မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း

အသင်းဖြစ်ပေါ်လာပုံ

--------------------

စက်သုံးဆီလုပ်ငန်းတွေကို ပုဂ္ဂလိကကဏ္ဍ စတင်လုပ်ကိုင်ခွင့်ပြုတဲ့ ၂၀၁၀ ပြည့်နှစ်ကစပြီး  ဒီအသင်းလည်းစတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ နိုင်ငံတော်ဘက်ကဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အဲဒါတွေကို ပေါင်းစပ်ညှိနှိုင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီအသင်းကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသင်းဝင်အရေအတွက်က လေးရာကျော် ရှိနေပါပြီ။

myanmaroilassociation1

စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချမှုအပိုင်းမှာ လုပ်ဆောင်ပေးခဲ့တာတွေ

-----------

စလုပ်တုန်းက စက်သုံးဆီကို နိုင်ငံခြားက တင်သွင်းတဲ့အပိုင်းမှာ တန်ချိန်ငါးထောင်သင်္ဘောလေးတွေနဲ့ပဲ တင်သွင်းရတယ်။ ပြီးတော့မှ အစိုးရသိုလှောင်ကန်တွေမှာ ထည့်ရတယ်။ ထည့်ပြီးမှ ပြန်ဖြန့်ဖြူးရပါတယ်။ အဲဒီလိုသင်္ဘောအသေးလေးတွေနဲ့ပဲ သယ်နေရတာ၊ သိုလှောင်တဲ့နေရာမှာ ကန်နဲ့ပစ္စည်းက မပြည့်စုံတဲ့အတွက် လေလွင့်မှုများတာတွေကြောင့် ဈေးနှုန်းမြင့်ခဲ့ရတာမျိုးရှိခဲ့ပါတယ်။ အခုဆို တန်ချိန် ၁၅,၀၀၀ လောက် သင်္ဘောတွေနဲ့ တင်သွင်းလာနိုင်ပြီး သယ်ယူပို့ဆောင်စရိတ်တွေလည်း လျော့ကျသွားတော့ အခုအချိန်မှာတော့ ကျွန်တော်တို့နိုင်ငံက စားသုံးသူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။

နောက်တစ်ခုက အရေအတွက်၊ အခြင်အတွယ်ပိုင်းပါ။ စက်သုံးဆီလုပ်ငန်းဆိုတာ အရပ်စကားပြောရင် ဆီဆိုတယ်လို့ပြောတာပေါ့၊ အခြင်အတွယ် မပြည့်ဝတာ များတယ်၊ ကျွန်တော်တို့ စလုပ်တုန်းကဆို အခြင်တွယ်တွေက စနစ်လည်းမကျဘူး၊ ဂါလန်လို့တော့ပြောတယ်၊ ဘရိတ်ဆီပုံးနဲ့ချိန်ပြီးတော့ ရောင်းတာ။ ပြီးတော့ ပေပါတွေနဲ့ ရောင်းတာတွေ အဲဒီလိုစနစ်တွေနဲ့ စခဲ့ရတာပါ။ အရင်တုန်းက စက်သုံးဆီဆိုင်တွေက အခြင်အတွယ်ပိုင်းမှာ မရိုးမသားလုပ်တာမျိုးတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသင်းအနေနဲ့ရော ဝန်ကြီးဌာနအနေနဲ့ရော သုံးစွဲသူတွေကရော ဝိုင်းပြီးကြပ်မတ်ခဲ့တယ်။ စက်သုံးဆီအရည်အသွေးတွေ၊ အရေအတွက်တွေ မှန်ကန်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ပါတယ်။ ဂါလန်ခွက်တွေ ထုတ်ပေးတာမျိုးကအစ အခြင်တွယ်ပြည့်မီအောင်လို့လည်း အများကြီးလုပ်ခဲ့ကြပါတယ်။

