တန်ဖိုးကြီး လူသုံးကုန်ဖက်ရှင်အမှတ်တံဆိပ် LVMH (Moet Hennessy Louis Vuitton) ၏အကြီးအကဲ Bernard Arn-ault ကို ၁၉၄၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ပြင်သစ်နိုင်ငံ Roubaix တွင်မွေးဖွားခဲ့ပါသည်။ သူ၏ ဖခင်သည်ကုန်စည်ထုတ်လုပ်သူ Jean Leon Arnault ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာကုမ္ပဏီ Ferret-Savinel ၏ ပိုင်ရှင်လည်း ဖြစ်သည်။
Arnault တွင် အိမ်ထောင်နှစ်ဆက်၊ သားသမီးငါးယောက်ရှိသည်။ သမီးဖြစ်သူ DelphineArnault သည် LVMH ၏ စီမံခန့်ခွဲရေးတွင် တက်ကြွစွာပါဝင်လျက်ရှိသကဲ့သို့ သားဖြစ်သူ Antoine Arnault သည်လည်း Louis Vuitton အမှတ်တံဆိပ်၏ ဆက်သွယ်ရေးအကြီးအကဲဖြစ်သည်။ သူ၏ဒုတိယအိမ်ထောင်ဆက် Hélène Mercier သည် Quebec မှ ကနေဒါလူမျိုး စန္ဒရားပညာရှင်ဖြစ်ကာ သူနှင့် သားသုံးယောက်ထွန်းကားခဲ့သည်။ လုပ်ငန်းခွင်ဖြတ်သန်းမှုဘဝ ၁၉၇၁ ခုနှစ်တွင် Ecole Polytechnique ကဘွဲ့ရပြီးနောက် Arnault သည် သူ့ဖခင်ကုမ္ပဏီတွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ထိုကုမ္ပဏီ၏ဆောက်လုပ်ရေး အပိုင်းကိုရောင်းချကာ အိမ်ခြံမြေဘက်သို့ အာရုံစိုက်ရန် ဖခင်အားဆွဲဆောင်နိုင်ခဲ့သည်။ ဤသို့ဖြင့် Férinel ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အားလပ်ရက် နေရာထိုင်ခင်းများ စီမံပေးသည့်လုပ်ငန်းကို အထူးတလည်ဆောင်ရွက်ခဲ့သည်။ ထိုကုမ္ပဏီတွင် သူသည် ၁၉၇၄ ခုနှစ်တွင် ဒါရိုက်တာအဖြစ် တာဝန်ယူကာ ၁၉၇၇ ခုနှစ်တွင် CEO ဖြစ်လာပါသည်။ ၁၉၇၉ ခုနှစ်တွင် ဖခင်၏ ရာထူးကိုဆက်ခံကာ ဥက္ကဋ္ဌဖြစ်လာပါတော့သည်။ Arnault သည် အမေရိကန်ပြည်ထောင်စုသို သွားရောက်လည်ပတ်ခဲ့ရာမှပြန်လာပြီးနောက် ပြင်သစ် တွင် တန်ဖိုးကြီးပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည့် Financière Agache ၏ CEO အဖြစ်တာဝန်ယူခဲ့သည်။ ထို့ပြင် Lazard Frères & Co ၏ ပြင်သစ်ရုံးခွဲက ဖက်စပ်လုပ်ကိုင်သူ Antoine Bernheim ၏အကူအညီအပြင်၊ အစိုးရ၏ အထောက်အပံ့အချို့ကိုပါရယူလျက် ပြိုကွဲလုဆဲဆဲချည်ထည်လုပ်ငန်းဖြစ်သည့် Boussac ကို ဝယ်ယူ လိုက်သည်။ အဆိုပါ Boussac ကုမ္ပဏီသည် Christian Dior အမှတ်တံဆိပ်၊ Le Bon Marché စတိုးဆိုင်နှင့် Conforama လက်လီအရောင်းဆိုင်၊ Peaudouce ကလေးအနှီးလုပ်ငန်းစသည်တို့ကို ပိုင်ဆိုင်သည့်လုပ်ငန်း ကြီးတစ်ခုဖြစ်သည်။ ထိုသို့ဝယ်ယူပြီးနောက် ထိုကုမ္ပဏီ၏ပိုင်ဆိုင်မှုအားလုံးနီးပါးကို Arnault က ထုတ်ရောင်း ကာ နာမည်ရပြီးသားဖြစ်သည့် Christian Dior အမှတ်တံဆိပ်နှင့် Le Bon Marché စတိုးဆိုင်လုပ်ငန်းကိုသာ သူ့လက်ထဲတွင် ထိန်းထားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် သူသည် Christian Dior ၏ CEO ဖြစ်လာပြီး ရေမွှေးနှင့် ဖက်ရှင်စတိုးများကို ၁၉၈၉ ခုနှစ်တွင် စုစည်းလိုက်ပါသည်။ LVMH ၏ အစ LVMH ကို စတင်တည်ထောင်ခဲ့သည်မှာ ၁၉၈၇ ခုနှစ် မတိုင်ခင်လေးတွင် ဖြစ်သည်။ အမှန်တကယ်မှာ Moet Hennessy နှင့် Louis Vuitton ကုမ္ပဏီနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် Dior ရေမွှေးအတွက် မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်လာသည်။ ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလတွင် Arnault သည် LVMH ၏ ၄၃ ရာခိုင် နှုန်းကို ပိုင်ဆိုင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလတွင် LVMH ၏ မူလ ဥက္ကဋ္ဌ Alain Chevalier သည် နုတ်ထွက်သွားရာ Arnault ကိုပင်အားလုံးက ဥက္ကဋ္ဌအဖြစ် တညီတညွတ်တင်မြှောက်လိုက်ကြသည်။ ထို့နောက် သူသည် ကုမ္ပဏီ ကိုရည်မှန်းချက်ကြီးမားမှုဖြင့် ဦးဆောင်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံးတန်ဖိုးကြီး ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီ အဖြစ် ဆွစ်အမှတ်တံဆိပ် Richemont နှင့် ပြင်သစ်အခြေစိုက် PPR Group တို့ တန်းတူယှဉ်ပြိုင်နိုင်ခဲ့သည်။ အခြားလုပ်ငန်းများကို ဝယ်ယူမှုများ၊ ပူးပေါင်းမှုများ ထို့ကြောင့်လည်း ၁၁ နှစ်ကြာကာလအတွင်း LVMH ၏ တန်ဖိုးသည် ၁၅ ဆတက်သွားပါသည်။ ထိုအတော အတွင်းရောင်းအားနှင့် အမြတ်ငွေများမှာ ၅၀၀ ရာခိုင်နှုန်းတိုးတက်လာသည်။ Arnault ၏ အယူအဆအရ LVMH အမှတ်တံဆိပ်ကြောင့် အခြားသောဆက်စပ်အကျိုးပြုမှုများလည်း ရှိလာသည်။ ဆိုလိုသည်မှာ အခိုင်မာဆုံးအမှတ်တံဆိပ်များက ဖွံ့ဖြိုးခါစဖြစ်သော အမှတ်တံဆိပ်များကို ငွေကြေးထောက်ပံ့ထားသည့် သဘောပင် ဖြစ်သည်။ ထိုသို့ခိုင်မာမှုကိုရရှိထားသဖြင့် အသစ်အသစ်သောဝယ်ယူမှုများပြုလာနိုင်သကဲ့သို့ ကုမ္ပဏီ၏လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုနိုင်ခဲ့သည်။ ဤမဟာဗျူဟာကြောင့်ပင် Christian Lacroix အမည်ဖြင့် ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လတွင် Arnault သည် Céline ဖက်ရှင်အမှတ်တံဆိပ်ကို ဝယ်ယူသည်။ ၁၉၉၃ ခုနှစ်တွင် LVMH သည် အီတလီဖိနပ်တံဆိပ် Berluti နှင့်ဖက်ရှင်အမှတ်တံဆိပ် Kenzo တို့ကို ဝယ်ယူခဲ့သည်။ ထိုနှစ်မှာပင် Arnault သည် ပြင်သစ်စီးပွားရေးသတင်းစာ La Tribune ကိုလည်း ဝယ်ယူခဲ့သည်။ ယူရိုသန်း ၁၅၀ ဖြင့်ဝယ်သည့်တိုင် ဆက်လက်လည်ပတ်ရန် မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ တွင် La Tribune ကို ပြန်ရောင်းထုတ်ကာ နောက်ထပ်ပြင်သစ်စီးပွားရေး