ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယား (Official World Golf Ranking-OWGR) စတင်ပေါ်ပေါက်သည့် ၁၉၈၆ ခုနှစ်က ပထမဆုံးကမ္ဘာ့နံပါတ်တစ်ဂေါက်သီးသမားနေရာအား ယူခဲ့သူမှာ ဂျာမန်ဂေါက်သီးသမား ဘန်းဟတ်ဒ်လန်ဂါ (Bern-hard Langer) ဖြစ်ပါသည်။ သူက ၁၉၈၄ ခုနှစ်တွင် ဥရောပတိုး ၄ ပွဲ၊ ၁၉၈၅ ခုနှစ်တွင် ပီဂျီအေတိုး ၂ ပွဲနှင့် ဥရောပတိုး ၂ ပွဲ၊ ၁၉၈၆ ခုနှစ်တွင် ဥရောပတိုး ၂ ပွဲအောင်နိုင်ခဲ့သောကြောင့် ထိုကာလက ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့ခြင်းပါ။
သူကဥရောပတိုး စုစုပေါင်း ၄၂ ပွဲနှင့် ပီဂျီအေတိုး စုစုပေါင်း ၃ ပွဲ ဗိုလ်စွဲခဲ့သည်။ ပီဂျီအေတိုးဗိုလ်စွဲသည့် ၃ ပွဲတွင် မေဂျာပွဲကြီးက ၂ ပွဲ ပါဝင်သည်။ ၂ ပွဲစလုံးမှာ မာစတာစ်၌ ဖြစ်သည်။ ၁၉၈၅ ခုနှစ်က တစ်ကြိမ်နှင့် ၁၉၉၃ ခုနှစ်က တစ်ကြိမ် အောင်ပွဲရခဲ့သည်။ သူက ကမ္ဘာ့အဆင့်တစ်နေရာအား ၁၉၈၆ ခုနှစ် ဧပြီလအတွင်းက ရက်သတ္တပတ် ၃ ပတ် ရယူခဲ့ပြီးနောက် ထိုနေရာကို စပိန်ဂေါက်သီးသမားဆီဗီဘယ်လက်စ်တဲ့ရော့စ်သို့ လွှဲပေးခဲ့ရသည်။ လန်ဂါ၏ ခေတ်က သူနှင့်အပြိုင်ကျော်ကြားပြီး ကမ္ဘာ့နံပါတ်တစ်ဖြစ်လာသော အခြားနာမည်ကြီးများမှာ သြစတြးလျမှ ဂရက်ဂ်နော်မန်၊ အင်္ဂလန်မှ နစ်ခ်ဖယ်လ်ဒို၊ ဝေးလ်စ်မှ အီယံဝူစ်နမ်၊ ယူအက်စ်အေမှ ဖရက်ဒ်ကပ်ပဲလ်စ်နှင့် တွမ်လေးမင်းန်၊ ဇင်ဘာဘွေမှ နစ်ခ်ပရိုက်စ်တို့ဖြစ်ကြပါသည်။
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် လန်ဂါအသက် ၅၀ ပြည့်သည့်အခါ သူသည် အသက် ၅၀ ကျော်များ၏ စီနီယာတိုး (ယခုချန်ပီယံတိုး) တွင် အချိန်ပြည့်ခြေချပါဝင်ကစားခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကိုးနှစ်တာကာလအတွင်း တစ်နှစ်တာဆုကြေး အများဆုံးဆုကို ၈ ကြိမ် (၂၀၁၁ ခုနှစ်မှလွဲ၍ ကျန်နှစ်များ အားလုံး)၊ တစ်နှစ်တာ အကောင်းဆုံးစီနီယာဂေါက်သီးသမားဆုကို ၆ ကြိမ် ရရှိခဲ့ပါသည်။ စီနီယာတန်းတွင် ယခုနှစ် ဇူလိုင်လကုန်အထိ ပြိုင်ပွဲပေါင်း ၃၃ ပွဲ ဗိုလ်စွဲခဲ့ပြီးဖြစ်ကာ စီနီယာတန်း၏ မေဂျာပွဲကြီးစုစုပေါင်းက ၁၀ ပွဲ ပါဝင်သည်။ စီနီယာတန်း၏ မေဂျာအောင်ပွဲအရေအတွက်တွင် ၈ ပွဲဗိုလ်စွဲထားသူ ဂျက်ခ်နစ်ကလပ်၏ စံချိန်ကို ယခုနှစ်တွင် ချိုးနိုင်ခဲ့သည်။ ယခုနှစ်အတွင်း စီနီယာမေဂျာပွဲကြီး ၃ ပွဲ ဗိုလ်စွဲနိုင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အသက် ၆၀ ပြည့်တော့မည့် သူကအသက် ၅၉ နှစ်အရွယ်တွင် သူ့ထက်ငယ်ရွယ်သူ ၅၀ ကျော်များအပေါ်ဖြတ်ကျော်၍ မေဂျာပွဲကြီး ၅ ပွဲရှိသည့် အနက် ၃ ပွဲပင်တစ်နှစ်အတွင်း ဗိုလ်စွဲနိုင်ခြင်းဟူသည်မှာ မယုံနိုင်စရာပါပင်။
စီနီယာတန်း၏ မေဂျာပွဲကြီး ၅ ပွဲနှင့် ယခုနှစ်အတွင်း ကျင်းပခဲ့သောကာလများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မေ ၁၈-၂၁ - Regions Tradition
၂၅-၂၈ - Senior PGA Championship
