ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဂေါက်တိုးဖြစ်သော အမေရိကန်အယ်လ်ပီဂျီအေတိုးသည် ၂၀၁၇ ခုနှစ်အတွက် နှစ်ပိတ်ပြိုင်ပွဲကြီးအဖြစ် CME Group Tour Championship အား နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖလော်ရီဒါပြည်နယ်ရှိ Tiburon Golf Club ၌ ကျင်းပခဲ့ပါသည်။ နှစ်ပိတ်ပွဲဆိုသည့်အတိုင်း ဤပွဲကြီး၏ ရလဒ်များအပေါ်မူတည်၍ တစ်နှစ်တာအကောင်းဆုံးဆုများအတွက် အဖြေများထွက်လာမည်ဖြစ်ရာ ပွဲမစမီကတည်းက စိတ်ဝင်စားစရာဖြစ်နေခဲ့ပါသည်။
ဤပွဲမှ ဆုကြေးစုစုပေါင်းဒေါ်လာ ၂.၅ သန်း ပေးထားပြီး ဗိုလ်စွဲသူက ဒေါ်လာ ၆၂၅,၀၀၀ ရပါမည်။ ထို့အပြင် ယခုနှစ်အစပွဲမှ ယခုပွဲအထိတစ်နှစ်တာ ရလဒ်များအပေါ် အမှတ်များပေးထားသော Race to CME Globe အမှတ်ဇယားကလည်း ရှိနေပြန်ပါသည်။ ဤပွဲကြီးအပြီးတွင် အမှတ်ဇယားအား အပြီးသတ်မည်ဖြစ်ကာ အမှတ်အများဆုံးရသူက Race to CME Globe ချန်ပီယံအဖြစ် အပိုဆောင်းဆုကြေးဒေါ်လာတစ်သန်းရပါမည်။
ထို့အပြင် ဤပွဲပြီးပါမှ အယ်လ်ပီဂျီအေတိုး၏ (၁) တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆု၊ (၂) တစ်နှစ်တာဆုကြေးအများဆုံး ဂေါက်သီးမယ်ဆုနှင့် (၃) တစ်နှစ်တာပျမ်းမျှရိုက်ချက်အနည်းဆုံး ဂေါက်သီးမယ်ဆုများ မည်သူဆွတ်ခူးသည်က အဖြေထွက်ပေါ်လာပါမည်။
၂၀၁၇ ခုနှစ်အတွင်း အယ်လ်ပီဂျီအေတိုးပြိုင်ပွဲများသည် အလွန်အကြိတ်အနယ်ရှိခဲ့ပါသည်။ ပထမဆုံးကျင်းပသောပွဲမှ ၁၅ ပွဲဆက်တိုက်တွင် ကွဲပြားခြားနားသော ချန်ပီယံ ၁၅ ဦးပေါ်ထွက်ခဲ့ပါသည်။ ထိုကာလအတွင်း မည်သူမျှနှစ်ကြိမ်ဗိုလ်မစွဲနိုင်ခဲ့ပါ။ အမျိုးသမီးမေဂျာပွဲကြီး ၅ ပွဲတွင်လည်း မည်သူမျှမေဂျာတစ်ပွဲမက ဗိုလ်မစွဲနိုင်ခဲ့ပါ။ တစ်ကမ္ဘာလုံးမှ ပေါ်ထွက်လာသော အလွန်ထူးချွန်သည့် ဂေါက်သီးမယ်များ အကြိတ်အနယ် အပြိုင်အဆိုင်ရှိနေပုံ ပေါ်လွင်နေပါသည်။
အယ်လ်ပီဂျီအေတိုး၏ အခြားနှစ်ပတ်လည်ဆုတစ်မျိုးမှာ တစ်နှစ်တာအကောင်းဆုံး လူသစ်ဂေါက်သီးမယ်ဆု ဖြစ်ပါသည်။ အယ်လ်ပီဂျီအေသည် ဆုတိုင်းအား အမှတ်ဖြင့် ရွေးချယ်ပါသည်။ တစ်နှစ်တာအကောင်းဆုံး လူသစ်ဂေါက်သီးမယ်ဆုကိုမူ ဆန်ဟွန်ပတ်ခ် (Sung Hyun Park or S H Park) က ရရှိသွားကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက အယ်လ်ပီဂျီအေက ကြေညာခဲ့ပါသည်။ ထိုသို့ တစ်နှစ်တာပွဲစဉ်များမပြီးမီ ငါးပွဲအလိုကတည်းက အချိန်စောစွာကြေညာနိုင်ခြင်းမှာ အမှတ်ဇယားတွင် ဆန်ဟွန်ပတ်ခ်အား အခြားမည်သည့် ဂေါက်သီးမယ်မှ လိုက်မမီနိုင်တော့၍ပါ။ ပတ်ခ်သည် အသက် ၂၄ နှစ် ရှိပါပြီ။ မိခင်ကိုးရီးယားနိုင်ငံ၌ ၂၀၁၅ ခုနှစ်က စတင်အောင်ပွဲများရခဲ့ပေရာ ယနေ့အခါအထိ စုစုပေါင်း ၁၀ ပွဲ ဗိုလ်စွဲပြီးပါပြီ။ ၂၀၁၇ ခုနှစ်တွင် အယ်လ်ပီဂျီအေတိုး၌ စတင်၍ အခြေချကစားခဲ့သည်။ သူမသည် ဇူလိုင်လက ကျင်းပခဲ့သော ယူအက်စ်အမျိုးသမီးအိုးပင်းမေဂျာပွဲကြီးအား စတင်ဗိုလ်စွဲခဲ့ပြီးနောက် သြဂုတ်လ နောက်ဆုံးပတ်တွင် Canadian Pacific Women's Open ထပ်မံဗိုလ်စွဲနိုင်ခဲ့ပြန်သည်။ ပွဲစဉ်ငါးပွဲကျန်စဉ်မှာပင် သူမက ဒုတိယနေရာ၌ ရှိနေသူ အိန်ဂျယ်ယင်းအပေါ် ၇၉၈ မှတ် ဖြတ်ထားနိုင်ခဲ့ပါသည်။ အမှတ်ပေးပုံမှာ တစ်ပွဲဗိုလ်စွဲတိုင်း အမှတ် ၁၅၀ ဖြစ်ပါသည်။ ဖြတ်ချရာတွင် မပြုတ်သူအားလုံးအား အဆင့်အလိုက် အမှတ်ပေးပါသည်။ အိန်ဂျယ်ယင်းအနေဖြင့် လက်ကျန် ၅ ပွဲစလုံး ဗိုလ်စွဲသည့် တိုင်အမှတ်တွင် ပတ်ခ် အား လိုက်မမီနိုင်တော့၍ စောစီးစွာ အဖြေထွက်သွားခြင်း ဖြစ်ပါတော့သည်။
CME Group Tour Ch ပွဲကြီးမတိုင်မီ နှစ်ပတ်လည် အမှတ်ဇယားလေးခု၌ ဦးဆောင်နေသည့်သူများအား ကြည့်ရအောင်ပါ။
Race to CME Globe $ 1 Million Bonus
(1) Lexi Thompson 5000
(2) Sung Hyun Park 4750
(3) Shanshan Feng 4500
(4) So Yeon Ryu 4250
(5) Brooke Henderson 4000
Player of the Year
(1) So Yeon Ryu 162
(2) Shanshan Feng 159
(3) Sung Hyun Park 157
(4) Lexi Thompson 147
Lowest Scoring Average
(1) Lexi Thompson 69.147
(2) Sung Hyun Park 69.259
(3) In Gee Chun 69.269
တစ်နှစ်တာဆုကြေးအများဆုံးဇယား
----------------
တစ်နှစ်တာဆုကြေးအများဆုံးဂေါက်သီးမယ်ဆုအား ရနိုင်သူဟူ၍ နှစ်ဦးသာရှိပါသည်။ ပထမနေရာရနေသူ ဆန်ဟွန်ပတ်ခ်နှင့် ဒုတိယနေရာရနေသူဆိုယွန်ရူးတို့ပါ။ အကောင်းဆုံးလူသစ်မယ်လေး ပတ်ခ်က ရူးထက်ဆုကြေး ဒေါ်လာ ၂၉၈,၀၄၇ ပိုများနေပါသည်။ ဤနောက်ဆုံးပွဲ၌ ပထမရသူ၏ဆုကြေးက ဒေါ်လာ ၆၂၅,၀၀၀ ဖြစ်ပေရာ ရူးဗိုလ်စွဲပါက ရူးက ဤဆုရပါလိမ့်မည်။ ရူးဗိုလ်မစွဲပါ ကမူပတ်ခ်ပင် ဤဆုရမည့် အနေအထားပါ။
[caption id="attachment_31723" align="alignnone" width="423"]So Yeon Ryu[/caption]
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နှစ်ပိတ်ပွဲကြီး စတင်ပါသည်။ ဤပွဲကြီးသို့ ဝင်ခွင့်ရသူများအနက် ယခုနှစ်အတွင်း ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့သူများအားလုံး ပါဝင်ကစားခဲ့ကြပါသည်။ Rolex Rankings ဟုခေါ်သည့် ကမ္ဘာ့ဂေါက်သီးမယ် အဆင့်ဇယား၌ တစ်နှစ်တာအတွင်း ကမ္ဘာ့နံပါတ်တစ်ခုဖြစ်ခဲ့သူအရေအတွက်တွင် ဤ ၂၀၁၇ ခုနှစ်က အများဆုံးဟု ဆိုရပါမည်။ ကွဲပြားခြားနားသော ဂေါက်သီးမယ်ငါးဦးက ဘုရင်မပလ္လင်ထက်ဝယ် ထိုင်နိုင်ခဲ့ကြသည်။ ခြောက်လအတွင်း အပြောင်းအလဲများဖြစ်ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။ အောက်ပါ ဂေါက်သီးမယ်များပါ။