သတင်းစာတစ်စောင်ဖြစ်သည့် Les Échos ကို ယူရို သန်း ၂၄၀ ဖြင့် ဝယ်ပြန်သည်။ ၁၉၉၄ ခုနှစ်တွင် LVMH သည် ရေမွှေးကုမ္ပဏီ Guerlain ကို ဝယ်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် စပိန်ဖက်ရှင်လုပ်ငန်း Loewe ကို လျော့ဈေးနှင့်ဝယ်ခဲ့သည်။ ၁၉၉၇ခု နှစ်တွင် Marc Jacobs နှင့် အလှကုန် လုပ်ငန်း Sephora တို့ကိုပါ ဝယ်ယူခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် သူ၏ Blue Capital မှတစ်ဆင့် ပြင်သစ်နိုင်ငံ ၏အကြီးဆုံးစူပါမားကက်နှင့် ကမ္ဘာ့အကြီးဆုံးစားသောက်ကုန်ဖြန့်ချိရေးလုပ်ငန်း Carrefour ၏ ၁၀.၆၉ ရာခိုင် နှုန်းကို ဝယ်ယူခဲ့သည်။ ထိုလုပ်ငန်းတွင် ဖက်စပ်အားဖြင့် ကာလီဖိုးနီးယားမှ ပိုင်ဆိုင်မှုလုပ်ငန်း Colony Capital ကလည်း ပါဝင်ထားပါသည်။ ထိုသို့အကြီးအကျယ်ဝယ်ယူမှုများအပြင် ကုမ္ပဏီချင်း ပူးပေါင်းမှုများလည်း ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် Thomas Pink ၊၂၀၀၀ပြည့်နှစ်တွင် Emilio Pucci ၊ ၂၀၀၁ ခုနှစ်တွင် Fendi, DKNY နှင့် La Samaritaine စသည့် အမျိုးမျိုးသော ဖက်ရှင်လုပ်ငန်းများနှင့် ပူးပေါင်းခဲ့သည်။ Arnault သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း လုပ်ငန်းဝါသနာအသစ်တိုးလာပြီး ကိုယ်ပိုင်အင်တာ နက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Europatweb မှတစ်ဆင့် အွန်လိုင်းဖက်ရှင်လက်လီဆိုင် boo.com, Libertysurf နှင့် Zebank တို့တွင် ရင်းနှီးမြှုပ်နှံသည်။ ၂၀၀၁ ခုနှစ်၊ မတ်လတွင်အင်တာနက်လုပ်ငန်းများကျရှုံးမှုနှင့် တိုက်ခိုက် မှုများကြောင့် ထိုလုပ်ငန်းများကို ကျောခိုင်းခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် Arnault သည် အမေရိကန် တွင် LVMH အမှတ်တံဆိပ်ကို ခိုင်မာကြီးထွားလာစေရန်အတွက် နယူးယောက်ရှိထင်ရှားသောအဆောက်အအုံ တစ်ခုတွင် သူ့လုပ်ငန်းများဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ၌ နောင်အခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် Hillary Clinton ရှေ့မှောက်တွင် LVMH တာဝါကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အခြားဝါသနာနှင့် ချီးမြှာက်ခံရမှုများ Arnault သည်နာမည်ကျော် ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သကဲ့သို့ အနုပညာစုဆောင်းသူလည်းဖြစ် သည်။ အထူးသဖြင့် ခေတ်ပြိုင်ပန်းချီကားများ စုဆောင်းရာတွင်အထူးထင်ရှားသည်။ စုဆောင်းသည့် အနုပညာ ရှင်ကြီးများထဲတွင် Picasso ၊ Yves Klein ၊ Henry Moore နှင့် Andy Warhol စသူတို့၏ လက်ရာများ ပါဝင် သည်။ သူသည် LVMH