ဦးသန်းဝင်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံအမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း
အသင်းဖြစ်ပေါ်လာပုံ
----------------------
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနအောက်မှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရှိပါတယ်။ ခရီးသွားအဖွဲ့ချုပ်မှာ အသင်း ၁၁ သင်းရှိပြီး အဲဒီထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းက တစ်သင်းအပါအဝင် ဖြစ်ပါတယ်။ ဒီအသင်းဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ အသင်းအဖွဲ့မှတ်ပုံတင်ရသလို ကျွန်တော်တို့အသင်းက တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်နေတဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်ဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက လက်ခံတဲ့ အသင်းတစ်သင်းဖြစ်အောင် ၂၀၁၁ ခုနှစ်၊ ဧပြီလမှာစပြီး စနစ်တကျ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အစိုးရက မဖြစ်မနေဖွဲစည်းခိုင်းတာမျိုးမဟုတ်ဘဲ ရှိသင့်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ စုပေါင်းပြီးဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဥပမာ - နယ်သာလန်မှာ ကျင်းပမယ့်ပြပွဲဆိုရင်လည်း ကျွန်တော်တို့အသင်းကို ဖိတ်တယ်။ အမှတ်တရပစ္စည်းတွေနဲ့ ပတ်သက်လို့ ဥရောပမှာ လုပ်တဲ့ပွဲတွေ၊ အာရှမှာလုပ်တဲ့ ပွဲတွေဟာလည်း ကျွန်တော်တို့အသင်းနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုအသင်းအဖွဲ့မှ မဖွဲ့ထားရင် နှစ်စဉ် နိုင်ငံတကာမှာ ကျင်းပလေ့ရှိတဲ့ပွဲတွေကို တက်ရောက်လေ့လာဖို့ ရှိလာတဲ့အခါမျိုးမှာ ဘယ်ရန်ပုံငွေနဲ့ ဘယ်လိုသွားမလဲဆိုတာ ရှိပါတယ်။
ကျွန်တော်တို့အသင်းနာမည်က မြန်မာနိုင်ငံအမှတ်တရပစ္စည်း ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူများအသင်း ဖြစ်ပါတယ်။ အသင်းနာမည်မှာ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများဆိုပြီး ၃ ချက်ပါအောင် ဘာလို့ရေးရသလဲဆိုတော့ အမှတ်တရပစ္စည်းတွေကို ထုတ်လုပ်တဲ့သူက ထုတ်လုပ်တာပဲရှိတယ်။ ရောင်းတဲ့သူကလည်း ရောင်းတာပဲရှိတယ်။ ပြည်ပပို့ဖို့၊ ပြည်တွင်းမှာ ဖြန့်ဖြူးဖို့ဆိုရင်လည်း အဖွဲ့တစ်ဖွဲ့ ရှိတယ်။ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချဆိုတဲ့ သုံးချက်နဲ့ညီရင် A Member အဖြစ် သတ်မှတ်တယ်။ အဲဒီထဲက အချက်နှစ်ချက်နဲ့ပဲညီတယ်ဆိုရင် B Member အဖြစ် သတ်မှတ်တယ်။ ထုတ်လုပ်တာတစ်မျိုးတည်း၊ ရောင်းချတာတစ်မျိုးတည်း၊ ဒါမှမဟုတ် ဖြန့်ဖြူးတာ တစ်မျိုးတည်း လုပ်တယ်ဆိုရင် C Member အဖြစ် သတ်မှတ်ပါတယ်။ Member တွေအားလုံးအတွက် Member ဝင်ကြေး၊ နှစ်စဉ်ကြေးမရှိပါဘူး။
