အသင်းစပြီး ဖြစ်ပေါ်လာပုံ . . .
၁၉၉၁ ခုနှစ်မှာ နိုင်ငံတော်အစိုးရအနေနဲ့ အစိုးရရဲ့ ပုံနှိပ်ခြင်းဆိုင်ရာလုပ်ငန်းတွေအတွက် လိုအပ်ချက်တွေ ရှိလာပါတယ်။ သန်းခေါင်စာရင်းကိစ္စတွေ၊ မှတ်ပုံတင်ကိစ္စတွေ၊ နိုင်ငံနဲ့ချီပြီးတော့ တစ်နိုင်ငံလုံး အသုံးပြုရမယ့် ပုံနှိပ်ခြင်းဆိုင်ရာ စာရွက်စာတမ်းတွေ လိုအပ်လာတဲ့အခါမှာ ပုံနှိပ်တိုက်တစ်ခုတည်းကို လုပ်ငန်းအပ်နှံပြီးတော့ လုပ်ကိုင်ဖို့အဆင်မပြေတော့ဘူး။ အဲဒီလို အလုပ်တွေမနိုင်တော့တဲ့အတွက် ခေတ်ကာလရဲ့ လိုအပ်ချက်အရ ပုံနှိပ်လုပ်ငန်းရှင်တွေအားလုံးစုပြီး မြန်မာနိုင်ငံပုံနှိပ်နဲ့ ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတော်နဲ့ဆိုင်တဲ့ ပုံနှိပ်စာရွက်စာတမ်းတွေ၊ လိုအပ်ချက်တွေကို အသင်းကနေ စီမံခန့်ခွဲပြီးတော့ ပုံနှိပ်တိုက်တွေကို လုပ်ငန်းတွေ အပ်နှံပြီး စီမံခန့်ခွဲပေးခဲ့တဲ့ အလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ ဒီအသင်းဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အသင်းဝင်ဘယ်နှဦးနဲ့ စပြီးတည်ထောင်ခဲ့တာလဲ . . .
အသင်းမှာရှိတဲ့ မှတ်တမ်းတွေအရ အဲဒီခုနှစ်တွေမှာ ပုံနှိပ်လောကသားပုံနှိပ်တိုက်တွေ ဘယ်နှဦးရှိတယ်ဆိုတာ မှန်းရခက်ပါတယ်။ ခန့်မှန်းကြည့်ရရင်တော့ ၁၉၉၁ ခုနှစ်ကာလမှာ ပုံနှိပ်လုပ်ငန်းရှင် အနည်းဆုံး တစ်ရာ၊ နှစ်ရာ ဝန်းကျင်လောက်ရှိနိုင်ပါတယ်။
လက်ရှိမှာ အသင်းဝင်ဘယ်လောက်ရှိပါသလဲ . . .
အရင်တုန်းကလို စာစီစာရိုက်လုပ်ငန်းတွေ၊ မိတ္တူဆွဲတဲ့ Copier လုပ်ငန်းတွေကို ပုံနှိပ်ခြင်းဆိုတဲ့ လုပ်ငန်းအောက်မှာ မထည့်တော့ဘဲ တကယ့်ပုံနှိပ်စက်ကြီးတွေနဲ့ အမြောက်အမြားလုပ်ကြတဲ့ လုပ်ငန်းမျိုးကိုပဲ ပုံနှိပ်လုပ်ငန်းအနေနဲ့ သတ်မှတ်တော့တာဖြစ်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးမှာ တကယ့်ပုံနှိပ်လုပ်ငန်းသက်သက် လုပ်တဲ့သူဟာ ပုံနှိပ်တိုက်တစ်ထောင်လောက်ပဲ ရှိပါမယ်။ အသင်းမဝင် မနေရဆိုတဲ့ သတ်မှတ်ချက်မရှိတဲ့အတွက် လက်ရှိမှာကျွန်တော်တို့ အသင်းသားအရေအတွက်က သုံးရာဝန်းကျင်လောက်ပဲ ရှိပါတယ်။
အသင်းဝင်ချင်တယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ . . .
