မြန်မာပြည်နဲ့ပတ်သက်တဲ့ အတွေ့အကြုံ . . .
မြန်မာပြည်ကိုရောက်လာတာ သုံးနှစ်လောက်ရှိပါပြီ။ တော်တော်လေးကိုကောင်းတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ဒီမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ မစီစဉ်ထားပေမယ့် မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး စီးပွားရေးတည်ထောင်ဖို့ အခွင့်အရေးကောင်းတစ်ခုရခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ JobNet ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လုပ်ငန်းစတဲ့ တစ်နှစ်ကျော်ကာလမှာပဲ ဝန်ထမ်းပေါင်းအယောက်ခြောက်ဆယ် ခန့်အပ်နိုင်ခဲ့တယ်။ မြန်မာပြည်တွင်းအလုပ်အကိုင်ရှာဖွေမှုနဲ့ ဝန်ထမ်းခန့်အပ်မှုတွေမှာ လူသုံးအများဆုံး အွန်လိုင်းအရင်းအမြစ်ကြီးတစ်ခုဖြစ်ပါတယ်။
ပညာရေးနဲ့ အလုပ်အကိုင်အတွေ့အကြုံ . . .
အလုပ်စလုပ်တုန်းက အခုလက်ရှိလုပ်နေတဲ့ နယ်ပယ်နဲ့ ကွဲပြားပါတယ်။ ကျွန်တော်က ငွေကြေးပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူတစ်ဦးဖြစ်တဲ့အတွက် ကျွန်တော့်မိတ်ဆွေတွေက ဥရောပမှာရှိတဲ့ ဘဏ်ကြီးတွေ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ၊ အတိုင်ပင်ခံရုံးတွေမှာ အလုပ်လုပ်နေကြပါတယ်။ ကျွန်တော်လည်း အတိုင်ပင်ခံရုံးတွေမှာ လုပ်ခဲ့ဖူးပါတယ်။ Graduate Project အတွက် Amsterdam မှာရှိတဲ့ Price-waterhouseCoopers မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် Rocket Internet နဲ့ အလုပ်လုပ်ဖြစ်ခဲ့ပြီး အာရှတစ်ခွင်က နည်းပညာကဏ္ဍတွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ Rocket Internet Myanmar မှာ ခြောက်လအလုပ်လုပ်ဖြစ်ခဲ့ပြီး JobNet ကို စတင်တည်ထောင်ဖို့ အခြေအနေဖန်လာတဲ့အခါမှာ တွေဝေမနေဘဲ စတင်လုပ်ကိုင်ခဲ့ပါတယ်။ တိကျခိုင်မာတဲ့ Strategy ရေးဆွဲပြီးတဲ့နောက်ပိုင်း၊ ပြီးခဲ့တဲ့တစ်နှစ်နဲ့ ဆယ်လလောက်က၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ JobNet ကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းစတင်ပြီး ခြောက်လလောက်အကြာမှာ ဝန်ထမ်းပေါင်းသုံးဆယ်ယောက် ခန့်အပ်နိုင်ခဲ့တယ်။ ဒါကလျင်မြန်တဲ့ အနေအထားတစ်ခုဖြစ်ပြီး ကျွန်တော်တို့အဖွဲ့သားတွေက အကောင်းဆုံးကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
အလုပ်အကိုင်ဈေးကွက်သဘောသဘာ၀ . . .