၁။ လစ်ဒီယာကိုး ၂၆.၁၀.၂၀၁၅ မှ ၁၁.၆.၂၀၁၇ ထိ
၂။ အာရီးယားဂျူတာနုဂန်း ၁၂.၆.၂၀၁၇ မှ ၂၅.၆.၂၀၁၇ ထိ
၃။ ဆိုယွန်ရူး ၂၆.၆.၂၀၁၇ မှ ၅.၁၁.၂၀၁၇ ထိ
၄။ ဆန်ဟွန်ပတ်ခ် ၆.၁၁.၂၀၁၇ မှ ၁၂.၁၁.၂၀၁၇ ထိ
၅။ ရှန်ရှန်ဖန်း ၁၃.၁၁.၂၀၁၇ မှ လက်ရှိအချိန်အထိ
နယူးဇီလန်ဂေါက်သီးမယ်လေး လစ်ဒီယာကိုးက ကာလရှည်ကြာစွာ (စုစုပေါင်း ၁၀၄ ပါတ်) နံပါတ်တစ်နေရာကို ရခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် ထိုင်းဂေါက်သီးမယ်လေး အာရီးယားဂျူတာနုဂန်းက ၂၀၁၆ ခုနှစ်အတွင်း ငါးပွဲဗိုလ်စွဲနိုင်ခဲ့မှုကို အခြေခံပြုကာ ၂၀၁၇ ခုနှစ် ဂျွန်လ ၁၁ ရက်နေ့၌ Manulife LPGA Classic ဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာနံပါတ်တစ်ဖြစ်လာပါသည်။ ယင်းကာလနောက်ပိုင်းတွင် သူမသည် ကိုယ်ခန္ဓာနာကျင်မှုဒဏ်ရာများကြောင့် ပါဝင်မကစားနိုင်မှုများ၊ ပြိုင်ပွဲကစားနေရင်း နှုတ်ထွက်ခဲ့ရမှုများ၊ ငါးပွဲဆက်တိုက်နှစ်ရက်နှင့် ပြုတ်ခဲ့မှုများဖြစ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်အတွင်း ANA Inspiration မေဂျာပွဲကြီး (၂.၄.၂၀၁၇) နှင့် Walmart NW Arkansas Ch. (၂၅.၆.၂၀၁၇) ဗိုလ်စွဲခဲ့သူကိုးရီးယားဂေါက်သီးမယ် ဆိုယွန်ရူးက ၂၆.၆.၂၀၁၇ နေ့၌ ကမ္ဘာ့နံပါတ်တစ်ဖြစ်လာပါသည်။ ယင်းနောက်ပိုင်းတွင် ရူးလည်း လက်ပျက်လက်ကျမှုများဖြစ်ခဲ့ပါသည်။
ဆန်ဟွန်ပတ်ခ်သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် အမျိုးသမီးယူအက်စ်အိုးပင်းမေဂျာပွဲကြီး ဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၁၁ မှ ပဉ္စမနေရာသို့ ရောက်ရှိလာပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် Canadian Pacific Women's Open ဗိုလ်စွဲလိုက်သည့်အခါ တတိယနေရာသို့ ရောက်ရှိလာပါသည်။ အောက်တိုဘာလ ၁၅ ရက်နေ့၌ LPGA KEB Hana Bank Ch.၌ ဒုတိယရသည့်အခါ ဒုတိယနေရာသို့ရောက်လာပြီး ပထမနေရာရနေသူ ရူးနှင့် အမှတ်ချင်းမကွာလှတော့သည့်အခြေအနေ (ရူးက ၈.၇၅ မှတ်၊ သူမက ၈.၅၀ မှတ်) ဖြစ်ခဲ့ပါသည်။ ပတ်ခ်သည် အောက်တိုဘာလ ၂၉ ရက်နေ့က Sime Darby LPGA Malaysia ပွဲတွင် အဆင့်ပူးတွဲ ၅ ချိတ်ပြီးနောက် နိုဝင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပခဲ့သော Toto Japan Classic ဝင်မကစားသည့်တိုင် အဆိုပါပွဲတွင် ကမ္ဘာ့အဆင့်တစ်ရူးက အဆင့်ပူးတွဲ ၃၃ သာ ချိတ်နိုင်မှုကြောင့် ပတ်ခ်က ရူးအပေါ် ၈.၄၁ မှတ်- ၈.၃၈ မှတ်ဖြင့် အမှတ်အနည်းငယ်လေးအသာရကာ ကမ္ဘာ့အဆင့်တစ် ပထမဆုံးအကြိမ်ဖြစ်လာပါသည်။