အသင်းဝင်ဖို့အတွက် စည်းကမ်းချက်တွေ သတ်မှတ်ထားတာရှိပါတယ်။ အသင်းဝင်ချင်တဲ့သူဟာ လက်ရှိမှာ မြန်မာနိုင်ငံသားလုပ်ငန်းရှင် ဖြစ်ရမယ်။ အသင်းဝင်ဖို့အတွက် အသင်းကိုလာပြီး လျှောက်လွှာဖောင်ဖြည့်ပြီးတော့ လျှောက်ထားရမယ်။ လျှောက်ထားသူဟာ အမှန်တကယ် ပုံနှိပ်လုပ်ငန်းလုပ်နေသူဖြစ်ကြောင်း ပုံနှိပ်လုပ်ငန်းလောကသားနှစ်ဦးက အတည်ပြုထောက်ခံပေးရမယ်။ ပုံနှိပ်လုပ်ငန်းနယ်ပယ်ထဲကိုဝင်ဖို့ လုံးဝအသစ်ဖြစ်နေတဲ့အခါ ထောက်ခံပေးမယ့်သူမရှိရင် အသင်းကိုလာပြီး တင်ပြလို့ရပါတယ်။ နောက်ပြီး အသင်းဝင်တဲ့အခါ အသင်းဝင်မှတ်ပုံတင်ကြေး ကျပ် ၂၅,၀၀၀ ကောက်ပါတယ်။ နှစ်ကုန်တဲ့အခါ နှစ်စဉ်ကြေး တစ်သောင်းကျပ် ကောက်ပါတယ်။
အသင်းဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက် . . .
ကျွန်တော်တို့ အသင်းနာမည်က မြန်မာနိုင်ငံပုံနှိပ်နဲ့ ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းဆိုတော့ ကျွန်တော်တို့အသင်းက ဦးဆောင်ဦးရွက်ပြုပြီး အကျိုးပြုပေးရမယ့် နယ်ပယ်က ပုံနှိပ်တဲ့လုပ်ငန်းရှင်တွေရယ်၊ ထုတ်ဝေသူလုပ်ငန်းရှင်တွေရယ် နှစ်ခုရှိပါတယ်။ လက်ရှိမှာ ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းက သီးခြားအနေနဲ့ လည်ပတ်နေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပုံနှိပ်သူတွေနဲ့ပတ်သက်တဲ့ အပိုင်းကိုပဲ အဓိကပံ့ပိုးပေးဖြစ်ပါတယ်။ အဲဒီအတွက် အသင်းကို ဖွဲ့ရတဲ့ရည်ရွယ်ချက်က ပုံနှိပ်လုပ်ငန်းရှင်တွေကို အသင်းအနေနဲ့ ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။
အသင်းအနေနဲ့ လက်ရှိလုပ်ဆောင်နေတာတွေ . . .
ပုံနှိပ်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပမှာပြုလုပ်တဲ့ နည်းပညာပြပွဲတွေကို အခါအားလျော်စွာ သွားရောက်လေ့လာနိုင်ဖို့အတွက် အသင်းကနေပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာပုံနှိပ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အဲဒီပြပွဲတွေကို သွားနိုင်အောင် စီစဉ်ပေးပါတယ်။ အသင်းအနေနဲ့ ပြည်တွင်းမှာလည်း နည်းပညာပြပွဲတွေ၊ ဟောပြောပွဲတွေ အခါအားလျော်စွာ ပြုလုပ်ပေးပါတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကုန်မှာ Printing Forum တစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ နောက်ပြီး ပုံနှိပ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့သင်တန်းတွေ ပံ့ပိုးပေးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပုံနှိပ်တဲ့နည်းပညာကို သင်ကြားပေးနိုင်တဲ့ ကျောင်းမရှိပါဘူး။ ဒီအတွက် အသင်းဘက်ကနေပြီးတော့ တတ်နိုင်သလောက် နိုင်ငံခြားကနေ ပုံနှိပ်နည်းပညာတွေ သင်ပြီးပြန်လာတဲ့ ဆရာကြီးတွေ၊ ဌာနဆိုင်ရာမှာ နှစ်ပေါင်းများစွာ လေ့လာပြီးတော့ကျွမ်းကျင်ခဲ့တဲ့ ဆရာကြီးတွေနဲ့ပူးပေါင်းပြီးတော့ ပုံနှိပ်တိုက်တွေကို ပုံနှိပ်သင်တန်းတွေ ပေးပါတယ်။ ဆရာတွေကိုယ်တိုင် တကယ်အလုပ်လုပ်နေတဲ့ ပုံနှိပ်တိုက်တွေကိုသွားပြီးတော့ Inhouse Training လုပ်ပေးပါတယ်။ နောက်တစ်ခုက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ပုံနှိပ်တိုက်ပေါင်းနှစ်ရာကို Inhouse Training တွေ အခမဲ့လိုက်သင်ပေးဖို့ ပြင်ဆင်နေတာတွေ ရှိပါတယ်။ ဒါကတော့ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးဖို့အတွက် ရည်ရွယ်ပြီးပြုလုပ်ပေးတာဖြစ်ပါ တယ်။ နောက်တစ်ချက်က ပုံနှိပ်လုပ်ငန်းရှင်တွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ပတ်သက်တဲ့ ပုံနှိပ်လုပ်ငန်းဆိုင်ရာ အစိုးရတင်ဒါတွေမှာ ပုံနှိပ်လုပ်ငန်းရှင်တွေ အခါအားလျော်စွာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ လုပ်ငန်းရှင်တွေဘက်က မသမာတဲ့နည်းတွေနဲ့ လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရအောင်၊ မမှန်ကန်တဲ့နည်းတွေနဲ့ နိုင်ငံတော်အစိုးရရဲ့ ပုံနှိပ်ခြင်းလုပ်ငန်းတွေကို ရအောင်ကြိုးစားကြတာတွေ တတ်နိုင်သလောက် ကျွန်တော်တို့လောကမှာ မရှိလာအောင် အသင်းဘက်က ဝင်ပြီးတော့ မျှမျှတတဖြစ်အောင် လုပ်ပေးပါတယ်။ နောက်တစ်ချက်က ပုံနှိပ်လုပ်ငန်းရှင်အသင်းအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ကျောင်းသုံးစာအုပ်တွေ၊ ပုံနှိပ်တဲ့ကိစ္စတွေအတွက် အဆင်ပြေစေဖို့ ပုံနှိပ်လုပ်ငန်းရှင်လေးဆယ်ကျော်လောက်ကို ဦးဆောင်ပြီးတော့ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပေးပါတယ်။ နောက်တစ်ခုကျတော့ ကျွန်တော်တို့ ပုံနှိပ်လောကသားတွေကို ဝိုင်းဝန်းပံ့ပိုးပေးနိုင်မယ့်၊ အသင်းအဖွဲ့နဲ့ အနီးကပ်ချိတ်ဆက်လုပ်ဆောင်မယ့် ပုံနှိပ်လုပ်ငန်းရှင်တွေ အများစုပါဝင်တည်ထောင်ထားတဲ့ အများပိုင်ကုမ္ပဏီကို အရှိန်မြှင့်တင်ဖို့ စနစ်တကျပြင်ဆင်နေပါတယ်။
အသင်းအနေနဲ့ လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ . . .
ကျွန်တော်တို့နယ်ပယ်က ချမ်းသာတဲ့လုပ်ငန်းနယ်ပယ်မျိုး မဟုတ်ပါဘူး။ တခြားအသင်းအဖွဲ့တွေလို ဘဏ္ဍာရေးအင်အားမတောင့်တင်းတဲ့အခါကျတော့ အများကြီးမပံ့ပိုးပေးနိုင်ဘူး။ ဒါပေမဲ့ အခုဆိုရင် အသင်းရဲ့ ရန်ပုံငွေတွေကို တော်တော်လေး ရှာဖွေပေးနိုင်တယ်။ အသင်းရန်ပုံငွေ အားကောင်းလာခဲ့ပေမယ့် အသင်းသားတွေက အသင်းနဲ့နည်းနည်းကင်းဝေးနေပါသေးတယ်။ အသင်းဘက်က သင်တန်းတွေ ပံ့ပိုးပေးတာ၊ နည်းပညာပံ့ပိုးတာတွေအခါ အားလျော်စွာ လုပ်ချင်ပေမယ့် အသင်းသားတွေကိုယ်၌က အသင်းက ပံ့ပိုးပေးမယ်ဆိုတဲ့ အခြေအနေတွေကို မသိလို့သော်လည်းကောင်း၊ စိတ်မဝင်စားလို့သော်လည်းကောင်း အသင်းနဲ့ထိတွေ့နေတဲ့ ပမာဏနည်းသေးတဲ့အတွက် အသင်းဘက်က လုပ်ပေးချင်ပေမဲ့ အသင်းသားဘက်က အဆင်သင့်မဖြစ်တာတွေလည်း ရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတင်ဒါတွေကို ခွင့်ပြုတဲ့အပိုင်းတွေမှာ ပုံနှိပ်လုပ်ငန်းရှင်နဲ့ နိုင်ငံတော်အစိုးရနဲ့ကြား နှစ်ဖက်စလုံးကို မျှတတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ တိုက်တွန်းနေရတဲ့ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့အတွက် အတ္တတွေရှိကြတဲ့အခါကျတော့ တစ်ခါတလေမှာ သူတို့ရဲ့ဆန္ဒကို ၁၀၀ ရာခိုင်နှုန်းမပြည့်မီရင်လည်း အသင်းရဲ့ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေ မလိုက်နာတဲ့ လုပ်ငန်းရှင်တွေလည်း ရှိကြပါတယ်။
မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းတွေအနေနဲ့ ရင်ဆိုင်ရတဲ့အခက်အခဲတွေက . . .
