မာစတာစ်ပြိုင်ပွဲကြီးနှင့် ချန်ပီယံပက်ထရစ်ခ်ရိဒ်

၂၀၁၈ ခုနှစ်အတွင်းရှိ ဂေါက်သီးမေဂျာပွဲကြီးလေးပွဲအနက် ပထမဆုံးလာသည့် မာစတာစ်ပြိုင်ပွဲကြီး (Masters Tournament) သည် ဧပြီလ ၈ ရက်နေ့က ပြီးစီးခဲ့ပြီး အမေရိကန်ပရိုပက်ထရစ်ခ်ရိဒ် (Patrick Reed) ဗိုလ်စွဲသွားပါသည်။ နောက်ဆုံးနေ့တွင် ရိဒ်နှင့်အတူ ရစ်ကီဖောင်လာ၊ ဂျော်ဒန်စပိသ်၊ ဂျွန်ရမ်းနှင့် ရော်ရီမက်ကဲလ်ရွိုင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပုံကို စောင့်ကြည့်သူဂေါက်သီးဝါသနာရှင်များ တွေ့မြင်ခဲ့ပြီး ဖြစ်ကြပါလိမ့်မည်။

မာစတာစ်ပြိုင်ပွဲသည် အခြားမေဂျာပွဲကြီးများကဲ့သို့ ဂေါက်ကွင်းများစွာတွင် လှည့်လည်ကျင်းပနေခြင်း မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ သြဂတ်စ်တာမြို့ရှိ Augusta National ဂေါက်ကွင်းတွင် နှစ်စဉ် ဧပြီလ၌ကျင်းပသည်။ ဧပြီလ၏ ဒုတိယတနင်္ဂနွေနေ့သည် မာစတာစ်ပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်မြဲဖြစ်သည်။

ဤပွဲသည် ဂေါက်သီးမေဂျာလေးပွဲအနက် နောက်ဆုံးမှ ပေါ်ပေါက်လာသောပွဲပါ။ ၁၉၃၄ ခုနှစ်တွင်မှ စတင်ကျင်းပခဲ့သည်။ ကမ္ဘာကျော်ဂေါက်သီးသမားကြီး ဘော်ဘီဂျုံးစ်၏ စိတ်ကူးဖြစ်ပါသည်။ သူက အပျော်တမ်းသမားဖြစ်သော်လည်း ၁၉၃၀ ပြည့်နှစ်တွင် ထိုစဉ်က ဂေါက်သီးမေဂျာပွဲကြီးလေးပွဲဟု သတ်မှတ်ခဲ့သည့် US Amateur ၊ US Open ၊ British Amateur နှင့် British Open တို့အား တစ်နှစ်အတွင်း လေးပွဲလုံးအနိုင်ရရှိကာ ဂေါက်သီးရာဇဝင်တွင် တစ်ဦးတည်းသော ဂရန်းစလမ်း (Grand Slam) ပိုင်ရှင်ဖြစ်ခဲ့သူပါ။ ပြိုင်ပွဲများမှ နားခဲ့ပြီးနောက် သူအလွန်မြတ်နိုးသော ဂေါက်သီးအားကစားအတွက် သူ့အိပ်မက်ထဲတွင် ရှိနေသော ဂေါက်ကွင်းကြီးတစ်ကွင်းအား ဖန်တီးကာသူ့မိတ်ဆွေများအား ဧည့်ခံလိုသောဆန္ဒကို အကောင်အထည်ဖော်ခဲ့ခြင်းပါ။ သူ၏ရင်းနှီးလှသော မိတ်ဆွေတစ်ဦးဖြစ်သူက လစ်ဖို့ဒ်ရောဘတ်စ်မှာ ငွေကြေးတတ်နိုင်သူဖြစ်သည့်အလျောက် သြဂတ်စ်တာမြို့ရှိ သစ်သီးခြံကြီးအား ဝယ်ယူကာ ဘော်ဘီဂျုံးစ်၏ စိတ်ကြိုက်ဂေါက်ကွင်းတစ်ခုကို တည်ဆောက်ပေးခဲ့ပါသည်။ ၁၉၃၄ ခုနှစ်က First Annual Invitational Tournament အမည်ဖြင့် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ နောက်တစ်နှစ်မှစ၍ မာစတာစ်အမည်ဖြင့် ကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

[caption id="attachment_32942" align="alignnone" width="720"]reed2အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ သြဂတ်စ်ထာမြို့ရှိ Augusta National ဂေါက်ကွင်း[/caption]

Augusta National ဂေါက်ကွင်းသည် အလွန်လှပပြီး အလွန်ပညာသားပါစွာ ဖောက်လုပ်ထားပါသည်။ ကျင်းတိုင်းကျင်းတိုင်းက ကိုယ်ပိုင်ဂုဏ်သတ္တိထူးလေးတွေ ရှိသည်။ ရေနှင့်ငြိနေသည်က ငါးကျင်းရှိသည်။ ဤကွင်းအတွင်းရှိ ပါသရီး၊ ပါဖိုး၊ ပါဖိုက်ကျင်းများသည် ကမ္ဘာ့အကောင်းဆုံးပါသရီး၊ ပါဖိုး၊ ပါဖိုက်ကျင်းများ စာရင်း၌ ဝင်သည်။ ရိုက်ချက်များက အလွန်တိကျရန်လိုသည်။ ကျင်းတွေက အရှည်ကြီးမဟုတ်ပါ။ တီရှော့တ်များက ဖဲဝေးရောက်ရုံမျှဖြင့် မလုံလောက်ပါ။ ကျင်းပေါ်က အလံတိုင်ကို ရိုက်နိုင်ရန် အခွင့်ပိုသာသည့် အပိုင်းသို့ ဂေါက်သီးပို့ထားဖို့လိုသည်။ ဂရင်းသို့ရိုက်ရာတွင်လည်း အလံတိုင်နားကပ်သွားရန်မှာ ဂရင်းပေါ်က နေရာမှန်သို့ ဂေါက်သီးကျရောက်ရန် လိုပြန်သည်။ ကျသင့်ကျရောက်ရမည့် နေရာသို့မကျရောက်ပါက ကျင်းပေါက်နှင့် အဝေးကြီးဂေါက်သီးလိမ့်သွားနိုင်သည်။ ဂရင်အပြင်သို့လည်း ရောက်သွားနိုင်သည်။ ရေထဲသို့လည်း လိမ့်ကျသွားနိုင်သည်။ မာစတာစ်သုံးကြိမ် ဗိုလ်စွဲဖူးသူနစ်ခ်ဖယ်လ်ဒိုက ဂရင်းသို့ လှမ်းရိုက်ရာတွင် ဂရင်းပေါ်၌ ဂေါက်သီးကျရောက်ရမည့်နေရာသည် ရေချိုးကန် (Bath-Tub) တစ်ခုစာထက်ပိုမကျယ်ကြောင်း ပြောခဲ့ပါသည်။