တရုတ်ဂေါက်သီးမယ် ရှန်ရှန်ဖန်းသည် သူမပါဝင်ကစားခဲ့သော လေးပွဲဆက်တိုက် (အယ်လ်ပီဂျေအေတိုး၏ အာရှတိုက်၌ ကျင်းပခဲ့သော Swinging Skirts အောက်တိုဘာလ ၁၉-၂၁၊ ထိုင်ဝမ်ပွဲ၊ Sime Darby အောက်တိုဘာလ ၂၆-၂၉၊ မလေးရှားပွဲ၊ Toto Classic နိုဝင်ဘာလ ၂-၅၊ ဂျပန်ပွဲနှင့် Blue Bay နိုဝင်ဘာလ ၈-၁၁ ဟိုင်နန်ပွဲ) တွင် ပူးတွဲတတိယ၊ ပူးတွဲဒုတိယ၊ ပထမ၊ ပထမ အစရှိသော အဆင့်များချိတ်သည့်အခါ ကမ္ဘာ့အဆင့်တစ် ဖြစ်လာပြန်ပါသည်။ အမှတ်များက ကပ်နေကြပါသည်။ ဖန်းက ၈.၄၆ မှတ်၊ ပတ်ခ်က ၈.၄၄ မှတ်နှင့် ရူးက ၈.၄၃ မှတ် တို့ အသီးသီးဖြစ်ကြသည်။ ပတ်ခ်၏ ကမ္ဘာ့နံပါတ်တစ်နေရာသက်တမ်းမှာ တစ်ပတ်သာခံပြီး ဖန်းသို့လက်ပြောင်းပေးခဲ့ရသည့် သဘောဖြစ်ပါသည်။
နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော CME Group Tour Ch. ၏ ပထမနေ့တွင် တစ်ကြိမ်မျှ ဗိုလ်မစွဲဘူးသူနှစ်ဦးဖြစ်သည့် ဆာရာဂျိန်းစမစ်သ်နှင့် ပေယွမ်ချန်းတို့က ၆ ချက်လျော့ဖြင့် ဦးဆောင်နေပါသည်။ လစ်ဒီယာကိုးနှင့် ဆန်ဟွန်ပတ်ခ်တို့က ၅ ချက်လျော့၊ အာရီးယားက ၄ ချက်လျော့၊ လက်စီသွမ်ဆင်က တစ်ချက်လျော့ရထားကြသည်။
ဒုတိယနေ့တွင် အကောင်းဆုံးလူသစ်မယ် ပတ်ခ်က လက်စွမ်းပြခဲ့ပါသည်။ ၇ ချက်လျော့ရခဲ့ပြီး နှစ်ရက်ပေါင်း ၁၂ ချက်လျော့ဖြင့် လွတ်လွတ်ကျွတ်ကျွတ် အပြတ်ဦးဆောင်သူဖြစ်လာသည်။ သူကလေးက ပထမကော်နာတွင် ဘာဒီ ၅ ကျင်းဆက်တိုက်ရခဲ့သည်။ ဒုတိယကော်နာ၌ ကျင်း ၁၂ တွင် ဘာဒီရပြီးနောက် ကျင်း ၁၇ တွင် ပေ ၃၀ အီဂယ်ပတ်ဝင်သည့်အခါ ၁၃ ချက်လျော့ပင် ဖြစ်လာသေးပါသည်။ နောက်ဆုံးကျင်းတွင် သရီးပတ်ဘိုဂီပါ သွားခဲ့သည်။ လက်စီနှင့် ကိုးတို့က ပေါင်း ၆ ချက်လျော့၊ အာရီးယားက ၅ ချက်လျော့ရနေပြီး တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆုချိန်နိုင်သူ ဆိုယွန်ရူးနှင့် ရှန်ရှန်ဖန်းတို့မှာ ပတ်ခ်နှင့် ၁၁ ချက်ပြတ်ကာ တစ်ချက်လျော့တွင်သာ ရှိနေကြပါသည်။ ဤဒုတိယနေ့ရိုက်ချက်သည် အကောင်းဆုံးလူသစ်မယ်ဆု ရထားသူပတ်ခ်အတွက် အခြားအဓိကဆုကြီးများကိုပါ သိမ်းကြုံးရယူ ရာဇဝင်တွင်နိုင်ရန် ကြီးမားသော ခြေတစ်လှမ်းလှမ်း လိုက်နိုင်ခြင်းပင် ဖြစ်ပါသည်။ ဗိုလ်သာစွဲပါက အပိုဆောင်းဆုငွေဒေါ်လာတစ်သန်းအပြင် သူကလေးရက်သတ္တတစ်ပတ်သာ ရယူနိုင်ခဲ့သည့် ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးမယ်နေရာကိုလည်း ရှန်ရှန်ဖန်းထံမှ ပြန်လည်ရရှိပါမည်။