စက်သုံးဆီအရည်အသွေးနဲ့ပတ်သက်ပြီးတော့လည်း စလုပ်တုန်းက မြန်မာနိုင်ငံမှာရောင်းတဲ့ဆီက ရိုးရိုးဓာတ်ဆီနဲ့ ရိုးရိုးဒီဇယ်ဆီပဲရှိခဲ့တာပါ။ ဓာတ်ဆီမှာ အောက်တိမ်းဆိုတဲ့ ကောင်းတဲ့ဆီအမျိုးအစား တစ်ခုရှိတယ်။ အဲဒီအတွက် နိုင်ငံတော်အစိုးရကို ဒီ ၉၂ ဆီကို များများစားစား တင်သွင်းခွင့်ပြုပါဆိုပြီး ဦးဆောင်တောင်းဆိုပေးခဲ့ပါတယ်။ အစိုးရကလည်း ခွင့်ပြုပေးခဲ့လို့ တင်သွင်းနိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ကားတွေကလည်း ပိုပြီးခတ်မီလာတယ်၊ အဆင့်အတန်းတွေလည်း မြင့်လာတဲ့အခါကျတော့ ၉၅ ဆိုတဲ့ ဆီလည်းလိုတဲ့အတွက် အဲ ဒါကိုလည်း တင်သွင်းခဲ့ပါတယ်။ အစတုန်းက ၉၅ ဆီကို ထိုင်းဘက်က သွင်းတဲ့အခါမှာ ဈေးက တော်တော်လေးကြီးတယ်။ ကျွန်တော်တို့ ပင်လယ်ရေကြောင်းက သွင်းနိုင်အောင် ကြိုးစားခဲ့တယ်၊ အဲဒီလိုသွင်းခြင်းအားဖြင့် ဆီအရည်အသွေးလည်း ပိုကောင်းလာတယ်၊ သယ်ယူစရိတ်တွေလည်း သက်သာသွားပါတယ်။ အရင်က ၉၂ နဲ့ ၉၅ ဆိုရင် တစ်လီတာကို တစ်ရာလောက်ကွာပါတယ်။ အခုဆိုရင် နှစ်ဆယ်သုံးဆယ်လောက်ပဲ ကွာတော့တယ်။ လက်ရှိ ၉၇ ဆီကို စသွင်းပေးနေပြီ၊ သွင်းတဲ့နေရာမှာ ဈေးသက်သာသွားပေမယ့် ဆီသိုလှောင်တဲ့ကန်တွေက ကန့်သတ်ချက်ရှိနေသေးတော့ သုံးစွဲသူတွေအတွက် ဆိုင်အများကြီးတော့ မပြန့်နှံ့နိုင်သေးပါဘူး။

ဒီဇယ်က စသွင်းတဲ့အခါတုန်းက ဒီဇယ်အမျိုးအစားကို ဆာဖာပါဝင်မှုနဲ့ သတ်မှတ်ပါတယ်၊ စလုပ်တုန်းက တစ်သန်းပုံတစ်ပုံမှာ ဆာဖာငါးထောင်ပါတယ်။ အဲဒါကို 5000 PPM လို့ခေါ်ပါတယ်။ အဲဒါလုပ်ပြီး တစ်နှစ်လောက် ကြာတဲ့အခါမှာ ပိုကောင်းတဲ့ 500 PPM ဆယ်ဆလောက် ဆာဖာပါဝင်မှုနည်းတဲ့ဆီကို ပရီမီယံဒီဇယ်ဆိုပြီး နိုင်ငံတကာမှာသုံးနေတဲ့အတွက် အဲဒါကိုလည်း ရောင်းပေးခဲ့တယ်။ နောက်တစ်နှစ်လောက်ကြာတော့ နိုင်ငံခြားမှာ 500 PPM ကို ပေးမသုံးတော့ဘူး၊ ပတ်ဝန်ကျင်ထိခိုက်မှုများလို့ဆိုပြီး၊ ဒါကြောင့် ကျွန်တော်တို့ အစိုးရကိုတင်ပြပြီး ဆီတွေအဆင့်မြှင့်တင်ကာ 500 PPM ရောင်းနေတာကို ရိုးရိုးဒီဇယ်ဆီအဖြစ် ပြောင်းလိုက်တယ်၊ ပြောင်းပြီးတော့ အခုသူ့ထက်ဆယ်ဆနည်းတဲ့ 50 PPM ဆီကို ပရီမီယံဒီဇယ်ဆီအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို အများကြီးထိန်းသိမ်းနိုင်သလို အရည်သွေးမြင့်တဲ့ ဆီတွေကိုလည်း တင်သွင်းဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့တာပေါ့။

