Art & Craft နဲ့ပတ်သက်ပြီး ရသပိုင်း၊ အနုပညာပိုင်းဘက်ကို ပိုသွားနိုင်အောင် လုပ်နေပါတယ်။ ပြခန်းကို ပုံစံတကျနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်နေပါတယ်။

ထက်ထက်