အိုလံပစ်တွင် ဂေါက်သီး ဆက်လက်ပါဝင်ဦးမည်လေ (၂)

novfitness1

အဒမ်စကော့တ်က ''ကျွန်တော်ဂေါက်သီးသမားတွေပြောတဲ့ စကားတွေကိုနားထောင်ပြီး စဉ်းစားခဲ့တာ အချိန်တော်တော်ယူခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဂေါက်သီးအဖွဲ့ချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတို့အနေနဲ့ နောက်တစ်ကြိမ်အတွက်တော့ ပြန်စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ စီမံချက်ချထားသလို ဖြစ်မလာခဲ့လို့ပါ။ အိုလံပစ်ပွဲတော်မှာ ပရိုဂေါက်ပွဲက ဘယ်လိုအံဝင်မလဲကို တွက်ကြဖို့ပါ။ ကနဦးအခြေအနေကိုမကြည့်ဘဲ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရေရှည်ကိုစဉ်းစားမယ်ဆိုရင် အပျော်တမ်းပွဲကိုပဲထည့်တာမျိုးက ပိုကောင်းပြီး ကမ္ဘာမှာဂေါက်သီးပိုမိုဖွံ့ဖြိုးဖို့ ရည်ရွယ်ချက်ကို ပိုရစေမယ်လို့ ထင်ပါတယ်။ ကျွန်တော် ၁၆ နှစ် ၁၇ နှစ်သားတုန်းကလည်း အိုလံပစ်မှာ ဂေါက်သီးပါစေချင်ပြီး ဝင်ပြိုင်ချင်စိတ်တွေ သိပ်ရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်တင် မဟုတ်ဘူး၊ တိုင်းပြည်အတွက်ပါပေါ့။ ပုံမှန်အားဖြင့်ဆိုရင် ငယ်ငယ်ကတည်းက ဂေါက်သီးစကစားဖြစ်သူတွေက နောက်ပိုင်းမှာလည်း စွဲစွဲမြဲမြဲ ဆက်ကစားဖြစ်တယ်လို့ စစ်တမ်းတွေရှိပါတယ်။ ပရိုတွေထက်စာရင် လူငယ်ဂေါက်သီးသမားလေးတွေကို အိုလံပစ်ပြိုင်ပွဲဝင်ဖြစ်စေဖို့ အားပေးခြင်းက ပိုထိရောက်ပါလိမ့်မယ်။ ကျွန်တော်တို့ အပတ်စဉ်ကစားနေကျ ပရိုပွဲတွေလိုပဲဖြစ်နေတဲ့ ၇၂ ကျင်းပြိုင်ပွဲကို အိုလံပစ်မှာ ဂေါက်သီးစွမ်းရည်နိမ့်တဲ့ ဂေါက်သီးသမားတွေနဲ့ ပြိုင်ရမှာမျိုးကျတော့ ကျွန်တော့်ရဲ့စိတ်ဝင်စားမှုကို လျော့နည်းစေပြီး ဦးစားပေးပြိုင်ပွဲအဆင့်လို့လည်း ကျွန်တော်မမှတ်ယူဘူး'' ဟု ပြောခဲ့ပါသည်။

[caption id="attachment_27579" align="alignnone" width="370"]novfitness2Adam Scott[/caption]

စကော့တ်ဆိုချင်သည်က လူ ၆၀ သာပါဝင်ရသည့် ၇၂ ကျင်း အချက်ရေပြိုင်ပွဲပုံစံကို မသုံးစွဲသင့်ဘဲ အခြားအသင်းလိုက်ပုံစံတစ်မျိုးမျိုးကို အိုလံပစ်တွင်သုံးသင့်ခြင်းဖြစ်သည်။ ပရိုများသည် အပတ်စဉ်ပင် စွမ်းရည်တူသူများချင်း အကြိတ်အနယ်ယှဉ်ပြိုင်နေကြပြီး မေဂျာပွဲကြီးလေးပွဲအပြင် WGC Series ဝင်ပွဲကြီးများနှင့် အခြားနာမည်သတင်းကျော်စောသော ပွဲကြီးများက ရှာဖွေကစားရန် အသင့်ရှိနေပြီး ဖြစ်သည်။ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ လက်ပစ်ဘော စသည့်အားကစားများတွင် အားကစားသမားများသည် နိုင်ငံ့လက်ရွေးစင်များ အလွန်ဖြစ်လိုကြသည်။ ထိုအားကစားမျိုးများမှ အားကစားသမားများအပြင် ရေကူး၊ ပြေးခုန်ပစ် အားကစားသမားများသည် ဘဝတစ်ခုလုံးရင်းပြီး အိုလံပစ်ပွဲတော်၌ ထွန်းတောက်ရန် ကြိုးစားကြမြဲဖြစ်သည်။ အောင်ပွဲရပါက စပွန်ဆာများရပြီး ချမ်းသာလာနိုင်သည်။ ဂေါက်သီးပရိုများမှာမူ ထိုသို့ဖြစ်ရန်အတွက် ကြိုးစားရန်မလိုကြပါ။ ချမ်းသာနေသူများ၊ စပွန်ဆာရှိပြီးသူများဖြစ်သည်။ ရည်ရွယ်ချက်၊ သဘောသဘာဝချင်းက အခြားအားကစားသမားများနှင့် မတူညီကြပါ။

