Paul Lin (Cathay United Bank (CUB))

Paul Lin

Vice President

Cathay United Bank (CUB)

paullin1

နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာတာနဲ့အမျှ ဒီဘက်နှစ်ပိုင်းမှာ နိုင်ငံအတော်များများက နိုင်ငံခြားဘဏ်တွေက ကိုယ်စားလှယ်ရုံးခွဲ၊ ဘဏ်ခွဲတွေ လာရောက်ဖွင့်လှစ်လာကြပါတယ်။ ဒီထဲမှာမှ မြန်မာနိုင်ငံမှာ Green Financing နည်းပညာသုံးလုပ်ငန်းတွေကို အထောက်အပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ကြိုးစားနေတဲ့ Cathay United Bank ရဲ့ Vice President ဖြစ်သူ Mr Paul Lin နဲ့ တွေ့ဆုံခိုက်မှာ လက်ရှိမြန်မာပြည်က Cathay United Bank ကိုယ်စားလှယ်ရုံးခွဲအနေနဲ့ ဘာတွေဆောင်ရွက်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော်က အဓိကအနေနဲ့ Corporate Business ပိုင်းဆိုင်ရာ ပြည်တွင်း၊ ပြည်ပလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရတဲ့အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်ပါတယ်။

ကျွန်တော် ဒီ CUB  မှာ မလုပ်ခင် ရှန်ဟိုင်းက Standard Charter Bank မှာ သုံးနှစ်ခွဲအလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာတော့ နယ်သာလန်မှာရှိတဲ့ ABN Amro Bank မှာ လုပ်ခဲ့ပါတယ်။ လက်ရှိ CUB မှာ အလုပ်ဝင်တာဆိုရင် လေးနှစ်ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်က Maryland University မှာ ကျောင်းတက်ခဲ့ပြီး တရုတ်ပြည်မှာရှိတဲ့ Packet University ကနေ ဘွဲ့ရခဲ့ပါတယ်။

Cathay United Bank အကြောင်း ရှင်းပြပေးပါ . . .

Cathay United Bank ဟာ ထိုင်ဝမ်၊ တိုင်ပေမြို့မှာ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကတည်းက စတင်တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေးပိုင်းကို စီမံခန့်ခွဲတဲ့ကုမ္ပဏီကတော့ လွန်ခဲ့တဲ့အနှစ် ၅၀ ကတည်းက တည်ထောင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘဏ်ဟာ အာမခံ၊ ငွေကြေးပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ပါတယ်။

ကျွန်တော်တို့ဟာ ထိုင်ဝမ်မှာ အကြီးဆုံးပုဂ္ဂလိကပိုင်ဘဏ်တွေထဲက တစ်ခုဖြစ်ပြီး လက်ရှိထိုင်ဝမ်မှာ ဘဏ်ခွဲပေါင်း ၁၆၅ ခု ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ဘဏ်ခွဲတွေ၊ ကိုယ်စားလှယ်ရုံးတွေကိုတော့ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာတို့မှာ ဖွင့်ထားပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ လက်ရှိမှာ Green Energy စီမံကိန်းပေါင်း တစ်ထောင်ကျော်လောက်ကို ငွေကြေးပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဘဏ်ရဲ့ Capital Value အနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံရှိပါတယ်။ ဒါပြင် ကျွန်တော်တို့ဘဏ်ဟာ ထိုင်ဝမ်မှာ Bank of the Year 2014 ၊ The Strongest Bank in Taiwan 2014 နဲ့ The Best Trade Bank in Taiwan ဆုတွေကိုလည်း ရရှိထားပါတယ်။

CUB ဟာ နိုင်ငံတကာမှာကော ဘာတွေဆောင်ရွက်နေပါသလဲ . . .

ကျွန်တော်တို့က အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာဆို Green Energy ပရောဂျက်တွေကို ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တွေကို အရင်းအနှီးလိုအပ်ရင် ချေးငွေပံ့ပိုးပေးတာကို ဆောင်ရွက်နေပါတယ်။ အဓိကအနေနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေအစရှိတဲ့ သဘာဝစွမ်းအင်နဲ့ စွမ်းအင်ကိုထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေကို ချေးငွေပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ဒါပြင် ရင်းနှီးမြှုပ်နှံသူတွေကို လုပ်ငန်းပိုင်းဆိုင်ရာ အကြံဉာဏ်တွေလည်း ပံ့ပိုးပေးပါတယ်။

CUB က မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတာတွေ . . .

ကျွန်တော်တို့ဘဏ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာတစ်ကြိမ် လိုင်စင်လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ အဖြေတော့ မသိရသေးပါဘူး။ တကယ်လို့ ဒီနှစ်မှာလိုင်စင်မရဘူးဆိုလည်း နောက်နှစ်တွေမှာ လိုင်စင်ထပ်လျှောက်သွားမှာပါ။ ဘဏ်လုပ်ငန်းစဉ်တွေကိုတော့ ကိုယ်စားလှယ်ရုံးပဲ ဖွင့်ထားနိုင်သေးတာကြောင့် မဆောင်ရွက်နိုင်သေးပါဘူး။

လက်ရှိမှာတော့ ဗဟိုဘဏ်နဲ့ KBZ Bank က ဝန်ထမ်းတွေကို Training တွေ ပံ့ပိုးပေးရင်း ကျွန်တော်တို့ရဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကိုပါ မျှဝေပေးနေပါတယ်။ KBZ ဘဏ်ရဲ့ တချို့ဝန်ထမ်းတွေကို ထိုင်ဝမ်ကိုခေါ်ပြီး Training တွေ ပံ့ပိုးပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ လုပ်ငန်းစုချေးငွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ပို့ချပေးနေပြီး နောက်ပိုင်းမှာ SME ချေးငွေဆိုင်ရာ သင်တန်းတွေကိုပါ ပံ့ပိုးပေးသွားဖို့ အစီအစဉ်ရှိပါတယ်။

ဒါပြင် ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ချင်တဲ့ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းတွေကို အကြံဉာဏ်ပေးတာတွေ၊ စီးပွားရေးဆိုင်ရာ သတင်းအချက်တွေ စုစည်းတာ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံရဲ့အခြေအနေကို ရှင်းပြပေးတာတွေအပြင် ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကူညီပေးတာတွေကို ဆောင်ရွက်နေပါတယ်။ နောက်ပြီး မြန်မာပြည်မှာ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် စုဆောင်းတာ၊ ဈေးကွက်လေ့လာတာ၊ ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းစုချေးငွေ ပံ့ပိုးပေးတာ၊ လူတွေက ဘာတွေအလိုရှိနေတယ်၊ လုပ်ငန်းတွေက ဘာလိုအပ်ချက်တွေရှိနေတယ် စတာတွေကို လေ့လာတာတွေလုပ်နေပါတယ်။

လောလောဆယ်မှာ ကျွန်တော်တို့က မြန်မာပြည်တွင်းမှာ ကိုယ်စားလှယ်ရုံးပဲ ဖွင့်ထားရသေးတာကြောင့် တကယ်တမ်း ပြည်တွင်းက Green Technology သုံးလုပ်ငန်းတွေကို ငွေကြေးပိုင်းအထောက်အပံ့ မပေးနိုင်သေးပါဘူး။ ပြည်ပလုပ်ငန်းတွေကိုပဲ ငွေကြေးပိုင်း ကူညီပံ့ပိုးပေးနိုင်ပါသေးတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က ပြည်တွင်းဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

အခွင့်အရေးရမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဘဏ်ခွဲဖွင့်သွားချင်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ဘဏ်ခွဲဖွင့်နိုင်လို့ ငွေကြေးပိုင်း အကူအညီပေးတဲ့အခါမှာ ကျွန်တော်တို့ ငွေချေးပေးထားတဲ့ လုပ်ငန်းတွေက လုပ်ငန်း တကယ်လုပ်၊ မလုပ်ဆိုတာကို စောင့်ကြည့်နိုင်ဖို့ ပြည်တွင်းပါတနာရှာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ နိုင်ငံတကာအတွေ့အကြုံတွေကို မြန်မာပြည်မှာ အသုံးချသွားချင်ပါတယ်။ Cathay United Bank ဟာ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် ဒီမှာလုပ်ငန်းတွေကို မြန်မြန်စတင်သွားပြီး တတ်နိုင်သမျှ လူမှုပတ်ဝန်းကျင်တိုးတက်ဖို့ တစ်တပ်တစ်အား ကူညီပံ့ပိုးပေးသွားချင်ပါတယ်။ အဓိကအနေနဲ့ ကျွန်တော်တို့က ဆိုလာပြားထုတ်လုပ်ရေးလုပ်ငန်းတွေကို ငွေရေးကြေးရေးပိုင်း ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

paullin2

CUB နဲ့ KBZ Bank တို့ ပူးပေါင်းဖြစ်ပုံ . . .

