မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) Myanmar Hotelier Association (Mandalay Zone)

[caption id="attachment_33014" align="alignnone" width="370"]myanmarhotelier
ဦးမင်းနိုင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)[/caption]

အသင်းအနေနဲ့ လတ်တလောဆောင်ရွက်နေမှုများ

--------------------------------

ဒေသတစ်ခုဖွံ့ဖြိုးပြီးလှပလာတယ်ဆိုရင် ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ချင်အာင် ဆွဲဆောင်နိုင်တာကြောင့် ကျွန်တော်တို့ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းအနေနဲ့ လက်ရှိ Tourist Attraction ဖြစ်နေတဲ့ နေရာတွေအားလုံးကို သန့်ရှင်းရေးအပြင် အခြားလိုအပ်တဲ့ပံ့ပိုးမှုတွေကို တိုင်းဒေသကြီးဦးဆောင်မှုနဲ့ လုပ်နေပါတယ်။ အခုဆိုရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုပါပူးပေါင်းပါဝင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်တဲ့ အစီအစဉ်တစ်ရပ် မန္တလေးမှာ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း အဲဒီအစီအစဉ်အတွက် လက်အိတ်တွေ၊ အမှိုက်အိတ်တွေကို အပတ်စဉ်ပံ့ပိုးပေးထားပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက Tourist Attraction ရှိနေတဲ့နေရာတွေမှာ Facility တစ်ခုအနေနဲ့ လိုအပ်နေတဲ့ရေအိမ်တွေကို အဆင့်မြှင့်တင်တာတို့၊ အသစ်တည်ဆောက်တာတို့ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း သိန်းတစ်ရာကျော်ဝန်းကျင်တန်ဖိုးရှိတဲ့ ရေအိမ်တစ်လုံးဆောက်လုပ်ဖို့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့က ဆိပ်ကမ်းမြို့လည်းဖြစ်တာကြောင့် မန္တလေးမြို့ရဲ့ ဆိပ်ကမ်းလှပဖို့အတွက် ဌာနဆိုင်ရာက အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်တဲ့အခါမှာ ကျွန်တော်တို့လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အခုဆိုရင် ဆိပ်ကမ်းတွေ သာယာလှပရေးအတွက် အစိုးရက ဦးဆောင်ပြီး စတင်လုပ်ဆောင်နေပါပြီ။ ဒီလုပ်ဆောင်မှုတွေမှာလည်း ကျွန်တော်တို့အသင်းအနေနဲ့ တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ခက်ခဲနေတဲ့ လုပ်ဆောင်မှုတွေ၊ လိုအပ်ချက်တွေကိုလည်း ကျွန်တော်တို့က ရုံးချုပ်ကို တင်ပြပေးထားပါတယ်။ အထူးသဖြင့် အခု ကျွန်တော်တို့ ဧည့်စာရင်းပို့နေရတဲ့ အချက်အလက်တွေမှာ စာရွက်စာတမ်းတွေ တအားများပြားပြီးတော့ ရှုပ်ထွေးနေတာတွေကို ဖြေရှင်းနိုင်ဖို့အတွက် Software နဲ့ ပို့လို့ရအောင် အသင်းချုပ်ကို တင်ပြထားပါတယ်။ ဝန်ကြီးဌာနကလည်း ဒါကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနဲ့ ညှိနှိုင်းပေးနေပါတယ်။

ဟိုတယ်တွေမှာက နိုင်ငံခြားသားတွေ တည်းခိုတာဖြစ်တဲ့အတွက် အရက်၊ ဘီယာတို့ကို Facility Tool အရ ထားရှိရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရက်လိုင်စင်၊ ဘီယာလိုင်စင်တွေရဖို့က တအားခက်ခဲပြီးတော့ ဟိုတယ်တစ်ခုမှာ မပါရင်လည်း စည်းကမ်းဖောက်ဖျက်တာဖြစ်တဲ့အတွက် ဒီလိုင်စင်တွေကို လွယ်လွယ်ကူကူနဲ့ သက်ဆိုင်ရာ ဟိုတယ်ရဲ့ Star အဆင့်အလိုက် ချပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ရုံးချုပ်ကို တင်ပြထားပြီး ရုံးချုပ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

myanmarhotelier3

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) အနေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ

------------------------------

ဟိုတယ်လုပ်ငန်းက အဆက်မပြတ်ဖွံ့ဖြိုးလာတာနဲ့အမျှ လက်ရှိမှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ ဟိုတယ်အလုံးရေ စုစုပေါင်း ၁,၆၄၈ လုံးရှိပြီးတော့ အခန်းပေါင်းက ၆၆,၀၆၅ ခန်းရှိပါတယ်။ ကျွန်တော်တို့ မန္တလေးဇုန်မှာ ဟိုတယ်အလုံးရေ ၂၁၄ လုံးရှိပြီးတော့ အခန်းပေါင်းက ၈,၈၇၆ ခန်းရှိပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ ခရီးသွားလာရေးလုပ်ငန်းက ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ လေးသန်းကျော်ထိ မြင့်တက်ခဲ့ပေမယ့် အခုကာလမှာ နှစ်သန်းကျော်ပဲ ဝင်ရောက်လာတာဖြစ်တဲ့အတွက် ခရီးသွားဖွံ့ဖြိုးမှု နှောင့်နှေးနေတာကို အဓိကရင်ဆိုင်နေရပါတယ်။