ဂရင်းများကလည်း စောင်းနေကြကာ အလွန်မြန်ပါသည်။ သုံးကြိမ်ဗိုလ်စွဲခဲ့သူ ဆမ်စနိဒ် (Sam Sneed) က ဂရင်းများ အလွန်မြန်အလွန်ပြေးသည်ကို ဥပမာပေးခဲ့ပုံမှာ ကျောက်လှေခါး၏ ဒုတိယအောက်ဆုံးအထပ်၌ ဂေါက်သီးရပ်သွားစေရန် အပေါ်ဆုံးလှေကားထစ်မှ ကျင်းစိမ်နေရသလိုပဲဟူ၍ ဖြစ်ပါသည်။ နှစ်ကြိမ်ဗိုလ်စွဲဘူးသူ ဘန်းဟတ်ဒ်လန်ဂါသည် ၁၉၈၃ ခုနှစ်က ပထမဆုံးမာစတာစ်တွင် ကစားခွင့်ရခဲ့စဉ်က ဖိုးပတ်ခုနစ်ကြိမ်ဖြစ်ခဲ့ပါသည်။ ဂေါက်သီးအားကစားအား အလွန်တန်ဖိုးထားသော ဘော်ဘီဂျုံးစ်၏ ဆန္ဒအတိုင်း ''ဆုံးဖြတ်ချက်ပြတ်သားသူ၊ ပစ္စုပ္ပန်မှာပဲနေနိုင်သူ၊ အသွေးအသားအကြောတွေ ခံနိုင်ရည်ရှိသူ၊ အားလုံးခြုံငုံဆိုရပါသော် ''အသဲကောင်းသူ'' ဖြစ်ပါမှ ချန်ပီယံဖြစ်မည့် ပုံစံဒီဇိုင်းပင်ဖြစ်ပါတော့သည်။

မာစတာစ်ပြိုင်ပွဲကြီးအား တာဝန်ခံကျင်းပသူမှာ ပီဂျီအေတိုးလည်း မဟုတ်ပါ။ ယူအက်စ်ဂျီအေ (United States Golf Association) လည်း မဟုတ်ပါ။ သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ် ဖြစ်ပါသည်။ ဤဂေါက်ကလပ်သည် အလွန်ပင် အရှိန်အဝါကြီးမားလှပါသည်။ စကော့တလန်မှ စိန့်အင်ဒရူးစ်ထက်ပင် စည်းကမ်းတင်းကြပ်သည်ဟု ဆိုကြသည်။ ဂေါက်ကွင်းတည်ထောင်ခဲ့သူ ဘော်ဘီဂျုံးစ်နှင့် ကလစ်ဖို့ဒ်ရောဘတ်စ်တို့ မရှိတော့သည့်နောက်ပိုင်းတွင် ကလပ်ကပ္ပတိန်အဖြစ် တာဝန်ယူခဲ့သူများက သွားလေသူတို့၏ ဆန္ဒအတိုင်း စွဲစွဲမြဲမြဲ တင်းတင်းကြပ်ကြပ် စည်းမျဉ်းမူဘောင်များ ချမှတ်ဆောင်ရွက်ခဲ့ကြပါသည်။ ဤပွဲမှာ ဖိတ်ခေါ်ပွဲဖြစ်ပေရာ ကလပ်က ချမှတ်ထားသောမူဘောင်များနှင့် ညီညွတ်သူများသာ ပြိုင်ပွဲဝင်ခွင့်ရကြပါသည်။ ကျန်မေဂျာပွဲကြီးသုံးပွဲကဲ့သို့ ၁၅၆ ဦး ပြည့်စေရန် ဖြည့်စွက်ဖိတ်ကြားခြင်းမပြုပါ။ ထို့အတွက်ကြောင့် မာစတာစ်တွင် ပြိုင်ပွဲဝင်ခွင့်ရသူဦးရေမှာ နှစ်တိုင်းတွင် လူ ၁၀၀ ကျော်သည်ဟု မရှိခဲ့ခြင်းဖြစ်ပါသည်။

