မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်းဖြစ်ပေါ်လာပုံ
------------------
မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်းကို အရင်ကလည်း ဖွဲ့ခဲ့ဖူးပါတယ်။ အရင်ဖွဲ့ထားတဲ့ အသင်းတွေက ခေတ်အခြေအနေအရပြောင်းလဲသွားတော့ ဆက်ပြီးမဖွဲ့ဖြစ်တော့ပါဘူး။ အခုအစိုးရသက်တမ်းမှာ အသင်းက စပြီးပြန်ဖွဲ့စည်းခဲ့တာပါ။ ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့ရည်ရွယ်ချက်
--------------------
အသင်းရဲ့ အဓိကရည်ရွယ်ချက်က မြန်မာ-ဗီယက်နမ်နှစ် နိုင်ငံချစ်ကြည်ရေး တိုးတက်ခိုင်မြဲပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လှုမှုရေးပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု၊ အားကစားနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီနှစ်နိုင်ငံနားလည်မှု ပိုမိုမြင့်မားလာအောင်၊ ချစ်ကြည်ရေးပိုမိုခိုင်မြဲလာအောင် ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ။ အရေးကြီးဆုံးကတော့ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ ခေါ်လိုက်တာဖြစ်ပါတယ်။ နိုင်ငံချင်း၊ အစိုးရချင်းကတော့ နဂိုကတည်းက ချစ်ကြည်ရင်းနှီးမှုရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအချင်းချင်း ဆက်ဆံရုံနဲ့ မပြီးသေးပါဘူး။ ပြည်သူလူထုအပိုင်းကိုလည်း ပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ အသင်းကို ဖွဲ့စည်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ချစ်ကြည်ရေးအသင်းမှာ Group သုံးခုခွဲထားပါတယ်။ နိုင်ငံခြားရေးရုံးအငြိမ်းစားတွေက One Group ၊ စီးပွားရေးလုပ်ငန်းရှင်တွေက One Group ၊ နောက် Group တစ်ခုက ယဉ်ကျေးမှု၊ အားကစား၊ ပညာရေးနဲ့ အထွေထွေကိစ္စတွေမှာ အားသာလုပ်ဆောင်နိုင်ပြီးတော့ အဆက်အသွယ်တွေရှိတဲ့ General Group ဆိုတဲ့ အုပ်စုသုံးခုနဲ့ တစ်ပြိုင်နက်လုပ်တယ်။ အလုပ်အမှုဆောင်အဖွဲ့အနေနဲ့ကတော့ အသင်းဥက္ကဋ္ဌတစ်ဦး၊ ဒုဥက္ကဋ္ဌသုံးဦး၊ အတွင်းရေးမှူးနှစ်ဦး၊ ဘဏ္ဍာရေးမှူးနှစ်ဦး၊ ဒါတွေအားလုံးအပါအဝင် အလုပ်အမှုဆောင် ၂၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အသင်းဖွဲ့ပြီးဆောင်ရွက်ခဲ့တာတွေ
--------------
အသင်းကဖွဲ့ခါစဆိုတော့ အသင်းတည်ဆောက်ရေးအတွက် အသင်းဝင်တွေ စုဆောင်းနေတယ်၊ တရားဝင်မှတ်ပုံတင်ဖို့ကိစ္စတွေ၊ ရုံးလုပ်ငန်းကိစ္စတွေကို အဓိကလုပ်နေပါတယ်။ ကျွန်တော်တို့ ကံကောင်းတာက ၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းက ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာသွားတယ်။ သူတို့ဘက်ကလည်း တောင်းဆိုတဲ့အတွက် အသင်းကို အမီဖွဲ့ပေးလိုက်တယ်။ အထွေထွေအတွင်းရေးမှူးချုပ်လာတဲ့အခါမှာလည်း တရားဝင်တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ကိုယ်တိုင်က လက်ခံတွေ့ဆုံပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် သြဝါဒတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း ဘာတွေလုပ်မလဲဆိုတာ တင်ပြခဲ့တဲ့အခြေအနေတွေ ရှိပါတယ်။
ဆက်လက်ဆောင်ရွက်မှာတွေ
--------------
ပထမဦးဆုံးနှစ်နိုင်ငံချစ်ကြည်ရေးအတွက် နိုင်ငံခြားရေးရုံးအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လူမှုရေး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဗီယက်နမ်သံရုံးရှိတဲ့အတွက် ဗီယက်နမ်သံရုံးနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဗီယက်နမ်သံအမတ်ကြီးနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိပါတယ်။ ယဉ်ကျေးမှုနဲ့ အားကစားတွေ ပိုမိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ချစ်ကြည်ရေးအသင်းကြီးအနေနဲ့ ချစ်ကြည်ရေးတစ်ခုတည်း လုပ်ရုံနဲ့ ရည်မှန်းချက်အောင်မြင်မှာမဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေးကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှသာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုက ပိုမိုခိုင်မြဲမှာဖြစ်ပါတယ်။ စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။
ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုတွေကလည်း တော်တော်များများရောက်လာနေပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်လောက်ရည်မှန်းထားလဲဆိုရင် လာမယ့်သုံးလေးနှစ်ကာလဆိုရင် မြန်မာ-ဗီယက်နမ် Industrial Zone ၊ Industrial Park လိုမျိုးကို နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ပြီးတော့ ထူထောင်နိုင်တဲ့ အဆင့်ထိ ဖြစ်လာမယ်လို့ ရည်မှန်းထားပါတယ်။ ကျွန်တော့်အနေနဲ့ Function တွေလုပ်ဖို့ ဗီယက်နမ်သံရုံးနဲ့ တိုင်ပင်ထားတာ တွေရှိပါတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ ဗီယက်နမ် Week လိုမျိုးလုပ်မှာဖြစ်သလို ဗီယက်နမ်နိုင်ငံမှာလည်း မြန်မာ Week လိုမျိုးလုပ်မယ်။ မြန်မာရက်သတ္တပတ်၊ ဗီယက်နမ် ရက်သတ္တပတ်ကာလအတွင်းမှာ ယဉ်ကျေးမှုကပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ ပြည်သူလူထုအချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်စေတဲ့ လုပ်ငန်းတွေလုပ်ဖို့ ရည်ရွယ်ထားတာတွေလည်းရှိတယ်။ ပြီးတော့ အမျိုးသမီးပိုင်းဆိုင်ရာကိစ္စရပ်တွေကိုလည်း လုပ်ဖို့စဉ်းစားထားတာရှိတယ်။ ဗီယက်နမ်သံအမတ်ကလည်း အမျိုးသမီးဖြစ်တယ်။ မြန်မာ-ဗီယက်နမ် Ladies Club (မြန်မာ-ဗီယက်နမ်အမျိုးသမီးကလပ်) ကို ထူထောင်ပြီးတော့ အမျိုးသမီးတွေအချင်းချင်း ပိုမိုရင်းနှီးစွာတွေ့မယ်၊ ဆုံမယ်၊ ဟောပြောပွဲလုပ်မယ်၊ ပိုခင်လာအောင်၊ ရင်းနှီးလာအောင်တွေ လုပ်မှာဖြစ်ပါတယ်။
ဗီယက်နမ်အနေနဲ့ မြန်မာနိုင်ငံကို ကူညီထားတာက
----------------
ဗီယက်နမ်အနေနဲ့ ကူညီထောက်ပံ့တယ်ဆိုတဲ့အပိုင်းမှာ ငွေကြေးထောက်ပံ့တဲ့ပုံစံ၊ နည်းပညာထောက်ပံ့တဲ့ ပုံစံမျိုး ကတော့ တော်တော်လေးနည်းပါတယ်။ ဒီလိုအကူအညီတွေ နည်းသေးပေမယ့်လည်း တဖြည်းဖြည်းနဲ့တော့ ဖြစ်လာမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗီယက်နမ်ကလည်း အခုမှတိုးတက်ဖွံ့ဖြိုးခါစဖြစ်တဲ့ အချိန်ဖြစ်လို့ဖြစ်ပါတယ်။ နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင်တော့ အားသာချက် မရှိသေးပါဘူး။ ဖြစ်လာဖို့ အလားအလာတော့ရှိပါတယ်။ ဘာလို့လဲဆိုတော့ တော်တော်လေးလည်း စီးပွားရေးအင်အားတိုးတက်လာတဲ့ အခြေအနေရှိလာတဲ့အတွက်ဖြစ်ပါတယ်။ ဗီယက်နမ်က လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံထက်တိုးတက်သွားပြီလို့ ပြောတယ်ဆိုပေမယ့် တစ်ချိန်တုန်းက မြန်မာနိုင်ငံထက် ဆင်းရဲခဲ့တယ်။ ဘာလို့လဲဆိုတော့ စစ်ပွဲတွေကို နှစ်ပေါင်းများစွာကြုံခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံမျိုးက အခုတော့တအားတိုးတက်သွားပြီ။ ဆန်ဆိုရင်လည်း Export မှာ ထိပ်ဆုံးဖြစ်နေပြီ။ မြန်မာနိုင်ငံကိုလာပြီး Invest လုပ်နိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်ပါတယ်။ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာတာနဲ့အမျှ မြန်မာနိုင်ငံကို ကူညီပေးဖို့ ရည်မှန်းချက်တွေရှိတယ်။ အဲဒါတွေလည်း ချစ်ကြည်ရေးအသင်းရဲ့လုပ်ငန်းစဉ်တွေထဲမှာ ပါရမှာဖြစ်ပါတယ်။ တစ်ချိန်တုန်းက ဘယ်လောက်တောင် ချစ်ကြည်ရင်းနှီးခဲ့သလဲ၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ကူညီရိုင်းပင်းခဲ့လဲဆိုတာကို နောက် Generation တွေသိအောင် လက်ဆင့်ကမ်းသွားရမှာကလည်း ချစ်ကြည်ရေးအသင်းရဲ့ အရေးပါမှုတွေဖြစ်ပါတယ်။
လတ်တလောဦးစားပေးဆောင်ရွက်ဖို့
--------------
