Trip Advisor ခရီးသွားဝက်ဘ်ဆိုက် လုပ်ငန်းကုမ္ပဏီကြီးရဲ့ President နဲ့ CEO Stephen Kaufer
မက်ဆက်ချူးဆက်ပြည်နယ်၊ Needham မြို့မှာ အခြေစိုက်တဲ့ TripAdvisor ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးခရီးသွားဝက်ဘ်ဆိုက်ကြီး ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီဝက်ဘ်ဆိုက်ကြီးမှာ အဖွဲ့ဝင်ပေါင်းသန်း ၆၀ ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဆွဲဆောင်မှုတွေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ တခြားလုပ်ငန်းတွေအပေါ် ဝေဖန်သုံးသပ်ချက်နဲ့ သဘောထားပေါင်း သန်းပေါင်း ၁၇၀ ရှိပါတယ်။ TripAdvisor မီဒီယာအုပ်စုဟာ TripAdvisor ၊ Airfarewatchdog ၊ Booking-Buddy ၊ SeatGuru ၊ SmarterTravel ၊ Viator ဆိုတာတွေအပါအဝင် ခရီးသွား Brand ပေါင်း၂၅ ခုကို လည်ပတ်လုပ်ကိုင်နေပါတယ်။
TripAdvisor ဟာ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ ဝေဖန်သုံးသပ်ချက်တွေကို ပေးနေတဲ့ အမေရိကန်ခရီးသွားဝက်ဘ်ဆိုက် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲဒီ သတင်းအချက်အလက်တွေထဲမှာ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်တဲ့ ခရီးသွားဖိုရမ်တွေလည်းပါပါတယ်။
TripAdvisor ဟာ သုံးစွဲသူတွေကထုတ်ပေးတဲ့ သတင်းအချက်အလက်တွေကို စောစောစီးစီး ရွေးချယ်လက်ခံခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူ့ရဲ့ ဝက်ဘ်ဆိုက်ဝန်ဆောင်မှုဟာ သတင်းအချက်အလက်အများစုကို ဖြည့်ဆည်းပေးတဲ့ သုံးစွဲသူတွေအတွက် အခမဲ့ဖြစ်ပြီး ဝက်ဘ်ဆိုက်ကို ကြော်ငြာလုပ်ငန်းပုံစံတစ်ခုနဲ့ ထောက်ပံ့ပေးထားပါတယ်။
Trip Advisor ရဲ့ CEO နဲ့ President ဖြစ်သူ Stephen Kaufer ဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ခရီးသွားတွေကို ခရီးစဉ်တွေစီစဉ်ဖို့နဲ့ အကောင်းဆုံးခရီးစဉ်တွေရအောင် ကူညီဖို့မျှော်မှန်းချက်နဲ့ ၂၀၀၀ ပြည့်နှစ်မှာ TripAdvisor ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုအောက်မှာ TripAdvisor ဟာ အရှေ့မြောက်ပိုင်းမှာ အကြီးဆုံး Web 2.0 ကုမ္ပဏီကြီးနဲ့ ကမ္ဘာပေါ်မှာအကြီးဆုံး ခရီးသွား Site ကြီးအဖြစ် ကြီးထွားအောင်မြင်လာခဲ့ပါတယ်။
သူဟာ TripAdvisor ကို ပူးတွဲမတည်ထောင်ခင် လွတ်လပ်တဲ့ Software ရောင်းချရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ CDS ကုမ္ပဏီရဲ့ President ဖြစ်ခဲ့ပြီး အဲဒီမတိုင်ခင်ကတော့ CenterLine Software ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ Vice President လည်း ဖြစ်ခဲ့ပါတယ်။ Ernst & Young ကုမ္ပဏီကြီးက ချီးမြှင့်တဲ့ ၂၀၀၅ ခုနှစ်ရဲ့ အကျော်ကြားဆုံး စွန့်ဦးတီထွင်သူဆုကိုရရှိသူ Stephen ဟာ Software မူပိုင်ခွင့် တော်တော်များကိုပိုင်ဆိုင်ထားပြီး ကမ္ဘာတစ်ဝန်းက ဒါဇင်နဲ့ချီတဲ့ ခရီးသွားနဲ့ အဆင့်မြင့်နည်းပညာ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ တက်ရောက်ဟောပြောခဲ့ပါတယ်။ Stephen ဟာ Glassdoor (www.glassdoor.com) ကုမ္ပဏီ ၊ CarGurus (www.cargurus.com) ကုမ္ပဏီနဲ့ အစာအိမ်နဲ့ အသက်ရှူလမ်းကြောင်းကင်ဆာရောဂါ စောင့်ရှောက်ရေးဖောင်ဒေးရှင်း (www.caringforcarcinoid.org) တွေရဲ့ ဒါရိုက်တာအဖွဲ့တွေထဲမှာလည်း ပါဝင်နေပါတယ်။
နောက်ခံသမိုင်း . . .
