အိန္ဒိယနိုင်ငံနဲ့တခြားနိုင်ငံတွေက ဝန်ဆောင်မှုလုပ်ငန်းနဲ့ နည်းပညာနယ်ပယ်တို့မှာ နှစ်ပေါင်း ၁၅ နှစ်ဝန်းကျင် အလုပ်လုပ်ကိုင်လာခဲ့ပြီး အခုချိန်မှာ Hello Cabs Myanmar ရဲ့ CEO အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ Mr Anirban Chakraborti နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ပညာရေးနဲ့ အလုပ်အကိုင် Background . . .
ကျွန်တော်က New Mexico State University ကနေ Computer Engineering ဆိုင်ရာ မဟာဘွဲ့ရရှိခဲ့ပါတယ်။ နောက်ပြီး Indian School of Business ကနေ MBA, Finance ဘွဲ့ရရှိခဲ့ပါတယ်။ အလုပ်အကိုင်အတွေ့အကြုံအနေနဲ့ ဥရောပနဲ့ အမေရိကားတို့က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ Consulting Firm တွေ၊ Infrastructure ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး အခု Hello Cabs Myanmar ရဲ့ CEO အဖြစ် တာဝန်ယူမလုပ်ကိုင်ခင် အိန္ဒိယနိုင်ငံက Infrastructure ကုမ္ပဏီတစ်ခုရဲ့ CEO အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ကျွန်တော့်အနေနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့ပေမယ့် တကယ်တမ်းကျ ကျွန်တော်က နည်းပညာဆိုင်ရာ Background ကနေ လာခဲ့တာ ဖြစ်ပါတယ်။ Business Management ပိုင်းကိုမပြောင်းခင် နည်းပညာနယ်ပယ်ထဲမှာပဲ လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကိုမလာခင်မှာ ဘာတွေပြင်ဆင်ခဲ့ရပါသလဲ . . .
ကျွန်တော့် လုပ်သက် ၁၅ နှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ခုနစ်နှစ် လုပ်ကိုင်ခဲ့ကာ တခြားနိုင်ငံတွေမှာ ၈ နှစ်ကျော် နေထိုင်အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေအရ တခြားနိုင်ငံတစ်နိုင်ငံမှာ သွားရောက်လုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ထူးထူးခြားခြား ထပ်ပြီးပြင်ဆင်စရာမလိုအပ်ဘဲ ဘယ်နိုင်ငံမဆို သွားရောက်လုပ်ကိုင်ဖို့ အဆင်ပြေပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လာရောက် မလုပ်ကိုင်ခင် ကျွန်တော်က အမေရိကန်၊ ဂျာမနီ၊ ကင်ညာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။
ကျွန်တော် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမအကြိမ်ရောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ နောက်တစ်ကြိမ် ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို မလာခင်မှာ သိပ်ပြီးထွေထွေထူးထူး ပြင်ဆင်ခဲ့ရတာမျိုးမရှိပါဘူး။ ကျွန်တော် မရောက်ဖူးတဲ့ နိုင်ငံအသစ်တစ်ခုမှာ အလုပ်လုပ်ကိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် အခက်အခဲတစ်ခုတော့ မဟုတ်ပါဘူး။ နေရာတိုင်းမှာ နေထိုင်တဲ့လူတွေရဲ့ သဘောသဘာဝကတော့ အတူတူပါပဲ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ မတူညီတဲ့ ယဉ်ကျေးမှုအပြောင်းအလဲလေးတွေတော့ ရှိပါတယ်။ အဲဒါလေးတွေကိုတော့ ကျွန်တော်တို့ နားလည်ထားဖို့ လိုအပ်ပါတယ်။
Hello Cabs ရဲ့ CEO တစ်ယောက်အနေနဲ့ တာဝန်ယူလုပ်ကိုင်နေမှုအပိုင်း . . .
ကျွန်တော်က Hello Cabs ရဲ့ ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိမှာ Hello Cabs ရဲ့ CEO အဖြစ် တာဝန်ယူထားပြီး ရင်းနှီးမြှုပ်နှံမှုအပိုင်းကနေစလို့ Marketing ၊ Operation အပါအဝင် နည်းပညာပိုင်းဆိုင်ရာအပြင် အရာအားလုံးကို စီမံခန့်ခွဲပေးပါတယ်။
Hello Cabs Myanmar က ပေးနေတဲ့ဝန်ဆောင်မှုတွေ . . .