စလုပ်တုန်းက နိုင်ငံတော်က လွှဲပြောင်းတဲ့ ဆီဆိုင်နှစ်ရာပဲရှိခဲ့ရာကနေ အခုတော့ ဆီဆိုင်နှစ်ထောင်ကျော်သွားပါပြီ။ ဒီဆိုင်တွေက အရင်တုန်းကလို မဟုတ်ဘဲနဲ့ ၂၄ နာရီစလုံး ရောင်းချပေးနေတာပါ။ အဲဒီအတွက် တစ်နိုင်ငံလုံးမှာဆီကို လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရသွားပါတယ်။ လက်ရှိပြည်တွင်းလုပ်ငန်းရှင်တွေက ဖြန့်ဖြူးပေးနေတာက တစ်လကို ခန့်မှန်းခြေစက်သုံးဆီ တန်ချိန် ခြောက်သိန်းလောက် ရှိတယ်။ ဒါက ပုံမှန်မဟုတ်ဘဲ အတက်အကျရှိပါတယ်။

လက်ရှိအသင်းအနေနဲ့ စက်သုံးဆီကဏ္ဍအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ

-----------------------

ကိုယ့်တို့အနေနဲ့လည်း ပြည်သူကို ဒီထက်ကောင်းတဲ့ ဝန်ဆောင်မှုတွေပေးနိုင်အောင် အရည်သွေးတွေ၊ အရေအတွက်တွေ၊ ဈေးနှုန်းတွေ ပိုကောင်းအောင်လုပ်နိုင်ဖို့ လိုတယ်၊ နိုင်ငံခြားမှာကော ဒီလုပ်ငန်းတွေ လေ့လာပါတယ်။ အခုဆီတွေကို စင်ကာပူနိုင်ငံကနေ ဝယ်ပြီးရောင်းနေတာ အဲဒီမှာ ရေနံတစ်စည်ကို စင်ကာပူမှာပေါက်တဲ့ဈေးထက် သယ်ယူပို့ဆောင်စရိတ် နှစ်ဒေါ်လာခွဲ ထပ်ပေါင်းပေးရတယ်။ ဒီထက်ပိုကောင်းအောင် ဒီထက်ဈေးနှုန်းသက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်တဲ့အခါကျတော့ အခုသယ်နေတာဟာ တန်ချိန် ၁၅,၀၀၀ သင်္ဘောနဲ့ သယ်တယ်၊ တန်ချိန်သုံးသောင်းလောက်သယ်မယ်ဆိုရင် ဈေးပိုသက်သာနိုင်တယ်ဆိုတာ သွားတွေ့ရတယ်။ အဲဒီတော့ သင်္ဘောအကြီးတွေနဲ့ သယ်နိုင်အောင်ကြိုးစားနေတယ်။ ဒီလိုသယ်နိုင်ရင် ရေနံတစ်စည်ကို တစ်ဒေါ်လာလောက်ထပ်ပြီး သက်သာမယ်ဆိုတာသွားတွေ့ရတယ်။

နောက်တစ်ဆင့်အနေနဲ့ တန်ချိန် ၃၅,၀၀၀ အထက်သင်္ဘောတွေနဲ့ သယ်နိုင်မယ်ဆိုရင်တော့ လက်ရှိ စင်ကာပူကို ပို့နေတဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်ဝမ်၊ ကိုရီယားနိုင်ငံတွေက တိုက်ရိုက်သယ်လို့ရတယ်ဆိုတာ သွားတွေ့တယ်။ အဲဒီတော့ စက်သုံးဆီသင်္ဘောအကြီးကြီးတွေကို လက်ခံနိုင်တဲ့ ဆိပ်ကမ်းတွေ ဆောင်ရွက်နိုင်မယ်ဆိုရင် စင်ကာပူပေးနေရတဲ့ နှစ်ဒေါ်လာခွဲပေးစရာမလိုဘဲနဲ့ စင်ကာပူနဲ့ ဈေးအတူတူ တို့နိုင်ငံမှာရနိုင်မှာပါ။

