Mr Erwan Luherne - CEO(CANAL+ Myanmar)

Canal+ Myanmar FG Ltd ရဲ့ CEO Mr Erwan Luherne ကို Canal + Myanmar FG ရဲ့ လုပ်ငန်းစဉ်တွေနဲ့ အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

erwan

ကိုယ်ရေးအကျဉ်းနဲ့ လက်ရှိတာဝန်ယူထားရတဲ့တာဝန်တွေ

----------------------

ကျွန်တော် Canal+ Myanmar FG Ltd ရဲ့ CEO အဖြစ်တာဝန်ယူထားတာ တစ်နှစ်ကျော်လောက် ရှိပြီဖြစ်ပါတယ်။ ကျွန်တော်တို့ Canal + Myanmar မှာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။

ကျွန်တော်တို့မှာ ဌာနခွဲအမျိုးမျိုးရှိနေတာဖြစ်ပြီး ကျွန်တော့်မှာလည်းဒီလိုလုပ်ငန်းကို စီမံခန့်ခွဲဖို့ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံအပြည့်အဝရှိထားပြီးဖြစ်တဲ့အတွက် ဝန်ထမ်းနဲ့ကုမ္ပဏီကို စီမံအုပ်ချုပ်ရေးမှာ အဆင်ပြေပြေ လည်ပတ်နေပါတယ်။

Canal + Myanmar FG မှာ ငွေကြေးပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ၊ ဖြန့်ဖြူးရေးပိုင်းဆိုင်ရာ၊ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်ရေးပိုင်းဆိုင်ရာ၊ ဝန်ထမ်းရေးရာ စသဖြင့် သက်ဆိုင်ရာဌာနခွဲအလိုက် လုပ်ငန်းစဉ်တွေရှိရှာမှာ ကျွန်တော်တို့ကတော့ အဲဒါတွေအားလုံးကို အဓိကတာဝန်ယူ စီမံခန့်ခွဲနေတာဖြစ်ပါတယ်။

ကျွန်တော်က Canal+ Group တစ်ခုတည်းမှာတင် အလုပ်လုပ်တာ ၁၆ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ကျွန်တော်အရင်က Canal+ International အတွက် Marketing Director လုပ်ခဲ့ပါတယ်။ Canal+ International က ကမ္ဘာတစ်ဝန်းက Canal+ Platform တွေအကုန်လုံးအတွက် စီမံရတဲ့ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်က Canal+ Vietnam မှာ Business Development Director အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်မှာ အာရှဈေးကွက်လုပ်ငန်းအတွေ့အကြုံရှိပါတယ်။ ပြီးတော့ Canal + Africa မှာ Platform အသစ်တည်ဆောက်ဖို့အတွက်လည်း ကျွန်တော်လုပ်ကိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။ ဒါကြောင့် Canal+  Group မှာ ကျွန်တော့်ရဲ့ အဓိကကျွမ်းကျင်မှုတွေက နိုင်ငံတကာ ဈေးကွက်အသစ်တွေမှာ Platform အသစ်တွေ ဖော်ဆောင်လုပ်ကိုင်ခြင်းပဲဖြစ်ပါတယ်။

တကယ်တော့ အာဖရိကနဲ့ အာရှနိုင်ငံတွေက ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေမတူညီကြပေမဲ့ အခပေးရုပ်သံလိုင်းအသစ် တည်ဆောက်တဲ့အခါမှာ လုပ်ကိုင်ရတဲ့ လုပ်ငန်းစဉ်အားလုံးနီးပါးကတော့ အတူတူပါပဲ။ အလုပ်လုပ်တဲ့ကြာချိန်တွေကလည်း အတူတူပါပဲ။ ကျွန်တော်တို့ Canal+ မှာ ဒီလိုဈေးကွက်အသစ်မှာ လုပ်ငန်းအသစ်လုပ်တဲ့အတွေ့အကြုံတွေ ရှိထားပြီးသားဖြစ်တဲ့အတွက်တော့ ဖြစ်လာနိုင်ငံအမှားအယွင်းတွေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒီလိုအတွေ့အကြုံတွေရှိထားပြီးသား ဖြစ်တဲ့အတွက်လည်း အခပေးရုပ်သံလိုင်းပလက်ဖောင်းအသစ်တွေ တခြားဈေးကွက်တွေမှာဖော်ဆောင်ရင် အချိန်အတိုင်းအတာအားဖြင့်လည်း သိပ်မကြာတော့ဘဲ ပြည်တွင်းဈေးကွက်တိုင်းနဲ့လည်း အသားကျဖို့ မြန်ပါတယ်။

