L'Oréal ကိုပိုင်ဆိုင်သူ Liliane Bettencourt

liliane1

Liliane Bettencourt ဟာ မိဘအမွေတွေကို ဆက်ခံရသူ၊ L'Oréal ကုမ္ပဏီကြီးရဲ့ အဓိကရှယ်ယာရှင် စီးပွားရေးလုပ်ငန်းရှင် ပြင်သစ်အမျိုးသမီးဖြစ်ပါတယ်။ ကမ္ဘာ့သြဇာအကြီးမားဆုံးအမျိုးသမီးတွေရဲ့ စာရင်းထဲမှာဝင်တဲ့ Liliane ဟာ ပြင်သစ်နိုင်ငံရဲ့ အချမ်းသာဆုံးအမျိုးသမီးဖြစ်သလို ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံး Christy Walton ရဲ့နောက်မှာ နည်းနည်းကလေးပဲကွာတဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး အမျိုးသမီးဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အကြီးမားဆုံး အလှကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ L'Oréal ကို တည်ထောင်သူ Eugène Schueller ရဲ့ တစ်ဦးတည်းသောသမီးဖြစ်ပါတယ်။

ဘဝနိဒါန်း . . .

၁၉၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ Louise Eugène Schueller နဲ့ Madeleine Berthe တို့ရဲ့ တစ်ဦးတည်းသောသမီး ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဟာ ဓာတုဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး မိခင်ကတော့ စန္ဒရားဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူ့အသက်ငါးနှစ်အရွယ်မှာ သူ့ရဲ့မိခင်ကွယ်လွန်ခဲ့တဲ့အတွက် သူဟာ သူ့ဖခင်နဲ့ တော်တော်ရင်းရင်းနှီးနှီး ရှိခဲ့ပါတယ်။ ဖခင်ဖြစ်သူ Eugène Schueller ဟာ ကြံရည်ဖန်ရည်ရှိသူတစ်ယောက်ဖြစ်တဲ့အတွက် လူလုပ်ဆံပင်ဆိုးဆေးတွေကို ဖော်ထုတ်ခဲ့ပြီး အဲဒီပစ္စည်းတွေကို ရောင်းချဖို့အတွက် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ သူ့ရဲ့ကုမ္ပဏီမှာ တခြားအလှကုန်ပစ္စည်းတွေလည်း ပါဝင်လာအောင် လုပ်ငန်းကိုတိုးချဲ့ခဲ့ပါတယ်။

လုပ်ငန်းခွင်ထဲစဝင်ချိန် . . .

Liliane ဟာ သူ့ရဲ့ပင်ကိုသဘာဝကိုက အလှကုန်ပစ္စည်းလုပ်ငန်းကို စိတ်ဝင်စားမှုရှိတဲ့အတွက် ၁၅ နှစ်သမီးအရွယ်မှာ သူ့ဖခင်ရဲ့လုပ်ငန်းမှာ အလုပ်သင်အဖြစ် အလှကုန်ပစ္စည်းတွေ ရောစပ်တဲ့အလုပ်၊ ခေါင်းလျှော်ရည်ပုလင်းတွေ တံဆိပ်ကပ်တဲ့အလုပ်တွေကို ဝင်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ L'Oréal ကုမ္ပဏီရဲ့ကုန်ပစ္စည်းတွေကို နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ဝယ်လို့ရနေပြီဖြစ်ပါတယ်။ Liliane ဟာ လုပ်ငန်းကြီးကို ချဲ့ထွင်တဲ့နေရာမှာ ဖခင်နဲ့ရင်ပေါင်တန်းပြီး အလုပ်လုပ်ခဲ့ပါတယ်။

liliane2

L'Oréal ကို ကိုယ်တိုင်ဦးဆောင်ချိန် . . .

၁၉၅၇ ခုနှစ်မှာ Liliane ဟာ L'Oréal ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး သူ့ရဲ့ဖခင်ကွယ်လွန်တဲ့အခါ L'Oréal ရဲ့ ငွေတွေအမြောက်အမြားကို အမွေဆက်ခံရရှိခဲ့ကာ ကုမ္ပဏီရဲ့ရှယ်ယာ ၃၃ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ အဓိကရှယ်ယာရှင် ဖြစ်လာခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ကုမ္ပဏီကို အများပိုင်အဖြစ်ပြောင်းလဲခဲ့ပြီး အစုရှယ်ယာအများစုကို သူကပဲ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ကုမ္ပဏီကို ပြည်သူပိုင်သိမ်းမှာကို သူက စိုးရိမ်ခဲ့တဲ့အတွက် L'Oréal ကုမ္ပဏီထဲက သူ့ရဲ့ရှယ်ယာတွေရဲ့ တစ်ဝက်ကို Nestle ကုမ္ပဏီကြီးရဲ့ရှယ်ယာ ၃ ရာခိုင်နှုန်းနဲ့ လဲလှယ်ခဲ့ပါတယ်။

