Scripps Network Interactive (SNI) ကုမ္ပဏီဟာ ၁၉၉၄ ခုနှစ် Bagwell မိသားစုလက်ထဲမှ Cinetel Production ကို E.E Scripps Co. က ဝယ်ယူရာမှ စတင်ပေါ်ပေါက်ပါတယ်။ Cinetel ဟာ တင်နက်ဆီပြည်နယ်၊ နော့ဇ်ဗီးဇ်မြို့ရှိ Cedar Bluff အရပ်မှာ အခြေစိုက်ပါတယ်။ SNI Co. ဟာ Cinetel ရုံးချုပ်ကို လွှဲပြောင်းယူပြီး ၁-၁၂-၁၉၉၄ နေ့မှစတင်ကာ HGTN ရုပ်သံလိုင်းကို ဈေးကွက်ပေါင်း ၅၀ ရှိ အိမ်ထောင်စုပေါင်း ၁.၆ သန်းဆီ ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကျတော့ နော့ဇ်ဗီးလ်မှာ HGTN ရုံးချုပ်ကို တရားဝင်ဖွင့်လှစ်ပြီး အဲဒီနှစ်နိုဝင်ဘာလ ၁ ရက်နေ့မှာ အိမ်ထောင်စုပေါင်း ၁၀ သန်း ကြည့်ရှုကာ ၁၉၉၆ ခုနှစ်မှာကျတော့ ကနေဒါနိုင်ငံမှာပါ ထုတ်လွှင့်ရုံမက HGTV.com ဝက်ဘ်ဆိုက်လွှင့်တင်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ အခပေးပရိသတ်ဦးရေ ၂၅ သန်းအထိ တိုးလာပါတယ်။
၁၉၉၉ ခုနှစ်မှာ SNI ဟာ DIY Network (ရုပ်သံဌာန) ကို နေအိမ်ပြုပြင် အဆင့်မြှင့်တင်ရေးလမ်းညွှန် သီးသန့်ရုပ်သံလိုင်းအဖြစ် စတင်ထုတ်လွှင့်ပါတယ်။ SNI ကုမ္ပဏီလက်ထဲမှာ HGTN Dream Home, Food Network နဲ့ အခု DIY Network တို့ရှိလာရာ နော့ဇ်ဗီးလ်ရုံးချုပ်မှာ အဲဒီရုပ်သံဌာနတွေကို တိုးတက်အောင် ထောက်ပံ့ရေးအတွက် အခြေခံအဆောက်အအုံနဲ့ နည်းပညာတွေဖြည့်ဆည်းပံ့ပိုးဖို့ ဒေါ်လာ ၁၂ သန်း ထပ်မံရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလမှာ HGTV နဲ့ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလမှာ Food Network တို့ဟာ အခပေး ကြည့်ရှုသူဦးရေသန်း ၈၀ ဆီသို့ ဖြန့်ချိထားပြီး ၂၀၀၂ နှစ်ကုန်ပိုင်းမှာတော့ ကနေဒါအခြေစိုက် Food Network Canda လိုင်းကို ထပ်မံတိုးချဲ့ထုတ်လွှင့်ပါတယ်။
ဆယ်စုနှစ်ရဲ့ ပထမတစ်ဝက်မှာ SNI ဟာ Fine Living ဆိုတဲ့ SME ရုပ်သံဌာနငယ်နဲ့ ၂၀၀၄ ခုနှစ်မှာ Great American Country (GAC) ၂၀၀၄ ခုနှစ် ရုပ်သံလိုင်းတို့ကို ၎င်းရဲ့စတုတ္ထနဲ့ ပဉ္စမလိုင်းတွေအဖြစ် ထပ်မံဖြည့်တင်းခဲ့ကာ GAC ကိုဝယ်ပြီး လအနည်းငယ်အကြာမှာ GAC ရဲ့ ကော်လိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့မှဌာနချုပ်ကို တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့သို့ ပြောင်းရွှေ့ခဲ့ပါတယ်။
တသီးတသန့်ရပ်တည်ခြင်း . . .