အလွန်တည်ငြိမ်သည့် ပတ်ခ်သည် တတိယနေ့၌ သူလည်းအမှားလုပ်သော လူသားတစ်ဦးဟူသည်ကို ပြသသွားပါသည်။ ကိုက် ၃၀၀ ကျော်ပင် ပြေးအောင်ရိုက်နိုင်သောသူကလေး၏ ဒရိုက်ဗ်များသည် တတိယနေ့၌ အံချော်နေခဲ့ပါသည်။ ၇ ကျင်းပင် ဖဲဝေးပျောက်ခဲ့ပြီး သံတုတ်ရိုက်ချက်များပါ ပျက်ခဲ့ပါသည်။ ခြုံပုတ်ထဲရောက်ခြင်းများ၊ ဆိုးရွားစွာ ဂရင်းလွဲခြင်းများ၊ ဒပ်ဘယ်ဘိုဂီပါ ခြင်းများကြောင့် ၃ ချက်ပို ၇၅ ချက်သာရခဲ့ပြီး ပေါင်း ၉ ချက်လျော့သို့ ကျဆင်းသွားပါသည်။
တတိယကွင်းပတ်အား ၅ ချက်လျော့ရခဲ့သည့် အာရီယား၊ ၆ ချက်လျော့ရခဲ့သည့် မစ်ရှဲလ်ဝီးတို့သည် ဆူဇန်ပက်တာဆင်၊ ကင်မ်ကော့ဖ်မင်တို့နှင့်အတူ ပေါင်း ၁၀ ချက်လျော့ဖြင့် ပူးတွဲဦးဆောင်သူများ ဖြစ်လာကြသည်။ ပတ်ခ်နှင့်အတူ ပေါင်း ၉ ချက်လျော့တွင် ဒေါ်လာတစ်သန်း အပိုဆောင်းဆုကြေးဇယား ဦးဆောင်နေသူ လက်စီ၊ ကမ္ဘာ့နံပါတ်တစ်ဟောင်း စတေစီလူးဝစ်စ်တို့အပါအဝင် ၇ ဦးပင် ရှိနေပါသည်။ ဦးဆောင်သူများအပါအဝင် ၎င်းတို့နှင့် တစ်ချက်အကွာတွင်ရှိနေသူ စုစုပေါင်းမှာ ၁၁ ဦးဖြစ်ပြီး နှစ်ချက်အကွာတွင် ရှိနေသူစုစုပေါင်းမှာ ၁၈ ဦးပင် ဖြစ်နေသဖြင့် နောက်ဆုံးနေ့တွင် မည်သူဗိုလ်စွဲပြီး မည်သူက ဒေါ်လာတစ်သန်းအပိုဆောင်းဆုကြေး ရမည်ဆိုသည်မှာ မှန်းဆ၍မရသည့် အခြေအနေဖြစ်နေပါတော့သည်။
နိုဝင်ဘာလ ၁၉ ရက် တနင်္ဂနွေနေ့၌ နောက်ဆုံးကွင်းပတ်ကစားခဲ့ကြသည်။ နောက်ဆုံးနေ့၏ ဇာတ်လိုက်မင်းသမီးမှာ လက်စီသွမ်ဆင်ဖြစ်ခဲ့ပါသည်။ သို့သော် ပြုံးပျော်နိုင်သည့် ဇာတ်လိုက်မဟုတ်ပဲ အလွမ်းမင်းသမီးပါ။ တစ်ချက်အသာဖြင့် ဦးဆောင်နေသောသူမသည် နောက်ဆုံးကျင်းတွင် ၂ ပေသာ ကွာဝေးသော ''ပါ'' ပတ်လွဲခဲ့ခြင်းကြောင့်ဖြစ်ပါတော့သည်။ အလွန်တရာမျှ တန်ဖိုးကြီးမားလှသော ကျင်းစိမ်ချက်ပါ။ လက်စီဘဝတွင် ဤမျှတိုတောင်းလှသော ကျင်းစိမ်ချက်အားယခင်က တစ်ကြိမ်တစ်ခါမျှ မလွဲချော်ခဲ့ဘူးပါ။ သူမသာ ဗိုလ်စွဲပါက တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆုအပြင် ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးမယ်နေရာကို ပါရယူနိုင်မည် ဖြစ်ပါသည်။