ထိပ်သီးအားကစားသမားများ မလာရောက်မှုကို အိုလံပစ်ကော်မတီကလည်း သတိပြုမိသည်။ စိတ်ပျက်စရာဖြစ်ပြီး ဂေါက်သီးအဖွဲ့ချုပ်က ခွင့်မပြုသင့်ဟု ဆိုသည်။ ပထမတန်းဂေါက်သီးသမားများကို စာရင်းပေးပြီးမှ ယင်းတို့အားမစေလွှတ်တော့ဘဲ ဒုတိယတန်း၊ တတိယတန်းအဆင့်များကို စေလွှတ်ခြင်းများမှာ အိုလံပစ်ရည်မှန်းချက်နှင့် များစွာကွာဝေးလွန်းသည်ဟုလည်း ပြောသည်။ ကော်မတီမန်ဘာတစ်ဦးဖြစ်သူ ဘယ်ရီမိုင်းစတားက အိုလံပစ်ကော်မတီသည် အပြည်ပြည်ဆိုင်ရာ ဂေါက်သီးအဖွဲ့ချုပ်ကို အာဏာပိုင်အဖြစ် မှတ်ယူခဲ့ကြောင်း၊ ၁၁၂ နှစ်ကြာ အိုလံပစ်နှင့်ဝေးကွာခဲ့ပြီးနောက် ယခုနှစ်တွင် ဂေါက်သီးကြယ်ပွင့်များ ပွဲတော်ကြီး၌ ပါဝင်ကစားပါမည်ဟု ကတိပေးခဲ့ကြောင်း၊ ပြီးမှတစ်ဖန် ဂေါက်သီးအကျော်အမော်များက ဘရာဇီးနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ပိုးရှိနေခြင်း၊ ရေများမသန့်ခြင်း၊ စီးပွားရေးကျဆင်းနေခြင်း၊ ရာဇဝတ်မှုများ ထူပြောခြင်း၊ အစိုးရမတည်ငြိမ်ခြင်း စသည်များကို အကြောင်းပြကာ နုတ်ထွက်ကြကြောင်း၊ ထိုအကြောင်းပြချက်များအားလုံးမှာ ကော်မတီအတွက် တစ်ချက်မျှ အလေးအနက်ထားစရာမဟုတ်ကြောင်း၊ အားကစားတိုင်းမှ အကောင်းဆုံး အားကစားသမားများ လာရောက်သင့်ကြကြောင်း ပြောခဲ့ပါသည်။

[caption id="attachment_27581" align="alignnone" width="370"]novfitness4Rory McIlroy[/caption]