ဇွန် ၂၉ - ဇူလိုင် ၂ - US Senior Open
ဇူလိုင် ၁၃-၁၆ - Senior Players Championship
ဇူလိုင် ၂၇-၃၀ - Senior British Open
၂၀၁၆ ခုနှစ်၊ သြဂုတ်လက အသက် ၅၉ နှစ်ပြည့်ခဲ့သော လန်ဂါအား ၂၀၁၇ ခုနှစ်တွင် အောင်ပွဲများရမည်ဟု အများက မထင်ခဲ့ကြပါ။ သို့သော် ဇန်နဝါရီလထဲတွင်ပင် သူဦးဆုံးပါဝင်ကစားသော Mitsubishi Electric Championship ၌ စတင်ဗိုလ်စွဲခဲ့သည်။ ယင်းနောက် ပထမဆုံးစီနီယာမေဂျာပွဲကြီးမတိုင်မီအထိ သူနောက်ထပ် ၆ ပွဲဝင်ကစားရာ ဒုတိယတစ်ပွဲ၊ တတိယနှစ်ပွဲအဆင့်ချိတ်နိုင်ခဲ့သည်။
မေလတတိယပတ်၌ ပထမဆုံးစီနီယာမေဂျာပွဲကြီးဖြစ်သော Regions Tradition ကျင်းပပါသည်။ ယမန်နှစ်က ဤပွဲဗိုလ်စွဲထားသူ လန်ဂါသည် ပထမနေ့တွင် ၃ ချက်လျော့သာရခဲ့ပေရာ အဆင့် ၁၃ ၌သာရှိနေခဲ့ပါသည်။ ဒုတိယနေ့၌လည်း ၃ ချက်လျော့ပင်ထပ်ရခဲ့ရာ နှစ်ရက်ပေါင်း ၆ ချက်လျော့ဖြင့် အဆင့် ၁၀ သို့ ရောက်လာသည်။ ဦးဆောင်သူက ၁၂ ချက်လျော့သို့ ရောက်နေခဲ့ပါသည်။ တတိယနေ့၌ လန်ဂါက ၆ ချက်လျော့ရိုက်နိုင်ခဲ့သည်။ သုံးရက်ပေါင်း ၁၂ ချက်လျော့သို့ ရောက်လာခဲ့ရာ သူ့အထက်တွင် ပေါင်း ၁၄ ချက်လျော့ရနေသော ဖရက်ဒ်ဖန့်ခ်နှင့် ၁၃ ချက်လျော့ရနေသော စကော့တ်ပါရဲလ်တို့နှစ်ဦးသာရှိသည်။ လန်ဂါ၏ ၆ ချက်လျော့သည် တတိယနေ့၌ အကောင်းဆုံးစကိုးပင်ဖြစ်ပါသည်။
စတုတ္ထနေ့၌ ဖန့်ခ်သည် ကျင်း ၅ နှင့် ၆ တို့၌ ဘာဒီများရခဲ့ရာ ၁၆ ချက်လျော့သို့ရောက်ခဲ့ပြီး သူကဲ့သို့ပင် နှစ်ချက်လျော့ရနေသော လန်ဂါအပေါ်နှစ်ချက်သာဆဲပါ။ လန်ဂါက ကျင်း ၇ နှင့် ၉ တွင် ဘာဒီများရသည့်အခါ ဖန့်ခ်နှင့် ပူးတွဲဦးဆောင်သူဖြစ်လာသည်။ အဆုံးအဖြတ်မှာ ကျင်း ၁၂ ၌ ဖြစ်ခဲ့ပါသည်။ ထိုပါဖိုးကျင်း၌ လန်ဂါက ဘာဒီရခဲ့ပြီး ဖန့်ခ်က အိုဘီကျကာ ထရစ်ပယ်ဘိုဂီ ဖြစ်ခဲ့သည်။ လန်ဂါက ၄ ချက်သာသွားပါသည်။ ယင်းနောက်တွင်မူ လန်ဂါအား မည်သူမျှလိုက်မမီတော့ပါ။ လန်ဂါသည် ကျင်း ၁၃၊ ၁၄ နှင့် ၁၇ တို့တွင်လည်း ဘာဒီများထပ်ရခဲ့ပေရာ ဤနေ့အတွက် ရှစ်ချက်လျော့ စုစုပေါင်းအချက် ၂၀ လျော့ဖြင့် ဗိုလ်စွဲနိုင်ခဲ့သည်။ ပါရဲလ်နှင့် မက်ကာရွန်တို့က ၁၅ ချက်လျော့ဖြင့် ပူးတွဲဒုတိယရကြပြီး ဖန့်ခ်က ၁၄ ချက်လျော့ဖြင့် ပူးတွဲစတုတ္ထသာအဆင့်ချိတ်နိုင်ခဲ့သည်။ ဤအောင်ပွဲမှာ လန်ဂါအတွက် စီနီယာမေဂျာရှစ်ပွဲမြောက်အောင်ပွဲဖြစ်ပြီး စီနီယာမေဂျာ အောင်ပွဲအများဆုံးရထားသူ ဂျက်ခ်နစ်ကလပ်စ်နှင့် အောင်ပွဲအရေအတွက်ချင်း တူညီခဲ့ပါသည်။ သူသည် သူ့လောက်အသက်မကြီးသေးသော ဗီဂျေဆင်း၊ ကော်လင်းမောင်ဂိုမာရီ၊ ဂျွန်ဒေးလီး၊ ဟင်မနက်သ်၊ စတိဗ်စထရစ်ကာ၊ လီးဂျန်ဇင်၊ ဂျက်ဖ်စလူးမင်းန်တို့အပေါ် အနိုင်ရခဲ့ခြင်းလည်း ဖြစ်ပါသည်။
[caption id="attachment_31454" align="alignnone" width="720"]Jack Nicklaus[/caption]