Hello Cabs က Meter Taxi ဝန်ဆောင်မှုကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Hello Cabs Meter Taxi ကို Hello Cabs Call Center ကို ဖုန်းဆက်ပြီးတော့ဖြစ်စေ၊ Hello Cabs Website က ဖြစ်စေ၊ Hello Cabs App က ဖြစ်စေ Booking တင်ပြီး Taxi ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ စစချင်းတုန်းက Taxi အစီးရေလေးရာကျော်နဲ့ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး အခုဆိုရင် ကားအစီးရေလေးထောင်ကျော်နဲ့ တစ်လကို ခရီးစဉ်ပေါင်း ငါးသောင်းနီးပါး ပြေးဆွဲပေးနေပါတယ်။ Hello Cabs Meter Taxi က ၂၄ နာရီ ရက်သတ္တပတ်တစ်ပတ်လုံး ဝန်ဆောင်ပေးနေတာဖြစ်ပြီး Wi-Fi ဝန်ဆောင်မှု၊ ချိုသာတဲ့ဈေးနှုန်း၊ ကောင်းမွန်စွာသင်တန်းပေးထားတဲ့ Hello Cabs ယာဉ်မောင်းတွေက အကောင်းဆုံးဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ Hello Cabs Mobile App ကို အသုံးပြုသူတွေအနေနဲ့ အသုံးပြုရတာ ပိုမိုအဆင်ပြေစေဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး Update လုပ်ထားပေးတာကြောင့် Download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
ကုမ္ပဏီတွေ၊ အသင်းအဖွဲ့အစည်းတွေ၊ အစိုးရရုံးတွေအနေနဲ့ Hello Rental နဲ့ B to B Corporate စနစ်နဲ့ ကားအမျိုးအစားစုံလင်စွာ Car Rental ဝန်ဆောင်မှုလည်း ပေးလျက်ရှိပါတယ်။
ခရီးသည်တွေအတွက် စံသတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ လုံခြုံစိတ်ချရမှုကို ရရှိစေမှာဖြစ်ပါတယ်။ ကားအရည်အသွေးကိုလည်း စံသတ်မှတ်ထားတာဖြစ်တဲ့အတွက် ကိုယ်ပေးရတဲ့တန်ဖိုးနဲ့ညီမျှတဲ့ ဝန်ဆောင်မှုကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။
Hello Cabs ရဲ့ Strategy . . .
ကျွန်တော်တို့ရဲ့ Strategy က ရိုးရိုးရှင်းရှင်းပါတယ်။ ကျွန်တော်တို့က Customer တွေကိုပဲ အဓိကထားပြီး ဝန်ဆောင်မှုတွေပေးခဲ့တယ်။ ရှေ့ဆက်ပြီးလည်း Customer တွေကိုပဲ အဓိကထားသွားမှာ ဖြစ်ပါတယ်။ သက်သာတဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးသွားမယ်။ စံသတ်မှတ်ထားတဲ့ အဆင်ပြေမှုနဲ့ လုံခြုံစိတ်ချရမှုကို ပေးစွမ်းပါမယ်။ ယာဉ်မောင်းတွေအတွက် အသက်သာဆုံး Commission Rate သတ်မှတ်ပေးထားတယ်။ ကျွန်တော်တို့အနေနဲ့ Hello Cabs က Hello Cabs ဖြစ်တယ်ဆိုတာနဲ့ပဲ ပြည်တွင်းအငှားယာဉ်ဈေးကွက်ထဲမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Hello Cabs Myanmar ရဲ့ အနာဂတ်အစီအစဉ် . . .
ကျွန်တော်တို့က Rental Business တွေ အများကြီး လုပ်တဲ့အတွက် Rental ပိုင်းကိုပဲ အာရုံစိုက်ထားပါတယ်။ ကားအငှားဝန်ဆောင်မှုအပိုင်းကိုလည်း ဆက်ပြီးအာရုံစိုက်လုပ်ကိုင်သွားပါမယ်။ ကျွန်တော်တို့အနေနဲ့ ကားအသစ်တွေ ယူဆောင်လာဖို့ိုလည်း ကြိုးစားနေပါတယ်။ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ ကြီးမားတဲ့ကွာခြားချက်တစ်ခုက နိုင်ငံတကာဈေးကွက်မှာက အရည်အသွေးတအားကောင်းတဲ့ ကားတွေရှိနေတာပဲ ဖြစ်ပါတယ်။ တကယ်ကို သက်သောင့်သက်သာဖြစ်ပြီး အရည်အသွေးကောင်းမွန်တဲ့ ကားအသစ်တွေကို ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်မယ့် ယာဉ်မောင်းတွေကို ငှားပေးသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အငှားယာဉ်ဝန်ဆောင်မှုဈေးကွက်အပေါ် သုံးသပ်ချက် . . .