SNI ဟာ ၂၀၀၈ ခုနှစ်မှာ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ E.W. Scripps Co. မှခွဲထွက်ပြီး နယူးယောက်စတော့အိပ်ဇ်ချိန်းမှာ (NYSE) မှာ 'SNI' ဆိုတဲ့ သင်္ကေတဖြင့် စာရင်းသွင်းမှတ်ပုံတင်ခွင့်ရခဲ့ပါတယ်။ အဲဒီနှစ်မှာ GAC က အခပေးပရိသတ်သန်း ၅၀ စီရရှိပါတယ်။ SNI ဟာ Cox ဆက်သွယ်ရေးကုမ္ပဏီထံမှ ၂၀၀၉ ခုနှစ်အကုန်မှာ Travel Channel ကို ဒေါ်လာ ၉၇၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ Fine Living Network ထဲမှ Cooking Channel ကို ဝယ်ယူပါတယ်။
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလမှာ SNI ရဲ့ နော့ဇ်ဗီးလ်ရုံးချုပ်ဟာ ''စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ဒီဇိုင်းဦးဆောင်မှု'' ဆိုင်ရာ ရွှေအဆင့်ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခံရပါတယ်။ အဲဒီဆုကို အမေရိကန်နိုင်ငံ Green Building Council (GBC) က ရွေးချယ်ချီးမြှင့်တာပါ။
၂၀၁၁ ခုနှစ်၊ ဧပြီလမှာ SNI in Shopzilla လိုင်းကို Symphony Technology Group ထံ ဒေါ်လာ ၁၆၅ သန်းဖြင့် ရောင်းချပြီး Travel Channel လိုင်းကတစ်ဆင့် ဟိုတယ်သုတေသနနဲ့ အခန်းကြိုတင်လက်မှတ်ရောင်းချရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Oyster.Com အတွက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ Virgin Media က UKTV မှ ၎င်းရဲ့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ ၄၉၅ သန်းဖြင့် SNI သို့ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ အဲဒီရောင်းဝယ်မှုကို အိုင်ယာလန်နဲ့ ဂျာဆီမြို့တို့မှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ပြီး ၃-၂-၂၀၁၁ မှာ ခွင့်ပြုချက်ရရှိပါတယ်။
SNI နဲ့ BBC Worldwide တို့ဟာ သဘောတူညီချက်ရတဲ့အခါ BBC Worldwide က UKTV အတွက် ငွေသားနဲ့ တစ်လုံးတစ်ခဲတည်းပေါင်းစည်းတဲ့ ဒစ်ဂျစ်တယ်မူပိုင်ခွင့်ရွေးချယ်ခွင့်ရရှိရင် ၎င်းရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုဟာ ၅၀ ရာခိုင်နှုန်းမှ အများဆုံး ၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာမှာပါ။
SNI ရဲ့ လက်ရှိဆန္ဒမဲပေးခွင့်နဲ့ ဘုတ်အဖွဲ့ကို ကိုယ်စားပြုမှုတို့ဟာ အဲဒီအဆိုပြုသဘောတူညီချက်နဲ့ သက်ရောက်ခြင်းခံရမှာ မဟုတ်ပါဘူး။ အဲဒါက BBC Executive နဲ့ BBC Trust တို့ရဲ့ ခွင့်ပြုချက်တွေပဲ လိုပါတယ်။
၂၀၁၇ ခုနှစ်၊ မတ်လမှာ SNI ဟာ ဥရောပအရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ အာရှဈေးကွက်တွေအထိ ဖြန့်ချိထုတ်လွှင့်နေတဲ့ Travel Channel ရဲ့ ဗြိတိန်အခြေစိုက်ဖြန့်ချိရေးကုမ္ပဏီ Travel Channel International Ltd. ကို ဒေါ်လာ ၁၀၂.၇ သန်းနဲ့ဝယ်ယူဖို့ သဘောတူလိုက်ပါတယ်။ ၂၀၁၂ ခုနှစ် ၁၂ လပိုင်းမှာတော့ အိမ်အလှဆင်မှုဝက်ဘ်ဆိုက် Che Kings Lane က ၎င်းရဲ့ Series-D ရန်ပုံငွေထဲသို့ SNI က ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ကြေညာပါတယ်။ SNI ဟာ အဲဒီကုမ္ပဏီရဲ့ သုံးရာခိုင်နှုန်းရှယ်ယာပိုင်ဖို့ ဒေါ်လာ ၁၅ သန်း ရင်းနှီးထားပါတယ်။
၂၀၁၃ ခုနှစ် ဇွန်လမှာ SNI ဟာ 'ulive' ဆိုတဲ့ ဒစ်ဂျစ်တယ်သီးသန့်၊ ဘဝနေထိုင်မှုလမ်းညွှန် ဗွီဒီယိုလုပ်ငန်းကို စတင်ထုတ်လွှင့်ပါတယ်။ အဲဒါကတော့ SNI နဲ့ချိတ်ဆက်ထားတဲ့ တတိယစီးပွားဖက် ရုပ်သံထုတ်လုပ်ရေးတွေ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေနဲ့ မူရင်းဇာတ်လမ်းတွဲတွေကို ပေါင်းစည်းထုတ်လွှင့်တာပါ။ ulive.com မှာ SNI ရဲ့ ကလေးပြုစုစောင့်ရှောက်ရေးနဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေလည်း ထပ်ဖြည့်ထားပါတယ်။ SNI ဟာ ၂၀၁၅ ခုနှစ်၊ မတ်လမှာ ပိုလန်ရုပ်သံဌာန 'TVN' ကို ဒေါ်လာ ၁၅.၃ သန်းဖြင့် ITI Group နဲ့ ဧရာမပြင်သစ်မီဒီယာကုမ္ပဏီ Vivendi တို့ထံမှ ဒေါ်လာ ၆၁၅.၃ သန်းဖြင့် ဝယ်ယူခဲ့ကာ အဲဒီနှစ်ဇူလိုင်လမှာ လက်ကျန်ရှယ်ယာပိုင်ရှင် ITI နဲ့ Canal + Group တို့ထံမှ အပြီးအပြတ် ဝယ်ယူလွှဲပြောင်းခဲ့ပါတယ်။
နိုင်ငံတကာဈေးကွက် . . .