သူ့နောက်တစ်တွဲကျော် နောက်ဆုံးအတွဲမှ ကစားနေသော အာရီးယားသည် လက်စီထို ''ပါ'' ပတ်မသွင်းခင်က လက်စီနောက်နှစ်ချက်အကွာ၌ ရှိနေပါသည်။ လက်စီက ၁၅ ချက်လျော့၊ အာရီးယားက ၁၃ ချက်လျော့ ဖြစ်ပါသည်။ အာရီးယားက ကျင်း ၁၇ ပါဖိုက်၌ နှစ်ချက်ဖြင့် ဂရင်းနဘေးဘန်ကာထဲရောက်ကာ ဘန်ကာထဲမှ ရိုက်ချက်က ကျင်းပေါက်နှင့် ၁၈ ပေဝေးကွာခဲ့သော်လည်း ထိုဘာဒီပတ်ကို ဝင်အောင်သွင်းနိုင်ခဲ့သည်။ ထိုအချိန်တွင် လက်စီက နှစ်ပေ ''ပါ'' ပတ်လွဲခဲ့ပေရာ ပေါင်း ၁၄ ချက်လျော့တွင် သူတို့နှစ်ဦးအပြင် လက်စီနှင့် တစ်တွဲတည်းကစားနေသူ ဂျက်စီကာကော်ဒါပါတိုက်နေခဲ့ကြပါသည်။ အာရီးယား ကျင်း ၁၈ ပါဖိုး ကစားသည့်အခါ ၁၈ ပေ ဘာဒီပတ်သွင်းခွင့်ရပြန်ပါသည်။ သူမက ဤအကြိမ်တွင်လည်း ဝင်အောင်သွင်းလိုက်နိုင်ပြန်သည်။ စုစုပေါင်း ၁၅ ချက်လျော့ဖြင့် ဗိုလ်စွဲသွားပါတော့သည်။
ထွက်ထွက်ချင်း ကျင်းအမှတ် ၁ တွင် ဘိုဂီပါသွားကာ ဦးဆောင်သူများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော အာရီးယားသည် ကျင်း ၄ နှင့် ၆ တွင် ဘာဒီများရသည့်တိုင် ရှေ့တန်းသို့ မရောက်လာသေးပါ။ ကျင်း ၁၃၊ ၁၄ နှစ်ကျင်းဆက် ဘာဒီရမှ ထိပ်ပိုင်းသို့ပြန်ရောက်လာခြင်းပါ။ ဇွန်လက ကမ္ဘာ့နံပါတ်တစ်နေရာအားရခဲ့သူ အာရီးယားသည် ယင်းကာလနောက်ပိုင်းပါဝင်ကစားခဲ့သော မေဂျာပွဲကြီးလေးပွဲစလုံးတွင် နှစ်ရက်နှင့် ပြုတ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က Blue Bay LPGA ပြိုင်ပွဲတွင် အဆင့်ပူးတွဲ ၁၆ ချိတ်နိုင်ခြင်းက အဆင့်အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ ယမန်နှစ်က အကောင်းဆုံးဂေါက်သီးမယ်ဆုနှင့် ဒေါ်လာတစ်သန်း အပိုဆောင်းသူများ ဆွတ်ခူးခဲ့သော သူမအတွက် ယခုနှစ်တွင် ထိုသူများထပ်မံမရတော့သော်လည်း နှစ်ပိတ်ပွဲကြီးဗိုလ်စွဲလိုက်နိုင်ခြင်းက ကျေနပ်စရာပါ။
လက်စီသည် ဒုတိယသာရခဲ့သဖြင့် ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးမယ် ဖြစ်မည့်အရေးနှင့် တစ်နှစ်တာ အကောင်းဆုံးဂေါက်သီးမယ်ဖြစ်မည့်အရေးများနှင့် လွဲခဲ့သော်လည်း Race to CME Globe အမှတ်ဇယားတွင်မူ အမှတ်အများဆုံးရသူဖြစ်ဆဲဖြစ်ကာ ဒေါ်လာတစ်သန်း အပိုဆောင်းဆုကို ရရှိလိုက်ပါသည်။ ထိပ်ဆုံးငါးဦး၏ အပြီးသတ်ရမှတ်များမှာ အောက်ပါအတိုင်းပါ။
Race to CME Globe အပြီးသတ်အမှတ်များ
(1) Lexi Thompson 7450
(2) Sung Hyun Park 6250
(3) Ariya Jutanugarn 5900
(4) Shanshan Feng 4840
(5) So Yeon Ryu 4500