သူဟာသူ့ရဲ့ကုမ္ပဏီအတွက် ရည်မှန်းချက်ကြီးမားတဲ့အတွက် ကျယ်ပြန့်တဲ့လုပ်ငန်းတိုးချဲ့ရေး မဟာဗျူဟာတစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ သူဟာ Lancôme အလှကုန်ပစ္စည်းအမှတ်တံဆိပ်၊ Helena Rubinstein အမေရိကန် အလှပြင်ပစ္စည်းကုမ္ပဏီ၊ Ralph Lauren အမေရိကန်ဖက်ရှင်ပစ္စည်း လက်လီရောင်းဝယ်ရေး လုပ်ငန်းကြီးအပါအဝင် ကုမ္ပဏီတော်တော်များများကို ဝယ်ယူပြီး သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းကြီးထဲကို သိမ်းသွင်းခဲ့ပါတယ်။

ကုမ္ပဏီဟာ သူ့ရဲ့ညွှန်ကြားမှုအောက်မှာ လုပ်ငန်းတွေကို အများကြီးကောင်းအောင်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အလှပြင်ပစ္စည်းကုမ္ပဏီကြီးတစ်ခုအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ အဆပေါင်းများစွာ တိုးလာခဲ့ပြီး သူဟာလည်းကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတစ်ဦးအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်မှာ သူ့ရဲ့ဒါရိုက်တာသက်တမ်းကို အဆုံးသတ်ခဲ့ပြီး သူ့ရဲ့မြေးဖြစ်သူ Jean-Victor ကို လွှဲပြောင်းပေးခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့ L'Oréal ကုမ္ပဏီကြီးဟာ အလှအပနဲ့အလှပြင်ပစ္စည်းလောကမှာ လူကြိုက်များပြီး ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်တွေထဲမှာ ပါဝင်နေပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ ကုမ္ပဏီကခန့်ထားတဲ့ ဝန်ထမ်း ပေါင်း ၆၆,၆၂၇ ဦးရှိနေပါပြီ။ ၂၀၁၅ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၂၈ ဘီလီယံ ရရှိခဲ့ပါတယ်။

ဝါသနာနဲ့ နေထိုင်မှုပုံစံ . . .

သူဟာ အနုပညာပစ္စည်းစုဆောင်းသူတစ်ဦးဖြစ်ပြီး သူစုဆောင်းထားတဲ့ ပန်းချီကျော် Chirico ၊ Fernand Léger ၊ Picasso ၊ Girodet ၊ Matisse ၊ Munch ၊ Juan Miro နဲ့ Braque တို့ရဲ့ လက်ရာပန်းချီကားတွေရဲ့စုစုပေါင်း တန်ဖိုးဟာ ယူရိုသန်း ၂၀ ကျော်ရှိပါတယ်။

Liliane ဟာ အသက်အရွယ် တော်တော်အိုမင်းလာတာတောင်မှ ကျန်းမာသန်စွမ်းအောင် လမ်းလျှောက်တဲ့အလုပ်ကို နေ့တိုင်းအကြာကြီးလုပ်ပါတယ်။ သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ Liliane ဟာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို နေ့စဉ်မှန်မှန် လုပ်ပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေထဲမှာ ရေကူး၊ လမ်းလျှောက်နဲ့ စက်ဘီးစီးလေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။

အိမ်ထောင်ရေးဘ၀ . . .

သူဟာ ပြင်သစ်နိုင်ငံရေးသမား André Bettencourt နဲ့ လက်ထပ်ခဲ့ပြီး André ဟာ နာဇီတွေကို တော်လှန်ခဲ့တဲ့အတွက် စစ်သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပါတယ်။ André ဟာ နှစ်ပေါင်း ၂၀ ကြာအောင် အစိုးရဝန်ကြီးတစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ L'Oréal ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Liliane နဲ့ André မှာ သမီးတစ်ဦးထွန်းကားခဲ့ပါတယ်။ Liliane ဟာ သူ့ထက်အသက်အများကြီးငယ်တဲ့ François-Marie Banier နဲ့ အငြင်းပွားစရာဆက်ဆံမှုတွေနဲ့ တစ်ဦးတည်းသောသမီးနဲ့ ဆက်ဆံရေးခပ်တန်းတန်း ဖြစ်သွားမှုတို့ကြောင့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

liliane3

ရန်သူများစွာနဲ့သူ့ဘ၀ . . .