Canal+ Myanmar FG အကြောင်း

----------------------------------------

ကျွန်တော်တို့က မြန်မာနိုင်ငံက အခပေးရုပ်သံလိုင်းဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင်ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ နိုင်ငံအတွင်း လိုင်းအသစ် ၈ လိုင်းကို ထပ်မံတိုးချဲ့သွားမှာဖြစ်ပါတယ်။ ကလေးတွေအတွက်၊ အမျိုးသားတွေအတွက်၊ အမျိုးသမီးတွေအတွက်၊ ရုပ်ရှင်ကဏ္ဍအမျိုးမျိုးအပြင် Third party နိုင်ငံတကာ ရုပ်သံလိုင်းတွေကိုလည်း ကျွန်တော်တို့ရဲ့ ပရိတ်သတ်ကြည့်ရှုသူတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်ပြီး သုံးစွဲသူကွန်ရက်ဖွံ့ဖြိုးလာအောင်လည်း လုပ်နေပါတယ်။ ကျွန်တော်တို့လုပ်ငန်းရဲ့ အဓိကအကျဆုံးလုပ်ငန်းရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ ရိုက်ကူးထုတ်လုပ်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ အများအပြား ထွက်ပေါ်လာအောင် လုပ်ကိုင်သွားဖို့ပဲဖြစ်ပါတယ်။

Canal+ မှာရှိတာကတော့ စုစုပေါင်းရုပ်သံလိုင်းအမျိုးအစား ပေါင်း ၈၀ ကျော်ရှိတာဖြစ်ပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံမှာလုပ်ငန်းလုပ်ကိုင်နေတဲ့ ဈေးကွက်အခြေအနေ

--------------------------------------

မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပြင်ဆင်ထားတဲ့ ရုပ်သံလိုင်း ၈ လိုင်းကို ကျွန်တော်အရှေ့ကပြောခဲ့သလို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ နောက်ပိုင်းလည်း နိုင်ငံအတွက် ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ယူဆောင်လာပေးဦးမှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုလည်း အားလုံးတတ်နိုင်တဲ့ နှုန်းထားနဲ့ အဓိကထားပြုလုပ်ပေးထားပါတယ်။

မြန်မာဈေးကွက်က Pay TV လုပ်ငန်းအတွက် အလားအလာကြီးမားပါတယ်။ လူတွေကလည်း အမျိုးမျိုးသော ဖျော်ဖြေရေးကဏ္ဍအသစ်တွေကို လိုလားကြပါတယ်။ ရုပ်သံလိုင်းအမျိုးမျိုးကနေ အစီအစဉ်အစုံကို လိုချင်ကြပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့က သူတို့လိုချင်တာတွေအားလုံးပေးနိုင်ဖို့ ကြိုးစားနေကြရတာပါ။ နောက်လာမယ့်လတွေမှာလည်း ဒီထက်ပိုပြီး ဝန်ဆောင်မှုတွေ တိုးချဲ့ပေးသွားနိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေကြပါတယ်။

တခြားအခပေးရုပ်သံလိုင်းတွေနဲ့ ဘယ်လိုကွဲထွက်အောင် လုပ်သွားဖို့ရှိပါသလဲ

-----------------------------------

Canal+ Myanmar FG ရဲ့ အဓိကရည်ရွယ်ချက်လည်း မြန်မာနိုင်ငံက အခပေးရုပ်သံလိုင်းဈေးကွက်ကို မတူကွဲပြားစွာ ဖွံ့ဖြိုးလာအောင်လုပ်ဖို့ ရည်ရွယ်တာဖြစ်လို့ သူများနဲ့မတူ ထူးခြားဆန်းသစ်တဲ့ အစီအစဉ်တွေနဲ့ ရုပ်သံလိုင်းတွေကို မြန်မာနိုင်ငံက ပြည်သူတွေနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း နိုင်ငံတကာမှာ အောင်မြင်နေတဲ့ အခပေးရုပ်သံလိုင်းဖြစ်တဲ့အတွက် ပြည်တွင်း customer တွေအတွက် အမျိုးမျိုးသောရွေးချယ်စရာတွေကို ပေးသွားနိုင်မှာဖြစ်ပါတယ်။