KBZ Bank ဟာ လက်ရှိမှာ နိုင်ငံတကာဈေးကွက်ထဲကို စတင်ချဲ့ထွင်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ CUB နဲ့ ပူးပေါင်းလိုက်တာဟာ KBZ အတွက် နိုင်ငံတကာကို စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့အတွက် ပိုပြီးအလားအလာကောင်းစေသလို ကျွန်တော်တို့အတွက်လည်း မြန်မာပြည်မှာ လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် အလားအလာကောင်းစေပါတယ်။ လက်ရှိမှာ ပြည်တွင်း KBZ Bank နဲ့ ကျွန်တော်တို့ဟာ MoU ထိုးထားပြီး နိုင်ငံတကာဘဏ်လုပ်ငန်းဝန်ဆောင်မှု၊ နည်းပညာပိုင်း အကူအညီနဲ့ သင်တန်းတွေ၊ Interbank လုပ်ငန်း၊ Syndicate ချေးငွေလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ဘဏ်နဲ့ KBZ Bank ဟာ ပြည်တွင်း SME လုပ်ငန်းတွေကို အမေရိကန်ဒေါ်လာသန်း ၈၀ ကို Interbanking Loan အနေနဲ့ ပေးထားပြီး ဖြစ်ပါတယ်။

ဘဏ်လိုင်စင်လျှောက်ထားရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ . . .

ကျွန်တော်တို့ ပထမဆုံးအကြိမ် လိုင်စင်လျှောက်တုန်းက တရုတ်၊ ဂျပန်၊ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူဘဏ်တွေပဲ လိုင်စင်ရခဲ့ပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ ဒီနှစ်အစပိုင်းမှာ လိုင်စင်လျှောက်ခဲ့ပေမဲ့ ခုထိတော့ လိုင်စင်ကျမကျ မသိရသေးပါဘူး။ တကယ်လို့သာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တတိယအကြိမ် လိုင်စင်လျှောက်ဖို့ အခွင့်အရေးပေးရင်လည်း ကျွန်တော်တို့က ရယူသွားမှာပါ။

မြန်မာပြည်မှာ ဘာကြောင့် ဘဏ်လိုင်စင်မရသေးတာလဲလို့ ထင်ပါသလဲ . . .

ဘာလို့ အခုထိလိုင်စင်မရသေးတာလဲဆိုရင် ကျွန်တော်သိသလောက် နှစ်တိုင်းနှစ်တိုင်းမှာ ဘဏ်တွေ တော်တော်များများက မြန်မာပြည်မှာရင်းနှီးမြှုပ်နှံဖို့ လိုင်စင်လျှောက်ထားကြပါတယ်။ ဒါပေမဲ့ အစိုးရက တစ်နှစ်မှာ လိုင်စင်တစ်ခု၊ နှစ်ခုပဲ ချပေးတယ်လို့ သိရပါတယ်။ လိုင်စင်ရဖို့က တော်တော်ခက်ပါတယ်။ ဖြစ်နိုင်တာက ပြည်တွင်းဘဏ်တွေကလည်း တဖြည်းဖြည်း အောင်မြင်လာတဲ့အခါကျတော့ သူတို့အနေနဲ့ ပြည်ပဘဏ်တွေ အများကြီးဝင်ရောက်လာပြီး ဈေးကွက်ကို ထိန်းချုပ်မှာစိုးရိမ်တာကြောင့်လို့ မြင်ပါတယ်။ အစိုးရအနေနဲ့ ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့အတွက် စဉ်းစားနေတာကြောင့်လို့ မြင်ပါတယ်။

မြန်မာပြည်မှာ Green Energy Project တွေ အကောင်အထည်ပေါ်လာနိုင်ပါသလား . . .