TripAdvisor ကို ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ Stephen Kaufer ၊ Langley Steinert နဲ့ တခြားပုဂ္ဂိုလ်တချို့က တည်ထောင်ခဲ့ပါတယ်။ ''ခရီးသည်တွေ ကိုယ့်ရဲ့ဝေဖန်သုံးသပ်ချက်ကို ထည့်ပေးပါ'' လို့ ပြောနေတဲ့ ခလုတ်တစ်ခုက အစကတည်းက ပါဝင်ပါတယ်။ မကြာခင်မှာပဲ သာမန်စားသုံးသူတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေဟာ 'ကျွမ်းကျင်သူတွေရဲ့ ဝေဖန်သုံးသပ်ချက်' တွေထက် အများကြီး ကျော်လွန်သွားခဲ့ပါတယ်။ သာမန်ခရီးသွားတွေက သူတို့သွားသမျှ နေရာတိုင်းရဲ့အကြောင်းကို ပြောပြကြတဲ့ ပြောပြမှုပေါင်းချုပ်ကြီးတစ်ခုအဖြစ် ဒီ Site ကို အမှန်တကယ် ပြောင်းလဲခဲ့တာဟာ အဲဒီအချိန်ပါပဲ။ ဒီကုမ္ပဏီကို ၂၀၀၄ ခုနှစ်မှာ IAC/Inter Active-Corp ကုမ္ပဏီက ဝယ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် သြဂုတ်လမှာ IAC ဟာ သူ့ရဲ့ ခရီးသွားလုပ်ငန်းအုပ်စုကို Expedia ကုမ္ပဏီနာမည်အောက်ကို ခွဲထုတ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဧပြီလမှာ Trip Advisor ဟာ သူ့ရဲ့ တရားဝင် Site ဖြစ်တဲ့ www.daodao.com ကို တရုတ်နိုင်ငံမှာ စပြီးလုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကုမ္ပဏီဟာ ဟိုတယ်နဲ့စားသောက်ဆိုင်ပေါင်း နှစ်သောင်းကျော်ရဲ့ သတင်းအချက်အလက်နဲ့ Customer တွေရဲ့ ဝေဖန်သုံးသပ်ချက်တွေကို စီစဉ်ပေးခဲ့သလို ထိပ်ဆုံးက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေရဲ့စာရင်းကို ပြုစုခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဇူလိူင်လမှာတော့ အကြီးဆုံးခရီးသွားဝက်ဘ်ဆိုက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဧပြီလမှာ ခရီးသွား Site တွေရဲ့ TripAdvisor Brand ကိုပြောင်းလဲပြီး Expedia ကို အများပိုင် ရောင်းဝယ်ရေးကုမ္ပဏီ နှစ်ခုအဖြစ်ခွဲပစ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီလိုခွဲထုတ်မှုဟာ လုပ်ငန်းတွေကို သီးခြားသန့်သန့်လုပ်နိုင်အောင်နဲ့ လုပ်ငန်းတစ်ခုစီ တိုးတက်ကြီးထွားဖို့အတွက် မှန်ကန်တဲ့အတိုင်းအတာနဲ့ ဇောင်းပေးပြီး လုပ်ကိုင်နိုင်အောင် ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်လို့ Expedia ရဲ့ CEO ဖြစ်သူ Dara Khosrowshahi က ပြောခဲ့ပါတယ်။
အီးမေးလ်တွေ ခိုးခံခဲ့ရဖူးတဲ့ Trip Advisor . . .