ဦးစားပေးဆောင်ရွက်မယ့် ကိစ္စတော်တော်များများတော့ရှိပါတယ်။ အခုအဲဒါတွေနဲ့ပတ်သက်ပြီး စကားတွေ စပြောနေပါပြီ။ အကောင်အထည်ဖော်တဲ့အပိုင်းက မြန်မာ-ဗီယက်နမ်ကုန်သွယ်မှုလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးတက်လာတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်က ၁၉၉၈ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ သူတို့ကို မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးမြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ကို ကျွန်တော်က စပြီး Initiative လုပ်ခဲ့တယ်။ ဗီယက်နမ် Trade Fair တွေ မြန်မာနိုင်ငံမှာ ပြနိုင်အောင်လည်း ဆွဲဆောင်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတိုးတက်အောင် လုပ်ချင်ရင် ဗီယက်နမ်ကကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံက သိအောင်လုပ်ရမယ်။ ဘာလုပ်ရမလဲဆိုရင် Trade Fair တွေကို သွားပြရမယ်ဆိုတဲ့ အခြေခံလေးတွေကအစ သူတို့ကို အကူအညီပေးခဲ့ပါတယ်။ တကယ့်ကို အရေးတယူလုပ်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် (ကုန်သွယ်မှုက) အမေရိကန်ဒေါ်လာ ၄ သန်းကနေစလိုက်တာ အခုဆိုရင် သန်းလေးရာကျော်သွားဖို့တောင် ရှိနေပါတယ်။ သူတို့က သန်းခုနစ်ရာလောက် လာမယ့်ငါးနှစ်အတွင်းမှာ တိုးတက်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ ဗီယက်နမ် ကုန်ပစ္စည်းတွေအများကြီး မြန်မာနိုင်ငံကို ရောက်နေပြီဖြစ်တဲ့အတွက် သူတို့ရည်မှန်းချက်တွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဟိုတုန်းက ထိုင်းပစ္စည်းတွေက နယ်စပ်ကနေ ဝင်တယ်၊ တော်တော်များများက ထိုင်းကုန်ပစ္စည်းတွေ အားထားနေရတယ်။ အားထားတဲ့အထဲမှာ အတုအပတွေလည်းပါတယ်။ အရည်အသွေးညံ့တဲ့ ပစ္စည်းတွေလည်း ပါတယ်။ အဲဒါတွေကို ဝယ်ပြီးအသုံးပြုနေရတဲ့ အခြေအနေမှာ ဗီယက်နမ်ကိုရောက်တဲ့အခါ သူတို့ထုတ်ကုန်တွေက ထိုင်းနဲ့ Quality အတူတူပဲဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်ဗီယက်နမ်ကလုပ်ငန်းရှင်တွေကို Quality အတူတူပဲ ကျွန်တော်တို့ဆီရောက်အောင်လုပ်၊ ဈေးလည်း သူတို့ဈေးထက်လျှော့ပြီးရောင်းရင် အကျိုးရှိမယ်လို့ ပြောခဲ့တယ်။ တကယ်လည်း အကျိုးရှိခဲ့ပါတယ်။ အခုဆိုရင် Myanmar Center ဆိုတဲ့ အဆင့်ထိဖြစ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့စီးပွားရေး တိုးတက်လာတာလည်း ပါပါတယ်။
နောက်ပြီးတော့ ဗီယက်နမ်လူမျိုးက စိတ်ဓာတ်ပြင်းတဲ့အတွက်ကြောင့် မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိတယ်။ ကျွန်တော့်ကို အသင်းနဲ့ပတ်သက်ပြီးတာဝန်ပေးတာလည်း ဗီယက်နမ်ကိုထဲထဲဝင်ဝင်သိပြီး လက်တွေ့လည်း လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံလည်းရှိတဲ့အတွက်ကြောင့် တာဝန်ပေးတာဖြစ်ပါတယ်။