Green Energy နည်းပညာဟာ နိုင်ငံတစ်နိုင်ငံအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိအချိန်တစ်ခုတည်းကိုကြည့်ရင် ဒီစီမံကိန်းဟာ တော်တော့်ကို ငွေကုန်ကြေးကျများပါတယ်။ တကယ်လို့သာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကြည့်ရင်တော့ ဒီနည်းက နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ သဘာဝစွမ်းအင်ကို အသုံးပြုဖို့ဆိုတာ တကယ့်ကို အကုန်အကျများစေပါတယ်။ ဒီနည်းကို အသုံးပြုပြီး စွမ်းအင်ထုတ်တာက ပုံမှန်လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေကနေ စွမ်းအင်ထုတ်တာထက် နှစ်ဆ၊ သုံးဆ လောက်ကို ပိုပြီးငွေကုန်ကြေးကျများစေပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ဦးစားပေးလုပ်မယ်ဆိုရင် ဒီနည်းကို အသုံးပြုတာထက် ကျောက်မီးသွေး၊ ဓာတ်ငွေ့စတာတွေကို အသုံးပြုပြီး စွမ်းအင်ထုတ်တာက ပိုပြီးစရိတ်သက်သာစေပါတယ်။ ဒါပေမဲ့ လူနေမှုအဆင့်အတန်း မြင့်မားဖို့အတွက်ဆိုရင်တော့ ဒီနည်းကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။

ဆိုလာပြားကို အိမ်ခေါင်မိုးမှာတပ်ဆင်နိုင်ဖို့ဆိုတာ ဘဏ်တွေရော၊ အစိုးရပိုင်းကပါ အကူအညီတွေ လိုအပ်ပါတယ်။ ပြည်သူတွေကလည်း ဒီနည်းလမ်းတွေကို အသုံးပြုရကောင်းမှန်းသိဖို့လိုတယ်။ ဒါဟာ ရေရှည်စီမံကိန်းတစ်ခုဖြစ်တဲ့အတွက် တစ်ဆင့်ချင်းသွားဖို့လည်း လိုပါတယ်။ ဂျာမနီဆိုရင် သဘာဝစွမ်းအင်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၁၃ ရာခိုင်နှုန်း အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်ရင် တကယ့်ကိုမြင့်မြင့်မားမားသုံးနေတာလို့ ပြောလို့ရပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေကို ဒီနည်းလမ်းတွေ အသုံးပြုလာအောင် တိုက်တွန်းပေးဖို့ လိုပါတယ်။ ထိုင်ဝမ်မှာကတော့ ဒီနည်းပညာကို အသုံးပြုတဲ့ရာခိုင်နှုန်း နည်းနေပါသေးတယ်။

ဒီနည်းလမ်းကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ ပုံမှန်နည်းလမ်းတွေနဲ့ စွမ်းအင်ထုတ်သုံးနေရာကနေ တဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားဖို့ လိုပါတယ်။ အိမ်တွေမှာ ဆိုလာပြားတွေ တပ်ဆင်ပြီး စွမ်းအင်ထုတ်လုပ်သုံးစွဲတာမျိုးတွေကနေ စသင့်ပါတယ်။ အသေးဆုံးလုပ်ငန်းကနေ ဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားသင့်ပါတယ်။ အမေရိကန်တို့ ၊ ဥရောပတို့မှာဆို အိမ်တော်တော်များများမှာ ဆိုလာပြားတွေတပ်ဆင်ပြီး သုံးစွဲနေကြပါပြီ။ ဒါကြောင့် သူတို့တွေအနေနဲ့ လျှပ်စစ်ဓာတ်အားခ အပိုကုန်ကျငွေကို လျှော့ချနိုင်ပြီဖြစ်ပါတယ်။ ထိုင်ဝမ်မှာဆိုရင် အစိုးရက ပြည်သူတွေကို ဆိုလာပြားတွေ အိမ်မှာတပ်ဆင်အသုံးပြုနိုင်ဖို့ ငွေကြေးပိုင်း အကူအညီပေးနေပါတယ်။ လုပ်ငန်းကို စတင်အကောင်အထည်ဖော်ခါစမှာတော့ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ကုန်ကျစရိတ် တအားများတာကြောင့် စစချင်းတုန်းက ဘယ်သူမှကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဆိုလာပြားရဲ့ အသုံးဝင်မှုက ပိုပိုပြီးမြင့်လာတဲ့အတွက် လူတွေလည်း ပိုပိုပြီးအသုံးပြုလာနေကြပါပြီ။ ဒီစီမံကိန်းဟာ ရေတိုအတွက် မကောင်းပေမဲ့ ရေရှည်အတွက်တော့ အကျိုးရှိတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