၂၀၁၁ ခုနှစ် မတ်လမှာ တရားမဝင်တဲ့ အပြင်လူတစ်ယောက်က TripAdvisor ရဲ့ Email စာရင်းကို ခိုးယူသွားခဲ့တဲ့အတွက် အဲဒီ Email လိပ်စာတွေကို အသုံးပြုပြီး ကြော်ငြာ Message တွေ ပို့ချင်ပို့လိမ့်မယ်လို့ မှတ်ပုံတင်ထားတဲ့ သူ့ရဲ့အဖွဲ့ဝင်တွေအားလုံးကို TripAdvisor က အသိပေးလိုက်ပါတယ်။ Password တွေနဲ့ တခြားသတင်းအချက်တွေကတော့ အခိုးမခံရပါဘူး။ အဲဒီနောက် မကြာခင်မှာပဲ တခြားကုမ္ပဏီ တော်တော်များများကလည်း သူတို့ရဲ့ Email စာရင်းတွေထဲက လိပ်စာတွေ အလားတူပဲ အခိုးခံခဲ့ရကြောင်း အသိပေးအကြောင်း ကြားခဲ့ကြပါတယ်။
လက်တွေ့အသုံးဝင်တဲ့ Trip Advisor . . .
၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှာ လူပေါင်း ၃,၆၄၁ ယောက်နဲ့ လုပ်ခဲ့တဲ့ PhoCusWright စစ်တမ်းကောက်ယူမှုအရ TripAdvisor ရဲ့ ဟိုတယ်ဝေဖန်သုံးသပ်ချက်တွေဟာ တကယ်တွေ့ကြုံရတဲ့အတွေ့အကြုံတွေကို အတိအကျထင်ဟပ်နေတယ်ဆိုတာကို ပါဝင်ဆောင်ရွက်သူတွေရဲ့ ၉၈ ရာခိုင်နှုန်းက တွေ့ခဲ့ပါတယ်။ အဲဒီ PhoCusWright စစ်တမ်းကောက်ယူမှုကို TripAdvisor က လုပ်ခဲ့တာဖြစ်ပြီး TripAdvisor.com ပေါ်မှာ ဖိတ်ကြားချက် Link တစ်ခုနဲ့ အခါအားလျော်စွာတင်ပေးပြီး ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ကုမ္ပဏီဟာ Facebook နဲ့ချိတ်ဆက်မှုတစ်ခုကို စပြီးလုပ်ခဲ့ပါတယ်။ သုံးစွဲသူတွေကို သူတို့ရဲ့ လူမှုကွန်ရက်တွေထဲက လူတွေရဲ့ဝေဖန်သုံးသပ်ချက်တွေကို ရွေးချယ်လို့ရအောင် အဲဒီချိတ်ဆက်မှုက လုပ်ပေးထားပါတယ်။ ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာ စစ်တမ်းကောက်ယူမှုတစ်ခုက TripAdvisor ဟာ အကျယ်ပြန့်ဆုံး အသိအမှတ်ပြုခံထားရတဲ့၊ အသုံးစွဲခံရတဲ့၊ ယုံကြည်မှုခံရတဲ့ ခရီးသွားဝက်ဘ်ဆိုက်တစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ TripAdvisor ဟာ 'သင့်အတွက်သာ' ဆိုတဲ့ အစီအစဉ်သစ်တစ်ခုကို ထုတ်လိုက်ပါတယ်။ သုံးစွဲသူစိတ်ကြိုက်ဟိုတယ် ထောက်ခံချက်တွေနဲ့ Site ပေါ်က ရှာဖွေမှုမှတ်တမ်းတွေအပေါ်မှာ အခြေခံထားတဲ့ ကိုယ်နဲ့အကိုက်ညီဆုံး ဟိုတယ်ထောက်ခံချက်တွေကို အဲဒီအစီအစဉ်မှာ ပေးထားပါတယ်။
၂၀၁၅ ခုနှစ်မှာ TripAdvisor ဟာ နေရာတွေကို အဆင့်သတ်မှတ်ရုံသာမကဘဲ မှတ်ချက်တွေပေးဖို့၊ ဥပမာအားဖြင့် နေရာတစ်နေရာဟာ မနက်စာနဲ့ နေ့လယ်စာပေါင်းပြီး စားလို့ကောင်းတယ်၊ တနင်္ဂနွေနေ့မှာ ဖွင့်တယ်၊ အပိုဝန်ဆောင်မှုတွေ ပေးတယ်ဆိုတာမျိုးတွေကို မှတ်ချက်ပေးဖို့ သုံးစွဲသူတွေကို စပြီးခွင့်ပြုခဲ့ပါတယ်။