တန်ချိန်အများကြီးဆံ့တဲ့ သင်္ဘောတွေနဲ့ သယ်မယ်ဆို ဒီကဆိပ်ကမ်းကိုပြန်ကြည့်ရင် ကျောက်ဖြူမှာတော့ ရေနက်ဆိပ်ကမ်းရှိတယ်။ အဲဒီကနေ တင်လည်းရတယ်။ အခုလက်ရှိလမ်းကြောင်းကတော့ ရန်ကုန်ကနေပဲ သွားနေတယ်။ ကျောက်ဖြူကိုသုံးရင် ရေနက်ဆိပ်ကမ်းက အင်မတန်လွယ်တယ်၊ သို့သော်လည်း ကျောက်ဖြူကနေ မြန်မာတစ်နိုင်ငံလုံးကို ပြန်ဖြန့်ဖို့ဆိုရင်တော့ ပိုက်လိုင်းဆွဲရမယ်။ အခု တရုတ်-မြန်မာရေနံပိုက်လိုင်းလို ပြန်ပြင်ရမယ်။ ဒါမှမဟုတ် လက်ရှိလာနေတဲ့လမ်းကြောင်းကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲပြန်ကြည့်တော့ လက်ရှိအသုံးပြုနေတဲ့ ရန်ကုန်မြစ်မှာ ရေစူးကိုးမီတာပဲရှိတယ်။ ရေစူးကိုးမီတာရှိတဲ့ ရန်ကုန်မြစ်ကို ရေစူး ၁၄ မီတာထိရောက်အောင် သောင်တူးလိုက်မယ်ဆိုရင် အဲဒါဆိုရင်တော့ သင်္ဘောကြီးတွေ ဝင်လို့ရပြီ။  အဲဒီလိုဝင်လို့ရရင် ဈေးနှုန်းလည်း ပိုသက်သာသွားမှာပါ။ ဒီကုန်ကျစရိတ်ကလည်း တစ်နှစ် နှစ်နှစ်လောက်ဆို အရင်းကျေသွားပြီဆိုတဲ့အတွက် အဲဒီလိုလုပ်လို့ရအောင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်းနဲ့ ဆက်လက်ညှိနှိုင်းနေပါတယ်။

နောက်တစ်နည်း ရန်ကုန်မြစ်ထဲထိ မတူးဘဲနဲ့ ရန်ကုန်မြစ်ဝမှာပဲသောင်တူပြီး အဲဒီမှာပဲ ဆိပ်ကမ်းတည်ဆောက်ပြီးတော့မှ သိုလှောင်ကန်ကြီးတွေ တည်ဆောက်လိုက်လိုက်မယ်ဆိုရင် အများဆုံးသုံးလေးနှစ်ဆိုရင် နိုင်ငံအတွက် စောစောကပြောသလို ရေနံတစ်စည်ကို နှစ်ဒေါ်လာခွဲဆိုရင် တစ်တန်ဆိုရင် ဒေါ်လာနှစ်ဆယ်လောက် သက်သာသွားမယ်။ တစ်လဆိုရင် ဒေါ်လာ ၁၂ သန်းလောက် သက်သာမယ်။ ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ဟာဆိုရင် ကိုယ်တို့နိုင်ငံအတွက် အများကြီးအကျိုးကျေးဇူးရမယ်လို့ ခန့်မှန်းတာပေါ့။ ဒါနှစ်တိုနည်းလမ်းတွေကိုလည်း ဆွေးနွေးနေတယ်။

နောက်တစ်နည်းက ပင်လယ်ရေနက် မိုင်နှစ်ဆယ်၊ မိုင်သုံးဆယ်ထိ မြစ်ကမ်းနှစ်ဖူးက ပိုက်လိုင်းသွယ်ပြီးတော့မှ ဆိပ်ကမ်းတည်ဆောက်တာပါ။ ဒါလည်း နိုင်ငံတချို့မှာ ကျင့်သုံးနေတာရှိတယ်။ အဲဒါတွေတော့ နိုင်ငံတော်အစိုးရကို တင်ပြထားတယ်။ အဲဒီလိုလုပ်လို့ ခုနကပြောတဲ့ တန်ချိန်တစ်သိန်းလောက်လက်ခံနိုင်တဲ့ ဆိပ်ကမ်းတွေဖြစ်လာပြီဆိုရင် မြစ်ဝမှာပဲ ရေနံချက်စက်ရုံ တည်ဆောက်နိုင်ဖို့ လုပ်ငန်းရှင်တွေအားလုံး တိုင်ပင်ပြီးတော့ စဉ်းစားထားတာလေးရှိတယ်။ အဲဒါတွေကို လက်ရှိအစိုးရကို တင်ပြထားပါတယ်။ ဒီရေနံချက်စက်ရုံကို လုပ်ငန်းရှင်တွေ ပိုင်တာမဟုတ်ဘဲနဲ့ နိုင်ငံတော်ပိုင်ဖြစ်ရမှာပါ။ လုပ်ငန်းရှင်တွေကတော့ ဒီလုပ်ငန်းကို တာဝန်ယူပြီးလုပ်ပေးမယ်။ ဒါပေမဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေ အကျိုးအမြတ်ကြောင့် ဒီလုပ်ငန်းဖန်တီးတယ်လို့ မမြင်စေချင်တဲ့အတွက် နိုင်ငံတော်နဲ့ နိုင်ငံသားတိုင်း ဒီအကျိုးအမြတ်တွေကို ခံစားလို့ရတဲ့ စီပွားရေးပုံစံမျိုးစဉ်းစားထားပါတယ်။

