လွန်ခဲ့သည့် နှစ်နှစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် ဆိုးလ်ဟိုင်းမ်ဖလား (Solheim Cup) ပြိုင်ပွဲတွင် ဒုတိယဖိုးဘောပြိုင်ပွဲကာလ၌ ပြဿနာတစ်ခုတက်ခဲ့ပါသည်။ အမေရိကန်အသင်းမှ ဘရစ်တ်နီလင်စီကုမ်းနှင့် အယ်လစ်ဆင်လီးတို့သည် ဥရောပအသင်းမှ ဆူဇန်ပတ်တာဆင်၊ ချာလီဟားလ်တို့နှင့် ယှဉ်ပြိုင်ကစားနေခဲ့ရာ ဝမ်းအပ်ရခဲ့ပြီးမှ ကျင်း ၁၆ ၌ ရှုံးခဲ့သဖြင့် အောစကွဲဖြစ်ခဲ့ပါသည်။ ယင်းနောက်ကျင်း ၁၇ တွင် ဥရောပအတွဲ ''ပါ'' ရပြီးချိန်၌ အယ်လစ်ဆင်လီးက ရှစ်ပေဘာဒီပတ်ကပ်၍ လွဲသွားပြီးနောက် ၁၆ လက်မသာကွာဝေးသော ''ပါ'' ပတ်အားသွင်းရန် ပြင်ဆင်နေချိန်တွင် ''ရပြီ'' ဟု အသံတစ်ခုကြားမိသဖြင့် မသွင်းတော့ပဲ ဂေါက်သီးအားကောက်ယူလိုက်ပါသည်။
ထိုအချိန်တွင် ဥရောပအသင်းမှ ဆူဇန်ပက်တာဆင်က ဒိုင်လုပ်သူအား သူမတို့က ပေးပြီဟု မပြောရသေးကြောင်း၊ အယ်လစ်ဆင်ကောက်ယူလိုက်သဖြင့် သူတို့ကျင်း ရှုံးကြောင်းကန့်ကွက်ပါတော့သည်။ ပြဿနာများ ရှုပ်ထွေးကြပြီးနောက် ထိုကျင်းအားဥရောပအသင်းသို့ အနိုင်ပေးခဲ့ပါသည်။ စိတ်ဓာတ်အနေဖြင့် ယိမ်းယိုင်သွားခဲ့သော အမေရိကန်အတွဲမှာ ကျင်း ၁၈ တွင်လည်း ရှုံးကာ ၁၈ ကျင်းအပြီးတွင် တူးဒေါင်းဖြင့် ပွဲရှုံးခဲ့ပါသည်။ အယ်လစ်ဆင်လေးနှင့်အတူ အပျော်တမ်းဘဝထဲက ကမ္ဘာ့အကောင်းဆုံးအပျော်တမ်းမယ်ထဲ၌ ပါဝင်ခဲ့သူအင်္ဂလန်မှ ချာလီဟားလ်သည်လည်း အသက် ၁၉ နှစ်သာရှိသူလေးဖြစ်ရာ ပြိုင်ဘက်သူငယ်ချင်း အယ်လစ်ဆင် ငိုကြွေးသည်နှင့် သူကလေးလည်း မျက်ရည်များ ယိုစီးကျဆင်းခဲ့ပါသည်။ အမေရိကန်အသင်းမှာ တစ်ဦးချင်း ၁၂ ပွဲကစားရန်သာ ကျန်ရှိချိန်တွင် ၁၀ မှတ်-၆ မှတ်ဖြင့် ရှုံးနိမ့်နေခဲ့ပါသည်။
အဆိုပါ ဆူဇန်ပက်တာဆင်၏ လုပ်ရပ်မှာ များစွာဂယက်ထခဲ့ပါသည်။ အမေရိကန်အသင်းကပ္ပတိန်ဖြစ်သူ ဂျူလီအင့်ခ်စတာက အားကစားမဆန်ပဲ လောင်းကစားဆန်သောလုပ်ရပ်ဟု စွပ်စွဲခဲ့ပြီး ''ကိုယ်နဲ့ တိုးတစ်ခုတည်းကစားနေတဲ့ ကစားဖော်တွေအပေါ်မှာ ဒီလိုလုပ်တာ လုံးဝမမှန်ဘူး။ ပြိုင်ဘက်ကို လေးစားမှုမပြရာ ရောက်တယ်'' ဟု ပြောခဲ့သည်။ အမေရိကန်အသင်း၏ လက်ထောက်ကပ္ပတိန်မက်ဂ်မယ်လွန်က ''ဒီလုပ်ရပ်ဟာ ကြမ်းတမ်းလွန်းတယ်။ ဆိုးလ်ဟိုင်းမ်မိသားစု (ဖလားချီးမြှင့်သူ) ရဲ့ တကယ့်ဆန္ဒအမှန်နဲ့ ဆန့်ကျင်ဘက်ပဲ'' ဟု ဆိုသည်။
အများက ထိုလုပ်ရပ်မှာ အားကစားစိတ်ဓာတ်မရှိသောလုပ်ရပ်ဟု ပြောနေသည့်ကြားမှ ကာယကံရှင် ဆူဇန်ပက်တာဆင်က ဤအခြေအနေမျိုး ထပ်ဖြစ်ဦးမည်ဆိုပါက ဤသို့ပင် လုပ်ဦးမည်ဖြစ်ကြောင်း ခေါင်းမာစွာ တုံ့ပြန်ခဲ့ပါသည်။ အမျိုးသမီးမေဂျာပွဲကြီးလေးပွဲဗိုလ်စွဲထားပြီး ဤဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲတွင် ၁၂ ကြိမ်ပင် ဥရောပအသင်းကို ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ဂေါက်သီးမော်ကွန်းဝင် အသက် ၅၂ နှစ်ရှိ အင်္ဂလိပ်ဂေါက်သီးမယ်ကြီး လော်ရာဒေးဗစ်စ်က ဆူဇန်ပက်တာဆင်၏ လုပ်ရပ်အပေါ် ''စက်ဆုပ်စရာပါ၊ ပက်တာဆင်က သူ့သိက္ခာအပြင် ဥရောပအသင်းရဲ့သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်။ ဒီနှစ် ဥရောပအသင်းမှာ ကျွန်မမပါတာ တော်တော်ဝမ်းသာတယ်'' ဟူ၍ပင် ပြောခဲ့ပါသည်။
ဂေါက်သီးသတင်းထောက်တစ်ဦးက ပက်တာဆင်၏ ထိုဖိုးဘောပွဲအနိုင်ရမှုအား "Pyrrhic" ဟုဆိုခဲ့ပါသည်။ "Pyrrhic" ၏ အဓိပ္ပာယ်မှာ ''များစွာသေကြေပြီးမှ အနိုင်ရခြင်း''ပါ။
ထိုစဉ်က ဥရောပအသင်းသည် ၁၀ မှတ် ၆ မှတ်ဖြင့် အသာစီးရခဲ့ပြီးနောက် ဆက်ကစားရသော တစ်ဦးချင်း ၁၂ ပွဲ၏ ပေးမှတ် ၁၂ မှတ်၌ ၄ မှတ်ခွဲရလျှင်ပင် အနိုင်ရသူဖြစ်လာမည့် အခြေအနေဖြစ်ခဲ့ပါသည်။ အိမ်ရှင်မှာလည်း ဥရောပအသင်းဖြစ်နေပေရာ အမေရိကန်အသင်း အနိုင်ရရန်မှာ ဖြစ်နိုင်ခြေမရှိသလောက်ဟု မှန်းဆခဲ့ကြပါသည်။ သို့သော် မခံချင်စိတ်များ အထူးတက်ကြွနေသော အမေရိကန်အသင်းက ၈ မှတ်ခွဲရသွားပြီး ဥရောပအသင်းက ၃ မှတ်ခွဲသာရကာ စုစုပေါင်းတွင် အမေရိကန်အသင်းက ၁၄ မှတ်ခွဲ-၁၃ မှတ်ခွဲဖြင့် ရာဇဝင်၌မရှိခဲ့သော နောက်မှလိုက်၍ ပြန်လည်အောင်နိုင်သည့် အကြီးကျယ်ဆုံးအောင်ပွဲသို့ ရသွားခဲ့ပါသည်။
အမေရိကန်အသင်းသူများသည် အလွန်အမင်း ပျော်မြူးဝါကြွားနိုင်ခဲ့ကြသည်။ ''သေချာပေါက် အဝါးအစားခံရတော့မယ့် အာခံတွင်းထဲကနေ ဖောက်ထွင်းနိုင်ခဲ့ပြီ'' ဟူ၍လည်းကောင်း၊ ''အရှုံးမပေးတဲ့ စိတ်ဓာတ်၊ မြင့်မားတဲ့ အရည်အသွေး၊ ဖြောင့်မတ်တဲ့ အသည်းနှလုံး၊ လောင်မြိုက်နေတဲ့ ဆန္ဒမီးတွေနဲ့ ကစားခဲ့တာပါ'' ဟူ၍လည်းကောင်း၊ ''ဆိုးလ်ဟိုင်းမ်ဖလား၏ မှားယွင်းနေသော ကိစ္စရပ်များအား အမေရိကန်အသင်းက ပြန်လည်တည့်မတ်နိုင်ခဲ့ပါပြီ'' ဟူ၍လည်းကောင်း ကြွေးကြော်ခဲ့ကြသည်။
ပြိုင်ပွဲအပြီး တစ်ရက်ကြာပြီးနောက်တွင်မှ ဆူဇန်ပက်တာဆင်က Instagram သူမ၏စာမျက်နှာ၌ ''နှလုံးသားထဲမှ ခံစားထွက်ပေါ်လာသော တောင်းပန်ချက်'' ဟူ၍ တောင်းပန်စာကိုဖော်ပြခဲ့ပါသည်။ ''ပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာ မျက်စေ့တစ်ဆုံးမြင်ကွင်းကျယ်ကျယ် တွေးခေါ်မှုမလုပ်ခဲ့မိလို့ အလွန်တစ်ရာဝမ်းနည်းမိပါတယ်။ လူကြီးလူကောင်းပီသရမဲ့ ဂေါက်သီးအားကစားနည်းနဲ့ အားကစားစိတ်ဓာတ်တွေကိုပစ်ပယ်ပြီး အမှတ်တစ်မှတ်ရဖို့လေး ကြိုးပမ်းမိခဲ့ပါတယ်။ အားလုံးက ကျွန်မကို ပြင်းပြင်းထန်ထန် ကြိုးစားသူ၊ တရားမျှတသူနဲ့ ဂေါက်သီးအားကစားကို မှန်ကန်စွာ ကစားသူတစ်ယောက်လို့ ပြန်လည်ယုံကြည်မှုရလာအောင် ကျွန်မအစွမ်းကုန်ကြိုးပမ်းပါ့မယ်'' ဟု ပါရှိခဲ့ပါသည်။