CEO Stephen Kaufer နဲ့ တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးတစ်ခုကို ဖော်ပြလိုက်ပါတယ်။
မေး။ ပထမဦးဆုံးအနေနဲ့ TripAdvisor ရဲ့ အကြောင်းကလေးကို ပြောပြပါ။
ဖြေ။ TripAdvisor ဟာ အကောင်းဆုံးခရီးစဉ်တစ်ခုကို စီစဉ်ဖို့နဲ့ ကြိုတင်ဘွတ်ကင်လုပ်ဖို့ အကြီးမားဆုံး ဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူထားတဲ့လုပ်ငန်းက ခင်ဗျား သွားချင်တဲ့နေရာ၊ ခင်ဗျား တည်းခိုနေထိုင်ချင်တဲ့နေရာ၊ ခင်ဗျား လုပ်ချင်တဲ့အရာ ၊ ခင်ဗျား စားသောက်ချင်တဲ့ နေရာတွေ အားလုံးနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို လေ့လာနိုင်ဖို့အတွက် ခင်ဗျားကိုကူညီဖို့နဲ့ အဲဒီအားလပ်ရက်ခရီးစဉ်နဲ့ ပတ်သက်ပြီး စိတ်ထဲမှာစွဲသွားပြီး ကြာရှည်မှတ်မိနေနိုင်မယ့် အကောင်းဆုံးအရာတွေကို ပုံဖော်ပေးဖို့ပဲ ဖြစ်ပါတယ်။
မေး။ ဒါဆိုရင် လုပ်ငန်းအခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ဒီဝက်ဘ်ဆိုက်ကြီးဟာ အလျင်အမြန်ရှေ့ဆက်ပြီး တိုးတက်ကြီးထွားနေပါတယ်။ ကျွန်တော်တို့ဟာ ဆွဲဆောင်မှုတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေကြောင်းခရီးစဉ်တွေရှိတဲ့ ဟိုတယ်ဝေဖန်သုံးသပ်ချက် site တစ်ခုအဖြစ်နဲ့ ကြီးထွားလာခဲ့ပါတယ်။ ဒါပေမဲ့ စောစောပိုင်းမှာ လူတွေအများကြီး တအားသဘောကျခဲ့တာက ဟိုတယ်ဒေါ်လာတွေကို သုံးသင့်တဲ့နေရာတွေကို ပြောပြနေတဲ့ သန်းပေါင်းရာနဲ့ ချီနေတဲ့ဝေဖန်သုံးသပ်ချက်တွေရဲ့ အံ့သြစရာကောင်းမှုပဲဖြစ်ပါတယ်။ အခုဆိုရင် ဈေးနှုန်းနှိုင်းယှဉ်ချက် အရည်အသွေးတွေကို ကျွန်တော်တို့ထပ်ထည့်ထားပြီး TripAdvisor မှာ ကြိုတင်ဘွတ်ကင်လုပ်တာကို အပြီးသတ်လုပ်ဆောင်ဖို့ အဆင်အပြေဆုံး နည်းလမ်းကိုလည်း သင့်ကိုပေးနေပါပြီ။
မေး။ လူကြီးမင်းက Apple သုံးစွဲသူတစ်ယောက်လား။
ဖြေ။ ကျွန်တော့်မှာ အိုင်ဖုန်းတစ်လုံးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့လုပ်ငန်းတွဲလုပ်နေတဲ့ လူအများစုနဲ့ အပြန်အလှန် ချိတ်ဆက်နိုင်ဖို့အတွက် PC ကို ကျွန်တော်သုံးပါတယ်။ ကျွန်တော်တို့ရဲ့ခရီးသည်အများစုဟာ ကျွန်တော်တို့ရဲ့ site ထဲကို ဝင်ရှာတဲ့အခါ PC ကို သုံးပါတယ်။ ဒါကြောင့် မဖြစ်သင့်တဲ့ ကိစ္စတွေရှိနေသလား ဆိုတာကို ရှာနေဖို့အတွက် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာပဲ ကျွန်တော်နေပါတယ်။