နောက်ပြီး ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် နည်းပညာနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု ကောင်းကောင်းရှိဖို့လည်း လိုပါတယ်။ မြန်မာအစိုးရအနေနဲ့ သဘာဝစွမ်းအင်ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ထိုင်ဝမ်မှာဆိုရင် အစိုးရက သဘာဝစွမ်းအင်ထုတ်လုပ်ရေးစီမံကိန်းကို ၂၀၀၉ ခုနှစ်ကတည်းက အကောင်အထည်ဖော်နေခဲ့ပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ဆိုရင် အစိုးရရဲ့ အကူအညီက မဖြစ်မနေလိုပါတယ်။ အစိုးရပိုင်းကနေ လိုအပ်တဲ့ပစ္စည်းပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ၊ အတွေ့အကြုံတွေ၊ ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေနဲ့အတူ ပြည်သူတွေကို ဗဟုသုတဖြန့်ဝေပေးဖို့တွေ ပြုလုပ်ဖို့လိုပါတယ်။ လူတိုင်းဟာ ကိုယ်နေတဲ့ အိမ်၊ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်နဲ့ စိတ်ချမ်းချမ်းသာသာ နေချင်တယ်ဆိုရင် ဒီစီမံကိန်းဟာ ဒီနည်းလမ်းတွေအတိုင်း နေထိုင်နိုင်ဖို့ တစ်စိတ်တစ်ပိုင်း အကူအညီပေးနိုင်ပါတယ်။

ကျွန်တော့်အမြင်မှာတော့ လောလောဆယ် မြန်မာနိုင်ငံမှာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ မြင်ပါတယ်။ ဘဏ်လုပ်ငန်းတွေသာ အခြေတကျဖြစ်လာပြီဆိုရင် ရင်းနှီးမြှုပ်နှံသူတွေလည်း ဝင်လာမယ်လို့ မြင်ပါတယ်။ ဘဏ်တစ်ဘဏ်က ဒီစီမံကိန်းအတွက် ငွေကြေးပိုင်း အကူအညီ စပေးလာရင် တခြားဘဏ်တွေလည်း အကူအညီပေးလာမှာ ဖြစ်ပါတယ်။

လက်ရှိမြန်မာပြည်မှာ Green Energy နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားတဲ့ ကုမ္ပဏီတွေ ရှိနေပြီလား . . .

လက်ရှိမှာလည်း မြန်မာနိုင်ငံမှာ ဆိုလာစွမ်းအင်သုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့နဲ့ လာဆွေးနွေးနေတဲ့ကုမ္ပဏီတွေ ရှိပါတယ်။ များသောအားဖြင့်တော့ ထိုင်ဝမ်ကုမ္ပဏီတွေပါ။ ဒါကြောင့် နောက်ပိုင်းမှာတော့ ဒီကုမ္ပဏီတွေဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာနိုင်ခြေတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တဖြည်းဖြည်းနဲ့ တိုးတက်လာသလို လူနေမှုအဆင့်အတန်းဟာလည်း တဖြည်းဖြည်းတိုးတက်လာတာကြောင့် ဒီမှာရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အခွင့်ကောင်းတွေ ရှိနေတယ်လို့ မြင်ပါတယ်။ ကုမ္ပဏီတစ်ခုဟာ Green Technology နည်းပညာနဲ့ဆက်စပ်တဲ့ လုပ်ငန်းဆောင်ရွက်သွားမယ်ဆိုတာနဲ့ ကျွန်တော်တို့က ငွေကြေးပိုင်းအကူအညီပေးသွားမှာပါ။ ဒါပေမဲ့ အတိုးနှုန်းကတော့ သူတို့ရဲ့လုပ်ငန်း၊ အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး တွက်ချက်ပေးမှာ ဖြစ်တဲ့အတွက် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

ငွေချေးတဲ့အခါမှာ Security ထားဖို့ လိုမလို၊ Collectral ထားဖို့ လိုမလိုဆိုတာကတော့ နိုင်ငံရဲ့ချမှတ်ထားတဲ့ ဥပဒေပေါ်မူတည်နေမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က သိပ်မသေချာတဲ့ ချေးငွေမျိုးကို ပေးရမှာမျိုးဆိုရင်တော့ Security ထားဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတယ်၊ အောင်မြင်မှုရဖူးတယ်ဆိုရင်တော့ များသောအားဖြင့် Security အတွက် တောင်းဆိုသွားမှာ မဟုတ်ပါဘူး။

မောင်ဒီ