နှစ်နှစ်တစ်ကြိမ်ကျင်းပသော အဆိုပါပြိုင်ပွဲသည် ၂၀၁၇ ခုနှစ်၌ ၁၅ ကြိမ်မြောက်အဖြစ် ကျင်းပရန်ဖြစ်လာပါသည်။ ၂၀၁၅ ခုနှစ်က ဥရောပမြေကျင်းပခဲ့ရာ ယခုနှစ်တွင် အမေရိကန်မြေ၌ ကျင်းပရန်အလှည့်ကျပါသည်။ ကျင်းပပြီးသမျှ ၁၄ ကြိမ်တွင် အမေရိကန်အသင်းက ၉ ကြိမ်၊ ဥရောပအသင်းက ၅ ကြိမ်အောင်နိုင်ခဲ့ကြသည်။ ဥရောပအသင်းသည် ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်များကလည်း နှစ်ကြိမ်ဆက်တိုက် အနိုင်ရထားခဲ့ရာမှာ ၂၀၁၅ ခုနှစ်တွင် သုံးကြိမ်ဆက်တိုက်အဖြစ် သေချာပေါက် အနိုင်ရသည့်အနေအထားမှ ရှုံးနိမ့်ခဲ့ပါသည်။ ဖြစ်ခဲ့သော ပြဿနာများကြောင့်လည်း ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲမှာ ပိုမိုထင်ရှားလာခဲ့ပါသည်။ ဆိုးလ်ဟိုင်းမ်ဖလားဟူသည်မှာ မည်သည့်ပြိုင်ပွဲပါနည်း။
ဆိုးလ်းဟိုင်းမ်းဖလားမှာ အမျိုးသမီးဂေါက်သီးလောက၏ အသင်းလိုက်ဂေါက်သီးပြိုင်ပွဲများတွင် အကျော်ကြားဆုံးပြိုင်ပွဲဖြစ်ပါသည်။ အမေရိကန်အမျိုးသမီး ပရိုအသင်းနှင့် ဥရောပအမျိုးသမီးပရိုအသင်းတို့ နှစ်နှစ် တစ်ကြိမ် သူ့မြေကိုယ့်မြေတစ်လှည့်စီ ဧည့်ခံကျင်းပပေးကြရသည်။ အမျိုးသားပရိုများ၏ ရိုက်ဒါဖလား (Ryder Cup) နှင့် တစ်သဘောတည်းဖြစ်ပါသည်။ တစ်သင်း၌ ပြိုင်ပွဲဝင် ၁၂ ဦးစီပါရှိသည်။ အားလုံးမှာ မက်ချ်ပလေး (Match Play) ပွဲများချည်းဖြစ်ပြီး စုစုပေါင်း ၂၈ ပွဲ ယှဉ်ပြိုင်ရသည်။ ပထမနေ့တွင် ဖိုးဆမ်း (Foursome) လေးပွဲနှင့် ဖိုးဘော (Fourball) ၄ ပွဲ၊ ဒုတိယနေ့တွင်လည်း ပထမနေ့ကအတိုင်း ၈ ပွဲနှင့် နောက်ဆုံးနေ့တွင် တစ်ဦးချင်း ၁၂ ပွဲ ကစားကြရသည်။
အမှတ်ပေးပုံမှာ နိုင်လျင်တစ်မှတ်၊ သရေကျလျှင် အမှတ်ဝက်နှင့် ရှုံးလျှင်အမှတ်မရသော စနစ်ဖြစ်ပါသည်။ ၂၈ ပွဲအတွက် စုစုပေါင်း ၂၈ မှတ်ပေးထားပေရာ အမှတ်ပိုရသောအသင်းက ထိုနှစ်အတွက် အနိုင်ရသူအဖြစ် သတ်မှတ်ခံရပြီး ဖလားအား နှစ်နှစ်တာ ထိန်းသိမ်းခွင့်ရပါမည်။ ၁၄ မှတ်ချင်းတိုက်နေပါက သရေပွဲဟု သတ်မှတ်ပါသည်။
ဤဖလားအား ကာစတန်ဆိုးလ်ဟိုင်းမ်က တီထွင်ဖန်တီးချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။ ကာစတန်ဆိုးလ်ဟိုင်းမ်သည် နော်ဝေဇာတိအမေရိကန်လူမျိုးဖြစ်ပြီး နာမည်ကျော် PING ဂေါက်တုတ်များကို တီထွင်ထုတ်လုပ်ခဲ့သူ ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်က ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး စုံဂဏန်းကျသော ခုနှစ်များတွင်သာ ကျင်းပခဲ့ရာမှ ၂၀၀၁ ခုနှစ်က စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကြီးဖြစ်ပွားခဲ့သဖြင့် ရိုက်ဒါဖလားပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်လိုက်ရပေရာ ရိုက်ဒါဖလားမကျင်းပသောခုနှစ်တွင်မှ ကျင်းပလေ့ရှိသည့် ဆိုးလ်ဟိုင်းမ်ဖလားကိုလည်း