သူဟာ လူလိမ်လူကောက် Bernie Madoff ရဲ့ သားကောင်ဖြစ်သွားသူတွေထဲက အထင်ပေါ်ဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့လည်း သတင်းကြီးခဲ့ပါတယ်။ Bernie Madoff ဟာ အလွဲသုံးစားလုပ်မှုမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်သလို လိမ်ညာထားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ Liliane ဟာ လူလိမ် Bernie Madoff ရဲ့ အလိမ်အညာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးထဲမှာ ယူရို ၂၂ သန်း ဆုံးရှုံးသွားပါတယ်။

၂၀၁၁ ခုနှစ်မှာ မိသားစုရဲ့မိတ်ဆွေဖြစ်သလို ဓာတ်ပုံဆရာလည်းဖြစ်တဲ့ Francois-Marie Banier အပါအဝင် သူ့ရဲ့နောက်လိုက်နောက်ပါတွေကို လက်ဆောင်တွေပေးခဲ့ကြတာနဲ့ပတ်သက်ပြီး တရားရုံးမှာ အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့၂၀၁၂ ခုနှစ်ကစပြီး သမီးဖြစ်သူ Francoise နဲ့ မြေးနှစ်ယောက်ဟာ မိသားစုပိုင်ဆိုင်ပစ္စည်းတွေရဲ့ ပစ္စည်းထိန်းတွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လမှာ ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy ဟာ Bettencourt အရေးအခင်းလို့ခေါ်တဲ့ ကိစ္စကြီးထဲကို ဆွဲသွင်းတာခံခဲ့ရပါတယ်။ Sarkozy ဟာ Liliane ရဲ့ ပိုင်ဆိုင်မှုတွေကို သုံးစွဲဖို့အတွက် Liliane ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကို အခွင့်ကောင်းယူခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ တရားသူကြီးတွေက သူ့ကို အပေါ်ယံအားဖြင့် သံသယရှိသူအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုဟာ Liliane ရဲ့ ဝန်ထမ်းဟောင်းတစ်ယောက်ရဲ့ စွပ်စွဲပြောဆိုမှုတွေဆီက အစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်ကတော့ အမွေဆက်ခံသူ Liliane အနေနဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်လောက်အောင် စိတ်ပိုင်းဆိုင်ရာကျန်းမာမှုမရှိသေးတဲ့အချိန်မှာ Sarkozy က သူ့ရဲ့ ၂၀၀၇ ခုနှစ် သမ္မတရွေးချယ်ပွဲ မဲဆွယ်လှုပ်ရှားမှုထဲမှာ ငွေကြေးထည့်ဝင်ဖို့အတွက် Liliane ဆီက ငွေတွေကို လက်ဆောင်အဖြစ် လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာအမှားမှမလုပ်ခဲ့ပါဘူးလို့ Sarkozy က အမြဲငြင်းဆန်ခဲ့ပြီး သူ့အပေါ်မှာ စွပ်စွဲထားတဲ့အဲဒီအမှုဟာ ၂၀၁၃ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒါအပြင် ၂၀၁၅ ခုနှစ်မှာ Liliane ဆီက ယူရိုငွေတွေ သန်းနဲ့ချီပြီး အလွဲသုံးစားလုပ်ထားတဲ့ လူဆယ်ယောက်ရဲ့သတင်းတွေထွက်ပြီး ပြင်သစ်တရားရုံးက နာမည်ကျော်ဓာတ်ပုံဆရာတစ်ယောက်နဲ့ မန်နေဂျာဟောင်းတချို့အပါအဝင် လူရှစ်ဦးဟာ Liliane ရဲ့ စိတ်ကျန်းမာရေးမကောင်းတာကို အခွင့်ကောင်းယူပြီး သူ့ဆီက ယူရိုငွေတွေ သန်းနဲ့ချီပြီး လိမ်လည်မှုကျူးလွန်ခဲ့ကြောင်းကို တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံဆရာ François-Marie Banier ကို ထောင်ဒဏ်သုံးနှစ်နဲ့ Bettencourt ကို ဒေါ်လာ ၁၇၂ သန်း (ယူရို ၁၅၈ သန်း) ပြန်ပေးဖို့ တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ Liliane ကတော့ ဥရောပရဲ့ အချမ်းသာဆုံး အမျိုးသမီးကြီး ဖြစ်နေဆဲပါပဲ။

ပရဟိတလုပ်ငန်းများ . . .