နိုင်ငံတကာဖိတ်ခေါ်ပွဲတွေရှိတဲ့အခါမှာ Member Class A ၊ B ၊ C ထဲကနေ ဘယ်သူသွားရောက်သင့်တယ်ဆိုတာကို တိုင်ပင်ဆွေးနွေးပြီး စေလွှတ်ပေးပါတယ်။
အသင်းအနေနဲ့ လက်ရှိဆောင်ရွက်နေတာတွေ
-----------------
တနင်္သာရီတိုင်းဖွံဖြိုးရေးဆိုပြီး ထားဝယ်မှာ သုံးရက်ကြာ အစည်းအဝေးတွေ လုပ်တယ်။ အဲဒီကနေမှ ဒေသလိုအပ်ချက်တွေအရ ထားဝယ်နဲ့အနီးဆုံးဖြစ်တဲ့ မောင်းမကန်မှာ ဒေသခံတွေက ခရုပုတီးတွေ၊ အုန်းလက်ခမောက်တွေ လုပ်မရောင်းတက်ကြဘူး။ ခရုပတီးကို မလုပ်တတ်တာကြောင့် ချောင်းသာတို့၊ ငွေဆောင်တို့ကနေ အဆင့်ဆင့် သယ်ယူပြီး ရောင်းရတာဖြစ်တဲ့အတွက် သူတို့ဆီမှာ ဈေးမြင့်သွားပါတယ်။ အဲဒီတော့ ဝယ်ရတဲ့သူမှာလည်း ဈေးများများနဲ့ ဝယ်ရပါတယ်။ ဒီအတွက် မောင်းမကန်က ဒေသခံတွေကို ကျွန်တော်တို့အသင်းအနေနဲ့သွားပြီး လိုအပ်တဲ့သင်တန်းတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက မြန်မာမှုပန်းဆယ်မျိုးကို အခြေခံထားတဲ့ အသင်းဖြစ်တော့ ခရုပုတီးလုပ်နည်းတို့၊ အုန်းခမောက်လုပ်နည်းတို့ကို တတ်ကျွမ်းသူတွေက သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။
အသင်းသားတွေရဲ့ ထုတ်ကုန်တွေရပြီဆိုရင် ရောင်းချဖို့ကို အသင်းက တာဝန်ယူပေးရပါတယ်။ ပစ္စည်းတွေကို ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ရောင်းချနိုင်ဖို့၊ ကုန်စည်စီးဆင်းဖို့ကို အသင်းအနေနဲ့ လုပ်ဆောင်ပေးရပါတယ်။ အဲဒီမှာ အကျိုးအမြတ်က ဘာရသလဲဆိုရင် ကျွန်တော်တို့ သင်ပေးလိုက်တုန်းက တစ်နေ့ကို ငါးခုလောက်ထုတ်နိုင်တယ်လို့ သင်ပေးလိုက်ပေမယ့် သူတို့ကမိသားစုနဲ့ ဝိုင်းဝန်းပြီးလုပ်တော့ အခုသုံးဆယ်ထွက်တယ်ဆိုရင် ကျန်တဲ့ဟာတွေကို ဘယ်မှာသွားရောင်းရမလဲဆိုတာ ရှိလာပါတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်တော်တို့အသင်းကို ဆက်သွယ်လာခဲ့ရင် ဘယ်နေရာတွေမှာ လိုနေလဲဆိုတာကိုကြည့်ပြီး ပြန်လည်ဖြန့်ဖြူးပေးပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ သင်တန်းပေးတဲ့အခါမှာလည်း အခမဲ့သင်ပေးတာ ဖြစ်ပါတယ်။
ကျေးလက်ဒေသက ပြည်သူတွေအနေနဲ့ ရေရှည်အတွက် အသက်မွေးဝမ်းကျောင်းပညာတစ်ခု တက်မြောက်သွားပါတယ်။ အဲဒီလိုနည်းနဲ့ လက်ဆင့်ကမ်းလိုက်တဲ့အခါမှာ တနင်္သာရီတိုင်းဖွံဖြိုးရေး၊ ရခိုင်ပြည်နယ်ဖွံဖြိုးရေး၊ ကယားပြည်နယ်ဖွံဖြိုးရေး၊ ချင်းပြည်နယ်ဖွံဖြိုးရေး၊ ကရင်ပြည်နယ် သံတောင်ကြီးဒေသ ဖွံဖြိုးရေးဆိုပြီး နိုင်ငံတော်က ပရောဂျက်တွေ အများကြီးချပေးပါတယ်။ အဲဒီဒေသတွေကို သွားရောက်ပြီး အသင်းအနေနဲ့ လက်မှုသင်တန်းတွေ သင်ကြားပေးနေပါတယ်။ ဒီလိုသင်တန်းပေးတဲ့နေရာမှာ သစ်နဲ့ပတ်သက်တဲ့ သင်တန်းတွေ မပါပါဘူး။ ဒါဟာ တစ်ကမ္ဘာလုံးက ကန့်သတ်ထားတဲ့ အထဲမှာလည်း ပါပါတယ်။ ဥပမာ သစ်သားကို ပန်းပုထုတဲ့နည်း သင်ပေးလိုက်ရင် အကုန်လုံးက သစ်ပင်တွေခုတ်ပြီး ပန်းပုထုနေကြပါလိမ့်မယ်။ အဲဒါကြောင့် သစ်နဲ့ပတ်သက်လို့ သင်တန်းမပေးပါဘူး။ ဝါး၊ ဗေဒါ၊ စွန့်ပစ်တဲ့အမှိုက် စတာတွေနဲ့ပတ်သက်တဲ့ သင်တန်းတွေတော့ ပေးပါတယ်။
ပြီးခဲ့တဲ့နှစ်က အသင်းလူပ်ရှားမှု
--------------
ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်း ဝန်ကြီးဌာနတစ်ခုက သံတောင်ကြီးဒေသဖွံဖြိုးရေးအတွက် ကျွန်တော်တို့ကို လမ်းညွှန်ချက်ပေးပါတယ်။ ဖွံဖြိုးရေးလုပ်ဖို့ လိုက်ကြည့်တဲ့အခါမှာ ကရင်ပြည်နယ်မှာ အမှတ်တရ လက်ဆောင်ပစ္စည်းအနေနဲ့ ရောင်းစရာမရှိတာ တွေ့ရတယ်။ ဒေသထွက်ဖြစ်တဲ့ ပျားရည်၊ ကွမ်းသီး၊ ကွမ်းရွက်စတဲ့ စားသောက်ကုန်ပစ္စည်းတွေလောက်ပဲ တွေ့ရတယ်။ သံတောင်ကြီးက နော်ဘူဘောတောင်ဆိုရင် သွားရောက်လေ့လာသူတွေ များပါတယ်။ အဲဒီမှာ ဧည့်သည်တွေတအားလာတော့ အမှိုက်တွေ တအားများတယ်။ အဲဒီအမှိုက်တွေကို ဘယ်လိုပြန်အသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့အသင်းက သင်တန်းပေးခဲ့ပါတယ်။ သင်တန်းသား ကလေးအရေအတွက် ၁၅ ယောက် ဝန်းကျင်ရှိပါတယ်။ အဲဒီကလေးတွေကို ဒီနေ့ထိ သင်တန်းပေးနေတုန်း ဖြစ်ပါတယ်။ အဲဒီသင်တန်းမှာ စွန့်ပစ်အမှိုက်ကနေ အရုပ်အကောင်လေးတွေလုပ်တဲ့နည်းတွေကို သင်ပေးတာ ဖြစ်ပါတယ်။ အဲဒီလို သင်ပေးလိုက်ခြင်းအားဖြင့် ဒေသတွင်းမှာလည်း ပိုမိုသန့်ရှင်းသွားမှာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ အဲဒီလို သင်တန်းမျိုးများများပေးနိုင်အောင် ကြိုးစားနေပါတယ်။
တစ်နှစ်နဲ့တစ်နှစ် အသင်းတိုးတက်လာပုံ
------------------
အသင်းမှာ လက်မှုပညာတတ်တဲ့ ဆရာတွေပိုများလာပါတယ်။ သင်တန်းသားတွေထဲက လက်သွက်ပြီး လုပ်တတ်ကိုင်တတ်တဲ့သူတွေဆိုရင်လည်း နောက်ထပ်သင်တန်းအသစ်တွေမှာ ကူညီပြီး လိုက်သင်ပေးကြတဲ့အတွက် တစ်နှစ်နဲ့တစ်နှစ်တော့ ဆရာအရေအတွက် တိုးလာသလို ထုတ်ကုန်ပစ္စည်းကလည်း ဆန်းသစ်တဲ့အမယ်တွေ အများကြီးဖြစ်လာပါတယ်။ စိတ်ကူးကွန့်မြူးရင် ကွန့်မြူးသလို လုပ်နိုင်တဲ့လက်မှုပစ္စည်းတွေ ဖြစ်တဲ့အတွက် အမယ်တွေကတော့ အများကြီးဖြစ်ပါတယ်။
အသင်းအနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေ
-----------------