တစ်နှစ်နောက်ဆုတ်ခဲ့ရသည်။ ထို့ကြောင့် ဆိုးလ်ဟိုင်းမ်းဖလားသည် ၂၀၀၃ ခုနှစ်မှစ၍ မဂဏန်းကျသော ခုနှစ်များတွင် ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲအား သြဂုတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်ရှိ Des Moines ဂေါက်ကလပ်တွင် ကျင်းပခဲ့ပါသည်။ အမေရိကန်အသင်းကပ္ပတိန်မှာ အမျိုးသမီးမေဂျာပွဲကြီး ၇ ပွဲ ဗိုလ်စွဲခဲ့သူ မော်ကွန်းဝင် ဂေါက်သီးမယ် ၂၀၁၅ ခုနှစ်ကလည်း ကပ္ပတိန်လုပ်ခဲ့သူ ဂျူလီအင့်ခ်စတာဖြစ်ပြီး ဥရောပအသင်းကပ္ပတိန်မှာ အမျိုးသမီးမေဂျာပွဲကြီး ၁၀ ပွဲ ဗိုလ်စွဲခဲ့သူ ဆွီဒင်မှ ကမ္ဘာ့နံပါတ်တစ်ဟောင်း မော်ကွန်းဝင်ဂေါက်သီးမယ် အန်နီကာဆိုရမ်စတမ် ဖြစ်ပါသည်။ လူ ၁၂ ဦးအား ရွေးချယ်ရာတွင် အမေရိကန်အသင်း၌ အမှတ်ဇယားများအရ အရွေးခံရသူ ၁၀ ဦးနှင့် ကပ္ပတိန်က ဖြည့်စွက်ရွေးချယ်ရသော ကောက်ရွေးက ၂ ဦးပါရှိပြီး ဥရောပအသင်း၌မူ အမှတ်ဇယားများအရ အရွေးခံရသူ ၈ ဦးနှင့် ကပ္ပတိန်၏ ကောက်ရွေး ၄ ဦးတို့ပါ ရှိပါသည်။
အမှတ်ဇယားများ၌ အမေရိကန်အသင်းအတွက်ရော ဥရောပအသင်းအတွက် ပါဇယားနှစ်ခုစီရှိပါသည်။ အမေရိကန်အသင်းက ဆိုးလ်ဟိုင်းမ်ဖလားအမှတ်ဇယားမှ ထိပ်ဆုံး ၈ ဦးနှင့် ရိုးလက်စ်ဇယားခေါ် ကမ္ဘာ့ဂေါက်သီးမယ်အဆင့်ဇယားမှ ၂ ဦးကို ရွေးချယ်သည်။ ဥရောပအသင်းကမူ ဥရောပဆိုးလ်ဟိုင်းမ်ဖလားအမှတ်ဇယားမှ ၄ ဦးနှင့် ကမ္ဘာ့ဂေါက်သီးမယ်အဆင့်ဇယားမှ ၄ ဦးရွေးချယ်သည်။ ဥရောပဂေါက်သီးမယ်များအနက်လူတော်များမှာ အမေရိကန်အယ်လ်ပီဂျီအေတိုး၌ သွားရောက်အခြေချကာ ကစားနေကြပေရာ ဥရောပဂေါက်သီးတိုးမှ လူများကိုသာ ရွေးလိုက်ပါက အမေရိကန်ရောက်လူတော်များ ကျန်ရစ်ခဲ့မည်ဖြစ်သဖြင့် အသင်းအင်အားတောင့်တင်းစေရန် ယခုကဲ့သို့မူချခဲ့ရခြင်းပါ။
ဥရောပအသင်းတွင် လွန်ခဲ့သည့် ၂ နှစ်က ပြဿနာရှာခဲ့သူအဖြစ် နာမည်ပျက်ခဲ့သူ နော်ဝေဂေါက်သီးမယ် ဆူဇန်ပက်တာဆင် ပြန်လည်ပါဝင်လာခဲ့ပြန်ပါသည်။ သူမက ဥရောပအသင်း၏ ကမ္ဘာ့ဂေါက်သီးမယ် အဆင့်ဇယား၌ ဒုတိယနေရာတွင်ရှိနေပေရာ အလိုအလျောက် လက်ရွေးစင်ဖြစ်ခဲ့သည်။ အမှန်တော့ သူမသည် အလွန်ဂေါက်သီးထူးချွန်သူပါ။ ၃၆ နှစ်ပြီဖြစ်သော သူမကအမျိုးသမီးမေဂျာပွဲကြီး ၂ ပွဲအပါအဝင် အယ်လ်ပီဂျီအေတိုး ၁၅ ပွဲပင် ဗိုလ်စွဲထားပြီးဖြစ်သည်။ အခြားဥရောပအမျိုးသမီးတိုးပြိုင်ပွဲ ၆ ပွဲလည်း အောင်နိုင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၌ ပြိုင်ပွဲပေါင်း ၆ ပွဲ ဗိုလ်စွဲပြီးနောက် ဒီဇင်ဘာလတွင် သူမသည် နာမည်ကျော်အန်နီကာဆိုရမ်စတမ်နှင့် ကာရီဝက်ဘ်တို့ကို ကျော်လွှားကာ လိုရင်နာအိုချောနောက်တွင် ကမ္ဘာ့အဆင့်နှစ်နေရာသို့ ရောက်ခဲ့ပါသည်။ ယင်းနောက် အဆင့်ပြန်ကျသွားပြီးနောက် ၂၀၁၁ ခုနှစ် သြဂုတ်လတစ်လထဲတွင်ပင် အယ်လ်ပီဂျီအေတိုးတစ်ပွဲနှင့် ဥရောပအမျိုးသမီးတိုး တစ်ပွဲဗိုလ်စွဲလိုက်သည့်အခါ ထိုစဉ်ကကမ္ဘာ့အဆင့်တစ်ဖြစ်နေသူ ယာနီဆိန်းနောက်တွင် ကမ္ဘာ့အဆင့်နှစ်ပြန်ဖြစ်လာခဲ့ပြန်ပါသည်။ ယင်းနောက်အဆင့်ကျသွားပြန်ပြီး ၂၀၁၃ ခုနှစ်၌ မေဂျာပွဲကြီးတစ်ပွဲအပါအဝင် အယ်လ်ပီဂျီအေတိုး ၄ ပွဲနှင့် ဥရောပအမျိုးသမီးတိုးတစ်ပွဲ အောင်နိုင်လိုက်သည့်အခါ ကမ္ဘာ့အဆင့်နှစ်ပြန်ဖြစ်လာခဲ့ပြန်ပါသည်။ ယနေ့အခါတွင်မူ သူမသည် ကမ္ဘာ့အဆင့်၌ အမှတ်စဉ် ၂၄ ဝယ် ရှိနေပါသည်။ သူမသည် ဆိုးလ်ဟိုင်းမ်ဖလားပွဲပေါင်း ၈ ကြိမ်ပင် ပါဝင်ကစားခဲ့ပြီး ဖြစ်ပါသည်။
ဆူဇန်ပက်တာဆင်သည် ၂၀၁၇ ခုနှစ် ဆိုးလ်ဟိုင်းမ်ဖလားမကျင်းပမီ ၂ ရက်အလို သြဂုတ်လ ၁၆ ရက်နေ့တွင် မကြာခဏဖြစ်ပေါ်နေလေ့ရှိသည့် ကျောနာဒဏ်ရာက ပြန်ထလာသဖြင့် အသင်း၌ ပါဝင်မကစားနိုင်တော့ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်၍ ပြောဆိုကာ အသင်းမှ နှုတ်ထွက်ခဲ့ပါသည်။ သူက ကျန်အသင်းဝင်များနှင့်အတူ ပြိုင်ပွဲယှဉ်ပြိုင်ရမည့် ဂေါက်ကွင်းတွင် လေ့ကျင့်နေသည့် ကာလတွင်မှ ဖြစ်ခဲ့ခြင်းပါ။ သူမ၏နေရာတွင် စကော့တလန်ဂေါက်သီးမယ် ကက်ထရီယိုနာမက်သယူး ကို အသင်းကပ္ပတိန်အင်နီကာ ဆိုရမ်စတမ်က အစားထိုးထည့်သွင်းခဲ့သည်။ မက်သယူးသည် ယခုနှစ်အသင်း၌ လက်ထောက်ကပ္ပတိန်တာဝန်ပေးခြင်း ခံထားရသူ ဖြစ်ပါသည်။
အသက် ၄၇ နှစ် ရှိပြီဖြစ်သော မက်သယူးသည် အမျိုးသမီးမေဂျာပွဲကြီးတစ်ပွဲဖြစ်သော အမျိုးသမီးဗြိတစ်ရှ်အိုးပင်းအား ၂၀၀၉ ခုနှစ်က ဗိုလ်စွဲနိုင်ခဲ့သည်။ အယ်လ်ပီဂျီအေတိုးလေးပွဲနှင့် အခြားဥရောပအမျိုးသမီးတိုး ငါးပွဲအောင်နိုင်ခဲ့သည်။ ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲ၌ ဥရောပအသင်းတွင် ရှစ်ကြိမ်ပင်ပါဝင်ခဲ့ဘူးပြီးလာမည့် ၂ နှစ်အကြာတွင် ကျင်းပမည့် ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲအတွက် ဥရောပအသင်းကပ္ပတိန်အဖြစ် လျာထားခြင်းခံရသူလည်းဖြစ်သည်။ အသင်းမှ နှုတ်ထွက်သွားသော သူဇန်ပက်တာဆင်အား လက်ထောက်ကပ္ပတိန်အဖြစ် ခန့်အပ်ခဲ့ပါသည်။
အမေရိကန်အသင်းတွင်လည်း အမှတ်အရအလိုအလျောက် အရွေးခံထားရသူ ဂျက်စီကာကော်ဒါမှာ ပြိုင်ပွဲနီးမှ လက်ဖျံနာကျင်မှုဝေဒနာကြောင့် ပါဝင်မကစားနိုင်ပဲ ဖြစ်ခဲ့ပါသည်။ အသင်းကပ္ပတိန်ဂျူလီအင်ခ်စတာက သြဂုတ်လဆန်း၌ ကပ္ပတိန်၏ကောက်ရွေးနှစ်ဦးအဖြစ် ရွေးချယ်ခဲ့ရာတွင် အများကရွေးမည်ဟု မျှော်လင့်ထားသော ပန်းရောင်ဂေါက်သီးမယ်လေးဟု နာမည်ကျော်သည့် ပေါ်လာခရင်မာအား မရွေးချယ်ခဲ့ပါ။ အသက် ၂၅ နှစ်ရှိ အော်စတင်အန်စ်နှင့် အသက် ၁၈ နှစ်သာရှိသော တက်သစ်စဂေါက်သီးမယ်လေး အိန်ဂျယ်ယင်းန်တို့အား ရွေးထားခဲ့ပါသည်။ ဂျက်စီကာကော်ဒါ မကစားနိုင်၍ လူစားတစ်ယောက်လိုသည့်အခါတွင်မှ ပေါ်လာခရင်မာအား ရွေးလိုက်ရာ ခရင်မာသည် ဆိုးလ်ဟိုင်းမ်ဖလားအမေရိကန်လက်ရွေးစင်အသင်း၌ ခုနစ်ကြိမ်မြောက်အဖြစ် ပါဝင်ခွင့်ရခဲ့ပါသည်။