ဤပွဲမတိုင်မီအမှတ်ရနေခဲ့မှုအခြေအနေအရ လက်စီကို ကျော်တက်နိုင်ခြေရှိသူများမှာ ဤပွဲတွင် လက်စီလောက် အဆင့်မြင့်မြင့်မချိတ်နိုင်သည့်အတွက် လက်စီအားမမီကြတော့ခြင်းပါ။ ပတ်ခ်က အဆင့်ပူးတွဲ ၆၊ ရှန်ရှန်ဖန်းက ပူးတွဲ ၂၁၊ ဆိုယွန်ရူးက ပူးတွဲ ၃၀ နှင့် ဘရွတ်ခ်ဟန်ဒါဆင်က ပူးတွဲ ၂၅ သာချိတ်နိုင်ခဲ့ကြသည်။ ရွေးချယ်ကောက်နုတ်ထားသူအချို့၏ ပြိုင်ပွဲရလဒ်များကို ဇယားတွင် ဖော်ပြထားပါသည်။
လက်စီသွမ်ဆင်သည် အခြားဆုတစ်မျိုးဖြစ်သော တစ်နှစ်တာပျမ်းမျှရိုက်ချက်အနည်းဆုံး ဂေါက်သီးမယ်ဆုကိုပါ ရရှိခဲ့ပါသည်။ ဤပွဲအပြီး ထိပ်ဆုံးသုံးဦး၏ ရလဒ်များမှာ အောက်ပါအတိုင်းပါ။
Lowest Scoring Average
(1) Lexi Thompson 69.114
(2) Sung Hyum Park 69.247
(3) In Gee Chun 69.383
တစ်နှစ်တာဆုကြေးအများဆုံး ဂေါက်သီးမယ်ဆုအား ဆန်ဟွန်ပတ်ခ်ကပင် ရရှိသွားပါသည်။ တစ်နှစ်တာ ဆုကြေးအများဆုံး ဂေါက်သီးမယ်ငါးဦး၏ ရခဲ့သည့်ဆုကြေး (အပိုဆောင်းဆုကြေးမပါ) များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(1) Sung Hyun Park $ 2,335,883
(2) So Yeon Ryu $ 1,981,593
(3) Lexi Thompson $ 1,877,181
(4) Shanshan Feng $ 1,728,191
(5) Ariya Jutanugarn $ 1,549,858
တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆုအတွက် ဤပွဲအပြီး အပြီးသတ်အမှတ်ပေါင်းတွင် ပထမနေရာ၌ နှစ်ဦးတိုက်နေသဖြင့် ထိုနှစ်ဦးစလုံးအား ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးဂေါက်သီးမယ်ဆုကို ချီးမြှင့်ခဲ့ပါသည်။ အယ်လ်ပီဂျီအေရာဇဝင်တွင် ပထမဆုံးအကြိမ် နှစ်ဦးပူးတွဲရကြခြင်းပါ။ အမှတ်ချင်း တူသွားရခြင်းမှာ အမှတ်ပေးပုံကြောင့် ဖြစ်ပါသည်။ ပြိုင်ပွဲတိုင်းတွင် အမှတ်များအား ထိပ်ဆုံး ၁၀ ဦးသို့သာ ပေးရပါသည်။ ပြိုင်ပွဲပထမရသူက အမှတ် ၂၀၊ ဒုတိယ ၁၂ မှတ်စသဖြင့် ပေးသွားရာ နံပါတ် ၁၀ ချိတ်သူက ၁ မှတ် ရပါသည်။ ဤပွဲမတိုင်မီ အမှတ်အများဆုံးရနေသူဆိုယွန်ရူးက ဤပွဲတွင် အဆင့်ပူးတွဲ ၃၀ သာ ချိတ်နိုင်သဖြင့် အမှတ်တိုးမလာပါ။ ဆန်ဟွန်ပတ်ခ်က ဆဋ္ဌမချိတ်သဖြင့် ၅ မှတ်ရပါသည်။ ထို့ကြောင့် နှစ်ဦးစလုံး ၁၆၂ မှတ်ချင်းတိုက်ခဲ့ကြခြင်းပါ။ ဤပွဲမတိုင်မီနှင့် ဤပွဲအပြီးအမှတ်အခြေအနေကို ပုံပါအတိုင်းတွေ့နိုင်ပါသည်။
အယ်လ်ပီဂျီအေတိုး၏ ၂၀၁၇ ခုနှစ်-နှစ်ပိတ်ပွဲကြီးမှာ အံ့အားသင့်စရာများနှင့် ရင်သပ်ရှုမောစရာများ ဖုံးလွှမ်းခဲ့သော၊ စိတ်ထကြွလှုပ်ရှားလောက်သော၊ အထိမ်းအချုပ်မရှိသော၊ ဂေါက်သီးစာရေးဆရာများ အသုံးအနှုန်းအရ Wild Week ဖြစ်ခဲ့ပါသည်။ အာရီးယားက ဇာတ်လိုက်ဖြစ်သလို လက်စီသွမ်ဆင်နှင့် ဆန်ဟွန်ပတ်ခ်တို့ကလည်း ဇာတ်လိုက်များပါပင်။ အယ်လ်ပီဂျီအေ ရာဇဝင်၌ တစ်နှစ်တာအကောင်းဆုံး လူသစ်ဂေါက်သီးမယ်ဆုရော၊ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆုပါ ရရှိသွားသူဟူ၍ ၁၉၇၈ ခုနှစ်က စွမ်းဆောင်နိုင်ခဲ့သူ နန်စီလိုပက်ဇ်တစ်ဦးသာရှိခဲ့ဘူးရာ ယခုဆန်ဟွန်ပတ်ခ်တစ်ဦး တိုးလာပါသည်။ ပတ်ခ်က ထပ်မံသာ လွန်သွားသည်မှာ တစ်နှစ်တာ ဆုကြေးအများဆုံးဂေါက်သီးမယ်ဆုကိုပါ ရသွားခြင်း ဖြစ်ပါတော့သည်။
ပတ်ခ်ရော လက်စီပါ ဗိုလ်မစွဲသည့်အတွက် ကမ္ဘာ့နံပါတ်တစ်နေရာကို ရှန်ရှန်ဖန်းထံမှ လွှဲမယူနိုင်ခဲ့ကြပါ။ သို့သော် ကမ္ဘာ့အဆင့်အမှတ်များမှာ တစ်ဦးနှင့်တစ်ဦး နီးကပ်နေခဲ့ကြပါသည်။ ဤပွဲအပြီးတွင် ရှန်ရှန်ဖန်းက ၈.၄၃ မှတ်၊ ပတ်ခ်က ၈.၃၉ မှတ်၊ ရူးက ၈.၃၆ မှတ်၊ လက်စီက ၈.၀၆ မှတ်နှင့် အာရီးယားက ၇.၀၂ မှတ်တို့ ဖြစ်ကြပါသည်။ ယခု ၂၀၁၇ ခုနှစ်အတွက်ပွဲစဉ်များ ကုန်ဆုံးသွားပြီဖြစ်ရာ တရုတ်ဂေါက်သီးမယ်ရှန်ရှန်ဖန်းက ရှေ့နှစ်ဆန်းကာလအထိ ကမ္ဘာ့နံပါတ်တစ်နေရာကို ထိန်းသိမ်းသွားပါလိမ့်မည်။
၂၀၁၇ ခုနှစ်သည် ကမ္ဘာ့နံပါတ်တစ်နေရာ အပြောင်းအလဲဖြစ်ခဲ့မှုတွင် အကြိမ်အများဆုံး စံချိန်တင်ခဲ့သောနှစ်ပါ။ ၂၀၁၈ ခုနှစ်တွင်ရော။ ဆန်ဟွန်ပတ်ခ်မှာ အသက် ၂၄ နှစ်သာရှိသေးပြီး ကောင်းမွန်လှသော ဆွင်းကို ပိုင်ဆိုင်သူလေးဖြစ်ပေရာ သူကလေးက ရှေ့နှစ်တွင် အချိန်ကာလများစွာ ကမ္ဘာ့နံပါတ်တစ်ပုလ္လင်ထက်ဝယ် ထိုင်နိုင်သူဖြစ်နိုင်ပါသည်။ အသက် ၂၃ နှစ်သာရှိသောသူ အင်ဂျီချွန်းသည်လည်း အလွန်လှပသော ဆွင်းပိုင်ရှင်မလေးဖြစ်ပေရာ သူကလေးသည် ဤနေရာအားချိန်နိုင်ပါသည်။
ကမ္ဘာ့နံပါတ်တစ်ဖြစ်မလိုလိုနှင့် ကပ်လွဲနေသူ လက်စီသွမ်ဆင်မှာလည်း အသက် ၂၂ နှစ်သာ ရှိသေးသူလေး ဖြစ်ပေရာ အမေရိကန်ဂေါက်သီးမယ်များအနက် အကောင်းဆုံးပင်ဖြစ်ကာ ကမ္ဘာ့နံပါတ်တစ်ဖြစ်နိုင်သည့်သူပါ။ ကိုယ်ခန္ဓာနာကျင်မှုများကြောင့် ကမ္ဘာ့နံပါတ်တစ်နေရာအား ဇွန်လအတွင်းက ရက်သတ္တပတ်နှစ်ပတ်သာ ရယူပြီး စွန့်လွှတ်ခဲ့ရသူ အသက် ၂၂ နှစ်သာရှိသေးသော ထိုင်းဂေါက်သီးမယ် အာရီးယားသည်လည်း ကိုယ်ခန္ဓာသာ ကြံ့ခိုင်ပါက ထိုနေရာအားပြန်လည်ရရှိကာ ရေရှည်ထိန်းသိမ်းနိုင်မည့်သူက တစ်ဦးပါပင်။
ထို့အပြင် ငယ်ရွယ်ပြီး သန်စွမ်းကြသည့် ကနေဒါမှ ဘရွတ်ခ်ဟင်ဒါဆင်၊ အင်္ဂလန်မှ ချာလီဟားလ်နှင့် ကမ္ဘာ့နံပါတ်တစ်ဟောင်း အသက် ၂၀ သာရှိသေးသူလေး လစ်ဒီယာကိုးတို့သည်လည်း ဤနေရာအားမက်ကြမည်မှာ သေချာနေပါသည်။ အယ်လ်ပီဂျီအေတိုး၏ ပြိုင်ပွဲများသည် ၂၀၁၈ ခုနှစ်တွင် ပို၍ ပို၍ မြိုင်ဆိုင်လာမည့် အနေအထားကို တွေ့နေရပါတော့သည်။
ဝင်းမြင့်သိန်း