ထိုပွဲအပြီး ဆက်လာသောရက်သတ္တပတ် (မေ ၂၅-၂၈) တွင် ဤနှစ်၏ ဒုတိယစီနီယာမေဂျာပွဲကြီးဖြစ်သော Senior PGA Championship ကျင်းပခဲ့ပါသည်။ ပြီးခဲ့သည့်အပတ်က မေဂျာအောင်ပွဲရခဲ့သူ ၅၉ နှစ်ရှိနေသည့် လန်ဂါအား ပင်ပန်းနွမ်းနယ်နေပြီဟု ထင်ခဲ့ရသော်လည်း လန်ဂါသည် ယခုပွဲကြီး၏ ပထမကွင်းပတ်၌ ၇ ချက် လျော့ ၆၅ ချက်ရိုက်ကာ ပထမနေ့၏ ဦးဆောင်သူဖြစ်နေခဲ့ပြန်ပါသည်။ ဗီဂျေဆင်းက သူနှင့်တစ်ချက်အကွာတွင် ရှိနေသည်။ ရာသီဥတုကြောင့် ပွဲရပ်နားခဲ့ရမှုများစွာဖြစ်ခဲ့သော ဤပွဲကာလတွင် ဒုတိယနေ့၌ လန်ဂါက ၅ ချက် လျော့ထပ်ရကာ နှစ်ရက်ပေါင်း ၁၂ ချက်လျော့ဖြင့် ဗီဂျေဆင်းအပေါ်နှစ်ချက်အသာရခဲ့ပါသည်။ တတိယနေ့တွင် လန်ဂါက ၂ ချက်လျော့ရခဲ့ပြီး ဆင်းက ၅ ချက်လျော့ရသည့်အခါ ဆင်းက သုံးရက်ပေါင်း ၁၅ ချက်လျော့ဖြင့် လန်ဂါအပေါ်တစ်ချက်အသာရခဲ့ပါသည်။
အသက် ၅၀ ကျော်လျှင် ဤပွဲဝင်ကစားခွင့်ရသော်ငြားလည်း သူ့ကိုယ်သူ အသက် ၅၀ အောက် လူငယ်တွေနှင့် ယှဉ်နိုင်တုန်းဟု ထင်နေသော ၅၄ နှစ်ရှိ ဆင်းသည် ဤစီနီယာမေဂျာပွဲကြီးအား ယခုနှစ်တွင်မှ စတင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းပါ။ လန်ဂါထက် အနည်းဆုံး ကိုက် ၃၀ ပိုပြေးသော ဆင်းနှင့် လန်ဂါတို့ နောက်ဆုံးနေ့တွင် တွေ့ကြပါပြီ။ ဆင်းသည် ဤပွဲစစ်တမ်းအရ ပျမ်းမျှဒရိုက်ဗ်တွင် ၂၉၁ ကိုက်ပင်ရသူဖြစ်သည်။ တတိယနေရာ၌ ပေါင်း ၁၂ ချက်လျော့ဖြင့် ဘီလီအန်ဒရိတ်ကရှိနေသည်။ သို့သော် ဆင်းနှင့် လန်ဂါတို့အား ကျန်လူများလိုက်မီလိမ့်မည်ဟု မထင်ခဲ့ကြပါ။ ဆင်းနှင့် လန်ဂါတို့မှာ ခင်မင်ရင်းနှီးသူများဖြစ်သော်လည်း အကျွမ်းတဝင်တော့ မဖြစ်ခဲ့ကြပါ။ နှစ်ဦးစလုံးသည် တိတ်ဆိတ်စွာဖြင့် ဂေါက်သီးကစားသည့်အခါ အပြင်းအထန်အလုပ်လုပ်သလို သေသေချာချာ တွက်ချက်ကစားကြသူများ ဖြစ်ပါသည်။
နောက်နေ့၌ နောက်ဆုံးကွင်းပတ်ကစားခဲ့ပါသည်။ ထိုနေ့၌ မိုးဖွဲဖွဲရွာနေခဲ့သည်။ သူတို့နောက်ဆုံးအတွဲသည် မိုးဖွဲဖွဲကြားမှပင် တာထွက်ခဲ့ကြရသည်။ မိုးရေစက်များကျနေမှုကြောင့် Pre-shot Routine ဟု ခေါ်သော တစ်ချက်မရိုက်မီ အကြိုလုပ်ရသည့် ဖရီးဆွင်းလွှဲခြင်း၊ ကျင်းအားသုံးသပ်တွက်ချက်ခြင်း၊ စသည်များကို အပြည့်အဝမလုပ်နိုင်သည့် ဆင်းသည် အားမလိုအားမရ မကြေမလည်ဖြစ်နေခဲ့ပါသည်။ လန်ဂါက မတုန်လှုပ်ပဲ ပုံမှန် စားသွားပြီး ကျင်း ၃ ပါဖိုက်နှင့် ကျင်း ၅ ပါဖိုးတို့တွင် ဘာဒီများရသည့်အခါ ဆင်းအပေါ် တစ်ချက်အသာရခဲ့သည်။ ကျင်း ၆ ၌ လန်ဂါဘိုဂီတစ်ကျင်းပါသွားပြီး သူတို့နှစ်ဦးတိုက်နေခဲ့ကြသည်မှာ နောက်ထပ်ကိုးကျင်းဆက်တိုက်ပင်ဖြစ်ပါသည်။