သြဂုတ်လ ၁၉ ရက် သောကြာနေ့တွင် ပြိုင်ပွဲကြီးစတင်ပါသည်။ ဥရောပအသင်းဘက်မှရော၊ ယူအက်စ်အေအသင်းဘက်မှပါ ပရိတ်သတ်များ တစ်ခဲနက်အားပေးခဲ့ကြသည်။ နံနက်ပိုင်းတွင် တစ်ယောက်တစ်လှည့်စီ ရိုက်ရသောဖိုးဆမ်းလေးပွဲ စတင်ကစားခဲ့ရာ ဥရောပအသင်းက နှစ်ပွဲနိုင်တစ်ပွဲသရေတစ်ပွဲရှုံးဖြင့် အသာရခဲ့သည်။ ဥရောပက ၂ မှတ်ခွဲ၊ ယူအက်စ်အေက ၁ မှတ်ခွဲဖြစ်သည်။ လေးပွဲလုံးမှာ အကြိတ်အနယ်ရှိခဲ့ပါသည်။ ကိုယ့်ဂေါက်သီး ကိုယ်ရိုက်ရသော မွန်းလွဲပိုင်းဖိုးဘောလေးပွဲတွင် ရာဇဝင်၌ မရှိခဲ့သော လေးပွဲစလုံးအနိုင်ရမှုကို ယူအက်စ်အေအသင်းက ရသွားခဲ့သည်။ ပထမနေ့အပြီးတွင် ယူအက်စ်အေအသင်းက ၅ မှတ်ခွဲ၊ ၂ မှတ်ခွဲဖြင့် အသာရခဲ့သည်။ ပြိုင်ပွဲရာဇဝင်၌ ပထမနေ့အမှတ်ဖြတ်နိုင်မှု စံချိန်သစ်လည်းဖြစ်သည်။
စနေနေ့၌ ပြိုင်ပွဲဆက်ခဲ့ရာ နံနက်ပိုင်းဖိုးဆမ်း ၄ ပွဲ၌ တစ်ဖက်နှစ်ပွဲစီနိုင်ခဲ့ကြပြီး မွန်းလွဲပိုင်း ဖိုးဘော ၄ ပွဲတွင် ယူအက်စ်အေက ၃ ပွဲနိုင်ပြီး ဥရောပက တစ်ပွဲသာ နိုင်ခဲ့ပါသည်။ ထို့ကြောင့် နှစ်ရက်ပေါင်း ၁၆ ပွဲအပြီးတွင် ယူအက်စ်အေအသင်းက ၁၀ မှတ်ခွဲ၊ ၅ မှတ်ခွဲဖြင့် အပြတ်အသာရနေပါသည်။
ဥရောပအသင်းမှ ဆွီဒင်သူအင်နာနောကွစ်စ်သည် နှစ်ရက်အပြီး ကစားပြီးသမျှ သုံးပွဲစလုံးအနိုင်ရသူ ဖြစ်ခဲ့ပါသည်။ ယူအက်စ်အေအသင်းမှ ခရစ်စ်တီကားရ်နှင့် လက်စီသွမ်ဆင်တို့ နှစ်ဦးသည်လည်း ရှုံးပွဲမရှိသေးပဲ နှစ်ပွဲနိုင်တစ်ပွဲသရေရထားပါသည်။ ဘရစ်တ်နီလင်စီကုမ်းနှင့် ဘရစ်တ်နီလန်းဂ်တို့ ဖိုးဘောအတွဲသည် ဘာဒီများစွာရခဲ့သည်။ လင်စီကွမ်းက ထွက်ထွက်ချင်းခြောက်ကျင်းစလုံး၌ ဘာဒီများ ဆက်တိုက်ရခဲ့သည်။ သူတို့နှင့် ယှဉ်ပြိုင်ကစားနေသော ဥရောပအသင်းမှ ကာလော့တာ စီဂန်ဒါနှင့် မဲလ်ရိဒ်တို့ကလည်း လက်ကောင်းနေခဲ့ကြသည်။ ဥရောပအတွဲသည် ပထမ ၁၅ ကျင်း၌ ဘာဒီ ၁၀ ကျင်းပင်ရခဲ့သည်။ ကျင်း ၁၈ တွင်မှ ယူအက်စ်အေအသင်းက တူးအပ်ဖြင့် အနိုင်ရခဲ့သည်။ ဘာဒီအများဆုံးလေးဦးပင် ဖြစ်ပါသည်။
ဥရောပအသင်းမှာ အမှတ်ပြတ်ကျန်နေခဲ့သော်ငြားလည်း ကပ္ပတိန်ဖြစ်သူ ဆိုရမ်စတမ်က အနိုင်ရရန်ဖြစ်နိုင်ပါသေးသည်ဟု စနေနေ့ညက ဆိုသည်။ ဆိုရမ်စတမ်သည် မေဂျာပွဲကြီး ၁၀ ပွဲအပါအဝင် အယ်လ်ပီဂျီအေတိုး ပွဲပေါင်း ၇၂ ပွဲအောင်နိုင်ထားသူဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲများရာဇဝင်တွင် ၅၉ ချက်ကွင်းပတ်ကို ရိုက်နိုင်ခဲ့သည့် တစ်ဦးသောဂေါက်သီးမယ်ဖြစ်ပါသည်။ အမျိုးသားများ၏ ရိုက်ဒါဖလားပြိုင်ပွဲတွင် နှစ်ရက်အပြီး ၁၀ မှတ် ၆ မှတ်ဖြင့် ရှုံးနိမ့်နေသောအသင်းက နောက်ဆုံးနေ့တွင် ပြန်လည်အနိုင်ရမှုနှစ်ကြိမ်ရှိခဲ့ဖူးပြီး လွန်ခဲ့သည့် ၂ နှစ်က ဆိုးလ်ဟိုင်းမ်းဖလားပြိုင်ပွဲတွင်လည်း သူမလက်ထောက် ကပ္ပတိန်လုပ်ခဲ့သည့် ဥရောပအသင်းက ၁၀ မှတ် ၆ မှတ် အသာရနေရာမှ ရှုံးနိမ့်မှုဖြစ်ခဲ့ပါသည်။ ထိုသာဓကများအရ ၅ မှတ်ပြတ်ကျန်နေသော်လည်း ဖြစ်နိုင်ပါသေးသည်ဟု ဆိုရမ်စတမ်ကပြောခဲ့ခြင်းပါ။
တနင်္ဂနွေနေ့၌ တစ်ဦးချင်း ၁၂ ပွဲကျင်းပခဲ့ပါသည်။ အမှတ်ပြတ်နေသော ဥရောပအသင်းက အမှတ်အမြန်ဆုံးပြန်မီစေရန် အကောင်းဆုံးလူများကို ရှေ့ပိုင်း၌ ပွဲထုတ်ခဲ့သည်။ ပွဲတိုင်းနိုင်နေသော ဆွီဒင်သူနောကွစ်စ်က ပွဲစဉ် (၁) အဖြစ် စာရင်းပေးခဲ့ရာတွင် ယူအက်စ်အေအသင်းကလည်း ရှုံးပွဲမရှိသေးသော လက်ရှိကမ္ဘာ့အဆင့်နှစ်ဖြစ်နေသူ လက်စီသွမ်ဆင်ဖြင့် ရင်ဆိုင်ခဲ့သည်။ ဤပွဲမှာ အလွန်အမင်း စိတ်ဝင်စားစရာဖြစ်ခဲ့သဖြင့် ဖော်ပြရန် စကားလုံးပင်ရှာမတွေ့ပါဟု သတင်းမီဒီယာဆရာတစ်ဦးက ဆိုခဲ့ပါသည်။ သွမ်ဆင်သည် ထွက်ထွက်ချင်း လေးကျင်းဆက်တိုက်ရှုံးကာ ဖိုးဒေါင်းဖြစ်နေခဲ့သည်။ ကပ္ပတိန်ဂျူလီအင့်စ်စတာက အသက် ၂၂ နှစ်သာ ရှိသေးသော သွမ်ဆင်အား ဖိုးဒေါင်းဖြစ်နေချိန်တွင် ဖက်ရမ်းပွေ့ပိုက်၍ ခေါင်းမော့ထားရန် အားပေးကာ အကောင်းဆုံးလက်ရည်ပြန်ရစေရန် တွန်းပို့ခဲ့ပါသည်။ သူမသည် ကိုးကျင်းအပြီးအထိ ဖိုးဒေါင်းရှုံးနေဆဲပါ။ ကျင်း ၁၀ မှစ၍ ခုနစ် ကျင်းကာလလေးအတွင်း ကမ္ဘာ့နံပါတ်နှစ်သို့ရောက်လာသည့် လက်ရည်ကို သူမကပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ ထိုခုနစ်ကျင်းအား ရှစ်ချက်လျော့ရိုက်ပစ်နိုင်ခဲ့သည်။ ကျင်း ၁၆ အပြီးတွင် သူမက နောကွစ်စ်အပေါ် ဝမ်းအပ်ပင်ပြန်ရခဲ့ပါသည်။
ကျင်း ၁၁ ပါဖိုး၌ နောကွစ်စ်၏ ဘာဒီပတ်က ကျင်းပေါက်နားတွင် ကပ်နေစဉ်ဝယ် သူမကဖဲဝေးမှ ဒုတိယရိုက်ချက်တန်းလိမ့်ဝင်အောင်ရိုက်နိုင်ခဲ့ပြီး အီဂယ်ရလိုက်သည်မှာ တန်ဖိုးရှိလှပါသည်။ ကျင်း ၁၅ ပါဖိုက်၌လည်း ပေ ၃၀ အီဂယ်ပတ်ကိုဝင်အောင်သွင်းကာ အနိုင်ရခဲ့သည်။ ကျင်း ၁၆ ၌ဘာဒီရသည့်အခါ ဝမ်းအပ်ဖြစ်လာသည်။ ကျင်း ၁၇ ၌ တိုက်ခဲ့ကြပြီးနောက် ကျင်း ၁၈ ပါ ဖိုးတွင် နောကွစ်စ်၏ ဒုတိယရိုက်ချက်အလွန်ကောင်းသွားကာ ကျင်းပေါက်နားတစ်ပေခန့်အထိ ကပ်သွားခဲ့သောကြောင့် ၁၈ ကျင်းအပြီးတွင် သရေပွဲဖြစ်ခဲ့ပါသည်။ ဤပွဲသည် ဂေါက်သီးသမိုင်းတွင် အကောင်းဆုံးတစ်ဦးချင်းပွဲအဖြစ် မှတ်တမ်းတင်ကျန်ရစ်မည်မှာ သေချာနေပါသည်။
ကျန် ၁၁ ပွဲတွင် တစ်ပွဲသရေကျပြီး ယူအက်စ်အေက ၅ ပွဲနိုင် ဥရောပက ၅ ပွဲနိုင်ရလဒ်ဖြစ်ခဲ့သဖြင့် စုစုပေါင်းတွင် ယူအက်စ်အေက ၁၆ မှတ်ခွဲ၊ ဥရောပက ၁၁ မှတ်ခွဲဖြင့် ယူအက်စ်အေအသင်းက အနိုင်ရခဲ့ပါသည်။