ကိုလည်း ပြင်သစ်နိုင်ငံတွင် အနုပညာကို အဓိကအသားပေးသည့်နေရာက ပါဝင်ခွင့်ရ စေချင်သည် Arnault သည် လေလံတင်လုပ်ငန်း Phillips de Pury& Company ကိုလည်း ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သူသည် ခေတ်ပြိုင်အနုပညာလုပ်ငန်းများအတွက် Louis Vuitton ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် သူသည် ရွက်လှေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံကာ Princess Yachts တွင် ၂၅၃ ယူရိုမြှုပ်နှံသည်။ ထို့နောက်တွင်လည်း ထိုမျပမာဏဖြင့်ပင် Royal Van Lent ကို အပိုင်ဝယ်ယူလိုက်ပြန်သည်။ သူသည်ပြင်သစ်နိုင်ငံမှ အခွန်ရှောင်တိမ်းရန် ဘယ်လ်ဂျီယမ်နိုင်ငံသားခံယူမည်ဆိုသော သတင်းများလည်း ၂၀၁၃ ခုနှစ်တွင် ပေါ်ထွက်ခဲ့သေးသည်။ သို့သော် ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် သတင်းစာများက သူ့အပေါ် အယူအဆလွဲမှားသွားခြင်းဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံမှ သူဘယ်တော့မှထွက်ခွာမှာမဟုတ်ကြောင်း ကြေညာခဲ့ပါ သည်။ ၂၀၀၅ ခုနှစ်တွင် Arnaultသည် ပြင်သစ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ Forbes မဂ္ဂဇင်း၏ ၂၀၀၆ ခုနှစ် ဘီလီယံနာများစာရင်းတွင် သူ့ပိုင်ဆိုင်မှု ဒေါ်လာ ၃၀ ဘီလီယံဖြင့် ပြင်သစ်အမျိုးသမီး Liliane Bettencourt ထက် ရှေ့ရောက်လာခဲ့သည်။ Arnault သည် Commander of the French Legion of Honour ဘွဲ့ကို ၂၀၀၇ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် Grand Officer of the French Legion of Honour အဖြစ် တိုးမြှင့်ခံရသည်။ နိုင်ငံတကာထူးချွန်သူများအတွက် Woodrow Wilson နိုင်ငံတကာစင်တာ က Corporate Citizenship ဆုကိုလည်း ၂၀၁၁ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နှောင်းပိုင်းတွင် ဗြိတိသျ အင်ပါယာ၏ ဂုဏ်ထူးဆောင်သူရဲကောင်းဘွဲ့ကိုလည်း ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Forbes မဂ္ဂဇင်းစာရင်းများ အရ Arnault ၏ အသားတင်ပိုင်ဆိုင်မှုသည် ကမ္ဘာတွင်စတုတ္ထမြောက်အချမ်းသာဆုံးအဖြစ် ဒေါ်လာ ၄၁ ဘီလီ ယံရှိကြောင်း ဖော်ပြထားသည်။ Bloomberg ဘီလီယံနာညွှန်းကိန်းများအရမူ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပိုင်ဆိုင်မှုဒေါ်လာ ၂၉ ဘီလီယံဖြင့် အချမ်းသာဆုံးနံပါတ် ၁၈ တွင် ဖော်ပြထားပါသည်။ ကိုယ်ရေးအကျဉ်း အမည် Bernard Jean Étienne Arnault အသက် ၆၄ နှစ် ရာထူး LVMH ၏ ဥက္ကဋ္ဌနှင့် CEO နိုင်ငံသား ပြင်သစ် ပညာရေး ဝိဇ္ဇာ သိပ္ပံဘွဲ့ Ecole Polytechnique de Paris အိမ်ထောင်ရေး အိမ်ထောင်ရှိ သားသမီး ငါးယောက်