ကျင်း ၉ မှာ တိုတောင်းသောပါဖိုးဖြစ်ရာ ဆင်းက တစ်ချက်တည်းနှင့် ဂရင်းပေါ်အရောက် ရိုက်နိုင်ခဲ့ပြီး အီဂယ်ပတ်က ၇ ပေသာ ကျန်သည်။ လန်ဂါက တူးအွန်သာရသော်လည်း ပေ ၂၀ ဘာဒီပတ်ဝင်ခဲ့သည်။ ဆင်းက အီဂယ်မဝင်ပဲ ဘာဒီသာရခဲ့သဖြင့် တိုက်ခဲ့ကြပြန်သည်။ ဒရိုက်ဗ်တွင် ကိုက်များစွာ ဆင်းက သာလွန်နေသော်လည်း ပတ်တင်တွင် လန်ဂါက ကောင်းနေခဲ့၍ တိုက်နေခဲ့ကြခြင်းပါ။ ဆင်းသည် ကျင်း ၁၁ နှင့် ၁၂ နှစ်ကျင်းဆက်တိုက် တီရှော့တ်များ ချိတ်ဝင်ခဲ့သည်။ လန်ဂါကမူ ဖဲဝေးပျောက်လေ့ရှိသူ မဟုတ်ပါ။ နောက်ဆုံးနေ့တွင် နှစ်ကျင်းသာ ဖဲဝေးအပြင်ထွက်ခဲ့သည်။ ထွက်ခဲ့သည်ဆိုသော်လည်း မြက်ရှည်ကြီးများထဲအထိ ရောက်သွားခြင်းမျိုးမဟုတ်ပါ။ သူ၏တိကျမှုနှင့် တည်ငြိမ်မှုက စကားပြောခဲ့ပါသည်။ ကျင်း ၁၆ ပါဖိုး၌ ဆင်းက ဖဲဝေးပျောက်ခဲ့ပြန်သည်။ သို့သော် သူက တူးအွန်ရိုက်နိုင်ခဲ့ပြီး တူးပတ်ဖြင့် ''ပါ'' တော့ ရခဲ့ပါသည်။ ထိုကျင်း၌ လန်ဂါက ဒုတိယအချက်သံ ၆ ဖြင့် ရိုက်ရသော်လည်း ဂရင်းပေါ်အွန်ခဲ့ကာ ၁၂ ပေ ဘာဒီပတ်ဝင်ခဲ့သဖြင့် တစ်ချက်အသာရခဲ့သည်။
ကျင်း ၁၇ ၌ ဆင်းက သရီးပတ်ဖြစ်ခဲ့ရာ လန်ဂါက တစ်ကျင်းသာကျန်ချိန်တွင် နှစ်ချက်သာခဲ့ပါသည်။ ကျင်း ၁၈ ပါဖိုက်၌ ဆင်းဘာဒီရသော်လည်း အလွယ်တကူ ''ပါ'' ရသွားသူ လန်ဂါက တစ်ချက်အသာဖြင့် ဗိုလ်စွဲနိုင်ခဲ့ပါသည်။ လူငယ်တွေ၏ ပီဂျီအေတိုး၌ အချိန်ပြည့်ကစားနေဆဲဖြစ်သော ဆင်းက မိမိသာပတ်တင်များဝင်အောင် သွင်းနိုင်ခဲ့ပါက အပြတ်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ပတ်တင်ပေါင်းများစွာ လွဲခဲ့ကြောင်း၊ သို့သော် ဘန်းဟတ်ဒ်ကစားသွားသည်မှာ အလွန်ကောင်းခဲ့ကြောင်း၊ အမြဲဂရင်းပေါ် အွန်နေကြောင်း၊ တစ်ချက်မှ မပျက်ခဲ့ကြောင်း၊ သူဗိုလ်စွဲသင့်ပါကြောင်း ချီးကျူးခဲ့ပါသည်။
ဤနေ့၌ လန်ဂါက ၆၈ ချက်၊ ဆင်းက ၇၀ နှင့် အန်ဒရိတ်က ၇၁ ချက်ရိုက်နိုင်ခဲ့ကြသည်။ လေးရက်ပေါင်းတွင် လန်ဂါက ၁၇ ချက်လျော့၊ ဆင်းက ၁၆ ချက်လျော့၊ အန်ဒရိတ်နှင့် ဟင်မနက်သ်တို့က ၁၂ ချက်လျော့ဖြင့် ထိပ်ဆုံးသုံးနေရာအား ရခဲ့ကြသည်။ စီနီယာတန်း၌ မေဂျာပွဲကြီး ၅ ပွဲထားရှိပြီဖြစ်ရာ ဤပွဲမှာ ယခင်က လန်ဂါဗိုလ်မစွဲခဲ့ဘူးသေးသောပွဲပါ။ ဤနေ့အောင်ပွဲအပြီးတွင်မူ လန်ဂါသည် မေဂျာပွဲကြီး ၅ မျိုးစလုံးအား ဗိုလ်စွဲနိုင်ခဲ့သည့် တစ်ဦးတည်းသာရှိသေးသော ဂေါက်သီးသမားဖြစ်လာပါသည်။ စီနီယာမေဂျာ စုစုပေါင်းရှစ်ပွဲ ဗိုလ်စွဲခဲ့သူ ဂျက်ခ်နစ်ကလပ်စ်အားကျော်တက်ကာ ကိုးပွဲဗိုလ်စွဲနိုင်သူလည်း ဖြစ်လာသည်။
လန်ဂါက စီနီယာမေဂျာပွဲကြီး နှစ်ပွဲဆက်တိုက်နိုင်ပြီးနောက် တစ်လအကြာ ဇွန်လကုန်တွင် ကျင်းပသော ဤနှစ်၏ တတိယစီနီယာမေဂျာပွဲကြီးဖြစ်သည့် US Senior Open တွင်လည်း မေဂျာသုံးပွဲဆက်တိုက် အောင်ပွဲရရန်ကြိုးပမ်းခဲ့ပါသည်။ သူက ပထမနေ့တွင် ၃ ချက် လျော့၊ ဒုတိယနေ့တွင် ၅ ချက်လျော့ရကာ နှစ်ရက်အပြီး ၈ ချက်လျော့ဖြင့် ဦးဆောင်သူနှင့် ၃ ချက်အကွာ၌ ရှိခဲ့ပါသည်။ သို့သော် တတိယနေ့တွင် ၂ ချက် ပိုသာရိုက်နိုင်ခဲ့ပြီး နောက်ဆုံးနေ့၌လည်း ၄ ချက်ပိုသာရခဲ့သဖြင့် အဆင့်ပူးတွဲ ၁၈ သာ ချိတ်နိုင်ခဲ့ပါသည်။