Liliane Bettencourt ဟာ သူ့ရဲ့ခင်ပွန်း၊ သူ့ရဲ့သမီးတိုနဲ့အတူ ၁၉၈၇ ခုနှစ်မှာ Bettencourt Schueller ဖောင်ဒေးရှင်းကြီးကို တည်ထောင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ Neuilly-sur-Seine မြို့မှာအခြေစိုက်တဲ့ ဒီဖောင်ဒေးရှင်းကြီးဟာ သိပ္ပံပညာ၊ ပညာရေးနဲ့ သုတေသန၊ လူသားချင်းစာနာမှုနဲ့ လူမှုရေးစီမံကိန်းတွေ၊ ယဉ်ကျေးမှုနဲ့အနုပညာတွေကို ကူညီထောက်ပံ့နေပါတယ်။ ဖောင်ဒေးရှင်းကြီးရဲ့ ပိုင်ဆိုင်မှုပေါင်းဟာ ယူရိုသန်း ၁၅၀ တန်ဖိုးရှိပြီး သိပ္ပံပညာသုတေသန၊ ယဉ်ကျေးမှုနဲ့ အနုပညာဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် တစ်နှစ်ကို ယူရို ၁၅ သန်းလောက်သုံးစွဲနေပါတယ်။ ဒီဖောင်ဒေးရှင်းဟာ ပြင်သစ်နိုင်ငံက အခိုင်မာဆုံး ပရဟိတအဖွဲ့ကြီးတစ်ခုဖြစ်ပါတယ်။

Bettencourt Schueller ဖောင်ဒေးရှင်းကြီးဟာ ဆုတွေကို ချီးမြှင့်ပြီး ဆုလက်ခံရှိသူတွေကို ငွေထုတ်ပေးပါတယ်။ ဥပမာအားဖြင့် အသက် ၄၅ နှစ်အောက် ဥရောပတိုက်သားထဲက ထိပ်တန်းဇီဝဆေးဝါး သုတေသနပညာရှင်တစ်ယောက်ကို ‘Liliane Bettencourt Prize for Life Sciences' ဆိုတဲ့ဆုကို နှစ်စဉ်ချီးမြှင့်ပေးပါတယ်။ အဲဒီဆုရပညာရှင်ဟာ သူ့ရဲ့သုတေသနလုပ်ငန်းမှာ သုံးစွဲဖို့ ယူရို ၂၅၀,၀၀၀ ရရှိပါတယ်။ ဖောင်ဒေးရှင်းဟာ ပြင်သစ်အနုပညာအကြောင်းသိရှိမှုကို မြှင့်တင်ပေးဖို့အတွက် Musée Marmottan Monet ပြတိုက်ကြီးမှာ Monet အဆောင်ခွဲကြီးတစ်ခုတိုးချဲ့ဖို့အတွက်လည်း ငွေကြေးထောက်ပံ့ခဲ့ပါတယ်။

တစ်ဖက်မှာလည်း Nestle ကုမ္ပဏီကြီးဟာ မသန့်ရှင်းတဲ့ ကလေးအစားအစာတွေ ပျံ့နှံ့မှု၊ ရေအရင်းအမြစ်ကို လက်ဝါးကြီးအုပ်မှုနဲ့ ကလေးအလုပ်သမားတွေ လက်ခံမှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး ကမ္ဘာကြီးကို ဖျက်ဆီးသူတွေအဖြစ် ၂၀၀၇ ခုနှစ်မှာ Ethecon ဖောင်ဒေးရှင်းကြီးက Black Planet Award ဆုပေးတာကို Nestle ရဲ့ ဥက္ကဋ္ဌဖြစ်သူ Peter Brabeck-Letmathe နဲ့ အတူ Bettencourt ဟာလည်း Nestle ရဲ့ ရှယ်ယာရှင် တစ်ယောက်အနေနဲ့ ခံခဲ့ရပါတယ်။

liliane4

အောင်မြင်မှုများနဲ့ ရရှိခဲ့သောဆုများ . . .

Liliane Bettencourt ဟာ ပြင်သစ်နိုင်ငံမှာ အရပ်သားတွေအတွက် အမြင့်ဆုံးဆုဖြစ်တဲ့ La Légion d'honneur ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ်မှာ Forbes မဂ္ဂဇင်းကြီးက သူ့ကို ၃၉ ဦးမြောက် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

L'Oréal ကုမ္ပဏီ . . .

