Soe Moe Artists's House Art Gallery

ကိုယ့်ရဲ့ကိုယ်တိုင်ရေး ပန်းချီကားတွေနဲ့ လက်ရာကောင်းတဲ့ ပန်းချီဆရာတွေရဲ့ကားတွေကိုစုစည်းပြီး တစ်နေရာတည်း သတ်သတ်မှတ်မှတ်ပြနိုင်ဖို့ အဓိကရည်ရွယ်ပြီး ပန်းချီပြခန်းဖွင့်လှစ်ဖြစ်ခဲ့တာပါလို့ဆိုတဲ့ စိုးမိုးပန်းချီပြခန်းတည်ထောင်သူ ပန်းချီစိုးမိုးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

soemoe1

ပန်းချီပြခန်းကို ဘယ်အချိန်မှာ စတင်ဖွင့်လှစ်ဖြစ်ခဲ့တာလဲ . . .

ပန်းချီဆရာတွေကတော့ ပန်းချီကိစ္စကိုပဲ လုပ်ကြလေ့ရှိပါတယ်။ အရင်က ပန်းချီဆရာတစ်ယောက်အနေနဲ့ ပန်းချီရေးနေတာ ရှိပါတယ်။ ဒါပေမဲ့ အရင်ကိုယ့်ဟာကို ရေးနေတုန်းက ပြခန်းတွေ တင်ရတယ်၊ ပွဲတွေလုပ်ရတယ်။ အခုနောက်ပိုင်းမှာတော့ ကိုယ့်ရဲ့ ပြခန်းမှာတင်ပဲ ကိုယ့်ရဲ့ပန်းချီတွေနဲ့ တခြားပန်းချီဆရာအနည်းငယ်ရဲ့ ပန်းချီတွေကို ပြသထားပါတယ်။ ဒီအဆောက်အအုံ ဆောက်ပြီးတော့မှပဲ ပြခန်းဆိုပြီး သတ်သတ်မှတ်မှတ်လုပ်ဖြစ်သွားတာပါ။ ပြခန်းကို လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကတည်းက ဖွင့်လှစ်ဖြစ်ခဲ့တာပါ။

soemoe2

ဖွင့်လှစ်ဖြစ်တဲ့ ရည်ရွယ်ချက် . . .

ကျွန်တော် ၁၉၉၆ ခုနှစ်မှာ ပန်းချီပြန်ရေးခဲ့ပါတယ်။ အဲဒီကတည်းက ဒီပညာရပ်ကို လိုချင်တဲ့လူတွေကိုလည်း သင်ကြားပေးခဲ့ပါတယ်။ မီဒီယာရဲ့အကူအညီနဲ့လည်း ပန်းချီလောကကို မြှင့်တင်နိုင်ဖို့ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပန်းချီဆိုပြီး သတ်သတ်မှတ်မှတ်ရှိတဲ့နေရာက နည်းပါတယ်။ ဒါကြောင့် ပန်းချီဆရာတစ်ယောက်အနေနဲ့ ပန်းချီပြခန်းတစ်ခုရှိမှကို အဆင်ပြေမှာဖြစ်တာကြောင့် ဖွင့်ဖြစ်တာပါ။ ပန်းချီပြခန်းဆိုရာမှာလည်း ပြခန်းပြစားတဲ့ ပြခန်းနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်ကားတွေသတ်သတ်ကို ပြထားတဲ့ ပြခန်းတွေလည်းရှိပါတယ်။ တချို့ကျတော့လည်း အွန်လိုင်းကနေပဲ ပြတာမျိုးတွေလည်း ရှိပါတယ်။ ပန်းချီပြခန်းဆိုတာဟာ ပန်းချီစုဆောင်းသူတွေ၊ ပန်းချီဝါသနာပါသူတွေ၊ ပန်းချီကို နှစ်သက်မြတ်နိုးတဲ့သူတွေအတွက် မြတ်နိုးစရာကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

soemoe3

ပန်းချီအပေါ်အမြင် . . .

ကျွန်တော် သိသလောက်တော့ ပန်းချီဆိုတာ ဘာသာရပ်တွေထဲမှာ အခက်ဆုံးပညာရပ်တစ်ခုဖြစ်ပါတယ်။ သိဖို့လည်းခက်သလို ပန်းချီဆရာဖြစ်ဖို့ဆိုတာကလည်း တော်တော်ခက်ပါတယ်။ နှစ်ပေါင်း ၅၀ မှာ အထင်ကရ ပန်းချီဆရာ အယောက် ၅၀ ရှိလာဖို့ဆိုတာ တော်တော်ခက်ပါတယ်။ အထင်ကရဖြစ်တဲ့ ပန်းချီဆရာဆိုရင်တောင် ကမ္ဘာကျော်ဖို့ သိပ်ခက်ပါတယ်။

နောက်ပြီး ပန်းချီဆိုတာဟာ လူ့ရဲ့စိတ်ကို ချမ်းသာမှုပေးပါတယ်။ ပန်းချီကားရဲ့တန်ဖိုးဆိုတာ ဒီပန်းချီကားကို လူဘယ်လောက်စိတ်ဝင်စားသလဲဆိုတာအပေါ် မူတည်ပါတယ်။ ပန်းချီကလည်း ထူးခြားမှု ရှိတော့မှသာ ကျော်ကြားလာတာဖြစ်ပါတယ်။

soemoe4

ပြခန်းမှာ ဘယ်လိုပန်းချီကားတွေကို မြင်တွေ့နိုင်ပါသလဲ . . .