ယင်းနောက်နှစ်ပတ်အကြာ ဇူလိုင်လလယ်တွင် ဤနှစ်၏ စတုတ္ထစီနီယာမေဂျာပွဲကြီးဖြစ်သော Senior Players Championship ကျင်းပပါသည်။ လန်ဂါသည် ဤပွဲ၌လည်း အခြေအနေအလွန်ကောင်းခဲ့ပါသည်။ ပထမနေ့၌သူသည် ၇ ချက်လျော့ရကာ ဦးဆောင်သူနှင့် တစ်ချက်အကွာ ဒုတိယနေရာ၌ ရှိနေခဲ့သည်။ ဒုတိယနေ့၌ ရာသီဥတုဆိုးရွားသဖြင့် ဒုတိယကွင်းပတ်မပြီးခဲ့ပဲ စနေနေ့တွင်မှ ဒုတိယကွင်းပတ်နှင့် တတိယကွင်းပတ်များအပြီး ကစားနိုင်ခဲ့ရာ ကွင်းပတ်သုံးခုအပြီးတွင် လန်ဂါက ပေါင်း ၁၈ ချက်လျော့ဖြင့် ဘရန့်ဂျော့ဘ်အပေါ် တစ်ချက်အသာ စကော့တ်မက်ကာရွန်အပေါ် ၆ ချက်အသာရခဲ့ပါသည်။ သူက ဤမေဂျာပွဲကြီးအား လွန်ခဲ့သော သုံးနှစ်ဆက်တိုက်ဗိုလ်စွဲထားသူဖြစ်ပြီး ယခုနှစ်တွင်ပါ ဗိုလ်စွဲပါက ဆက်တိုက်စံချိန်သစ်ဖြစ်လာပါမည်။
တနင်္ဂနွေနေ့၌ နောက်ဆုံးကွင်းပတ်အားကစားခဲ့ကြရာ ပထမငါးကျင်းတွင် ဘာဒီနှစ်ကျင်းရလိုက်သော လန်ဂါက ဂျော့ဘ်အပေါ်သုံးချက်အသာရခဲ့ပါသည်။ အားလုံးက လန်ဂါပင် အေးဆေးသက်သာစွာဖြင့် အနိုင်ရသွားမည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဂေါက်သီးအားကစား၏ ဖြစ်လေ့ရှိတတ်သည့်အတိုင်း မထင်မှတ်တာများ ဖြစ်ခဲ့ပါသည်။ ၅၂ နှစ်သာရှိသေးသူ မက်ကာရွန်က ၆ ချက်လျော့ ဤနေ့တွင်ရခဲ့ပြီး ပေါင်း ၁၈ ချက်လျော့ဖြင့် ပွဲသိမ်းခဲ့သည်။ လန်ဂါမှာ ကျင်း ၁၃ ပါသရီး၌ ဘိုဂီပါသွားပြီး ကျင်း ၁၇ ပါ သရီး၌ ဒပ်ဘယ်ဘိုဂီဖြစ်သွားခဲ့ရာ မက်ကာရွန်နောက်တစ်ချက် ပြန်ရောက်သွားခဲ့ပါသည်။ ကျင်း ၁၈ ၌ ဘာဒီရပါမှ မီမည့်အခြေအနေပါ။ အခြေအနေပေးခဲ့ပါသည်။ သူ့ဘာဒီပတ်က ခြောက်ပေသာကွာဝေးပါသည်။ ထိုဘာဒီပတ်မှာ ဝင်မလိုနှင့် ကျင်းနှုတ်ခမ်းတစ်ခုလုံးအား ဂငယ်ကွေ့ကွေ့ကာ ကျင်းထဲမကျပဲ ဖြစ်ခဲ့ပါသည်။ သူသည် ကျင်းပြတ်ကျင်း ပိုဆက်ကစားရမည့်အစား ပူးတွဲဒုတိယနေရာကိုသာ ဂျော့ဘ်နှင့်အတူ ရခဲ့ပါသည်။
ထိုပွဲအပြီးနှစ်ပတ်အကြာ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဝေးလ်စ်၌ စီနီယာဗြိတစ်ရှ်အိုးပင်းပြိုင်ပွဲကျင်းပခဲ့ပါသည်။ လေနှင့် မိုးတို့က အနှောင့်အယှက်ပေးနေသော ထိုရက်သတ္တပတ်တွင် ပထမကွင်းပတ်၌ လန်ဂါက၂ ချက် လျော့ ၆၉ ချက်ရကာ ဦးဆောင်သူဖြစ်ခဲ့ပါသည်။ အခြားနာမည်ကျော်များဖြစ်ကြသည့် ကော်လင်းမောင်ဂိုမာရီ၊ တွမ်လေးမင်း၊ ဘီလီမေဖဲရ်၊ တွမ်ပါနစ်စ်၊ ဘီလီအန်ဒရိတ်၊ ဂျွန်ဒေးလီ၊ တွမ်ဝပ်တ်ဆင်တို့လည်း လန်ဂါနှင့် နှစ်ချက် သုံးချက်အကွာတွင် ရှိနေကြသည်။
ဒုတိယနေ့တွင်လည်း လေမိုးက ဆက်ရှိနေသည်။ လန်ဂါသည် ဤနေ့၌ သုံးချက်ပိုကွင်းပတ်ကိုသာ ရိုက်နိုင်ခဲ့သော်လည်း ပူးတွဲဦးဆောင်သူဖြစ်ဆဲပါ။ ပူးတွဲဦးဆောင်နေသူပေါင်း ငါးဦးပင်ရှိနေသည်။ ၂၅ မိုင်နှုန်း တိုက်ခတ်နေသော လေပြင်းဒဏ်ကြောင့် ပါဖိုးကျင်းများတွင် ဒရိုက်ဗာတစ်ချက်၊ သရီးဝွဒ်တစ်ချက်ရိုက်ပြီးသည့်တိုင် ဂရင်းသို့မရောက်ခဲ့ကြပါ။ လန်ဂါသည် ပထမသုံးကျင်းတွင်ပင် နှစ်ချက်ပိုဖြစ်ခဲ့ရပါသည်။ နှစ်ရက်ပေါင်းတွင် တွမ်ဝပ်ဆင်က ၇ ချက်ပို၊ ဖရက်ဒ်ကပ်ပဲလပ်စ်က ၈ ချက်ပို ဖြစ်နေခဲ့ကြသည်။