ဤပွဲကြီးမှာ ကျင်းပသည့်အဖွဲ့အစည်းကလည်း ထူးခြားသည်။ ကွင်းကြီးကလည်း ကောင်းလွန်းသည်။ ယှဉ်ပြိုင်ကစားသူတွေကလည်း ကမ္ဘာ့အကောင်းဆုံးတွေ ဖြစ်သည်။ တီဗီကင်မရာရိုက်ချက်တွေကလည်း အဆင့်မြင့်သည်။ ပို၍ထူးခြားသည်မှာ မည်သည့်ကြော်ငြာကိုမှ မတွေ့မြင်ကြရခြင်းပါ။ ငွေကြေးမည်မျှပင်ပေးစေကာမူ ဤပွဲကကြော်ငြာလက်မခံပါ။ ငွေနောက်မလိုက်ဟု ပြတ်ပြတ်သားသား ကြေညာထားသော ကလပ်ကြီးဖြစ်ပါသည်။ ထို့ကြောင့် မေဂျာပွဲကြီးလေးပွဲအနက် သက်တမ်းအနုဆုံး ဖြစ်သော်လည်း ဤမာစတာစ်ပွဲကြီးကိုမှ ပို၍အနိုင်ရလိုသောသူတွေရှိသည်။ မော်ကွန်းဝင်ဂေါက်သီးကျော်ကြီး အာနိုးပါးလ်မားကိုယ်တိုင်ပါဝင်ပါသည်။ သူကဤပွဲကြီးအား လေးကြိမ်အောင်နိုင်ခဲ့သည်။ တိုက်ဂါးလည်း လေးကြိမ်ဗိုလ်စွဲထားပါသည်။ အကြိမ်အများဆုံး ဗိုလ်စွဲသူက ဂျက်ခ်နစ်ကလပ်စ်ပါ။ သူက ခြောက်ကြိမ်အောင်ပွဲရခဲ့သည်။ သုံးကြိမ်ဗိုလ်စွဲခဲ့သူများမှာ ဂျင်မီဒမ်မရက်၊ ဆမ်စနိဒ်၊ ဂယ်ရီပလေယာ၊ နစ်ခ်ဖယ်လ်ဒို၊ ဖီးလ်မစ်ကယ်ဆင်တို့ ဖြစ်ကြပါသည်။ နှစ်ကြိမ်ဗိုလ်စွဲခဲ့သူများစာရင်းတွင် တွမ်ဝပ်ဆင်၊ ဆီဗီဘယ်လက်စ်တဲ့ရော့စ်၊ ဘန်းဟတ်လန်ဂါ၊ ဟိုဇေးမာရိယာအိုလာသာဘောလ်၊ ဘန်ခရန်ရှော၊ ဘတ်ဘာဝပ်ဆင်တို့ ပါဝင်ကြပါသည်။

မာစတာပြိုင်ပွဲမစတင်မီ တစ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့တွင် ထူးခြားသောပွဲလမ်းသုံးခုရှိပါသည်။ Par 3 Contest ဟုခေါ်သော ပါသရီးကိုးကျင်းပြိုင်ပွဲငယ်ကျင်းပပေးခြင်း၊ GWAA (Golf Writers Association of America) အသင်းအဖွဲ့၏ ယမန်နှစ်က အကောင်းဆုံးဂေါက်သီးသမားဆုများကို သြဂတ်စ်တာမြို့တွင် အခမ်းအနားဖြင့် ချီးမြှင့်ခြင်းနှင့် မာစတာစ်ချန်ပီယံများအားလုံး၏ ညစာစားပွဲအား လက်ရှိချန်ပီယံက တည်ခင်းကျွေးမွေးရခြင်းတို့ ဖြစ်ပါသည်။

သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်းကြီးတွင် ပါသရီးကျင်းချည့်ကိုးကျင်းရှိသော ဂေါက်ကွင်းငယ်တစ်ခုလည်း ရှိပါသည်။ အလွန်တိုတောင်းသော ကျင်းများဖြစ်ပြီး အရှည်ဆုံးကျင်းမှာ ကိုက် ၁၄၀ သာရှိပါသည်။ ကျင်းအများစု၏ ဂရင်းများမှာ ရေကန်အစပ်တွင် တည်ဆောက်ထားပါသည်။ အလွန်သာယာလှပသော ဂေါက်ကျင်းလေးများဖြစ်ပြီး ပရိသတ်က ကမ်းလုံးညွှတ်မျှ တစ်ခဲနက် အားပေးနေတတ်ပါသည်။ ဟိုးလ်အင်ဝမ်းတွေလည်း မကြာခဏဝင်သည်။ ပြိုင်ပွဲဝင်ခွင့်ရသူများအားလုံးနှင့် ချန်ပီယံဟောင်းများအားလုံး ဗုဒ္ဓဟူးနေ့ပါသရီးပြိုင်ပွဲသို့ ပါဝင်ကစားနိုင်ကြသည်။ အသက် ၆၀ ကျော်၊ ၇၀ ကျော် ချန်ပီယံဟောင်းကြီးများသည် ၁၈ ကျင်း လေးရက်ပြိုင်ပွဲကြီးသို့ မဝင်နိုင်ကြတော့သော်လည်း ဤပါသရီးပြိုင်ပွဲသို့မူ ဝင်လေ့ရှိပါသည်။ ပြိုင်ပွဲတွင် ဆုကြေးလည်း မချီးမြှင့်ပါ။ ငယ်မူငယ်သွေးလက်ရည်များကို ပြန်ပြခွင့်ရသည့် အပျော်ပွဲသာဖြစ်ပါသည်။ ဂေါက်သီးဝါသနာရှင်ပရိသတ်ကမူ ပျော်ရွှင်စွာဟစ်အော် အားပေးကြပါသည်။