မြန်မာနိုင်ငံက ကုမ္ပဏီတော်တော်များများက သမားရိုးကျအလုပ်လျှောက်လွှာလက်ခံတာတွေကို ပြုလုပ်နေတုန်းပါပဲ။ သူတို့က အေဂျင်စီတွေနဲ့ချိတ်ဆက်ပြီး လုပ်ကိုင်ရတာကို ပိုပြီးကြိုက်ကြပါတယ်။ အခုနောက်ပိုင်း ကုမ္ပဏီတွေက အခုလိုမျိုးအွန်လိုင်းအလုပ်ခန့်အပ်တာတွေ၊ Job-Net လို အွန်လိုင်းအလုပ်ရှာဖွေရေးဝက်ဘ်ဆိုဒ်တွေ အသုံးများလာကြတာမျိုးတွေကို အားရမိပါတယ်။ အခုဆိုရင် တော်တော်များများက အလုပ်ရှာရင် အင်တာနက်ကနေတစ်ဆင့်ရှာလာကြပါပြီ။ လွန်ခဲ့တဲ့ငါးနှစ်လောက်က တစ်ယောက်ယောက်က အလုပ်လိုချင်ရင် မိသားစု၊ သူငယ်ချင်းတွေက တစ်ဆင့်၊ ဒါမှမဟုတ် သတင်းစာတွေမှာပါတဲ့ ကြော်ငြာတွေကနေ ရှာရတယ်။ ခေတ်ကြီးက ပြောင်းလဲလာပါပြီ။
အခုနေတစ်စုံတစ်ယောက်က သူ့သူငယ်ချင်းတွေကို အလုပ်ရှာရင် ဘယ်လိုရှာကြလဲမေးရင် သူတို့က Google ကနေတဆင့်၊ ဒါမှမဟုတ် JobNet မှာ ဝင်ရှာတယ်လို့ ပြောကြမှာပါ။ အလားတူပဲ ကုမ္ပဏီတွေကလည်း သူတို့အတွက် အရည်အချင်းပြည့်မီတဲ့သူကို လိုချင်ရင် အွန်လိုင်းကနေရှာရမယ်ဆိုတာ နားလည်လာကြပါပြီ။ ဘာကြောင့်လဲဆိုရင် ဒီနေရာက လူတွေအလုပ်ရှာတဲ့နေရာ ဖြစ်နေတာကိုး။
HR မန်နေဂျာတွေ၊ ကုမ္ပဏီတွေနဲ့ အလုပ်ရှာဖွေနေသူတွေအတွက် အကြံပြုချက် . . .
ကုမ္ပဏီတွေအနေနဲ့ အရည်အချင်းပြည့်မီတဲ့ လူတော်တွေ ခန့်အပ်နိုင်ဖို့ Channel တွေအကုန်လုံးကို အသုံးပြုသင့်ပါတယ်။ မြန်မာပြည်ကိုစရောက်တုန်းက ကုမ္ပဏီတော်တော်များများက သူတို့အတွက်သင့်တော်တဲ့လူတွေကို မရှာဖွေနိုင်ဘူးလို့ ပြောပြောနေတာကို အချိန်တိုင်းလိုလို ကြားနေခဲ့ရတယ်။ ဒီတော့ ကျွန်တော်သူတို့ကို မေးလိုက်ပါတယ်။ သင့်တော်တဲ့သူတွေကို ရှာဖို့အတွက် အစွမ်းကုန်လုပ်ဆောင်ဖူးသလား၊ အလုပ်အကိုင်ပြပွဲတွေကို သွားပြီးလေ့လာလား၊ အွန်လိုင်းအလုပ်ရှာဖွေရေး ဝက်ဘ်ဆိုဒ်တွေကို အသုံးပြုလား၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေရဲ့ အကူအညီကိုယူသလား အစရှိသဖြင့်ပေါ့။ ပြဿနာကတော့ HR ဌာနတွေအနေနဲ့ အလုပ်အကိုင်ဈေးကွက်မှာ အလုပ်ခေါ်စာတွေကို တတ်နိုင်သလောက်ဖြန့်ချထားဖို့ လိုအပ်ပါတယ်။ အလုပ်အကိုင်ခန့်အပ်ဖို့အတွက်ကတော့ အလုပ်လျှောက်သူတွေရှိတဲ့ နေရာမှန်သမျှ အလုပ်ခေါ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အလားတူပဲ ကုမ္ပဏီတော်တော်များများ သတိမထားမိတဲ့အချက်ကတော့ မြန်မာနိုင်ငံမှာ အလုပ်ရှာဖွေသူ တော်တော်များများက ဈေးကွက်မှာရှိနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
