ပြခန်းတည်နေရာ ပြခန်းတည်နေရာအနေနဲ့ Sakura Tower မြေညီထပ်၊ ၃၃၉ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဖုန်း - ၀၁ ၂၅၅၂၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ပြခန်းဖွင့်ချိန် ပြခန်းဖွင့်ချိန်ကတော့ နံနက် ၆ နာရီကနေ ညနေ ၆ နာရီအထိဖြစ်ပြီး ပိတ်ရက်မရှိ (Daily Open) ဖွင့်ထားတယ်လို့ ဆိုပါတယ်။ ပန်းချီပြ ခန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇွန်လက ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။ ပြခန်းဖွင့်လှစ်ဖြစ်ခဲ့ပုံ ပြခန်းဖွင့်လှစ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်လို့ ပြခန်းတာဝန်ခံ မရတနာက ''ဒီပန်းချီပြခန်းပိုင်ရှင်က Sakura Tower ပိုင်ရှင် ဂျပန်လူမျိုး Mr Hitoshi Tani ပါ။ အခုတိုကျိုမှာ နေနေပါတယ်။ ကျွန်မတို့သူဌေးက အနုပညာကိုဝါသနာပါတယ်။ စိတ်လည်းဝင်စားတယ်။ သူကိုယ်တိုင် ပန်းချီဆွဲတာမျိုးတော့မရှိပေမဲ့ ပန်းချီကားတွေ စုဆောင်းရတာကို သဘောကျပါတယ်။ သူက နိုင်ငံတကာကို သွားနေတဲ့သူ တစ်ယောက်ဖြစ်တဲ့အလျောက် အာရှက ပန်းချီအနုပညာတွေကို စိတ်ဝင်စားတယ်လို့ပြောပါတယ်။ အဲဒီအချိန်မှာ မွန်ဂိုလီးယားပန်းချီ ဆရာတစ်ယောက်ရဲ့ ပန်းချီပြခန်းကို တွေ့ပြီးတဲ့နောက်ပိုင်း ပန်းချီပြခန်းဖွင့်လှစ်ဖြစ်ဖို့ စိတ်ကူးရသွားတာပါ။ အရင်တုန်းက မြန်မာပန်းချီ ဆရာတွေနဲ့ အဆက်အသွယ်မရှိပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ သင့်တော်တဲ့ ပန်းချီကားတွေ စုဆောင်းပေးဖို့ သူဌေးက ကျွန်မကို Instruction ပေးပါတယ်။ အဲဒီလိုနဲ့ ဒီပန်းချီပြခန်းကို ဖွင့်လှစ်သွားတယ်'' လို့ ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ မြန်မာပန်းချီဆရာတွေရဲ့ အနုပညာလက်ရာကို ကမ္ဘာက ပိုမိုသိရှိအောင် တစ်ထောင့်တစ်နေရာက ကူညီရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြခန်းအခင်းအကျင်း ပြခန်းအခင်းအကျင်းနဲ့ပတ်သက်လို့ ဆွဲထားတဲ့ပန်းချီဆရာတွေရဲ့ပန်းချီကားကို ဓာတ်ပုံရိုက်ပြီး သူဌေးက ဘယ်ပန်းချီကားက ဘယ်နေ ရာမှာသင့်တော်တယ်။ ဘယ်နေရာမှာ ချိတ်သင့်တာနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးတယ်လို့ သိရပါတယ်။ နောက်ပြီး လာရောက်ကြည့်ရှု တဲ့သူတွေအတွက် ပန်းချီအနုပညာရသကို အပြည့်အဝခံစားနိုင်ဖို့အကောင်းဆုံး ခင်းကျင်းပြသပေးထားတယ်လို့ ဆိုပါတယ်။ မြင်တွေ့နိုင်တဲ့ ပန်းချီဆရာလက်ရာတွေ မြင်တွေ့နိုင်တဲ့ပန်းချီဆရာလက်ရာတွေကတော့ ပန်းချီဆရာ ဦးကြီးမြင့်စော၊ ဦးဝင်းပီမြင့်၊ ဦးကြည်လှိုင်အောင်၊ ဦးမြိုင်သန်းဦး၊ ဦးအောင်ကျော်ဆန်း၊ ဦးမျိုးမြင့်အောင်၊ ဦးမင်းမောင်မောင်ရွှေ၊ ဦးသန်းစိုး အစရှိတဲ့ နာမည်ကျော်ပန်းချီ ဆရာကြီးတွေရဲ့လက်ရာ ကိုမြင်တွေ့နိုင်မှာဖြစ်ပြီး အခုလတ်တလော ပန်းချီဆရာ ဦးကြည်လှိုင်အောင်ရဲ့ ပန်းချီကားတွေကတော့ အရောင်းရဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ပန်းချီပြခန်းတစ်ခုရဲ့ အရေးကြီးဆုံးအချက် လာရောက်ကြတဲ့ဧည့်သည်တွေထဲမှာ နိုင်ငံခြားသားဧည့်သည် အများဆုံးဖြစ်ပြီးတော့ အများစုကလည်းစိတ်ဝင်စားတာတွေ့ရတဲ့ အတွက် ပန်းချီကားတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုကိုလည်း ပေါ်လွင်စေမယ်၊ ဆွဲဆောင်မှုလည်းရှိမယ့် ပန်းချီကားတွေကိုရွေးချယ်ပြီး ခင်းကျင်းပြသထားနိုင်ဖို့ အရေးကြီးတယ်လို့ဆိုပါတယ်။ ပန်းချီကားဈေးနှုန်းအမျိုးအစား ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ အနိမ့်ဆုံးဈေးက ဒေါ်လာ ၂၅၀ ကစပြီး၊ ဒေါ်လာ လေးရာ၊ ဒေါ်လာ ခုနစ်ရာ အစားစားရှိပြီး အမြင့် ဆုံးဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃,၅၀၀ အထိရှိတယ်လို့ သိရပါတယ်။ ပန်းချီကား အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်လို့ ရေးဆွဲတဲ့ပန်းချီ ဆရာနဲ့ ဝယ်ယူတဲ့ဧည့်သည်ကို တိုက်ရိုက်ချိတ်ဆက်ပေးတယ်လို့ သိရပါတယ်။ ရှေ့ဆက်လုပ်မယ့်အစီအစဉ် ရှေ့ဆက်လုပ်သွားမယ့်အစီအစဉ်နဲ့ပတ်သက်လို့ ပန်းချီပြခန်း တာဝန်ခံ မရတနာက ''ကျွန်မတို့ရဲ့ Sakura Tower အထပ် ၂၀ မှာရှိတဲ့ Sky Bistro Restaurant မှာ ပန်းချီ ပြခန်းနဲ့ တွဲဖွင့်သွားဖို့ အစီအစဉ်ရှိပါတယ်။ တခြားနိုင်ငံက ပန်းချီကားတွေကိုတော့ ဒီမှာခင်းကျင်းပြသဖို့ အစီအစဉ်မရှိပါဘူးလို့'' ရှင်းလင်းပြောပြခဲ့ပါတယ်။