နောက်တစ်ခုအနေနဲ့ အခုစက်သုံးဆီတွေကို သီလဝါဆိပ်ကမ်းကနေသယ်တယ်။ ဘာနဲ့သယ်လဲဆိုတော့ သင်္ဘောတို့၊ ကားတို့နဲ့သယ်တယ်၊ အဲဒီမှာ ကုန်ကျစရိတ်က သင်္ဘောက သိပ်မများဘူး။ ကားနဲ့သယ်တဲ့အခါ ကုန်ကျစရိတ် အများကြီးရှိတယ်။ နိုင်ငံတကာသယ်ယူနေတဲ့ပုံစံကို လေ့လာကြည့်တော့ သူတို့က ကားနဲ့သယ်တာကို ခရီးတိုလောက်ပဲ သုံးကြတယ်။ အဓိကဘာနဲ့သွားလဲဆိုတော့ ရေနံပိုက်လိုင်းတွေနဲ့ သွားကြတယ်။ ဒီပိုက်လိုင်းပုံစံနဲ့သာသွားမယ်ဆိုရင် ကုန်ကျစရိတ်အများကြီး သက်သာသွားမယ်။ အဲဒီသယ်ယူပို့ဆောင်တဲ့ စနစ်တစ်ခုကို သွားတွေ့ရတယ်၊ ဒါတွေလုပ်ရင်လည်း နိုင်ငံတော်ပိုင်ဆိုင်မှုဖြစ်ရမယ်။ လုပ်ရင် အသင်းကဦးဆောင်ပြီး လုပ်ငန်းရှင်တွေကလုပ်ပေးမယ်။ ဒါတွေအတွက် ဘတ်ဂျက်လိုရင်လည်း နိုင်ငံခြားက ချေးယူရမှာပါ။ ဒီအစီအစဉ်တွေကိုလည်း သက်ဆိုင်ရာကို တင်ပြထားပါတယ်။

myanmaroilassociation2

ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေ

------------------

မကြာခင်ကတော့ ဒီနိုင်ငံမှာ မူဝါဒအပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟိုအရင်တုန်းကဆို စက်သုံးဆီလုပ်ငန်းကို နိုင်ငံသားလုပ်ငန်းရှင်တွေပဲ လုပ်ကိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။ အခုအခါကျတော့ အစိုးရအသစ်က  ဈေးနှုန်းရော အရည်အသွေးတွေရော ပိုကောင်းအောင်ဆိုပြီး နိုင်ငံခြားကုမ္ပဏီတွေကို စက်သုံးဆီကဏ္ဍမှာ လုပ်ငန်းလုပ်ပိုင်ခွင့်ပေးခဲ့တာပါတယ်။ အရင်တုန်းကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက ကိုယ့်နိုင်ငံသားအချင်းချင်းပဲ ယှဉ်ပြိုင်လုပ်ကိုင်နေပြီး အကျိုးအမြတ်တွေလည်း ယူချင်တိုင်းယူတာမျိုးမဟုတ်ဘဲ ဈေးနှုန်းကအစ သတ်မှတ်ထားတဲ့ဘောင်အတွင်းက လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ နိုင်ငံတကာကုမ္ပဏီကြီးပါဝင်ပြီဖြစ်တဲ့အတွက် ယှဉ်ပြိုင်နေတဲ့ပုံစံကလည်း မတူတော့ပါဘူး။

အရင်ကတည်းက ကျွန်တော်တို့နိုင်ငံရဲ့ စက်သုံးဆီအရည်အသွေးနဲ့ ဈေးနှုန်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် စားသုံးသူတွေအတွက် နစ်နာမှုမရှိပါဘူး။ အထောက်အထားတွေ အားလုံးလည်းရှိပါတယ်။ ဈေးတွေက ကျွန်တော်တို့နိုင်ငံကတောင် ပိုပြီးသက်သာပါတယ်။ အာဆီယံ ၁၀ နိုင်ငံမှာဆိုလည်း ဒုတိယဈေးနှုန်းအနည်းဆုံး နိုင်ငံလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ထက်နည်းတာ မလေးရှားနဲ့ ဘရူနိုင်းပဲရှိပါတယ်။