ပါသရီးပြိုင်ပွဲဝင်များက ကက်ဒီအဖြစ် ဇနီးသို့မဟုတ် ရည်းစား သို့မဟုတ် ရင်သွေးငယ်များကို ခေါ်လာနိုင်ကြသည်။ ဂေါက်အိတ်ထဲတွင် ဂေါက်တုတ်သုံးလေးချောင်းသာပါလာတတ်ကြသည်။ ကျင်းစိမ်သည့်အခါ ကလေးငယ်များကို စိမ်ခိုင်း၍လည်းရသည်။ ယခုနှစ်၌ နောက်ဆုံးပါသရီးကျင်းတွင် ကက်ဒီတိုင်းကိုလည်း တစ်ချက်စီ ရိုက်ခွင့်ပေးခဲ့သည်။ အသက် ၇၈ နှစ်ရှိပြီဖြစ်သည့် ဂျက်ခ်နစ်ကလပ်စ်၏ ကက်ဒီဖြစ်သူ မြေးငယ်က ထိုကျင်းအား ရိုက်လိုက်ရာတွင် ဟိုးလ်အင်ဝမ်း ဝင်သွား၍ အားလုံးမြူးတူးခဲ့ကြရပါသည်။ နစ်ကလပ်စ်တို့အတွဲ၌ ပါသူအခြားနှစ်ဦးမှာ မော်ကွန်းဝင် ဂေါက်သီးသမားကြီးများ ဖြစ်ကြသော ၈၂ နှစ်ရှိ ဂယ်ရီပလေယာနှင့် ၆၈ နှစ်ရှိ တွမ်ဝပ်ဆင်တို့ဖြစ်ကြသည်။ တွမ်ဝပ်ဆင်က ပါသရီးကို ကျင်းအား ခြောက်ချက်လျော့ရိုက်ကာ ယခုနှစ်အတွက် ချန်ပီယံဖြစ်သွားပါသည်။ သူက ယခင်ကတည်းကလည်း ဤပါသရီးပွဲအား တစ်ကြိမ် (၁၉၈၂ တွင်) ဗိုလ်စွဲခဲ့ဖူးသည်။ မာစတာစ်ပွဲကြီးသို့ သူဝင်မကစားသည်မှာ နှစ်နှစ်ရှိပါပြီ။ အသက်ရလာပြီး ဗိုလ်စွဲရန် မျှော်လင့်ချက်မရှိတော့၍ပါ။

အဆိုပါဗုဒ္ဓဟူးနေ့ညနေတွင် GWAA က ယမန်နှစ်က တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမောင်မယ်ဆု ရခဲ့သူများအား အခမ်းအနားဖြင့် ဆုချီးမြှင့်ပါသည်။ အမေရိကဂေါက်သီး စာရေး ဆရာများက မဲဖြင့်ရွေးချယ်ခဲ့ခြင်းပါ။ ပီဂျီအေတိုးအတွက် ဂျပ်စ်တင်တွမ်မတ်စ်၊ ချန်ပီယံတိုးခေါ် စီနီယာတန်းအတွက် ဘန်းဟတ်လန်ဂါ၊ အယ်လ်ပီဂျီအေ အမျိုးသမီးတိုးအတွက် လက်စီတွမ်ဆင်တို့က ရခဲ့ကြပါ သည်။ လက်စီက ယမန်နှစ် အမျိုးသမီးမေဂျာပွဲကြီး တစ်ပွဲမျှ ဗိုလ်မစွဲခဲ့သော်လည်း မေဂျာပွဲကြီး ချန်ပီယံများထက် ပို၍ မဲရခဲ့ခြင်းဖြစ်ပါသည်။

ဗုဒ္ဓဟူးနေ့ညတွင် ချန်ပီယံများ၏ ညစာစားပွဲ ကျင်းပခဲ့ပါသည်။ လက်ရှိချန်ပီယံက ကုန်ကျခံရပြီး အစားအသောက်ကိုလည်း သူကပင် ရွေးချယ်ပေးရသည်။ ချန်ပီယံများအား လုံးတက်ရောက်ခဲ့ကြသည်ကို တွေ့ရပါသည်။ ချန်ပီယံဖြစ်သွားသူပက်ထရစ်ခ်ရိဒ်အကြောင်း ဆက်ရပါဦးမည်။ သူ့အားစတင်သလိုပြုမိကြသည်မှာ ၂၀၁၄ ခုနှစ် မတ်လ ၉ ရက်နေ့က WGC-Cadillac Championship ပြိုင်ပွဲအား သူဗိုလ်စွဲပြီးနောက် အင်တာဗျူးတွင် သူက ကမ္ဘာ့အကောင်းဆုံးဂေါက်သီးသမားငါးဦးတွင် သူပါနေပါပြီဟု ပြောခဲ့စဉ်က ဖြစ်ပါသည်။ ထိုစဉ်က ကမ္ဘာ့ဂေါက်သီးသမားအဆင့် ဇယား၏ထိပ်ဆုံးငါးဦးမှာ တိုက်ဂါး၊ အဒမ်စကော့တ်၊ ဟင်းန်ရစ်ခ်စတန်ဆင်၊ ဂျေဆင်ဒေးနှင့် ဖီးလ်မစ်ကယ်ဆင့်တို့ပါ။ သူတို့နောက်တွင် မက်ကဲလ်ရွိုင်း၊ ဒပ်စ်တင်းဂျွန်ဆင်၊ ဆာဂျီယိုဂါစီယာ၊ ဂျော်ဒန်စပိသ်တို့ ရှိကြသေးသည်။ ရိဒ်ကမူ ထိုပွဲအောင်နိုင်လိုက်၍သာ ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၄၄ မှ ၂၀ သို့ တက်ရောက်လာခြင်းပဲရှိပါသေးသည်။

[caption id="attachment_32941" align="alignnone" width="420"]reed1၂၀၁၈ ခုနှစ် Masters Tournament တွင် ရရှိသည့်ဆုဖလားနဲ့ Patrick Reed ကို တွေ့ရစဉ်[/caption]

သူ၏ယုံကြည်မှုလွန်ကဲပုံ၊ ရဲတင်းစွာပြောတတ်ပုံတို့အပေါ် ဂေါက်သီးစာရေးဆရာများက အလေးအနက် မထားခဲ့ပါ။ ဝေဖန်သံများလည်း ကြားခဲ့ကြရသည်။ သို့သော် သူ့လက်ရည်ကောင်းသည်ကတော့ အမှန်ဖြစ်ပါသည်။ အဆိုပါအောင်ပွဲသည်ပင် ပီဂျီအေတိုးသုံးပွဲမြောက် အောင်ပွဲဖြစ်နေပါပြီ။ ထိုစဉ်က သူ ၂၄ နှစ် မပြည့်သေးပေရာ ၂၄ နှစ်မပြည့်မီ ပီဂျီအေတိုးသုံးပွဲဗိုလ်စွဲသူဟူ၍ တိုက်ဂါး၊ ဖီးလ်မစ်ကယ်ဆင်၊ ဆာဂျီယိုဂါစီယာ၊ မက်ကဲလ်ရွိုင်းနှင့် ရိဒ်တို့ ငါးဦးသာ ထိုအချိန်က ရှိခဲ့ပါသည်။ တဖန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ၌ ၂၀၀၄ ခုနှစ် ပီဂျီအေတိုးပြိုင်ပွဲဗိုလ်စွဲခဲ့သူများသာ ပါဝင်ခွင့်ရသော Hyundai Tournament of Champions ပြိုင်ပွဲအား သူဗိုလ်စွဲပြန်ပါသည်။