လက်ရာကောင်းတဲ့ ရေးနည်းရေးဟန်မျိုးစုံနဲ့ ပန်းချီကားတွေကို ပြထားပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော့်ပြခန်းကို ပြည်တွင်းကထက် နိုင်ငံခြားကလာကြည့်တဲ့ လူက ပိုများတာကြောင့် ဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ ပြခန်းကို ပန်းချီကို တကယ်နားလည်ပြီး ဝယ်ယူစုဆောင်းတဲ့လူ၊ အနာဂတ်တစ်ခုကို တည်ဆောက်တဲ့လူတွေ လာပါတယ်။

soemoe5

ပြခန်းကို ဘယ်အချိန်မှာ ဖွင့်ပါသလဲ . . .

ပြခန်းကို ပိတ်ရက်မရှိ ရုံးချိန်အတွင်း ဖွင့်ထားပါတယ်။ ဒါပေမဲ့ အချိန်ကိုတော့ ပုံသေ မသတ်မှတ်ထားပါဘူး။

soemoe6

အိမ်တစ်အိမ်မှာ ပန်းချီကားတစ်ချပ်ကို ချိတ်မယ်ဆိုရင် . . .

နိုင်ငံခြားမှာဆိုရင် လူတစ်ယောက်က အသိဉာဏ် ဘယ်လောက်ရှိတယ်၊ ပညာဘယ်လောက်တတ်တယ်၊ ဘယ်လောက်ချမ်းသာတယ် စတာတွေကို ကိုယ့်ရဲ့အိမ်မှာ ချိတ်ထားတဲ့ ပန်းချီကားနဲ့ တိုင်းတာကြပါတယ်။ သူတို့တွေက ကိုယ့်ရဲ့အိမ်မှာ ဘယ်ပန်းချီဆရာရဲ့ကားကို ချိတ်ထားတယ်ဆိုပြီးတော့လည်း ဂုဏ်ယူကြပါတယ်။  တချို့ကျတော့ အိမ်ကိုပိုကြည့်ကောင်းစေဖို့အတွက်လည်း ချိတ်ကြပါတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ် ပြည်ပကပဲဖြစ်ဖြစ် ပန်းချီကားတစ်ကားကို ဝယ်ပြီးချိတ်တာဟာ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြတာပဲ ဖြစ်ပါတယ်။ နောက်ပြီး အိမ်မှာပန်းချီကို ချိတ်ထားရင် စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုစတာတွေကိုလည်း ရရှိစေပါတယ်။

ပန်းချီကားစုဆောင်းသူတွေကို အကြံပြုချင်တာရှိရင် . . .

ပန်းချီကားကို ဝယ်ယူစုဆောင်းတာဟာ အကောင်းဆုံး ရင်းနှီးမတည်မှုပဲ ဖြစ်ပါတယ်။ သူ့ထက်ပိုကောင်းတဲ့ ရင်းနှီးမှုဆိုလို့ ကိုယ့်ရဲ့သားသမီးအပေါ်မှာ ရင်းနှီးတာပဲ ရှိပါတယ်။ အရင်ခေတ်က ပန်းချီဆရာကြီးတွေ၊ ပန်းချီကျော်ကြီးတွေရဲ့ကားတွေက အဲဒီအချိန်က ငါးရာ၊ တစ်ထောင်လောက်ပဲ ပေးရကောင်းပေးရနိုင်ပေမဲ့ အခုအချိန်မှာ ဒေါ်လာငါးထောင်၊ တစ်သောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ သတိပြုရမှာက ပန်းချီကားကို စုဆောင်းတဲ့အခါမှာ တကယ်လက်ရာကောင်းတဲ့ ပန်းချီကားတွေကို နားလည်ပြီး စုဆောင်းတတ်ဖို့ လိုပါတယ်။

soemoe7

ပန်းချီပြခန်းလိပ်စာ . . .

အမှတ် ၆၅၇ ဘီ ၊ မြကန်သာလမ်း၊ ကမာရွတ်မြို့နယ် ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၁၅၀၇၀၃၃၊ ၅၃၄၇၂၁ နဲ့ ၀၉၅၀၂၀၄၅၀ တို့ဖြစ်ပါတယ်။

ထက်ထက်