စနေနေ့တွင် ရာသီဥတုက ငြိမ်သက်ကောင်းမွန်နေခဲ့သည်။ လန်ဂါက ခြောက်ချက်လျော့ကွင်းပတ်ကို ရခဲ့ရာ ဒုတိယရနေသူ ကိုရေးပေဗင်အပေါ် လေးချက်အသာရခဲ့ပါသည်။ ယမန်နေ့က ပူးတွဲဦးဆောင်ခဲ့သော အခြားသူများမှာ လန်ဂါကဲသို့ စကိုးမကောင်းခဲ့ကြပါ။ ယူအက်စ်အိုးပင်းချန်ပီယံဖြစ်ခဲ့သူ ၅၇ နှစ်ရှိ ပေဗင်လည်း ဤနေ့၌ခြောက်ချက်လျော့ရခဲ့ပါသည်။ သုံးရက်ပေါင်းတွင် လန်ဂါက ငါးချက်လျော့၊ ပေဗင်က တစ်ချက်လျော့ရနေပြီး အချက်လျော့ရနေကြသူဟူ၍ သူတို့နှစ်ဦးသာရှိနေပါသည်။ ဤစီနီယာဗြိတစ်ရှ်အိုးပင်းအား ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၄ ခုနှစ်များကလည်း လန်ဂါဗိုလ်စွဲခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်က ဗိုလ်စွဲစဉ်ဝယ် ဒုတိယရသူမှာ ပေဗင်ပင်ဖြစ်ပြီး တစ်ချက်ကလေးအသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်ကမူ ဒုတိယရသူကော်လင်းမောင်ဂို မာရီအပေါ် ၁၃ ချက်ပင်ဖြတ်ကာ အပြတ်အသတ်အနိုင်ရခဲ့သည်။
နောက်ဆုံးကွင်းပတ်ကစားကြရသော တနင်္ဂနွေနေ့တွင် မိုးပြန်ရွာ၊ လေပြန်တိုက်ကာ ရာသီဥတုဆိုးရွားခဲ့ပါသည်။ အကောင်းဆုံးကွင်းပတ်စကိုးမှာ ၃ ချက်လျော့ဖြစ်ပြီး လေးဦးသာရိုက်နိုင်ခဲ့သည်။ ယင်းလေးဦးအနက်မှ ဘီလီအန်ဒရိတ်နှင့် ဖရက်စ်ကပ်ပဲလ်စ်တို့က လေးရက်ပေါင်းအီဗင်းပါရရှိသွားကာ ပူးတွဲတတိယရခဲ့ကြပါသည်။ လန်ဂါကတစ်ချက်ပိုသာ ရိုက်နိုင်ခဲ့သဖြင့် လေးရက်ပေါင်း စကိုးက လေးချက်လျော့ဖြစ်သော်လည်း ဗိုလ်စွဲနိုင်ခဲ့ပါသည်။ ပေဗင်က အီဗင်းပါသာရခဲ့ပြီး လေးရက်ပေါင်းစကိုးက တစ်ချက်လျော့ဖြင့် ဒုတိယရခဲ့ပါသည်။ လန်ဂါက စီနီယာဗြိတစ်ရှ်အိုးပင်းအား တတိယအကြိမ်ဗိုလ်စွဲနိုင်ခဲ့ခြင်းပါ။ စီနီယာဗြိတစ်ရှ်အိုးပင်းအား သုံးကြိမ်ဗိုလ်စွဲနိုင်ခဲ့သူများမှာ လန်ဂါအပြင် ဂယ်ရီပလေယာနှင့် တွမ်ဝပ်တ်ဆင်တို့သာ ရှိပါသည်။
ဤအောင်ပွဲမှာ လန်ဂါအတွက် တစ်နှစ်အတွင်း စီနီယာမေဂျာပွဲကြီးသုံးပွဲအောင်နိုင်ခြင်းဖြစ်ပေရာ ယခင်က ဤသို့စီနီယာမေဂျာသုံးပွဲအား တစ်နှစ်အတွင်း အောင်နိုင်သူဟူ၍ ဂျက်ခ်နစ်ကလပ်စ်သာရှိခဲ့ပါသည်။ လန်ဂါမှာ စံချိန်သစ်အဖြစ် စီနီယာမေဂျာပွဲကြီးပေါင်း ၁၀ ပွဲ ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်လာပါသည်။ ဤအောင်ပွဲရသည့်နေ့တွင် လန်ဂါ၏ အသက်မှာ ၅၉ နှစ် ၁၁ လနှင့် ၃ ရက်ဖြစ်သည်။ အသက် ၆၀ ပြည့်ရန် တစ်လပင် မလိုတော့သည့်အချိန်ပါ။ သူကဘာကြောင့် ဤမျှအသက်အရွယ်အထိ မနားတမ်းအောင်ပွဲများကို ရနေရပါသနည်း။
လန်ဂါထက် ၂ နှစ်သာငယ်သူ ဂေါက်သီးဆောင်းပါးရှင်ဘော်ဘီကလမ့်ပက်တ် (Bobby Clampett) က သူသိသော လန်ဂါအကြောင်း ဆောင်းပါးလေးတစ်စောင် Golf Channel ၌ ဖော်ပြခဲ့ပါသည်။ ကလမ့်ပက်တ်သည် ငယ်စဉ်က ပီဂျီအေတိုး၏ ပုံမှန်ဂေါက်သီးပရိုတစ်ဦးဖြစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်က ပီဂျီအေတိုးတစ်ပွဲ ဗိုလ်စွဲခဲ့ဘူးသည်။ သူအသက် ၂၀ အရွယ် ၁၉၈၀ ပြည့်နှစ်၌ အမေရိကန်လက်ရွေးစင်အဖြစ် ဂျွန်ကွတ်ခ်နှင့်အတူ ပြင်သစ်၌ ကျင်းပခဲ့သော Cacherel World Under-25 Championship သို့ သွားရောက်ယှဉ်ပြိုင်စဉ်တွင် ဂျာမဏီမှ လန်ဂါနှင့် စတင်သိကျွမ်းခဲ့ပါသည်။