ရော်ရီမက်ကဲလ်ရွိုင်းက သူမသွားရောက်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ''ကျွန်တော်တို့က ဇီကာကြောင့် မသွားတာပါ။ မသွားဖြစ်လို့ စိတ်အနှောင့်အယှက်ဖြစ်တာတို့၊ ဝမ်းနည်းတာတို့ မဖြစ်ပါဘူး။ တခြားအားကစားသမား အများစုအနေနဲ့ အိုလံပစ်မှာပြိုင်ပွဲဝင်ဖို့နဲ့ ရွှေတံဆိပ်ရဖို့ကို တစ်ဘဝလုံး အိပ်မက်မက်ခဲ့ကြသူတွေဖြစ်ပါတယ်။ လေးနှစ်တိတိ လေ့ကျင့်ထားခဲ့ကြတယ်။ ဂေါက်သီးသမားတွေကတော့ အဲဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့ ဂေါက်သီးလောကက တစ်နှစ်အတွင်းမှာကို အိုလံပစ်ပွဲကြီး လေးပွဲရှိနေပါတယ်။ မေဂျာပွဲကြီးတွေကို ပြောတာပါ။ ကျွန်တော်တို့ရဲ့အိပ်မက်တွေက Claret Jug  ဗြိတစ်ရှ်အိုးပင်းကို ရဖို့၊ မာစတာစ်ကုတ်အင်္ကျီစိမ်းကို ရဖို့တွေပါ။ ကျွန်တော်တို့ရဲ့ဦးစားပေးမှုက ဂရင်းစလမ်း မေဂျာပွဲကြီးတွေပါ။ မေဂျာပွဲကြီးတွေဟာ ကျွန်တော့်အတွက် အမြင့်ဆုံးမှတ်တိုင်ပါ။ ဒါကြောင့် ကျွန်တော် ဂေါက်သီးရိုက်နေတာပါ။ ကျွန်တော့်ကို မေဂျာပွဲကြီးချန်ပီယံအဖြစ် သမိုင်းမှာ အမှတ်ရစေချင်ဆုံးပါ။ ဇီကာက လန့်စရာဗိုင်းရပ်စ်ပါ။ ကျွန်တော်ကရှေ့နှစ်မှာ လက်ထပ်ပါတော့မယ်။ အိုလံပစ်ပြိုင်ပွဲဝင်မယ့် အခြားအားကစားသမားတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ လူပျို အပျိုတွေပါ။ သူတို့က အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသူတွေ များပါလိမ့်မယ်။ ဂေါက်သီးသမားတွေကျတော့ တချို့က မကြာခင်အိမ်ထောင်ပြုမယ့် လူတွေရှိနေပါတယ်။ ရှိန်းလော်ရီရာလည်း ဒီနှစ်ထဲမှာပဲ ပြုပါတော့မယ်။ ပက်ဒရိတ်ဟာရင်တန်နဲ့ ကျွန်တော်စကားပြောကြည့်တယ်။ သူက နောက်ထပ်ကလေးယူမယ့် အစီအစဉ်မရှိတော့တဲ့သူပါ။ ဒါကြောင့် သူက သွားပြိုင်လိမ့်မယ်။ ကျွန်တော့်အတွက်တော့ သွားရမှာ စိတ်သက်သောင့်သက်သာ မဖြစ်ဘူး။ ကျွန်တော် အိုလံပစ်အတွေ့အကြုံ လိုချင်သူပါ။ ရီယိုဒီဂျနေးရိုးမှာ မဟုတ်ဘဲနဲ့ တခြားမြို့တော်မှာဆိုရင်တော့ ဒီနှစ်မှာပဲ ကျွန်တော်သွားပြိုင်ဖြစ်မှာပါ။ ၂၀၂၀ ပြည့်နှစ်ကျရင် အိုလံပစ်က တိုကျိုမှာ လုပ်မှာ၊ အဲဒီအထိ ကျွန်တော်စောင့်ပြီးသွားပြိုင်မယ်။ ဘရားဇီးကိုတော့ ကျွန်တော်မစွန့်စားရဲဘူး'' ဟု ပြောပြသည်။

[caption id="attachment_27580" align="alignnone" width="370"]novfitness3Jason Day[/caption]

ဂျေဆင်ဒေးက '' ဇီကာဗိုင်းရပ်စ်အပေါ် ဘရာဇီးမှာ ဆောင်ရွက်ကာကွယ်နေမှုတွေကြောင့် ကူးစက်ဖို့ကတော့ အခွင့်အရေးနည်းသွားပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုကိုတော့ ကျွန်တော်ကြိုတင် ကာကွယ်ရပါမယ်၊ မစွန့်စားပါဘူး။ ကျွန်တော်က နောက်ထပ်ကလေးတွေလည်း ထပ်ယူချင်သေးတဲ့လူပါ။ ဂေါက်သီးနဲ့အိုလံပစ်တွေထက် ကျွန်တော့်အတွက်ကတော့ မိသားစုက ပိုအရေးကြီးပြီး ဦးစားပေးနံပါတ်တစ်ပါပဲ'' ဟုဆိုသည်။ အမျိုးသမီးများတွင်မူ ထိပ်သီးဂေါက်သီးမယ်အားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အမျိုးသားများထဲတွင် ကမ္ဘာ့အဆင့်အမြင့်ဆုံး ၁၅ ဦးအနက်မှ ရှစ်ဦးသာ လာရောက်ခဲ့ကြသော်လည်း အမျိုးသမီးများတွင်မူ အမြင့်ဆုံး ၁၅ ဦးအနက်မှ ၁၃ ဦးပင်ပါဝင်ခဲ့ကြသည်။ ကျန်အမျိုးသမီးနှစ်ဦးမှာလည်း မပြိုင်ချင်၍မဟုတ်ဘဲ လူပြည့်သွားသဖြင့် ပြိုင်ခွင့်မရသူ ကိုရီးယားမယ်နှစ်ဦး ဖြစ်ပါသည်။