အနာဂတ်အစီအစဉ်
-------------------
အနာဂတ်ကိုပြောရင်တော့ Industrial Zone လိုမျိုး ထူထောင်မယ်ဆိုရင် နှစ်နိုင်ငံအတွက် အကျိုးအများကြီးရှိမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကုန်ပစ္စည်းသန်းလေးရာဖိုးကို ဗီယက်နမ်ကနေပို့မယ့်အစား မြန်မာပြည်တွင်းမှာ လာထုတ်မယ်ဆိုရင် ပိုပြီးတော့ အကျိုးအမြတ်ပိုရမှာပါ။ မြန်မာပြည်ကသူတွေအတွက်လည်း အလုပ်အကိုင်ရမယ်။ သူတို့နည်းပညာက ပိုကောင်းတာလေးတွေရှိတယ်။ သူတို့က ရုရှား၊ ကိုရီးယား၊ ဂျပန်တို့က တိုက်ရိုက်နည်းပညာရထားတာလေးတွေရှိတယ်။ ရှိတဲ့အတွက် မြန်မာပြည်မှာလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူရနိုင်တယ်။ နိုင်ငံတစ်နိုင်ငံဆိုတာက လမ်းကြောင်းတစ်ခုတည်း သွားလို့မရပါဘူး။ အကူအညီယူမယ်ဆိုရင် ဥပမာ- အမေရိကန်ကယူတယ်ဆိုရင် အမေရိကန် တစ်နိုင်ငံတည်း ထားလို့မရပါဘူး။ တရုတ်ကယူတယ်ဆိုရင်လည်း တရုတ်တစ်နိုင်ငံတည်း ထားလို့မရဘူး။ ကိုယ်ကဘက်ပေါင်းစုံကနေ တစ်ခုမဟုတ်တစ်ခု ရပ်ဆိုင်းသွားရင် ဘယ်လိုအလှည့်အပြောင်းလုပ်လို့ရမလဲ အမြဲတမ်းစဉ်းစားပြီး လုပ်သင့်တာပါ။ အဲဒါကြောင့် ဗီယက်နမ်နဲ့လည်း လုပ်သင့်တယ်။ ဘာလို့လဲဆိုရင် ချစ်ကြည်ရေးအနေနဲ့လည်း ကိုယ်နဲ့အလွန်ကောင်းမွန်ပြီးသား၊ နည်းပညာအနေနဲ့လည်း မြန်မာနိုင်ငံအတွက် အသုံးတည့်တဲ့အဆင့်ရှိတယ်။ High Tech မဟုတ်ဘူး၊ ဈေးလည်းမကြီးဘူး၊ Quality အတိုင်းအတာတစ်ခုရတယ်။
ဥပမာတစ်ခုပြောရင် ငှက်ဖျားတိုက်ဖျက်ရေးစီမံကိန်း တအားအောင်မြင်ပါတယ်။ မြန်မာပြည်က လူတစ်သိန်းမှာ ရာနဲ့ချီသေတဲ့အချိန်မှာ ဗီယက်နမ်ကသုံး၊ လေးယောက်ပဲသေတဲ့အထိပဲရှိတော့ အင်မတန်ကို အောင်မြင်ခဲ့ပါတယ်။ အောင်မြင်သွားတဲ့အခါ ကျွန်တော့်ကိုလေ့လာပြီးတော့ Report ရေးပါလို့ တာဝန်ပေးတဲ့အတွက်ကြောင့် သေချာလေ့လာပြီး Report ရေးတယ်။ အသေးစိတ် သက်ဆိုင်ရာအဖွဲ့အစည်းတွေရော၊ လုပ်ငန်းတွေရော၊ Expert တွေရောတွေ့ပြီး သေချာမေးပြီး အသေးစိတ်ရေးပြီးတဲ့အခါ ဒီဘက်ကခေါင်းဆောင်ပိုင်းက တော်တော်လေးသဘောကျခဲ့ပါတယ်။ ဘယ်လောက်ထိ ကျွန်တော်ရေးလဲဆိုရင် အဲဒီတုန်းက ငှက်ဖျားဆေးက အင်တီမစ်စီနင်း (Antimisini) ခေါ်တာဖြစ်ပါတယ်။ ကွီနင်း (Conin) က ထုတ်တဲ့အဆင့်မဟုတ်ဘဲ အင်တီမစ်စီနင်းက (Antimisia) အပင်ကထုတ်တာ။ အဲဒီဆေးက တရုတ်ကထုတ်တဲ့ ဆေးထက်ပိုကောင်းတယ်။ ဈေးလည်း ပိုသက်သာတယ်။ WHO လည်း အသိအမှတ်ပြုထားတယ်။ အပင်ကနေရာလိုက်ပြီး