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အငှားကားအစီးရေပေါင်း ခြောက်သောင်းရှိပါတယ်။ မြန်မာပြည်ဈေးကွက်က နိုင်ငံတကာနဲ့ယှဉ်ရင် Taxi Operator အများဆုံးရှိတဲ့ ဈေးကွက်လို့ ကျွန်တော်ထင်ပါတယ်။ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတို့လို ဈေးကွက်ကြီးတွေနဲ့ယှဉ်လိုက်ရင် မြန်မာနိုင်ငံဈေးကွက်ကသေပေမယ့် Operator တွေအများကြီးရှိနေတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ နောက်ပြီး Operator တွေအားလုံးက ရန်ကုန်မြို့တစ်မြို့တည်းမှာပဲ အာရုံစိုက်လုပ်ဆောင်နေတာတွေ တွေ့ရပါတယ်။ ဒါကတအားစိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဝန်ထမ်းတွေကို စီမံအုပ်ချုပ်မှုအပိုင်း . . .
စီမံခန့်ခွဲမှုအပိုင်းမှာတော့ ဌာနဆိုင်ရာအလိုက် လုပ်ငန်းလုပ်ကိုင်ကြတာဖြစ်တဲ့အတွက် အခက်အခဲတော့ မရှိပါဘူး။ ဌာနတိုင်းမှာ သူတို့ဆောင်ရွက်ရမယ့် ကိုယ်ပိုင်လုပ်ငန်းတွေ ရှိပါတယ်။ နောက်ပြီး ဝန်ထမ်းတစ်ဦးချင်းဆီမှာလည်း သူတို့ကိုယ်တိုင်ပြီးမြောက်အောင် ဆောင်ရွက်ရမယ့်အလုပ်တွေနဲ့ တာဝန်ယူရမယ့်အပိုင်းတွေ ရှိပါတယ်။ ဌာနအလိုက်ဝန်ထမ်းတွေက ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ တိုက်ရိုက်အလုပ်လုပ်ကိုင်ရပြီး ကိုယ့်ဌာနရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင် အတူတကွလုပ်ကိုင်ကြရပါတယ်။ ကျွန်တော်က Micromanagement ကို မကြိုက်ပါဘူး။ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဝင်ရောက်စွက်ဖက်တာတွေ ပြုလုပ်မယ့်အစား ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီးအကြံဉာဏ်တွေ ပေးပါတယ်။
စီမံခန့်ခွဲသူတွေဖတ်သင့်တဲ့ စာအုပ်တွေနဲ့ပတ်သက်လို့ အကြံပြုချက် . . .
စာဖတ်ခြင်းက ကျွန်တော့်အတွက် အကောင်းဆုံးအဖော် ဖြစ်ပါတယ်။ တခြားသူတွေရဲ့ အတွေ့အကြုံတွေကို လေ့လာဖို့၊ နားလည်သဘောပေါက်ဖို့အတွက် ကျွန်တော် စာဖတ်လေ့ရှိပါတယ်။ စာဖတ်ပရိသတ်အနေနဲ့ Jim C. Collins ရေးတဲ့ Good to Great ဆိုတဲ့ စာအုပ်ကို ဖတ်ရှုကြည့်ဖို့ အကြံပြုချင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ကုမ္ပဏီ Culture ကို ဘယ်လိုတည်ဆောက်ရမလဲ၊ ကုမ္ပဏီကောင်းတွေကနေ အကောင်းဆုံးကုမ္ပဏီတွေ ဘယ်လိုဖြစ်လာသလဲဆိုတာတွေ ရေးသားဖော်ပြထားပါတယ်။ Will Durant နဲ့ Ariel Durant ရေးထားတဲ့ Story of Civilization ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။ အဲဒီစာအုပ်နှစ်အုပ်ကတော့ သေချာပေါက်ဖတ်ကြည့်ဖို့ အကြံပြုချင်တဲ့ စာအုပ်တွေပဲဖြစ်ပါတယ်။
ကြည်ပြာနွဲ့ဦး