Canal+ ရဲ့ ပင်မကုမ္ပဏီက ကမ္ဘာမှာအခပေး ရုပ်သံလိုင်းတွေ ထုတ်လုပ်တင်ဆက်ပေးနေတဲ့ ကုမ္ပဏီဖြစ်တဲ့အလျောက် နိုင်ငံအသစ်ဈေးကွက်အသစ်မှာ ရုပ်သံလိုင်းအသစ်တွေကို ဘယ်လိုမတူကွဲပြားအောင်လုပ်ရမလဲဆိုတာကို အထူးပဲနားလည်အတွေ့အကြုံရှိပါတယ်။ အခုမှာ ကမ္ဘာအနှံမှာလည်း လုပ်ငန်းခွဲတွေရှိနေပြီဖြစ်ပါတယ်။ ရုံးချုပ်ကတော့ ဥရောပမှာပါ။ အာဖရိက၊ ဥရောပ၊ အာရှတို့မှာလည်း လုပ်ငန်းခွဲတွေရှိပါတယ်။ အာရှမှာဆိုရင်တော့ မြန်မာနိုင်ငံက ဗီယက်နမ်ပြီးနောက် ဒုတိယလုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှလည်း အာရှတိုက်အတွင်းမှာ Canal+ လုပ်ငန်းခွဲတွေ ပေါ်ထွက်လာအောင် လုပ်နေတာဖြစ်ပါတယ်။

MRTV 4 နဲ့ ပူးပေါင်းထားမှုအပိုင်းကိုလည်း အနည်းငယ် ပြောပြပေးပါ

----------------------------------------------

Canal+ နဲ့ Forever Group နဲ့က သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကိုယ်စီကျွမ်းကျင်မှုတွေဖြစ်တဲ့ ... ဥပမာ Canal+ ရဲ့ အဓိကကျွမ်းကျင်မှုက အခပေးရုပ်သံလိုင်းတွေ ထုတ်လုပ်တာပြသတာဖြစ်သလို၊ Forever Group ကတော့ Free to Air နဲ့ Local Production ပိုင်းမှာ ကျွမ်းကျင်တာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဘက်ပူးပေါင်းပြီး အခပေးရုပ်သံလိုင်းလုပ်ငန်းကို တည်ထောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ Forever Group ကလည်း ရိုက်ကူးထုတ်လုပ်ရေးပိုင်းမှာ နိုင်ငံအတွင်းလုပ်ကိုင်လက်စရှိတဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီး အများကြီးထောက်ပံ့ပေးပါတယ်။ ဒီလိုလက်တွဲလုပ်ဖြစ်တာကလည်း လုပ်ငန်းစုနှစ်ခုစလုံးက တူညီတဲ့ လုပ်ငန်းမဟာဗျူဟာအမြင်ရှိတာကြောင့် လုပ်ငန်းအတူတွဲလုပ်ဖြစ်တာလည်း ဖြစ်ပါတယ်။

အနာဂတ်မှာ မြန်မာနိုင်ငံမှာဘာတွေ လုပ်သွားဖို့ရှိပါသလဲ

-------------

ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် အသစ်တွေအများကြီး လုပ်ပေးသွားဖို့ရှိပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ပေးထားပြီးသား ဝန်ဆောင်မှုတွေ ပိုမိုလူသုံးများလာဖို့ကို အာရုံစိုက်ထားပါတယ်။ နေ့တိုင်းလည်း လူတွေ ဘာတွေလိုချင်သလဲဆိုတာကို လေ့လာဆန်းစစ်သုံးသပ်မှုတွေလုပ်ပါတယ်။ ပြီးတော့ လာမယ့်လအနည်းငယ်အတွင်းမှာလည်း လိုင်းအသစ်တွေထပ်ပြီးလုပ်သွားဦးမှာဖြစ်ပါတယ်။ ပြည်တွင်းက ရုပ်သံရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက်လည်း သူတို့နဲ့အတူ Local Content တွေ အများကြီးကိုလည်း ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံခြားကို တင်ပို့ပြသရောင်းချနိုင်မယ့် Local TV Series တွေနဲ့ Documentry တွေကိုလည်း ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ Canal+ Group က ပြင်သစ်နိုင်ငံအခြေစိုက် လုပ်ငန်းစုဖြစ်ပေမယ့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တင်ပြဝန်ဆောင်မှုပေးနေတာတွေက ဥရောပနိုင်ငံတွေအတွက် လုပ်ပေးနေတာတွေနဲ့ လုံးဝနီးပါး မတူခြားနားပါတယ်။ ကျွန်တော်တို့အစီအစဉ်တွေက မြန်မာလူမျိုးတွေက မြန်မာပြည်သူပြည်သားတွေ ကြည့်နိုင်အောင် ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ထားတာတွေဖြစ်ပါတယ်။ မထုတ်လွင့်ခင်တုန်းကလည်း  စစ်တမ်းကောက်ယူလေ့လာမှုတွေအများကြီးလုပ်ခဲ့သလို လက်ရှိမှာလည်း အသုံးပြုသူတွေရဲ့အသံကို Facebook ကနေ တစ်ဆင့်၊ ကျွန်တော်တို့ရဲ့ Showroom ၆ ခုကနေတစ်ဆင့် နေ့စဉ်လိုလို ပြန်လည်ကောက်ယူလေ့လာနေပါတယ်။