ယူအက်စ်အေအသင်းသူ အသက် ၃၉ နှစ်ရှိ ခရစ်စ်တီကားရ်သည် ယခုနှစ်ပါဆိုလျင် ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲ၌ ၉ ကြိမ် ဆက်တိုက်ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်၌ရခဲ့သော အမှတ် ၃ မှတ်ခွဲပါဆိုလျှင် တစ်သက်တာအမှတ်ပေါင်း ၁၉ မှတ်ရခဲ့ပါပြီ။ ယူအက်စ်အေအသင်းသူများအနက် ယခင်က အမှတ်အများဆုံးစံချိန်ရှင်မှာ ယခုပွဲ၌ ကပ္ပတိန်လုပ်နေသော ဂျူလီအင့်ခ်စတာပါ။ သူမက တစ်သက်တာအမှတ်ပေါင်း ၁၈ မှတ်ခွဲရထားခဲ့ရာ ယခုကားရ်က စံချိန်ချိုးနိုင်ခဲ့ပါသည်။ အမျိုးသမီးမေဂျာပွဲကြီးနှစ်ပွဲအောင်နိုင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့နံပါတ်တစ်နေရာကိုရခဲ့သူ ကားရ်သည် အလွန်စိတ်ဓာတ်ကောင်းမွန်ပြင်းထန်သူပါ။ သူအသင်း၌ပါတိုင်း အလွန်အားကိုးရသည်။ ယခုလို အသင်းလိုက်ပြိုင်ပွဲများ၌ ကပ္ပတိန်တိုင်းက ပါဝင်စေလိုသော လူမျိုးဖြစ်ပါသည်။
အသက် ၃၁ နှစ်ရှိပြီဖြစ်ကာ ပန်းရောင်ဂေါက်သီးမယ်ဟု ကျော်ကြားသော ချောမောလှပသည့် ပေါ်လာခရင်မာသည် ယခုနှစ်၌ရခဲ့သည့် အမှတ် ၃ မှတ်ကြောင့် ဆိုးလ်ဟိုင်းမ်ဖလား တစ်သက်တာရမှတ်ပေါင်းတွင် ၁၈ မှတ်ခွဲသို့ ရောက်လာပါသည်။ အမှတ်အများဆုံးအဆင့်၌ ဒုတိယဖြစ်သည်။ ယခုအကြိမ်သည် သူမအတွက် ခုနစ်ကြိမ်ဆက်တိုက်လက်ရွေးစင် ဖြစ်ခြင်းပါ။ ၂၀၁၀ ပြည့်နှစ် ယူအက်စ်အမျိုးသမီးအိုးပင်းမေဂျာပွဲကြီးအပါအဝင် အယ်လ်ပီဂျီအေတိုး စုစုပေါင်း ၁၀ ပွဲ ဗိုလ် စွဲထားသူခရင်မာသည် ကမ္ဘာ့အဆင့်ဇယား၌ ဒုတိယနေရာအထိ ရောက်ခဲ့ဘူးသူပါ။
လွန်ခဲ့သည့် ၂ နှစ်က ဆိုးလ်ဟိုင်းမ်ဖလားပွဲတွင် ကပ္ပတိန်ဂျူလီအင့်ခ်စတာက ခရင်မာအား ကောက်ရွေးနှစ်ဦးထဲမှ တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။ ကမ္ဘာ့အဆင့်တွင် နိမ့်ကျနေသောသူမအား ရွေးခဲ့သဖြင့် အများပြောစရာ ဖြစ်ခဲ့သော်လည်း ခရင်မာက နှစ်ပွဲနိုင် နှစ်ပွဲရှုံးဖြင့် အမှတ် ၂ မှတ်ရယူပေးခဲ့သည်။ ယခုနှစ်တွင် ကပ္ပတိန်ဂျူလီအင့်ခ်စတာက သူမအား ကောက်ရွေးနှစ်ဦးတွင် ထည့်သွင်းရွေးချယ်ခြင်းမပြုခဲ့ပါ။ နောက်ဆုံးမိနစ်တွင် လက်ရွေးစင်ဂျက်စီကာကော်ဒါမကစားနိုင်တော့မှ သူမအားရွေးချယ်ခဲ့ခြင်းပါ။ ယခုနှစ်တွင်မူ သူမသည် သုံးပွဲနိုင်တစ်ပွဲရှုံးဖြင့် အသင်းအတွက် ၃ မှတ်ရှာပေးခဲ့သည်။ သူမသည်လည်း ခရစ်စ်တီကားရ်ကဲ့သို့ပင် အသင်းစိတ်ဓာတ်အပြည့်ရှိသူ၊ ခေါင်းဆောင်နိုင်သူ၊ အားကိုးရသူတစ်ဦးပါ။
ကပ္ပတိန်အင့်ခ်စတာက ခရင်မာအား ခေါင်းဆောင်ကောင်းဟု ချီးမွမ်းခဲ့ပါသည်။ ကားရ်နှင့် ခရင်မာတို့သည် အနာဂါတ်ကာလ၌ ဆိုးလ်ဟိုင်းမ်ဖလားယူအက်စ်အေအသင်း၏ ကပ္ပတိန်ဖြစ်လာမည့်သူများပါပင်။ ဆိုးလ်ဟိုင်းမ်ဖလားပြိုင်ပွဲသည်လည်း ကမ္ဘာ့ဂေါက်သီးပရိသတ်အား ဆက်လက်ဆွဲဆောင်နေဦးမည်သာ ဖြစ်ပါတော့သည်။
ဝင်းမြင့်သိန်း