ရိဒ်အား ထူးထူးခြားခြား နောက်တစ်ကြိမ် သတိပြုမိကြသည်မှာ ၂၀၁၆ ခုနှစ် ရိုက်ဒါဖလားပြိုင်ပွဲ၌ ဖြစ်ပါသည်။ ရိုက်ဒါဖလားမှာ ဥရောပလက်ရွေးစင်အသင်းနှင့် အမေရိကန်လက်ရွေးစင်အသင်းတို့ ၂ နှစ်တစ်ကြိမ်သူ့မြေ ကိုယ်မြေ၌ တစ်လှည့်စီယှဉ်ပြိုင်ကစားရသော အသင်းလိုက်ပြိုင်ပွဲဖြစ်ပါသည်။ ထိုနှစ်က အမေရိကန်မြေတွင် ဖြစ်သည်။ အမေရိကန်အသင်းမှာ သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ထားသဖြင့် အလွန်အမင်းအနိုင်ရလိုနေသော အချိန်လည်း ဖြစ်သည်။ ရိဒ်သည် ၂၀၁၄ ခုနှစ်က အမေရိကန်လက်ရွေးစင်၏အသင်း၌ ပါခဲ့ပါသေးသည်။ ထိုနှစ်က အသင်းလိုက်တွင် ရှုံးခဲ့သော်လည်း ရိဒ်၏ ပြိုင်ပွဲရလဒ်များက ကောင်းခဲ့သည်။ သူက လေးပွဲကစားခဲ့ရာ ရှုံးပွဲမရှိခဲ့ပဲ သုံးပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ရခဲ့သည်။ အမေရိကန်အသင်းအတွက် အမှတ်အများဆုံး ရှာပေးသူလည်း ဖြစ်ခဲ့သည်။ သူနှင့် ဂျော်ဒန်စပိသ်တို့ နှစ်ယောက်တွဲအတွဲသည် ရှုံးပွဲမရှိ နှစ်ပွဲနိုင်တစ်ပွဲသရေရခဲ့ပြီး အကောင်းဆုံးအမေရိကန်အတွဲဟု သတ်မှတ်ခြင်း ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ၂၀၁၄ ခုနှစ်ပွဲကတော့ ရှုံးခဲ့ရပါသည်။

၂၀၁၆ ခုနှစ်ပွဲ၌လည်း အမေရိကန်အသင်းကပ္ပတိန်က ရိဒ်နှင့် စပိသ်ကိုပင် အမာခံအဖြစ်ထားကာ နှစ်ယောက်တွဲ ပွဲစဉ်လေးပွဲစလုံးကို ပါဝင်ကစားစေခဲ့သည်။ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကို သူတို့နှစ်ဦးရခဲ့သည်။ ပထမနှစ်ရက်အပြီး၌ အမေရိကန်အသင်းက ၉ မှတ်ခွဲ ၆ မှတ်ခွဲဖြင့် အသာရခဲ့သည်။ တတိယနှင့် နောက်ဆုံးနေ့တွင် တစ်ဦးချင်း ၁၂ ပွဲကစားကြရပေရာ အမှတ်လျော့နည်းနေသော ဥရောပအသင်းက ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမား မက်ကဲလ်ရွိုင်းကို ပွဲစဉ် ၁ ၌ ပွဲထုတ်လာသည်။ မက်ကဲလ်ရွိုင်းအား ယှဉ်ရိုက်ရမည့် လက်ရည်ကောင်း၊ စိတ်ဓာတ်ပြင်း၊ အကြောက်အလန့်မရှိသူအဖြစ် ပက်ထရစ်ခ်ရိဒ်အား အမေရိကန်အသင်း ကပ္ပတိန်က ပွဲထုတ်ခဲ့သည်။