အစိုးရကတော့ ပြည်သူတွေ ဈေးနှုန်းပိုသက်သာအောင်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာကုမ္ပဏီတွေကိုပါ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးလိုက်တာဖြစ်ကောင်းဖြစ်ပေမယ့် ဈေးနှုန်းအနေနဲ့ ပြောင်းလဲသွားတာမရှိပါဘူး။ အရည်အသွေးအနေနဲ့လည်း ထိုနည်းတူစွာ ကျွန်တော်တို့တင်သွင်းနေတဲ့ စက်သုံးဆီတွေဟာလည်း နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေအတိုင်း တင်သွင်းထားတာဖြစ်တဲ့အတွက် အရည်အသွေးလည်း ထွေထွေထူးထူးပြောင်းထားတာမရှိပါဘူး။ ဒါပေမဲ့ ပြောစရာတစ်ခုပဲ ရှိတယ်။ ပရီမီယံဆီကတော့ ထပ်ပြီးအဆင့်မြင့်လာမှာဆိုတော့ ဈေးလည်းပိုများလာမှာပါ။ ကျန်တဲ့ဆီကတော့ ဘာမှပြောင်းလဲစရာမရှိပါဘူး။

လက်ရှိကျွန်တော်တို့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ အစိုးရရဲ့ ကူညီပံ့ပိုးမှုတွေအများကြီးလိုအပ်နေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဥပမာပြောရရင် ဆိပ်ကမ်းမှာ ဆီသိုလှောင်ရုံဆောက်ခွင့်ပြုတာမှာ နိုင်ငံခြားကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခုစလုံး တူညီတဲ့မီတာအတိုင်းအတာပေးတာမျိုး၊ BOT - Build-Operate-Transfer ကာလဆိုရင်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံသားတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို နှစ်ကာလတူညီမှုရှိအောင် ခွင့်ပေးသင့်တာမျိုး စတဲ့အချက်တွေကို ကျွန်တော်တို့ မြင်ပါတယ်။

အရင်အစိုးရလက်ထက်မှာ စက်သုံးဆီလုပ်ငန်းတွေက မန္တလေးမှာက ဒုတိယအများဆုံးရှိတော့ အရင်အစိုးရက ခွင့်ပြုချက်နဲ့ ဧရာဝတီမြစ်ကမ်းဘေးမှာ မြေဧကငါးဆယ်နဲ့ စက်သုံးဆီဆိပ်ကမ်းတည်ဆောက်ခွင့်ရခဲ့တယ်။ အဲဒီမြေနေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ တစ်ဦးချင်းစီအတွက်မဟုတ်ဘဲ လုပ်ငန်းရှင်အများစု ပေါင်းပြီးမှ လုပ်ငန်းလုပ်ခွင့်ရမယ်လို့ ပြောကြားသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ တစ်နှစ်လောက်အကြာမှာတော့   အဲဒီဆိပ်ကမ်းမှာ ဧကငါးဆယ်ထဲက ၁၅ ဧကကို ပထမအဆင့်အနေနဲ့ အစိုးရကို လွှဲပေးလိုက်ရတယ်။ အဲဒီမှာ အစိုးရက တင်ဒါခေါ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုက ၁၅ ဧကကို ရသွားတယ်။ ပြည်တွင်းကုမ္ပဏီငါးဆယ်က မြေဧကသုံးဆယ်ကျော်ကိုပဲ လုပ်ခွင့်ရလိုက်ပြီး နိုင်ငံခြားကုမ္ပဏီကတော့ တစ်ဦးတည်း ၁၅ ဧက လုပ်ငန်းလုပ်ခွင့် ရသွားခဲ့ပါတယ်။ အဲဒီအတွက် ဒီကိစ္စကိုတော့ မန္တလေးတိုင်းအစိုးရသစ်ကိုတော့ တင်ပြထားပါတယ်။

အခုနောက်ဆုံးကြုံတွေ့ရတာတစ်ခုကတော့  ရန်ကုန်မှာ စက်သုံးဆီဆိပ်ကမ်းတွေ ဆောက်ကြတယ်။ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေအားလုံး ဆောက်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားကုမ္ပဏီကို အခွန်ကင်းလွတ်ခွင့်ပေးတယ်။ သူတို့ကနိုင်ငံခြားက စက်သုံးဆီတွေကို တင်သွင်းတယ်။ စက်သုံးဆီ တင်သွင်းရောင်းချပြီးတော့ ရလာတဲ့အမြတ်ပေါ်မှာ အခွန်ကင်းလွတ်ခွင့်ဆိုပြီးတော့ ထပ်ပေးလိုက်တယ်။ အဲဒီလိုလုပ်လိုက်တော့ နိုင်ငံခြားက စက်သုံးဆီတင်သွင်းနေတဲ့ နိုင်ငံသားကုမ္ပဏီပေါင်း ခုနစ်ဆယ်လောက်ရှိတယ်။ သူတို့နဲ့ မယှဉ်နိုင်တော့ဘူး။