အရည်အချင်းရှိသူတော်တော်များများက နိုင်ငံတကာကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ဖူးကြပြီး နိုင်ငံရပ်ခြားကနေ မြန်မာပြည်မှာ လာရောက်လုပ်ကိုင်နေကြတဲ့ Repatriates တွေလည်း ဈေးကွက်မှာ အများကြီးရှိပါတယ်။ ကုမ္ပဏီတွေဘက်က သတိပြုသင့်တဲ့အရာကတော့ လူတော်တွေက အလုပ်ရှာစရာမလိုဘူးဆိုတဲ့အချက်ပါ။ သူတို့ဆီမှာ အလုပ်ရှိပြီးသားဖြစ်ပြီး ကုမ္ပဏီတွေအနေနဲ့ သူတို့ခန့်အပ်မယ့် ရာထူးတွေအတွက် သင့်တော်တဲ့၊ ထူးချွန်ထက်မြက်တဲ့သူတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ သေချာလေ့လာသုံးသပ်ရပါမယ်။ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဘယ်လိုအခွင့်အရေးတွေ ပြန်ပေးနိုင်မလဲဆိုတာ လေ့လာထားသင့်ပါတယ်။ ကုမ္ပဏီတွေဘက်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းလေ့လာမေးမြန်းနေရမှာကတော့ တကယ်အရည်အချင်းရှိတဲ့လူတွေလာပြီး အလုပ်လုပ်ဖို့ ကိုယ့်ဘက်က အနေအထားကောင်းရဲ့လား၊ တစ်ယောက်ယောက်က ဘာလို့ကိုယ့်အတွက် အလုပ်မလုပ်ပေးချင်ရမှာလဲ အစရှိတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။ ရံဖန်ရံခါမှာ မေးခွန်းရဲ့အဖြေက ကုမ္ပဏီတွေအတွက် ရိုးရှင်းလွန်းလှပါတယ်။ သူတို့ကုမ္ပဏီက အကောင်းဆုံးစာရင်းထဲမှာပါတယ်၊ လစာတွေ အများကြီးပေးတယ်၊ အလုပ်အနေအထား ပတ်ဝန်းကျင်အဆင်ပြေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအကြောင်းအရာတွေက မှန်ကန်ရဲ့လား၊ လူတွေက အဲဒီအကြောင်းကိုသိကြလားဆိုတဲ့ မေးခွန်းတွေအတွက် အဖြေရှာရမှာဖြစ်ပါတယ်။ အလုပ်အကိုင်ကောင်းကောင်းပေးနိုင်တဲ့ ကုမ္ပဏီ Brand တစ်ခုဖြစ်ဖို့ အချိန်ယူပြီးတည်ထောင်မှ ဈေးကွက်မှာ အသိအမှတ်ပြုခံရတဲ့ အလုပ်ရှင်ဖြစ်လာမှာပါ။
အလုပ်ရှာတဲ့သူတွေကို အကြံပေးချင်တာကတော့ ကုမ္ပဏီတွေအပေါ် သစ္စာရှိဖို့ပဲဖြစ်ပါတယ်။ ဒါက မြန်မာပြည်မှာ လိုအပ်နေတဲ့အရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ တခြားအလုပ်ပြောင်းချင်ကြတယ်ဆိုတဲ့ လူတိုင်းမှာ ခိုင်လုံတဲ့အကြောင်းပြချက်ကိုယ်စီရှိကြပါတယ်။ ကျွန်တော်ဒီကိုရောက်လာတဲ့ နှစ်အနည်းငယ်အတွင်းမှာတင် မြန်မာပြည်ရဲ့ အလုပ်အကိုင်ဈေးကွက်က သိသိသာသာပြောင်းလဲလာပါတယ်။ တချို့လူတွေက ကုမ္ပဏီတစ်ခုမှာရေရှည်လုပ်ရင် လုပ်ရည်ကိုင်ရည်တွေ တိုးတက်စေနိုင်တာကို သိပ်နားမလည်ကြပါဘူး။ ဘယ်အရာမှ ချက်ချင်းအကျိုးမပေးပါဘူး။ မြန်မာပြည်ရဲ့ တိုးတက်ပြောင်းလဲမှုနှုန်းက မြန်ဆန်တယ်လို့ထင်ရတဲ့အတွက် တချို့လူတွေက သူတို့အတွက် တခြားအလုပ်အကိုင်ထပ်ရနိုင်မယ့် အခွင့်အလမ်းတွေ ဆုံးရှုံးနေတယ်လို့ ထင်လာကြပါတယ်။ ခြောက်လလောက်လေ့ကျင့်ရုံနဲ့ အရည်အချင်းပြည့်မီတဲ့ ဘောလုံးကစားသမားကောင်းတစ်ယောက်မဖြစ်နိုင်ပါဘူး။ နှစ်ကာလများစွာ အချိန်ယူလေ့ကျင့်ပြီးမှ နယ်ပယ်တစ်ခုခုမှာ ထူးချွန်လာမှာဖြစ်ပါတယ်။
အဓိကပြောချင်တာကတော့ နေရာတစ်နေရာမှာ သစ္စာရှိရှိနေပြီး အတတ်ပညာတွေကို ကိုယ့်ဘာသာကိုယ် ထပ်မံလေ့လာသင်ယူဖို့ပါပဲ။ နယ်ပယ်တစ်ခုခုမှာ ထူးချွန်အောင်မြင်ချင်ရင်တော့ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး သစ္စာတရားကိုလက်ကိုင်ထားပါ။ စိတ်ရှည်ပါ။ နှစ်အနည်းငယ်အတွင်းမှာပဲ အရင်ကနဲ့မတူဘဲ တိုးတက်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