သူတို့နှစ်ဦး၏ ပွဲအားရိုက်ဒါဖလားတစ်ဦးချင်း ပြိုင်ပွဲများတွင် အကြိတ်အနယ်အရှိဆုံးနှင့် အကောင်းဆုံးပွဲဟု သတ်မှတ်ခဲ့ကြသည်။ ပထမကိုးကျင်းအတွင်း သူတို့နှစ်ဦးပေါင်း ဘာဒီ ၈ လုံးနှင့် အီဂယ်တစ်လုံးရိုက်ခဲ့ကြသည်။ လေးကျင်းအပြီး မက်ကဲလ်ရွိုင်းက ဝမ်းအပ်ရနေခဲ့သည်။ သူက ကျင်းအမှတ် ၅၊ ၆၊ ၇ နှင့် ၈ လေးကျင်းဆက်တိုက်ဘာဒီများ ထပ်ရသော်လည်း အောစကွဲပြန်ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုကျင်းများတွင် ရိဒ်က ဘာဒီသုံးကျင်း အီဂယ်တစ်ကျင်းရသွား၍ ဖြစ်ပါသည်။ ကျင်း ၁၇ အပြီးတွင် ရိဒ်က ဝမ်းအပ်ရှိသေးပြီး ကျင်း ၁၈ ပါဖိုးသို့ ရောက်လာကြသည်။ ထိုကျင်း၌ ရိဒ်၏ ဘာဒီပတ်က ပိုဝေးပြီး ၁၂ ပေခန့် ရှိသည်။ မက်ကဲလ်ရွိုင်းက ဆယ်ပေအတွင်း၌ရှိသည်။ မက်ကဲလ်ရွိုင်းမှာ ကျင်းစိမ်ခွင့်ပင်မရလိုက်ပါ။ ရိဒ်၏ ဘာဒီပတ်က ဝင်သွားသောကြောင့်ဖြစ်ပါသည်။ မက်ကဲလ်ရွိုင်းမှာ ရိဒ်ကို ရှုံးနိမ့်သွားသဖြင့် ဥရောပအသင်းမှာ ဦးကျိုးသလိုဖြစ်သွားခဲ့သည်။ ရိဒ်ကိုလည်း Captain America ဟုခေါ်ဝေါ်ချီးကျူးခဲ့ကြသည်။ Captain America သည် ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အမေရိကန်လူထုအား ကယ်တင်သော ကလေးကြိုက် လူစွမ်းကောင်းဇာတ်လမ်းဖြစ်ပါသည်။ အဆိုပါ နောက်ဆုံးနေ့တစ်ဦးချင်း ၁၂ ပွဲတွင် အမေရိကန်အသင်း က ၇ မှတ်ခွဲ၊ ဥရောပအသင်းက ၄ မှတ်ခွဲရကြသဖြင့် စုစုပေါင်းတွင် အမေရိကန်အသင်းက ၁၇ မှတ် ၁၁ မှတ်ဖြင့် အနိုင်ရသွားပါသည်။ ပက်ထရစ်ခ်ရိဒ်၏ ထူးခြားထင်ပေါ်လာခဲ့သော ဒုတိယအကြိမ် အဖြစ်အပျက်တစ်ခုပါ။

အမှန်တွင် ရိဒ်သည် ငယ်ရွယ်စဉ်ကတည်းက ဂေါက်သီးထူးချွန်ခဲ့သူပါ။ အသက် ၁၄ နှစ်တွင် AJGA (America Junior Golf Association) အကောင်းဆုံးဂေါက်သီးသမားဆုကို ရခဲ့ပြီးနောက်  ၂ နှစ်တွင်လည်း ဆက်ရပြန်သည်။ ၂၀၀၆ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် Junior British Open ဗိုလ်စွဲခဲ့သည်။ သူတက္ကသိုလ်တက်သည့်အခါ ပထမ University of Georgia တွင် တက်နေရာမှ Aug-usta State University သို့ ပြောင်းတက်ခဲ့သည်။ ထိုတက္ကသိုလ်အား ၂၀၁၀ ပြည့်နှစ် ၂၀၁၁ နှစ်နှစ်ဆက်တိုက် အမေရိကန်တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံဂေါက်သီးချန်ပီယံဖြစ်အောင် သူစွမ်းဆောင်ပေးခဲ့သည်။ သူကစားပေးခဲ့ရသော Match Play ခြောက်ပွဲစလုံးအနိုင်ရခဲ့သည်။

အဆိုပါ Augusta State University မှာ ယခုမာစတာစ်ပွဲကြီးကျင်းပသော သြဂတ်စ်တာမြို့၌ရှိသည်။ ရိဒ်သည် တက္ကဆပ်စ်ပြည်နယ်၌ မွေးဖွားသူဖြစ်သော်လည်း သြဂတ်စ်တာမြို့မှာ သူ၏ဒုတိယအိမ်ဟု ဆိုနိုင်သည်။ သူ၏ဖခင်၊ မိခင်နှင့် ညီမငယ်တို့မှာ ယနေ့ထက်တိုင် သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်းမှ ၁၅ မိနစ်သာ ကားမောင်းရသော ရပ်ကွက်တွင် နေထိုင်ကြဆဲဖြစ်သည်။

ယခုနှစ်မာစတာစ်ပွဲကြီးမစတင်မီ ၁၂ ရက်ကြို၍ သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်းသို့ ရောက်ခဲ့သော ရိဒ်နှင့် နည်းပြကယ်ဗင်ကတ်ခ်တို့သည် ကွင်းအခြေအနေနှင့် ဂရင်းအနေအထားတို့ကို အသေးစိတ်နာရီပေါင်းများစွာ လေ့လာမှတ်သားခဲ့ကြသည်။ ရိဒ်သည် ဤပွဲကြီးအား ၂၀၁၄ ခုနှစ်မှစ၍ ၄ ကြိမ်ပါဝင်ကစားခဲ့ဖူးသည်။ နှစ်ကြိမ်၌ ၂ ရက်နှင့်ပြုတ်ခဲ့ပြီး ကျန်နှစ်ကြိမ်တွင်လည်း အကောင်းဆုံးရခဲ့သည်မှာ အဆင့်ပူးတွဲ ၂၂ သာဖြစ်ခဲ့ပါသည်။ သူတို့နှစ်ဦးသည် ဂေါက်ကွင်းအပေါ် ကစားကြည့်သည်ထက် စူးစမ်းလေ့လာမှုကို ပိုလုပ်ခဲ့ကြသည်။ တစ်ပတ်အကြို ဗုဒ္ဓဟူးနေ့တွင် ဂေါက်ကွင်းထဲ၌ရိုက်ခဲ့သော ရိုက်ချက်အရေအတွက်မှာ ၃၀ ခန့်သာရှိသည်။ သို့သော် ၈ နာရီကာလအတွင်း ကျင်းစိမ်ချက်ပေါင်း ၅,၀၀၀ ခန့် ရိုက်ကြည့်ဖြစ်ခဲ့သည်။ ရိဒ်၏ မှတ်စုစာအုပ်ငယ်တွင် အကြောင်းအရာပေါင်းများစွာဖြင့် ပြည့်သွားခဲ့သည်။ တီခုံမှ တီရှော့တ်များရိုက်ရာတွင် ရိဒ်က အားသန်သော Draw ရိုက်ချက်များအစား Fade ရိုက်ချက်များရိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ပြိုင်ပွဲရက်သတ္တပတ်တွင် တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များ၌ ကွင်းပတ်လေ့ကျင့်ကစားခွင့်ပေးထားသော်လည်း တနင်္လာနေ့တွင် သူက လေးကျင်းသာ ကစားခဲ့သည်။ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင်လည်း ၉ ကျင်းစီသာ ကစားခဲ့သည်။ လေ့ကျင့်ကွင်းတွင် Fade ရိုက်ချက်များ မှန်နေစေရန် လေ့ကျင့်ခဲ့သည်။ ပြိုင်ပွဲတကယ် ကစားရာတွင်လည်း အချိန်တိုင်းတွင် စီမံချက်အတိုင်းတသွေမတိမ်း ကစားရန်နှင့် ခက်ခဲ၍ အန္တရာယ်များသော ဤဂေါက်ကွင်းတွင် စိတ်ရှည်သည်းခံမှုမွေးရန်ကိုလည်း နည်းပြက တိုက်တွန်းခဲ့သည်။