[caption id="attachment_27582" align="alignnone" width="370"]novfitness5Ty Votaw[/caption]

အပြည်ပြည်ဆိုင်ရာ ဂေါက်သီးအဖွဲ့ချုပ်မှ ပီတာဒေါ်ဆင်နှင့် တိုင်းဗိုတောတို့က အိုလံပစ်တွင် အကောင်းဆုံးပြိုင်ပွဲ ဖြစ်နိုင်သမျှဖြစ်ရန် ကြိုးပမ်းခဲ့ပါသည်ဟုဆိုသည်။ ဗိုတောက ''လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှ ဇီကာပြဿနာက ဘရာဇီးမှာ ထင်ရှားလာခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့က ဂေါက်သီးသမားတွေအားလုံးဆီကို အခြေအနေတွေအပေါ် နားလည်သဘောပေါက်ဖို့နဲ့ ဆိုးကျိုးဖြစ်နိုင်ခြေတွေ၊ တခြားအချက်အလက်တွေကို အရောက်ပို့ပေးခဲ့ပါတယ်။ ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းတွေနဲ့ ပညာပေးခဲ့ပြီးဖြစ်ပါတယ်'' ဟု ပြောပြသည်။

[caption id="attachment_27583" align="alignnone" width="370"]novfitness6Peter Dawson[/caption]

အားကစားအလုံးစုံအနက် ဘရာဇီးသို့ လာရောက်ရန် ငြင်းပယ်သူများရှိနေသော အားကစားမှာ   ဂေါက်သီးတစ်ခုတည်းဖြစ်နေသည်နှင့် စပ်လျဉ်း၍ ဒေါ်ဆင်က ဤသို့ကာကွယ်ပြောဆိုခဲ့ပါသည်။ ''ဂေါက်သီးကျော်အချို့က မလာချင်ကြတာနဲ့ ဇီကာကိုအကြောင်းပြတယ်လို့ တချို့ကထင်ကြပါတယ်။ ဒါမဟုတ်ပါဘူး၊ ဇီကာက သူတို့တကယ်စိတ်ပူကြတာပါ။ ကစားသမားတွေတင်မကဘူး၊ သူတို့ရဲ့မိသားစုတွေ၊ ဇနီးသည်တွေ၊ မိန်းကလေးမိတ်ဆွေတွေ၊ သားသမီးတွေစသဖြင့်ပါ။ ဇီကာကထင်သလောက် စိုးရိမ်စရာမရှိတော့လို့ သူတို့စိတ်ပူတာက လွန်လွန်းတယ်လို့ဆိုနိုင်ပေမယ့် လာမလာဆိုတာကတော့ သူတို့တစ်ယောက်ချင်းရဲ့ အဆုံးအဖြတ်ပါ။ ဂေါက်သီးအားကစား အိုလံပစ်မှာပါဝင်ဆင်နွှဲမှုအပေါ် သက်ရောက်ထိခိုက်သွားတာကတော့ အမှန်ပါပဲ။ ဒီနှစ်အိုလံပစ်မှာတော့ ဂေါက်သီးအားကစားကို အကောင်းဆုံးမီးမောင်းနဲ့ထိုးပြလို့ မရတော့ဘူးဆိုတာကိုတော့ လက်ခံရမှာပါပဲ'' အိုလံပစ်ပွဲတော်၏ အမျိုးသား ဂေါက်သီးပြိုင်ပွဲသို့ ပါဝင်ခဲ့သော နိုင်ငံပေါင်း ၃၄ နိုင်ငံရှိပြီး အမျိုးသမီးပွဲတွင်လည်း ၃၄ နိုင်ငံမှ ဂေါက်သီးမယ်များ ပါဝင်ခဲ့ကြပါသည်။

မည်သို့ပင်ဖြစ်စေ ဂေါက်သီးအားကစားသည် အိုလံပစ်ပွဲတော်၌ ၂၀၂၀ ပြည့်နှစ်တွင်လည်း ပါဝင်ပါဦးမည်။ ယင်းနောက်ပိုင်းတွင် ဆက်လက်ပါဝင်ရန်မှာ မသေချာမရေရာတော့သည့် အခြေအနေဖြစ်နေပါတော့သည်။

ဝင်းမြင့်သိန်း