မြန်မာပြည်မှာ အင်တာနက်သုံးနိုင်တာ သိပ်မကြာသေးပါဘူး။ ဒါက Facebook မှာ တစ်ရက်နှစ်နာရီလောက် အချိန်ဖြုန်းနေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆိုလိုချင်တာက လူတိုင်းက တစ်ကမ္ဘာလုံးက အကြောင်းအရာတွေကို သိရှိနိုင်ပါပြီ။ အွန်လိုင်းကနေလည်း ကိုယ့်ဘာသာကိုယ်လေ့လာနိုင်တယ်။ အတတ်ပညာအသစ်တွေကို သင်ယူနိုင်တယ်။ နားမလည်တဲ့ အကြောင်းအရာတစ်ခုကို ရှာဖွေနိုင်တယ်။ ကြိုးစားသလောက် တိုးတက်လာမှာ ဖြစ်ပါတယ်။ အခုဆိုရင် လူတွေက ကိုယ်ပိုင်စမတ်ဖုန်းတွေသုံးပြီး ကိုယ့်ဘာသာကိုယ် လေ့လာနိုင်ပြီ။ အလုပ်ရှာဖွေရေးနဲ့ ပတ်သက်လာရင် လူတိုင်းက သူတို့အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေအကြောင်း အွန်လိုင်းကနေလေ့လာလိုက်တာနဲ့ အင်တာဗျူးအတွက် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နိုင်ပါပြီ။
မြန်မာပြည်မှာနေထိုင်နေတဲ့ Expatriate တစ်ယောက်အနေနဲ့ မြန်မာပြည်သူတွေနဲ့ စီမံလုပ်ကိုင်ဆောင်ရွက်နေတဲ့ အတွေ့အကြုံ . . .
မြန်မာပြည်မှာ ကြုံတွေ့ရတဲ့အခြေအနေတွေက တကယ့်ကိုအားရဖို့ကောင်းတဲ့ အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ ဒီကိုပထမဆုံးစရောက်တုန်းက မြန်မာပြည်ရဲ့ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေ၊ လူတွေရဲ့ သဘောသဘာဝတွေကိုနားလည်ဖို့ အချိန်အနည်းငယ်ယူခဲ့ရပါတယ်။ မြန်မာပြည်ကိုရောက်တော့ လူတွေအပေါ် စာနာစိတ်ထားတတ်လာတယ်။ စီးပွားရေးကိစ္စပဲဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ်၊ လူတွေနဲ့ နေ့စဉ်နေ့တိုင်း ပြောဆိုဆက်ဆံနေတာတွေက ကွဲပြားခြားနားတယ်ဆိုတာ နားလည်လာတယ်။ မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေးကဏ္ဍတွေမှာ တိုးတက်ပြောင်းလဲလာတာက ချက်ချင်းလက်ငင်း ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ အချိန်ယူပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့လူတွေနဲ့ အလုပ်လုပ်ကိုင်ခွင့်ရခဲ့ပြီး သူတို့ကိုကျွန်တော့်ရဲ့အဖွဲ့သားတွေအဖြစ် ရထားတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ လူတွေဆီက ရတဲ့အပြုံးတွေနဲ့ ကျွန်တော့်အဖွဲ့တွေနဲ့ လုပ်ဆောင်ရာကရတဲ့ ရလဒ်တွေကြောင့် အလုပ်လုပ်ရတာ တကယ့်ကိုထိုက်တန်ပါတယ်။
အကြီးမားဆုံးရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ မြန်မာပြည်မှာ အရည်အသွေးမြင့်တဲ့ လူရည်ချွန်တွေ မွေးထုတ်ပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့က ခက်ခဲရခြင်းက မြန်မာပြည်က ပြိုင်ဆိုင်မှုများတဲ့ အလုပ်အကိုင်ဈေးကွက်ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ JobNet မှာ နေ့တိုင်းလိုလိုကြားနေရတာက တခြားကုမ္ပဏီတွေက ကျွန်တော်တို့သေချာလေ့ကျင့်ပျိုးထောင်ပေးထားတဲ့ ဝန်ထမ်းတွေကို ခန့်အပ်ဖို့ကြိုးစားနေတဲ့အကြောင်း ဖြစ်ပါတယ်။
JobNet ရဲ့အနာဂတ်အစီအစဉ် . . .