အာနိသင်ကွာတယ်။ ဗီယက်နမ်တောင်မှ မြောက်ပိုင်းမှာ စိုက်တာနဲ့၊ တောင်ပိုင်းမှာစိုက်တာ မတူပါဘူး။ မြောက်ပိုင်းမှာစိုက်တာက ပိုအဆင့်မြင့်ပါတယ်။ အာနိသင်လည်း အင်မတန်ကောင်းတော့ မြန်မာပြည်က စိတ်ဝင်စားတယ်။ အချုပ်ပြောရရင်တော့ ဗီယက်နမ်ငှက်ဖျားဆေးတွေ မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ အသုံးလည်း တော်တော်တည့်တယ်၊ အကျိုးလည်းတော်တော်ရှိပါတယ်။ အပင်စိုက်ဖို့ မျိုးတွေပေးလိုက်ပေမယ့် မြန်မာပြည်မှာစိုက်တယ်၊ သူတို့လောက် အာနိသင်ကတော့ အပြည့်အဝမရဘူး။
ပြောရမယ်ဆိုရင် ဗီယက်နမ်မှာ အားနည်းချက်ရှိသလို၊ အားသာချက်လည်းရှိတယ်။ အတုယူသင့်တာတွေလည်း အများကြီးရှိတယ်။ မြန်မာပြည်မှာ သံမဏိမထုတ်နိုင်သေးတဲ့အချိန်မှာ ဗီယက်နမ်မှာ အကြီးအကျယ်ထုတ်နေပြီ။ ဥရောပက သံချောင်းတွေဝယ်မယ့်အစား၊ ဗီယက်နမ်က သံချောင်းတွေဝယ်ရင် Same Quality ရပါတယ်။ သူတို့ရုရှားနည်းပညာနဲ့လုပ်တာ။ အခုဆိုသွင်းချင်တဲ့နေရာကနေ သွင်းလိုက်တဲ့အခါကျတော့ သံချောင်းတွေကအစ Quality ညံ့ပါတယ်။ Quality ညံ့တွေကို ဈေးကြီးပေးဝယ်တယ်၊ တကယ်ဆောက်တဲ့အခါကျတော့ Quality မမီတာတွေဖြစ်တယ်။ တကယ့်ကိုယ့်မျက်စိအောက်က မြင်နေရတဲ့ အာဆီယံနိုင်ငံထဲက ပစ္စည်းတွေ ဈေးပေါပေါနဲ့ရမယ်၊ အရည်အသွေးမီတာရမယ်ဆိုရင် အကျိုးအများကြီးရှိပါတယ်။
အခုဆိုရင် မြန်မာကုမ္ပဏီတွေက ဗီယက်နမ် Telecom တွေနဲ့ ပေါင်းပြီးလုပ်နေတယ်။ ဗီယက်နမ်ရဲ့ Telecom တအားအဆင့်မြင့်သွားတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၈ ခုနှစ်ကလောက်ကစပြီး Telecom ကို ဖွင့်ပေးလိုက်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ တော်တော်ခက်ခဲတဲ့အချိန် သူတို့ကဖွင့်ပေးလိုက်တယ်။ Operator လေးခုလောက်ပြိုင်ခိုင်းတယ်။ ပြိုင်ခိုင်းတဲ့အတွက် Telecom ကလည်း အများပြည်သူအတွက်ကို သက်သက်သာသာနဲ့ အသုံးပြုနိုင်သွားပါတယ်။ ၂၀၀၂ ခုနှစ်လောက်မှာ တစ်တိုင်းပြည်လုံးပြန့်သွားတယ်။ Operator တွေ ဝင်လာတဲ့အခါ Technology လည်း အကုန်ရသွားတယ်။ မြန်မာပြည်က အခုမှစတုန်း ဖြစ်ပါတယ်။ သူတို့က Technology နဲ့ပတ်သက်ပြီး မြန်မာပြည်ထက် ၁၇ နှစ်လောက်ရှေ့ရောက်နေပြီ။ လူသုံးကုန်ပစ္စည်းတွေ၊ စက်မှုပစ္စည်းတွေအတွက် သူတို့ဆီကနည်းပညာတွေ အများကြီးရနိုင်တယ်။ ကိုယ့်တိုင်းပြည်အတွက် ကောင်းကောင်းမွန်မွန် သုံးနိုင်တဲ့အဆင့်ရနိုင်ပါတယ်။ သူတို့ဆီက နမူနာယူသင့်တာတွေလည်း အများကြီးရှိပါတယ်။ Banking ၊ Agriculture ၊ Fishery တွေကအစ အားသာချက်တွေ အများကြီးရှိပါတယ်။ Fishery ဆိုရင် ကျွန်တော်ဗီယက်နမ်မှာ တာဝန်ကျတုန်းကတည်းက အမေရိကန်ဒေါ်လာတစ်ဘီလီယံလောက် Export လုပ်နိုင်တယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အကျိုးအများကြီးရှိပါတယ်။