အားလုံးက စိတ်တူကိုယ်တူ လုပ်ကိုင်နေကျတာဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ပန်းဆယ်မျိုးကို အခြေခံထားတာဖြစ်တဲ့အတွက် အခုနောက်ပိုင်းမှာ ဒီပန်းဆယ်မျိုးက တိမ်ကောသလိုဖြစ်နေတော့ အခက်အခဲလေးတွေ နည်းနည်းတော့ ရှိပါတယ်။ ဥပမာပြောရရင် ပန်းပုဆိုရင် လက်နဲ့ထုတာ သိပ်မဟုတ်တော့ဘဲ စက်နဲ့ထုတဲ့ ပန်းပုဖြစ်နေပါပြီ။ ပန်းထိမ်ဆိုရင်လည်း လက်ပန်းထိမ် သိပ်မရှိတော့ဘဲ စက်ပန်းထိမ်ဖြစ်သွားပါပြီ။ အဲဒါတွေဟာ ကောင်းတဲ့အလားအလာရှိသလို ဆိုးတာတစ်ခုကတော့ လက်မှုပညာတွေ ပျောက်ကုန်တာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုရှိတာက ပြည်ပနိုင်ငံက နည်းပညာကို ကျွန်တော်တို့က လက်မှုပညာနဲ့ ပြန်ပြီးချေပနေရတာ ဖြစ်ပါတယ်။ ဥပမာပြောရရင် ယွန်းပစ္စည်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယွန်းပစ္စည်းလုပ်တာဆိုရင် ဝါးကိုခွေတယ်။ သစ်စေးသုတ်တယ်။ မြေတိုက်ထဲထည့်တယ်။ ယွန်းထည်တစ်ခုထွက်လာဖို့ သုံးလလောက် အချိန်ယူရပါတယ်။ တရုတ်ပြည်က ယွန်းပစ္စည်းတွေဆိုရင် ပလပ်စတစ်ကို ပုံလောင်းပြီး သစ်စေးသုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ပြည်ပက နည်းပညာတွေနဲ့ ယှဉ်လာတဲ့အခါမှာ လက်မှုပစ္စည်းစစ်စစ်လုပ်တဲ့ လက်မှုပညာရှင်တွေအတွက် အခက်အခဲလေးတွေ ရှိပါတယ်။
နောက်ပြီး မြန်မာနိုင်ငံက အမှတ်တရလက်မှုပစ္စည်းတွေက တခြားနိုင်ငံတွေထက် တအားဈေးကြီးတယ်လို့ ပြောကြတယ်။ အဓိကက မြန်မာနိုင်ငံမှာ ဆိုင်ခန်းနေရာအခက်အခဲ ရှိနေတာဖြစ်ပါတယ်။ ဆိုင်ခန်းငှားပြီး ရောင်းရတဲ့သူတွေအနေနဲ့ ပစ္စည်းအပေါ်မှာ ဆိုင်ခန်းငှားခကိုပါ ထည့်ပေါင်းထားရတဲ့အတွက်ကြောင့် ပစ္စည်းတန်ဖိုးက ဈေးများသွားရခြင်း ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ်
---------------------
မကြာခင်မှာဘဲ အာရှဖွံဖြိုးရေးဘဏ်အကူအညီနဲ့ မွန်ပြည်နယ်ဖွံဖြိုးရေးဆိုပြီး သင်တန်းတွေပေးသွားဖို့ ရှိပါတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ ဒေသထွက်ကုန်တွေ၊ မူရင်းထုတ်ကုန်တွေကို အသုံးပြုပြီး အမှတ်တရလက်ဆောင်ပစ္စည်း ထုတ်လုပ်တဲ့သင်တန်းတွေ ဆက်လက်ပေးသွားဖို့ ရှိပါတယ်။
အသင်းဝင်ချင်တယ်ဆိုရင်
----------------------------
ကျွန်တော်တို့အသင်းဝင်ချင်တယ်ဆိုရင် အသင်းဝင်ချင်သူရဲ့ဆိုင်ကို အရင်ဆုံး ကျွန်တော်တို့သွားကြည့်ပါတယ်။ Handmade ပစ္စည်းစစ်စစ်ရောင်းတဲ့ဆိုင်ဖြစ်တယ်ဆိုရင် ဆိုင်ရဲ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေကိုကြည့်ပြီး Member A ၊ B ၊ C ဆိုပြီး သတ်မှတ်ကာ အသင်းဝင်ခွင့်ပေးပါတယ်။
အသင်းသားအရေအတွက်
-----------------------------
အသင်းစတည်ထောင်ကာစတုန်းကဆိုရင် အသင်းသားဦးရေ ငါးယောက်၊ ခြောက်ယောက်လောက်ဘဲ ရှိတယ်လို့ သိရပါတယ်။ အသင်းဝင်အနေနဲ့ကတော့ အခုလက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၄,၀၀၀ ယောက်ကျော်ဝန်းကျင် ရှိသွားပြီ။