စတင်တည်ထောင်ပြီး တစ်နှစ်ခွဲအကြာမှာ ရရှိလာခဲ့တဲ့ အောင်မြင်မှုရလဒ်တွေအရ ကျွန်တော်တို့ ဒီအတိုင်းဆက်လုပ်ဆောင်သွားမယ်ဆိုရင် နောက်ခြောက်လ၊ ဒါမှမဟုတ် ဆယ်လအတွင်းမှာပဲ JobNet က မြန်မာပြည်မှာ အကြီးမားဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး အွန်လိုင်းအလုပ်ရှာဖွေရေး Portal တစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
လက်ရှိမှာ မြန်မာပြည်က ကုမ္ပဏီပေါင်း ၄၅၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့က HR ကဏ္ဍကြီးတစ်ခုလုံးကို အဆင့်မြှင့်တင်ပေးချင်တဲ့အတွက် အထူးစီမံကိန်းတစ်ခုအနေနဲ့ Myanmar Employer’s Award ကိုပြီးခဲ့တဲ့လကစပြီး စီစဉ်ခဲ့ပါတယ်။ ငါးလအတွင်းမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီတွေက သက်ဆိုင်ရာ နယ်ပယ်အလိုက် သင်ကြားမှုနဲ့ တိုးတက်မှုပိုင်း ပရိုဂရမ်၊ အလုပ်ပတ်ဝန်းကျင်အနေအထား၊ အကောင်းဆုံးအလုပ်အကိုင်မြင့်တင်ပေးမှုပရိုဂရမ် အစရှိတဲ့ ဆုတွေလျှောက်ထားနိုင်ပါတယ်။ ဒီစီမံကိန်းက မြန်မာပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနဲ့ အကောင်းဆုံးအလုပ်ရှင်တွေများလာဖို့ကို ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါက တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက်ဖြစ်တဲ့အပြင် အလုပ်ရှင်တွေရဲ့ အရည်အချင်းကိုပါ မြင့်တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။
ဒီပြိုင်ပွဲကို JobNet က ကြီးမှူးစီစဉ်တာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက်အဆုံးအဖြတ်ပေးရာမှာ တရားမျှတပြီး ပွင့်လင်းမြင်သာစေချင်ပါတယ်။ Deloitte ကိုလည်း ပြိုင်ပွဲရဲ့ Verifying Partner အနေနဲ့ ခန့်အပ်ထားတဲ့အတွက် အကဲဖြတ်ရာမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ သေသေချာချာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်က ဒိုင်လူကြီးတွေနဲ့အတူ တခြားနိုင်ငံတွေက ဒိုင်လူကြီးတွေကလည်း အောက်တိုဘာလမှာ အကဲဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် JobNet က အွန်လိုင်းအလုပ်အကိုင် ရှာဖွေခန့်အပ်ရေးအပြင် HR ပညာရှင်တွေနဲ့ ကုမ္ပဏီတွေကို အဆင့်မြှင့်တင်ပေးနေတယ်ဆိုတာ သိရှိနိုင်ပါတယ်။
Myanmar Employer’s Award အပြင် တခြားအောင်မြင်တဲ့ အလုပ်အကိုင်ဟောပြောပွဲတွေ၊ အလုပ်အကိုင်ပြပွဲတွေကို ရန်ကုန်မြို့မှာ မကြာခဏကျင်းပသွားမှာ ဖြစ်ပါတယ်။ သြဂုတ်လမှာ Engineering Career Conference နဲ့ Sales and Marketing Career Conference ၊ Tech Expo တွေကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး စက်တင်ဘာလမှာ Banking and Finance Career Conference ကို ကျင်းပသွားမှာဖြစ်ပါတယ်။ နောက်ထပ်အစီအစဉ်တွေကိုလည်း နောက်ခြောက်လအတွင်းမှာ ကျင်းပသွားဖို့ရှိပါတယ်။ HR ကဏ္ဍကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ဆောင်ရင်းနဲ့ JobNet က မြန်မာပြည်မှာ လူသုံးအများဆုံးနဲ့ အထိရောက်ဆုံး အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး Portal တစ်ခုအနေနဲ့ ရပ်တည်သွားမှာဖြစ်ပါတယ်။