ကျွန်တော်တို့ နားလည်ထားတာက စက်သုံးဆီဆိပ်ကမ်းဝန်ဆောင်မှုအတွက်ပဲ အခွန်ကင်းလွတ်ခွင့်ရတာလို့ နားလည်ထားတာပါ။ ဆိပ်ကမ်းဆောက်ခွင့်ရတယ်ဆိုတာ ကံကောင်းတဲ့သူတွေ၊ ဒါမှမဟုတ် အခွင့်ထူးခံသူတွေပါ။ ဒါကိုလုပ်ချင်တဲ့သူအများကြီးပဲ၊ အခွန်ကင်းလွတ်ခွင့်မပေးလည်း လုပ်ကြမှာပါ။

ဒါပေမဲ့ သူတို့ကိုပေးမယ်ဆိုရင်လည်း ကျွန်တော်တို့ကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးပါဆိုပြီး ပြန်တင်ပြဖို့ လုပ်ထားပါတယ်။ အမှန်တကယ်တော့ အဲဒီအခွင့်အရေးက သူတို့ကိုရော ကျွန်တော်တို့ကိုရော မပေးသင့်တဲ့ အခွင့်အရေး၊ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်စီးပွားရေးအရ မျှတတဲ့ပြိုင်ဆိုင်မှုဖြစ်ဖို့အတွက် ကျန်တဲ့ Impoter တွေရှိတယ်၊ အားလုံးတန်းတူဖြစ်သင့်တယ်။ ဒါကိုလည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဆီကို  စာရေးဖို့ လုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြား ကုမ္ပဏီကသာ ဆိပ်ကမ်းဆောက်ခွင့်လည်းရသေးတယ်၊ တစ်ခါ တင်သွင်းတဲ့အပေါ်မှာလည်း အခွန်ကင်းလွတ်ခွင့်ဆိုတဲ့ အခွင့်အရေးရသေးတယ်ဆိုရင်တော့ ပြည်တွင်းက ကျန်တဲ့လုပ်ငန်းရှင်တွေအားလုံး တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားနိုင်ပါတယ်။

စက်သုံးဆီနဲ့ပတ်သက်ပြီး နိုင်ငံတကာဈေးကွက်သွားဖို့ဆိုတာ

-------------

နိုင်ငံတကာဈေးကွက်သွားဖို့ဆိုတာ အများကြီးလိုပါသေးတယ်။ အခြေအနေပေးရုံနဲ့လည်းမရဘူး၊ ပိုက်ဆံရှိရုံနဲ့လည်း မရဘူး၊ Internatoinal Market ဖြစ်လာဖို့ဆိုတာ နိုင်ငံရဲ့ ပထဝီအနေအထားကလည်း ကောင်းရတယ်၊ နိုင်ငံရေးမူဝါဒတွေကလည်း ကောင်းရတယ်၊ နိုင်ငံတကာက လာပြီး အလုပ်လုပ်နိုင်အောင်လို့ ဖန်တီးပေးထားနိုင်ရပါတယ်။ အခု အာဆီယံ ၁၀ နိုင်ငံထဲမှာဆို International Market ဖြစ်တာ စင်ကာပူနိုင်ငံပဲ ရှိသေးတယ်၊ အဲဒီလိုဖြစ်ဖို့ လွယ်လည်း မလွယ်ဘူး အများကြီးကြိုးစားရပါဦးမယ်။ ဒါပေမဲ့ တို့ဆီကနေ Re-export လုပ်ဖို့ ကြိုးစားနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ရေနံစိမ်းတွေချက်ပြီး ရောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ထွက်တဲ့ဟာတောင် ကိုယ့်ပြည်တွင်းမှာ လုံလောက်မှုမရှိဘူး၊ အဲဒီတော့ တခြားနိုင်ငံတွေရဲ့ အနေအထားကို ကြည့်မယ်ဆို အိန္ဒိယ၊ တရုတ်၊ ကိုရီးယား အခု Asia Market ကို လွှမ်းမိုးထားတဲ့ နိုင်ငံတွေကိုကြည့်ရင် သူတို့နိုင်ငံတွေမှာ ရေနံအများကြီး ထွက်တာမဟုတ်ဘူး၊ အရှေ့တောင်အာရှကနေထွက်တဲ့ ရေနံစိမ်းကိုပဲ သယ်လာပြီးတော့ သူတို့နိုင်ငံတွေမှာ ချက်ကြတယ်။ ပြီးတော့မှ Market ထဲကို ပြန်ပြီးရောင်းတာ။ ဒီမှာလည်း အဲဒီလိုလုပ်လို့ရပါတယ်။