လက်ရှိအစိုးရသစ်လက်ထက်မှာ နိုင်ငံတော်ရဲ့စီးပွားရေး အရှိန်ကျမှုက ပုံနှိပ်လုပ်ငန်းရှင်တွေအပေါ်မှာလည်း တိုက်ရိုက်ထိခိုက်မှုရှိပါတယ်။ နောက်တစ်ချက်က ပုံနှိပ်လုပ်ငန်းစာပေမီဒီယာတွေက အရင်တုန်းကတော့ အားကောင်းခဲ့ကြပေမယ့် အခုဆိုရင် Digital Media အားကောင်းလာတဲ့အတွက် Printing Media ဘက်မှာလည်းပဲ လုပ်ငန်းတွေက ထိခိုက်လာကြတယ်။ စာပေထုတ်ဝေသူတွေ ထိခိုက်လာတဲ့အခါ သူတို့ရဲ့စာပေတွေ ပုံနှိပ်ပေးနေတဲ့ ပုံနှိပ်လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းတွေ လျော့ပါးလာကြတယ်။ ဂျာနယ်တွေအပေါ် မှီခိုနေရတဲ့ ပုံနှိပ်လုပ်ငန်းတွေက ဂျာနယ်တွေရပ်သွားတဲ့အခါ ပုံနှိပ်လုပ်ငန်းလည်း လုံးဝရပ်ကုန်တာတွေရှိပါတယ်။ တစ်ခါတလေကျရင် လုပ်ငန်းရှင်ကြီးတွေက အင်နဲ့အားနဲ့ ပြိုင်ဆိုင်ကြတဲ့အခါ လုပ်ငန်းငယ်တွေအနေနဲ့ရပ်တည်ဖို့ အလွန်ခက်ခဲလာတာတွေ ရှိပါတယ်။ နိုင်ငံတော်အစိုးရနဲ့ပတ်သက်တဲ့ တင်ဒါကြီးတွေမှာ မျှတပြီး သမာသမတ်ကျကျ ယှဉ်ပြိုင်မှုမျိုးဖြစ်ဖို့ နိုင်ငံတော်အစိုးရကို အကြံလိုက်ပြုရတာတွေလည်း ရှိပါတယ်။ နောက်ထပ်အခက်အခဲကတော့ ကျွန်တော်တို့လောကမှာတင်မဟုတ်ဘဲ ကျန်တဲ့နယ်ပယ်တွေမှာလည်း ကြုံတွေ့နေကြတာတစ်ခုက ကိုယ့်နိုင်ငံမှာ တစ်ခုခုလုပ်ချင်ရင် ငွေကြေးဆိုင်ရာပံ့ပိုးပေးနိုင်တဲ့ အင်အားတွေမရှိဘူး။ အပေါင်အာမခံထားနိုင်မှ ချေးငွေရတယ်ဆိုတော့ အပေါင်အာမခံထားနိုင်တဲ့ မြေကွက်တွေ၊ အိမ်တွေပိုင်နေတဲ့ သူဌေးဖြစ်မှ ချေးငွေရမယ်ဆိုတာမျိုး ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့မှာ ကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာဖြစ်ပါတယ်။ တကယ့်ကို စနစ်တကျတတ်ကျွမ်းတဲ့ လုပ်သားတွေ အများကြီးမရှိတဲ့အတွက် ထွက်လာတဲ့ပစ္စည်းရဲ့ အရည်အသွေးတွေ လွဲမှားမှုတွေဖြစ်သလို ဆုံးရှုံးရတဲ့ နစ်နာမှုတွေ၊ အလျော်အစားတွေကလည်း ကြီးပါတယ်။
အသင်းအနေနဲ့ ရှေ့ဆက်ပြီး ဘာတွေဆောင်ရွက်သွားဖို့ ရှိပါသလဲ . . .
ကျွန်တော်တို့အနေနဲ့ အများပိုင်ကုမ္ပဏီတည်ထောင်ထားတာကို အရှိန်အဟုန်မြှင့်တင်နေပါတယ်။ ပုံနှိပ်လုပ်ငန်းလုပ်နေတဲ့ ပုံနှိပ်လောကသားအကုန်လုံး ဒီထဲမှာ အရင်းအနှီးထည့်ဝင်ပြီးတော့ အားလုံးရဲ့ဘုံအကျိုးစီးပွားနဲ့ ပတ်သက်တဲ့အပိုင်းတွေကို ပံ့ပိုးပေးနိုင်မယ့် ကုမ္ပဏီတစ်ခုပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်။ အသင်းအနေနဲ့ ဦးဆောင်ပြီးတော့ အများပိုင်ကုမ္ပဏီကို စနစ်တကျအင်အားကောင်းကောင်းနဲ့ လည်ပတ်နိုင်ရေးအတွက် အားထည့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကြည်ပြာနွဲ့ဦး