အသင်းအနေနဲ့ မြန်မာ့စီးပွားရေးအတွက် ဘယ်လောက်အထောက်အကူပြုမလဲ
---------------
နောက်ဆုံး Trade Volume တွေ မြင့်မားရုံမကဘဲနဲ့ Production Base တစ်ခု ကိုယ့်ပြည်တွင်းမှာ လာရောက်တဲ့အထိဖြစ်ရမယ်။ ဒါဖြစ်လည်းဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒါတွေက ဆွေးနွေးပြီးနေပြီဖြစ်ပါတယ်။ သူတို့ဘက်က ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်းက ကွန်မြူနစ်ပါတီက တိုက်ရိုက်ဖွဲ့ထားတဲ့အတွက် တကယ်ကို Powerful ဖြစ်တယ်။ ဗီယက်နမ်၊ တရုတ်ဆိုတာ ကွန်မြူနစ်ပါတီက အုပ်ချုပ်နေတာဖြစ်ပါတယ်။ အဲဒီလိုအသင်းမျိုးနဲ့ လုပ်ရမယ်ဆိုတော့ အများကြီးအလုပ်လုပ်ရတာအားရှိတယ်။ ဒီဘက်ကလည်း စီးပွားရေးသမားအချင်းချင်းကို ချိတ်ဆက်ပေးပါမယ်။ အခုလည်း စတော့စနေပြီ။ ချစ်ကြည်ရေးအသင်းကို အခြေခံပြီးတော့လာမယ့် စီးပွားရေးလုပ်ငန်းရှင်တွေလည်း အများကြီးရှိပါတယ်။ အခြေခံအားဖြင့် ဒီမှာလာပြီး Investment များများလုပ်ဖို့ ဖိတ်ခေါ်မယ်။ သူတို့ကလည်း လုပ်ချင်တယ်။ သူတို့ကလည်း ငွေကြေးအားဖြင့် တော်တော်တောင့်တင်းလာတဲ့အတွက် လုပ်ချင်ကြပါတယ်။ ဗီယက်နမ်ကို အပေါ်ယံအားဖြင့်ကြည့်ရင် ဆင်းရဲတဲ့နိုင်ငံပဲ၊ ချမ်းသာတဲ့ လူတွေမရှိဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တမ်းပြောရင် တအားချမ်းသာတဲ့ လူတွေအများကြီးရှိနေပြီ။ သူတို့က အားသာချက်ဘာရှိလဲဆိုရင်တော့ စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးပြီး နိုင်ငံရပ်ခြားမှာ အခြေချနေတဲ့ ဗီယက်နမ်လူမျိုးတွေ ခြောက်သန်းလောက်ရှိပါတယ်။ အဲဒီလူတွေက စီးပွားရေးအောင်မြင်နေကြတယ်။ အဆင်ပြေတော့ ဆွေမျိုးတွေကို ထောက်ပံ့တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အထောက်အကူလုပ်ပေးတယ်။ ဗီယက်နမ်ကို ပြန်လာပြီးတော့ ရင်းနှီးမြှုပ်နှံတယ်။ ဗီယက်နမ်ကမ်းခြေတိုင်းမှာ Industrial Zone တွေက ကမ်းခြေတောက်လျှောက် အရှည်ကြီးရှိတယ်။ နောက်ပြီးတော့ ပြည်နယ်တွေကိုလည်း လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားတယ်။ သူတို့ဆိပ်ကမ်းမှာ တိုက်ရိုက် Export လုပ်တယ်။ Investment တွေကလည်း ဖွင့်ထားတဲ့အတွက် Export Volume ကလည်း တော်တော်မြင့်တယ်။ Samsung မြန်မာပြည်ကနေ ဗီယက်နမ်ကို