နိုင်ငံတကာဈေးကွက်နဲ့အညီ ရောင်းမယ်ဆိုရင်တော့ ရောင်းလို့ရတာပဲ။ ဆိုပါတော့ အရှေ့တောင်အာရှက နေလာရင် အိန္ဒိယအရင်ရောက်တယ်။ ဒါပေမဲ့ တရုတ်၊ ကိုရီးယား၊ ဂျပန်တို့ဆို ကျွန်တော်တို့နိုင်ငံကို ဖြတ်ပြီးမှ အိန္ဒိယကိုရောက်တာ၊ သူတို့ဆီကထွက်တဲ့ ဆီက စင်ကာပူကနေ ဒီနိုင်ငံကိုပြန်လာတာပါ။ အဲဒီတော့ ကျွန်တော်တို့ကနေ စင်ကာပူကို ပို့မယ်ဆိုရင် သူတို့ထက်တောင် ပိုသက်သာနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒါကငွေကြေးရင်းနှီမြှုပ်နှံမှုတော်တော်ကြီးတယ်။ အများကြီးချင့်ချိန်ပြီးတော့ လုပ်ရမယ့်အနေအထားရှိပါတယ်။

အသင်းဝင်ဖြစ်ဖို့

----------------

အသင်းဝင်ဖြစ်ဖို့အတွက်ဆို ရက်ပိုင်းအတွင်း ချက်ချင်းလုပ်ပေးပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားက စက်သုံးဆီတင်သွင်းမယ်ဆိုရင် စက်သုံးဆီအသင်းဝင်ဖြစ်ဖို့ လိုတယ်ဆိုပြီး ထိန်းကျောင်းသတ်မှတ်ပေးထားပါတယ်။ အသင်းဝင်ချင်တဲ့သူတွေအတွက် နှောင့်နှေးကြန့်ကြာပြီး  ခက်ခဲတယ်ဆိုတာ လုံးဝမဖြစ်စေရပါဘူး။ အသင်းဝင်တွေအနေနဲ့ နိုင်ငံတော်ချမှတ်ပေးထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင်တော့  အသင်းဝင်အဖြစ်က ပြန်ပြီးရုပ်သိမ်းသွားမှာပါ။

အနာဂတ်အစီအစဉ်

--------------------

ပြည်တွင်းမှာ စက်သုံးဆီ ချက်လုပ်လို့ရပါတယ်။ လက်ရှိက ပြည်တွင်းကထုတ်တဲ့ ရေနံစိမ်းလောက်ပဲ ချက်နိုင်ပါတယ်။ နိုင်ငံခြားက ရေနံစိမ်းတွေကို ဝယ်ပြီးမချက်နိုင်ဘူး။ ဒါကလည်း နိုင်ငံခြားက တင်သွင်းမယ်ဆိုရင် တန်ချိန်နှစ်သောင်းလောက်ပဲ တင်သွင်းနိုင်တာကြောင့် စီးပွားရေးအရ မကိုက်ပါဘူး။ အခု သန်လျင်ရေနံချက်စက်ရုံက သေးပြီးဟောင်းနေတော့ အဲဒီမှာလည်း နိုင်ငံခြားကနေ ရေနံစိမ်း တင်သွင်းချက်လုပ်လို့ မရပြန်ပါဘူး။  စက်ရုံကို အသစ်ပြန်ဆောက်မယ်ဆိုရင်လည်း အဲဒီစက်ရုံကို ကုန်ကြမ်းတွေ ပို့ဖို့ကအစ ဈေးကကြီးတယ်။ ဒါကြောင့်  ရန်ကုန်မြစ်ဝ၊ ဒါမှမဟုတ် ကျောက်ဖြူဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းတွေမှာ စက်ရုံဆောက်လုပ်နိုင်ခွင့်ရဖို့ အစိုးရကို အဆိုပြုထားပါတယ်။