ဟိုတယ်လုပ်ငန်းတွေ များပြားလာတဲ့အတွက် ဝန်ထမ်းအရင်းအမြစ်တွေ လိုအပ်လာပါတယ်။ ဟိုတယ်တွေ များလာတာနဲ့အမျှ ဟိုတယ်အားလုံးက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေလိုအပ်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ သင်တန်းသားအသစ်တွေ ခေါ်ယူသလို၊ သင်တန်းသားအဟောင်းတွေကိုလည်း Training တွေ ပေးပါတယ်။ ကျွန်တော်တို့ ဟိုတယ်လုပ်ငန်းတွေမှာ လူသားအရင်းအမြစ်ပြည့်စုံမှသာ ဟိုတယ်ကပေးတဲ့ ဝန်ဆောင်မှုက ကောင်းမွန်လာပြီးတော့ နိုင်ငံရဲ့ Image ကို တက်စေမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ မြင့်တက်လာပြီး လုပ်ငန်းခွင်အတွင်း အဆင်ပြေစေဖို့ သူတို့အတွက် သင်တန်းတွေ အဆင့်မြှင့်တင်ပေးတယ်။ ပြီးရင် သူတို့ရဲ့ရာထူး၊ လခတွေကိုလည်း ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးမြှင့်တင်ပေးပါတယ်။ သက်ဆိုင်ရာဟိုတယ်တွေအားလုံးမှာ လိုအပ်နေတဲ့ ဝန်ထမ်းလူဦးရေ ပြည့်မီအောင်လည်း ဆောင်ရွက်ပေးနေပါတယ်။

လောလောဆယ် Tourism လုပ်ငန်းကျဆင်းနေတဲ့အချိန်မှာ ဟိုတယ်တွေအားလုံး သူတို့ရဲ့စရိတ်တွေ ခုသာခံသာရှိဖို့အတွက် ဟိုတယ်တွေရဲ့ ခန်းမတွေမှာ ပွဲတွေ လက်ခံရရှိစေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးပါတယ်။ တခြားအဖွဲ့အစည်းတွေ ကျွန်တော်တို့ဆီ လာရောက်တွေ့ဆုံတဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ ဟိုတယ်အားလုံးနဲ့ ချိတ်ဆက်ပြီးတော့ ပွဲတွေ ကျင်းပနိုင်အောင် စီစဉ်ပေးပါတယ်။

myanmarhotelier2

မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေမှုများ

----------------------------------

ခရီးသွားလာရေးတိုးတက်ဖို့ ကျွန်တော်တို့ရုံးချုပ်ကလည်း အစဉ်မပြတ်ဆွေးနွေးနေပါတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနကလည်း အာဆီယံနိုင်ငံတွေကို တောက်လျှောက်ချိတ်ဆက်ပြီးတော့ ဈေးကွက်မြှင့်တင်ရေးကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်းအနေနဲ့ သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ နိုင်ငံခြားဧည့်သည်တွေ သွားလာနိုင်တဲ့ နေရာတွေကိုလည်း အစိုးရနဲ့ပူးပေါင်းပြီးတော့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်သလို ခရီးသွားနယ်မြေသစ်တွေကိုလည်း ပူးပေါင်းရှာဖွေလုပ်ဆောင်နေပါတယ်။

ခရီးသွားမြှင့်တင်ရေးအတွက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ခရီးသွားအသင်းအဖွဲ့၊ စားသောက်ဆိုင်ရာအသင်း၊ ဧည့်လမ်းညွှန်အသင်းတို့နဲ့ ကျွန်တော်တို့ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီးတော့ Off Season တွေမှာ ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ဖို့ Package တွေကို တိုင်ပင်ရေးဆွဲနေပါတယ်။

myanmarhotelier4

အသင်းဝင်ဖို့ လိုအပ်ချက်များ

--------------

အသင်းဝင်ဖြစ်ဖို့ဆိုရင် အသင်းဝင်ချင်တဲ့ ဟိုတယ်က ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီစွာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်ဖြစ်ရပါမယ်။ ဟိုတယ်လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်မိတ္တူ စသဖြင့် လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံပြီဆိုရင် သက်ဆိုင်ရာအသင်းဝင်ဖြစ်ကြောင်း ကျွန်တော်တို့ဇုန်အနေနဲ့ ထောက်ခံပေးပြီးတော့ ဗဟိုရုံးချုပ်ကနေပြီးတော့ အသင်းဝင်ကတ်ကို တိုက်ရိုက်ထုတ်ပေးပါတယ်။ အသင်းဝင်ကြေးအနေနဲ့ ဟိုတယ်အခန်း ၂၀ နဲ့ အထက်ကို ကျပ်ငါးသိန်းသတ်မှတ်ထားပြီးတော့ နှစ်စဉ်ကြေးအနေနဲ့ ကျပ်သုံးသိန်းသတ်မှတ်ထားပါတယ်။ ကျန်တဲ့ အခန်း ၂၀ ရဲ့အောက်ကိုတော့ အသင်းဝင်ကြေးအနေနဲ့ ကျပ်သုံးသိန်းသတ်မှတ်ထားပြီးတော့ နှစ်စဉ်ကြေးကတော့ နှစ်သိန်းကျပ်ဖြစ်ပါတယ်။