'SNI' ဟာ ဗြိတိန်နဲ့ တခြားဥရောပဈေးကွက်တွေရော၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်မှာပါ Food Network ကို ဖြန့်ချိခဲ့ပြီး အင်ဒိုနီးရှားမှာပါ ထုတ်လွှင့်ဖို့ပြင်ဆင်လျက်ရှိရာ လက်တွေ့အောင်မြင်ခဲ့ရင် တစ်နှစ်အတွင်း Food Network လွှင့်တဲ့ ပဉ္စမမြောက်အာရှနိုင်ငံဖြစ်လာပါလိမ့်မယ်။
SNI ချန်နယ်တွေကို အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံရုံးတွေမှာလည်း AFN ခေါ် American Forces Network (အမေရိကန်စစ်ဘက်ရုပ်သံဌာန) မှတစ်ဆင့် ဖမ်းယူကြည့်ရှုလို့ ရကြပါတယ်။ SNI ဟာ ၂၀၁၃ ခုနှစ်၊ မေလက ဘရာဇီးနိုင်ငံ၊ ဆာအိုပေါ်လိုမြို့မှာ ရုံးခွဲဖွင့်လှစ်ပြီး 'FOX' ရုပ်သံလိုင်းရဲ့ နည်းဗျူဟာဌာန ဒု-ဥက္ကဋ္ဌဟောင်းကို ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါကြောင့် SNI ဟာ ၎င်းရဲ့ချန်နယ်တွေကို လက်တင်အမေရိကဒေသကြီးတစ်ခုလုံးသို့ ထုတ်လွှင့်နိုင်ပြီဖြစ်ပါတယ်။
SNI ဟာ ပိုလန်နိုင်ငံမှာချန်နယ် ၁၂ ခု လွှင့်တဲ့ 'TVN' ရုပ်သံကုမ္ပဏီရဲ့ အစုရှယ်ယာ ၅၂.၇ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ပိုလန်ကုမ္ပဏီ N-Vision ရဲ့ အစုုရှယ်ယာ တစ်ရာရာခိုင်နှုန်းကို၂၀၀၅ ခုနှစ်၊ ၇ လပိုင်းအတွင်းက အပြီးအပိုင် ဝယ်ယူခဲ့ပါတယ်။
အမေရိကန်မြို့ကြီးတွေဖြစ်တဲ့ နယူးယောက်၊ လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကို အပါအဝင် စုစုပေါင်းမြို့ကြီးကိုးမြို့မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ဆာအိုပေါ်လို၊ ဘရာဇီး၊ လန်ဒန်နဲ့စင်ကာပူတို့မှာလည်း ရုံးခွဲတွေရှိတဲ့ SNI ရဲ့ နာယယ၊ ဥက္ကဋ္ဌနဲ့ စီအီးအိုက Kenneth W.Lowe ဖြစ်ကာ ၎င်းဟာ ၁၉၉၄ ခုနှစ်က HGTV ကို တည်ထောင်ခဲ့သူပါ။
၂၀၁၇ ခုနှစ်၊ ၇ လပိုင်းအတွင်းက SNI ကို Discovery Communications ကုမ္ပဏီက ငွေနဲ့ စတော့ရှယ်ယာတန်ဖိုး ဒေါ်လာ ၁၄.၆ ဘီလီယံဖြင့် ဝယ်ယူဖို့ကမ်းလှမ်းခဲ့ရာ လက်ရှိအချိန်မှာ စေ့စပ်ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။
Ref: WIKI
နိုင်သီဟ