ကျွန်တော်တို့မှာ သုံးစွဲသူတွေနဲ့ တိုက်ရိုက်ထိတွေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ သူတို့အသံတွေကို နားထောင်ပြီး သူတို့လိုချင်တာနဲ့ တစ်ထပ်တည်းကျတာကိုပေးနိုင်ဖို့ မြန်မာဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်တဲ့ အစီအစဉ်တွေကို ပြသတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်တွေလုပ်ကိုင်နေတဲ့ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်ရေး လူစွမ်းအားအရင်းအမြစ်နဲ့ ပတ်သက်လို့အမြင်

---------------------

မြန်မာနိုင်ငံအတွင်းမှာ ရုပ်သံရိုက်ကူးထုတ်လုပ်ရေးနယ်ပယ်မှာ ပါရမီရှိတဲ့ လူငယ်တွေအများအပြားကို တွေ့ရပါတယ်။ ဂီတ၊ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲ စသဖြင့် ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ အမျိုးမျိုးသော ကဏ္ဍတွေက လူတွေက အမြဲလိုပဲ ပိုမိုတိုးတက်ကောင်းမွန်တဲ့ Content တွေကိုထုတ်လုပ်ဖို့ စိတ်အားထက်သန်ကြတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ သူတို့နဲ့အတူ အခပေးရုပ်သံလိုင်းအတွက် အစီအစဉ်မျိုးစုံကို အရည်အသွေးမြင့် ပူးတွဲထုတ်လုပ်သွားပါမယ်။

Canal+ Myanmar FG အတွင်းမှာဆိုရင်လည်း လူပေါင်း ၁၀၀ ကျော်လောက်နဲ့ လက်တွဲလုပ်နေတာဖြစ်ပြီး အများစုက မြန်မာတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့က ပြည်တွင်းက သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကိုနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့အရာတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံခြားသားဝန်ထမ်းတွေလည်းရှိပြီး အများစုကတော့ နည်းပညာကျွမ်းကျင်မှုပိုင်းဆိုင်ရာကို ကျွမ်းကျင်မှုတွေ ဝေမျှပေးဖို့ ရည်ရွယ်ကြတာဖြစ်ပါတယ်။ သူတို့က ဌာနခွဲအသီးသီးမှာ မြန်မာတွေကိုကူညီပြီး သုံးစွဲသူတွေကို ဘယ်လိုဝန်ဆောင်မှုပေးရမယ်၊တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ရက်ဖြန့်ကြက် ထုတ်လွှင့်နိုင်ဖို့ နည်းပညာပလက်ဖောင်းကို ဘယ်လိုတည်ဆောက်ထိန်းသိမ်းရမယ်၊ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုပိုင်းမှာ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို ဦးဆောင်စီမံပေးနေတာဖြစ်ပါတယ်။

အနာဂတ်မှာ ဘာကို ပိုအာရုံစိုက်လုပ်သွားဖို့ရှိပါသလဲ

-----------------------

လက်ရှိမှာတော့ ကျွန်တော်တို့က ဂြိုလ်တုစလောင်းတွေကတစ်ဆင့်နဲ့ DTT Channel ကတစ်ဆင့် ထုတ်လွှင့်ပြသမှုတွေကိုပဲ အာရုံစိုက်လုပ်ကိုင်နေပါတယ်။ OTT ၊ Mobile နဲ့ Broadcasting TV တွေအတွက် အလားအလာကောင်းတွေရှိပေမယ့်လည်း လက်ရှိမှာတော့ ကျွန်တော်တို့လုပ်နေတာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ တခြား Broadcasting Solutions တွေကို ထပ်မံလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။