ကြာသပတေးနေ့၌ မာစတာပြိုင်ပွဲကြီး စပါသည်။ ၂၀၁၅ ခုနှစ်ဟာ မာစတာစ်ချန်ပီယံဂျော်ဒန်စပိသ်က ခြောက်ချက်လျော့ဖြင့် ဦးဆောင်ခဲ့ပြီး ရိဒ်က မက်ကဲလ်ရွိုင်းအပါအဝင် အခြား ၆ ဦးနှင့်အတူ ၃ ချက်လျော့ရကာ အဆင့်ပူးတွဲစတုတ္ထနေရာ၌ ရှိခဲ့ပါသည်။ ယမန်နှစ် ချန်ပီယံဆာဂျီယိုဂါစီယာမှာ ကျင်း ၁၅ ပါဖိုက်၌ ရေထဲသို့ ၅ လုံးဆက်တိုက်ကျကာ ၁၃ ချက်ရိုက်ပစ်မိခဲ့သည်။ သူက ၉ ချက် ပိုကွင်းပတ်သာရခဲ့ပါသည်။

သောကြာနေ့ ဒုတိယကွင်းပတ်၌ ရိဒ်က ၆ ချက် လျော့ရလိုက်ပေရာ နှစ်ရက်ပေါင်း ၉ ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာသည်။ စပိသ်က ၂ ချက်ပို၊ မက်ကဲလ်ရွိုင်းက တစ်ချက်လျော့ရသဖြင့် သူတို့နှစ်ဦးက ပေါင်း ၄ ချက်လျော့တွင်သာရှိနေခဲ့ကြသည်။ ကမ္ဘာ့အဆင့် တစ်နှင့် နှစ်ဖြစ်ကြသော ဒပ်စ်တင်းဂျွန်ဆင်နှင့် ဂျပ်စ်တင်တွမ် မတ်စ်တို့က ပေါင်း ၃ ချက်လျော့၊ ရစ်ကီဖောင်လာက ပေါင်းနှစ်ချက်လျော့တွင်ရှိနေသည်။ လေးကြိမ်ချန်ပီယံ တိုက်ဂါးက ပေါင်း ၃ ချက်ပိုတွင်သာရှိသော်လည်း မပြုတ်ခဲ့ပါ။ ပေါင်း ၅ ချက် ပိုရိုက်နိုင်သူအထိ မပြုတ်ကြပါ။ ပြုတ်သွားသူများတွင် ဂါစီယာ ၁၅ ချက်ပို၊ ၂၀၁၆ ခုနှစ် ချန်ပီယံဒင်နီဝီးလက် ၇ ချက်ပို၊ ၂၀၁၁ ခုနှစ် ချန်ပီယံချာလ်ရှဝပ်ဇယ် ၆ ချက်ပိုတို့ ပါသွားကြသည်။ ရိဒ်က ဤနေ့တွင် ဘာဒီ ၉ ကျင်းရခဲ့ပြီး ဘိုဂီလည်း ၃ ကျင်းပါသွားခဲ့သည်။

စနေနေ့က တတိယကွင်းပတ်၌ ရိဒ်က ၅ ချက် လျော့ထပ်ရပြန်ရာ သုံးရက်ပေါင်း ၁၄ ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်ဆဲပါ။ ကျင်း ၁၃ နှင့် ၁၅ ပါဖိုက်နှစ်ကျင်းတွင် သူကအီဂယ်များရခဲ့သည်။ ကျင်း ၁၃ ၌ ၁၄ ပေ အီဂယ်ပတ်ဝင်ခြင်းဖြစ်ပြီး ကျင်း ၁၅ ၌ ဂရင်းအပြင်မှာ တတိယရိုက်ချက်တန်းလိမ့်ဝင်ခြင်း ဖြစ်ပါသည်။ မက်ကဲလ်ရွိုင်းက ဤနေ့၌ ၇ ချက်လျော့ရခဲ့ပေရာ သုံးရက်ပေါင်း ၁၁ ချက်လျော့ဖြင့် ဒုတိယနေရာသို့ ရောက်လာသည်။ ရစ်ကီဖောင်လာက ပေါင်း ၉ ချက်လျော့၊ ဂျွန်ရမ်းက ပေါင်း ၈ ချက်လျော့၊ ဂျော်ဒန်စပိသ်က ပေါင်း ၅ ချက် လျော့တွင်သာရှိနေကြသည်။ မက်ကဲလ်ရွိုင်းမှာ ကျန်မေဂျာပြိုင်ပွဲကြီး သုံးပွဲစလုံးအား ဗိုလ်စွဲထားပြီးသူဖြစ်ပြီး မေဂျာလေးပွဲစလုံး၌ ချန်ပီယံဖြစ်ရန်မှာ ဤမာစတာစ်ပြိုင်ပွဲသာ ကျန်နေခြင်းဖြစ်ပါသည်။ သူတို့နှစ်ဦးနောက်ဆုံးနေ့တွင် နောက်ဆုံးအတွဲအဖြစ် ထွက်ကြရပါမည်။ ၂၀၁၆ ရိုက်ဒါဖလားတစ် ဦးချင်းပွဲ၌ အကောင်းဆုံးကစားခဲ့ကြသူနှစ်ဦး ပြန်တွေ့ကြပြန်ပါပြီ။