ရွှေ့သွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မြေကို စကားပြောနေတဲ့အချိန် ဗီယက်နမ်ကမြေကို အလကားပေးလိုက်တယ်။ ဒါမျိုး ပေါ်လစီပြတ်သားတဲ့အပိုင်းလေးတွေ ရှိတယ်။ အဲဒါကြောင့် ဗီယက်နမ်နဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် နောက်ပိုင်းမှာ ဗီယက်နမ် Investor တွေ အများကြီးရောက်လာမှာ ဖြစ်ပါတယ်။ သူတို့နဲ့ စပ်တူလုပ်နိုင်ခြင်းအားဖြင့် ကိုယ့်ဆီကလူတွေလည်း ပိုပြီးဝင်ငွေတွေရမယ်။ အလုပ်ကိုင် အခွင့်အလမ်းတွေ ပိုပြီးရလာမယ်။ အလားအလာကောင်းတွေလည်း အများကြီးရှိပါတယ်။ လက်ရှိစီးပွားရေးချိတ်ဆက်မှုတွေကတော့ စနေပြီလို့ ပြောလို့ရပါတယ်။ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေ ကျွန်တော့်ကိုလာတွေ့ပြီးတော့ ချိတ်ဆက်နေတာတွေရှိတယ်။ အရှိန်အဟုန်ကတော့ MOU ထိုးပြီးရင် သူတို့လည်း လုပ်ငန်းတွေလည်း ခိုင်ခိုင်မာမာဖြစ်လာမှာ ဖြစ်ပါတယ်။
အခုတော့ ဗီယက်နမ်က ရှေ့ကိုတော်တော်ရောက်သွားပြီ။ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးအခြေအနေက ဖိလစ်ပိုင်ထက်တောင်သာသွားပြီ။ ဘာကြောင့် စီးပွားရေးအောင်မြင်လဲဆိုတာ မြန်မာနိုင်ငံအနေနဲ့ အတုယူလေ့လာဖို့ ကောင်းပါတယ်။ ဘာကြောင့်သူတို့ Export Volume တွေ အများကြီးရလဲ၊ ဘာကြောင့် စိုက်ပျိုးရေးသီးနှံတွေ အများကြီးထွက်သလဲ။ ဗီယက်နမ်ဆိုတာ မြန်မာနိုင်ငံရဲ့ ထက်ဝက်တောင်မရှိပါဘူး။ အခုဆိုရင် တစ်နှစ်ကို ဆန်တန်ချိန်လေးသန်းလောက် ရောင်းနေတယ်။ မြန်မာပြည်က တစ်သန်းရောင်းရဖို့အတွက် မနည်းလုပ်နေရတဲ့အချိန်ပါ။ ဗီယက်နမ်လူဦးရေက သန်းရှစ်ဆယ်လောက်ရှိတယ်။ မြန်မာပြည်က သန်းငါးဆယ်လောက်ပဲရှိတာ။ ဘာကြောင့် လူဦးရေများရက်သားနဲ့၊ တိုင်းပြည်ကလည်း ကျဉ်းမြောင်းသေးငယ်ရက်သားနဲ့ ဘာကြောင့်တိုးတက်သွားသလဲဆိုတာ သူတို့မှာချမှတ်ထားတဲ့ ပေါ်လစီတွေက နမူနာယူစရာကောင်းတာတွေရှိတယ်။ သူတို့ရဲ့ လူသားအရင်းအမြစ်စိတ်ဓာတ်တွေ၊ လုပ်ဆောင်နိုင်တဲ့ စွမ်းပကားတွေ ဒါတွေကို နမူနာယူစေချင်တယ်။ အထူးသဖြင့် လူငယ်တွေလည်း ဗီယက်နမ်ကို လေ့လာစေချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေဆို အားကျစရာကောင်းပါတယ်။ တရုတ်ဆို တအားတိုးတက်သွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီလောက်ရောက်ဖို့ တော်တော်ကြိုးစားရမယ်။ အဲဒီတော့ အနီးကပ်ဆုံးက ဗီယက်နမ်ရှိတယ်။ ဗီယက်နမ်ကို မီအောင်လုပ်နိုင်ရင်ကို မြန်မာနိုင်ငံရဲ့ အခြေအနေက တော်တော်လေးကောင်းလာမယ်။ အဲဒါတွေသဘောပေါက်ဖို့ လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။