၁၉၈၂ ခုနှစ်က ပက်ဘဲလ်ဘိချ်တွင် ကျင်းပခဲ့သော ယူအက်စ်အိုးပင်းမေဂျာပွဲကြီး၌ သူတို့နှစ်ဦးသည် ပထမကွင်းပတ်နှစ်ခု၌ တစ်တွဲတည်းကစားခဲ့ကြရသည်။ ထိုစဉ်က လန်ဂါသည် Yips ဟုခေါ်သော ကျင်းစိမ်သည့်အခါ လက်အကြောများ မငြိမ်မသက်ဖြစ်မှု ချို့ယွင်းချက် ရှိနေခဲ့ပါသည်။ ထိုပွဲ၌ လန်ဂါက နှစ်ရက်အပြီးတွင် ပြုတ်သွားခဲ့ပြီး ကလမ့်ပက်တ်က ဗိုလ်စွဲသွားသူ တွမ်ဝပ်တ်ဆင်၊ ဒုတိယရသွားသူ ဂျက်ခ်နစ်ကလပ်စ်တို့နောက်၌ တတိယချိတ်ခဲ့ပါသည်။ ထိုအချိန်တွင် လူအများသည် ကလမ့်ပက်နှင့် လန်ဂါတို့ လူပုံချင်းအလွန်ဆင်တူသည်ကို စတင်သတိထားမိခဲ့ကြသည်။ သူတို့နှစ်ဦးသည် အရပ်အမောင်း အရွယ်တူဖြစ်သည့်အပြင် မျက်နှာပုံစံအပြင်ကွေး၍ ရှည်လျားသောရွှေရောင်ဆံပင်များရှိမှုခြင်းတွင်လည်း ဆင်တူနေပါသည်။ လန်ဂါက လူအများသည် မကြာခဏပင် သူ့အား ဘော်ဘီဟုထင်ပြီး ''ဟေး ဘော်ဘီ၊ ငါ့ကို အော်တိုဂရပ်ဖ်လေးရေးပေးနိုင်မလား'' ဟု တောင်းဆိုခဲ့ကြဖူးကြောင်း ကလမ့်ပက်တ်အား ပြောပြခဲ့သည်။ နောက်များ မကြာမီလန်ဂါက ကလမ့်ပက်တ်ထက်ပိုမိုကျော်ကြားလာသည့်အခါ ကလမ့်ပက်တ်အား လန်ဂါဟု မှတ်ထင်ကာ အော်တိုရေးခိုင်းမှုများက ပိုမိုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ငယ်စဉ်ကာလကတည်းက ကလမ့်ပက်တ်နှင့် လန်ဂါတို့က အခင်မင်ဆုံးမိတ်ဆွေများ ဖြစ်ခဲ့ကြပါသည်။ ဂေါက်ကွင်းများ၌အပြင် တခြားနေရာများ၌လည်း အတူတွဲ၍ တွေ့ခဲ့ကြရသည်။ သူတို့သည် တောင်တန်းများကို ချစ်ခင်ရာတွင် တူညီကြပြီး နှစ်ဦးစလုံး ရေခဲပြင်လျောစီးအားကစားအား ကျွမ်းကျင်ပြီး နှစ်သက်တပ်မက်သူများလည်း ဖြစ်ကြသည်။ ဂေါက်ကွင်းများစွာ၌ လေ့ကျင့်ကွင်းပတ်ပေါင်းများစွာလည်း အတူကစားခဲ့ကြသည်။
၁၉၈၂ ခုနှစ် ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီးတွင် ကလမ့်ပတ်တ်သည် နှစ်ရက်အပြီး ဒုတိယရနေသူ နစ်ခ်ပရိုက်စ်အပေါ် ၅ ချက်နှင့် တတိယရနေသူ လန်ဂါအပေါ် ၆ ချက်ပင် ဖြတ်ထားနိုင်ခဲ့သည်။ တတိယနေ့ ငါးကျင်းအပြီးတွင် သူက ဒုတိယရသူအပေါ် ၇ ချက်ပင်ဖြတ်ထားနိုင်ခဲ့ပြန်ပါသည်။ သို့သော် ကျင်း ၆ ၌ ဖဲဝေးအနီးရှိ Pot Bunker ဟုခေါ်သော အိုးကဲ့သို့နက်သည့် ဘန်ကာထဲကျခဲ့ပြီး သုံးချက်ရိုက်ပြီးမှ ဘန်ကာအပြင်သို့ ထွက်လာနိုင်ခဲ့သည်မှစကာ စကိုးပျက်ခဲ့ပါသည်။ တတိယကွင်းပတ်နှင့် စတုတ္ထကွင်းပတ်များ၌ ၇၈+၇၇ ချက်သာ ရိုက်နိုင်ခဲ့ကာ ပွဲအပြီးတွင် အဆင့်ပူးတွဲ ၁၀ သာ ချိတ်ခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် ကိုယ်ခန္ဓာနာကျင်မှုများကြောင့် ပြိုင်ပွဲဝင်မှုများနည်းပါးခဲ့ပြီး ဂေါက်သီးဆောင်းပါးရှင်၊ ဂေါက်သီးပြိုင်ပွဲတင်ဆက်သူ၊ ဂေါက်ကွင်းဗိသုကာ၊ ဂေါက်သီးစာရေးဆရာအလုပ်များကို ပြောင်းလုပ်ခဲ့ရပါသည်။