တနင်္ဂနွေ၌ နောက်ဆုံးကွင်းပတ်ကစားကြရာ ရိဒ်သည် ပထမကျင်း၌ ဘိုဂီဖြင့် စထွက်ခဲ့ပါသည်။ မက်ကဲလ်ရွိုင်းက ဒုတိယကျင်း၌ ၄ ပေ အီဂယ်ပတ်လွဲခဲ့သဖြင့် ရိဒ်ကို မီတော့မည့် အခွင့်အရေးလွတ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် မက်ကဲလ်ရွိုင်းမှာ လက်မငြိမ်တော့ပဲ ဘိုဂီများ ပါသွားသဖြင့် ရိဒ်အားမီရန် ပိုအလှမ်းဝေးခဲ့ပါသည်။ နောက်ဆုံးတွင် နှစ်ချက်ပိုကွင်းပတ်ကိုသာ ရခဲ့ပါသည်။

ရိဒ်က စိတ်ရှည်ရှည်ဖြင့် ကစားနိုင်ခဲ့ပြီး ဤနေ့အတွက် တစ်ချက်ပိုဖြစ်နေရာမှ ကျင်း ၁၂ တွင် ဘာဒီရသည့်အခါ ယနေ့အတွက် အီးဗင်းပါ၊ ပေါင်း ၁၄ ချက် လျော့ဖြစ်လာသည်။ ထိုအချိန်တွင် သုံးရက်အပြီးက ရိဒ် နောက် ၉ ချက်ပြတ်ကျန်နေခဲ့သော စပိသ်က ကျင်း ၁၆ အပြီးတွင် တစ်နေ့တည်း ၉ ချက်လျော့ရကာ ပေါင်း ၁၄ ချက် လျော့ဖြင့် ရိဒ်ကို မီလာပါသည်။ သို့သော် နောက်ဆုံး ကျင်း၌ တီရှော့သစ်ကိုင်းနှင့် ငြိသွားကာ နောက်ပြန်လာသဖြင့် တူးအွန်မရိုက်နိုင်တော့ပဲ ၈ ပေ ''ပါ'' ပတ်လည်း လွဲသည့်အခါ ပေါင်း ၁၃ ချက်လျော့ဖြင့်သာ ပွဲသိမ်းနိုင်ခဲ့ပါသည်။ ရစ်ကီဖောင်လာသည် ရိဒ်နောက် ၅ ချက်ရောက်နေရာမှ ဒုတိယကော်နာတွင် ဘာဒီများစွာရခဲ့ပြီး နောက်ဆုံးကျင်း၌ပါ ဘာဒီရသည့်အခါ ဤနေ့အတွက် ၅ ချက်လျော့ရလိုက်ပြီး ပေါင်း ၁၄ ချက်လျော့ဖြင့် ပွဲသိမ်းနိုင်ခဲ့ပါသည်။ ရိဒ်သည် ဘာဒီရနိုင်သော ကျင်း ၁၃ ပါဖိုက်တွင် ဘာဒီမရခဲ့သော်လည်း ကျင်း ၁၄ ၌ ဘာဒီရကာ ပေါင်း ၁၅ ချက်လျော့ဖြင့် တစ်ဦးတည်းဦးဆောင်သူပြန်ဖြစ်လာပါသည်။ ကျန်ကျင်းများတွင် ရိဒ်သည် လက်မှန်မှန်ဖြင့် ''ပါ'' မလွတ်အောင် ကစားနိုင်ခဲ့သဖြင့် ပေါင်း ၁၅ ချက်လျော့ဖြင့် ဗိုလ်စွဲနိုင်ခဲ့ပါသည်။

အသက် ၂၇ နှစ်ရှိ ရိဒ်အတွက် ပထမဆုံးမေဂျာ အောင်ပွဲကြီးရလိုက်ပါပြီ။ အဆိုပါတနင်္ဂနွေနေ့ နံနက်ပိုင်း Golf Channel တွင် ကျွမ်းကျင်သူများက မည်သူဗိုလ်စွဲမည်ကို တစ်ပေးကြရတွင် နိုတာဘီဂေးတစ်ဦးကသာ ရိဒ်ဟု ပြောခဲ့ပြီး ကျန်လူများက မက်ကဲလ်ရွိုင်းဟု ပြောခဲ့ကြသည်။ ရိဒ်၏ ''ပါ''  ပတ်နောက်ဆုံးကျင်းတွင် ဝင်သွားသည့်အခါ ရိုက်ဒါဖလား အမေရိကန်လက်ရွေးစင်ကစားဖော်များ ဖြစ်ကြသည့် ဖောင်လာနှင့် စပိသ်တို့လာရောက် ဂုဏ်ပြုနှုတ်ဆက်ကြပါသည်။ နောက်ဆုံးနေ့တွင် ရိဒ်အနေဖြင့် မက်ကဲလ်ရွိုင်း၏ ဖိအားများကြောင့် စကိုးပျက်မည်ဟူသော အခြားလူများ၏ ထင်မြင်ချက်အပေါ်ဖောင်လာက သူ့သဘောထားပြောပြရာတွင် ''ပက်ထရစ်ခ်ဟာ ကြောက်တတ်တဲ့သူမဟုတ်ဘူး၊ သူက ဘယ်တော့မှ နောက်မဆုတ်ဘူး၊ တကယ်တိုက်ပွဲဝင်သူပါ'' ဟု ဆိုသည်။

မာစတာစ်ချန်ပီယံသစ်အား ဂုဏ်ပြုလိုက်ရပါသည်။

ဝင်းမြင့်သိန်း