မေး။ စကားလုံးသုံးလုံးနဲ့ လူကြီးမင်းရဲ့အကြောင်းကို ပြောပြမယ်ဆိုရင် ဘယ်စကားလုံးတွေကို သုံးပါလဲ။
ဖြေ။ 'ဘယ်တော့မှအလျှော့မပေးဘူး'။ (အကြာကြီး စဉ်းစားနေပါတယ်) အဲဒီအကြောင်းပြောဖို့ ခင်ဗျားဆီကို နောက်တစ်ခေါက် ပြန်လာရဦးမယ်။ (နောက်ငါးရက်ကြာတဲ့အခါ 'သိချင်စိတ်ရှိတယ်' 'ရည်မှန်းချက်ပြတ်သားတယ်' လို့ သူ့စကားကို ထပ်ပြီးဖြည့်စွက်ပေးပါတယ်)
မေး။ ဒီနေ့အထိ လူကြီးမင်းရဲ့ဘဝမှာ ဂုဏ်အယူခဲ့ရဆုံးအချိန်က ဘယ်အချိန်ပါလဲ။
ဖြေ။ TripAdvisor မှာပါ။ ကုမ္ပဏီကို အမြတ်ပေါ်အောင် ဘယ်လိုပြောင်းလဲမလဲဆိုတာကို ဖော်ထုတ်သိရှိခဲ့တဲ့ အချိန်ပါပဲ။ TripAdvisor ကိုရောင်းချမှု (၂၀၀၄ ခုနှစ်မှာ TripAdvisor ကို InterActive ကော်ပိုရေးရှင်းကြီးရဲ့ လက်ကို ရောင်းခဲ့ပါတယ်)၊ TripAdvisor ရဲ့ ဆက်လက်ကြီးထွားမှု (TripAdvisor ဟာ ၂၀၁၁ ခုနှစ်မှာ အများပိုင်ဖြစ်သွားခဲ့ပါတယ်)၊ အဲဒါတွေဟာ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ''ဘုရားရေ။ ကျုပ်တို့ အဲဒါကို လုပ်နိုင်ပြီဗျ။ ကျုပ်တို့ အလုပ်ပြုတ်မှာ မဟုတ်တော့ဘူး''လို့ ပြောခဲ့မိတဲ့ (၂၀၀၂ ခုနှစ်ထဲက) အဲဒီအချိန်ကလေးကတော့ အခုထက်ထိ အကောင်းဆုံး အချိန်ကလေးဖြစ်နေတုန်းပါပဲ။
မေး။ ကမ္ဘာပေါ်က ဘယ်နေရာကို လူကြီးမင်းအကြိုက်ဆုံးပါလဲ။
ဖြေ။ (သူနဲ့ သူ့ရဲ့ပထမဇနီး ပျားရည်ဆမ်းခရီးသွားခဲ့တဲ့) 'ဂျေရုစလင်'ကို ကျွန်တော်မကြာခဏ ရောက်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက (သူနဲ့ Howe ပျားရည်ဆမ်းခရီးသွားခဲ့တဲ့) တူရကီမှာ ကျွန်တော် တော်တော်ပျော်ခဲ့ရပါတယ်။ ဆောင်းလယ်ကာလမှာ 'ဘော့စတွန်' ကနေပြီး 'ခရစ်ဘီယံ' ဒေသကိုသွားရတာကို ကျွန်တော်အင်မတန်သဘောကျတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီခရီးကို လေယာဉ်နဲ့ ခဏကလေး ရောက်အောင်သွားနိုင်ပြီး ကမ်းခြေမှာ ရေငုပ်ရတာကိုလည်း သဘောကျလို့ပါ။
မေး။ အလုပ်ကိစ္စတွေနဲ့ ခရီးဘယ်လောက်များ လူကြီးမင်းသွားရပါသလဲ။
ဖြေ။ နယူးယောက်ကို နေ့ချင်းပြန်သွားတဲ့ ခရီးတွေကို ဖယ်လိုက်ရင်တော့ တစ်လတစ်ကြိမ်လောက် သွားရတယ်လို့ ပြောရမှာပါ။
ဇော်ဝင်းကြူ (ပျဉ်းမနား)