သူက သူ့အခင်မင်ဆုံးမိတ်ဆွေဖြစ်သူ လန်ဂါစီနီယာဗြိတစ်ရှ်အိုးပင်းအောင်ပွဲရသည့်နေ့က ရေးသားခဲ့သော လန်ဂါအကြောင်း ဆောင်းပါးကလေးတွင် သူသရုပ်ဖော်ခဲ့သော လန်ဂါ၏ပုံရိပ်မှာ ပီပြင်ခဲ့ပါသည်။ သူက ဖော်ပြခဲ့ပုံမှာ ဤသို့ပါ။ ''စည်းကမ်းတကျလေ့ကျင့်မှုနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့သည် ဘန်းဟတ်ဒ်၏ အောင်မြင်မှုများတွင် အရေးပါသော အခန်းကဏ္ဍများ ဖြစ်ပါသည်။ ထို့အပြင် သူ၏ဖြစ်ကိုဖြစ်ရမည်ဟူသော ပြင်းပြသည့် သက်ဝင်ယုံကြည်မှုက သူ့အားအခြေခိုင်ပြီး တည်ငြိမ်စေခဲ့ပါသည်။ ကျွန်တော်သည် ဘန်းဟတ်ဒ်စိတ်ပျက်နေသည့်အချိန်နှင့် စိတ်ဆိုးဒေါပွနေသည့်အချိန်မျိုးများကို မတွေ့မြင်ခဲ့ဖူးပါ။ ဂေါက်တုတ်လွှင့်ပစ်မှုမျိုးကိုလည်း မတွေ့မြင်ခဲ့ဖူးပါ။ အခြားလူတစ်ဦးတစ်ယောက်အား အကြင်နာမဲ့စွာ ဆက်ဆံမှုမျိုးကိုလည်း မတွေ့မြင်ခဲ့ဖူးပါ။ သူ့သားသမီးများအား အသံကျယ်လောင်စွာဖြင့် ပြောဆိုပြစ်တင်မှုများကိုပင် မတွေ့မြင်ခဲ့ဖူးပါ။ သူက သူ့ဘဝတစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းတကျ၊ လုပ်ရိုးလုပ်စဉ်များကို နေ့စဉ်လုပ်ဆောင်နေသူပါ။ နေ့စဉ် ရှစ်နာရီအိပ်သည်။ နေ့စဉ်ကိုယ်လက်ကြံ့ခိုင်ရေးလုပ်သည်။ နံနက်တိုင်းဗိုက်တာမင်အားဖြည့်အာဟာရများစားသုံးပြီး နေ့စဉ်တရားစာအုပ်များ ဖတ်ရှုသည်။ ဂေါက်သီးဂိမ်းတွင် သူအလွန်လက်မှန်နေသည်မှာ အံ့သြစရာမဟုတ်ပါ။ ဤအရာသည် သူ့ဘဝ၏ မှန်ရိပ်ပင်ဖြစ်ပါသည်။''
''ဘန်းဟတ်ဒ်အကြောင်း စဉ်းစားတိုင်းသူ၏ နှိမ့်ချသောစိတ်ထားက ကျွန်တော့်အတွေးထဲ ရောက်လာပါသည်။ သူ့ဘဝ၌ရခဲ့သော အောင်မြင်မှုများကို သူကမမေ့မပျောက်ခဲ့ပါ။ အမြဲအမှတ်တရ သတိတရရှိနေပါသည်။ ဆင်းရဲပင်ပန်းမှုပြန်ဖြစ်မည်ကို ကြောက်သည့်အတွက် ဂေါက်သီးကို ပြင်းထန်စွာလေ့ကျင့်ဖြစ်ခြင်းဟုလည်း ပြောနိုင်ပါသည်။ သူကပိုကောင်းစေရန် အမြဲကြံစည်နေသူပါ။ ဂေါက်သီးကစားရာတွင် မည်သည့်အခါတွင်မျှ လက်မလျော့သူပါ။ မည်သည့်အခြေအနေ၊ မည်သည့်အချိန်အခါတွင်ပင်ဖြစ်စေ၊ ရိုက်ရတော့မည့် ရိုက်ချက်တစ်ချက်အပေါ် ရာနှုန်းပြည့်အာရုံမစိုက်ပဲ ရိုက်ခဲ့မှုမျိုး ကျွန်တော်တစ်ကြိမ်မျှ မတွေ့ခဲ့ဘူးပါ။ သူလက်ပျက်လက်ကျ၍ ပြိုင်ပွဲမှ နှစ်ရက်နှင့် ပြုတ်သည့်အခါများရှိခဲ့ပါသည်။ သို့သော် သူမကြိုးစား၍ မဟုတ်ခဲ့ပါ။ ရိုက်ချက်တိုင်းအား အစွမ်းကုန်ကြိုးစားလျက်က ပြုတ်ခဲ့ခြင်းများသာ ဖြစ်ခဲ့ပါသည်။ သူအောင်မြင်မှုများရခြင်း၏ အဓိကအကြောင်းရင်းမှာ သူ၏အမူအကျင့်ဓလေ့စရိုက်ကြောင့်ဟု ကျွန်တော် တွေးထင်နေမိပါသည်။''
အတွင်းသိမိတ်ဆွေကလမ့်ပက်တ်၏ အထက်ပါ ဖော်ပြချက်များကြောင့် လန်ဂါတစ်ယောက်ဘာကြောင့် ဤမျှအောင်မြင်သည်ကို သိနိုင်ကြပါပြီ။ အသက် ၆၀ ကျော်လျှင်ရော အောင်ပွဲများ ဆက်လက်ရဦးမလားဆိုသည်မှာ စောင့်ကြည့်ဖွယ်ပင်ဖြစ်နေပါတော့သည်။
ဝင်းမြင့်သိန်း