L'Oréal S.A. ဟာ ပါရီမြို့မှာမှတ်ပုံတင်ထားပြီး Clichy ၊ Hauts-de-Seine မြို့မှာအခြေစိုက်တဲ့ ပြင်သစ်အလှပြင်ပစ္စည်းကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အလှပြင်ပစ္စည်းကုမ္ပဏီကြီး ဖြစ်ပါတယ်။ ၁၉၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့အတွက် အခုဆိုရင် နှစ်ပေါင်း ၁၀၇ နှစ်ကျော်ပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးဟာ ဆံပင်အရောင်၊ အသားအရေ စောင့်ရှောက်မှု၊ နေရောင်ကာကွယ်ရေး၊ မိတ်ကပ်၊ ရေမွှေး၊ ဆံပင်စောင့်ရှောက်မှုတွေကို ဇောက်ချလုပ်ကိုင်ပြီး အလှပြင်ပစ္စည်းနယ်ပယ်မှာ လုပ်ငန်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကုမ္ပဏီဟာ အရေပြားရောဂါဆိုင်ရာ၊ အဆိပ်ဖြစ်မှုဆိုင်ရာ၊ တစ်သျှူးပြုပြင်မှုဆိုင်ရာ၊ ဇီဝဆေးဝါးဆိုင်ရာ သုတေသနလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်ကိုင်နေပြီး အမေရိကန်နိုင်ငံမှာ နာနိုနည်းပညာဆိုင်ရာ မူပိုင်ခွင့်ကို ထိပ်ဆုံးက ကိုင်ဆောင်ထားပါတယ်။ ကုမ္ပဏီဟာ Euro Stoxx 50 စတော့ရှယ်ယာဒိုင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စာရင်းဝင်ပါတယ်။

Brand များ . . .

Brand တွေကို ယေဘုယျအနေနဲ့ လူများစု၊ ပညာရှင်၊ တန်ဖိုးမြင့်နဲ့ တက်ကြွတဲ့အလှပြင်ပစ္စည်း ဈေးကွက်တွေဆိုပြီး သူတို့ပစ်မှတ်ထားတဲ့ဈေးကွက်တွေအပေါ် လိုက်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ Body Shop နဲ့ Galderma တို့ကို ရုံးချုပ်နဲ့ တိုက်ရိုက်တွဲထားပါတယ်။ L'Oréal ဟာ ဓာတုဗေဒပစ္စည်း၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ဒီဇိုင်း၊ ကြော်ငြာ၊ အာမခံ အစရှိတဲ့ လုပ်ငန်းအမျိုးမျိုးမှာလည်း အကျိုးခံစားခွင့်တွေကို ပိုင်ဆိုင်ထားပါတယ်။

liliane5

L'Oréal ကုမ္ပဏီအနေနဲ့ ရရှိခဲ့တဲ့ ဆုများနဲ့ အသိအမှတ်ပြုခံရမှုများ . . .

- ETHISPHERE အဖွဲ့ကြီးက L'Oréal ကုမ္ပဏီကို ကမ္ဘာ့ကျင့်ဝတ်သိက္ခာနဲ့ အပြည့်စုံဆုံး ကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

- ၂၀၁၄ ခုနှစ် ရေရှည်လုပ်ငန်းဆောင်ရွက်မှုဆု

- CDP (ကာဗွန်ဖော်ထုတ်ရေးစီမံကိန်း) က L'Oréal ကို ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးမှာ ထိပ်တန်းက ပါဝင်နေတဲ့ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

- L'Oréal ဟာ ၂၀၁၄ ခုနှစ်မှာ Euronext Vigeo Europe စာရင်းထဲမှာ ဆက်ပြီးပါဝင်အောင် ထိန်းထားခဲ့ပါတယ်။

- Universum လေ့လာဆန်းစစ်မှုအရ L'Oréal က ခေါ်ပြီးခန့်တဲ့အလုပ်တွေဟာ ဥရောပမှာ ဒုတိယဆွဲဆောင်မှုအရှိဆုံး ဖြစ်ပါတယ်။

- Extel ၂၀၁၁ Pan – European Awards ထိပ်တန်းဆုနှစ်ဆုကို ရခဲ့ပါတယ်။ အဲဒီဆုဟာ ဥရောပမှာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်ဆံရေးအကောင်းဆုံး ကျွမ်းကျင်သူတွေကိုပေးတဲ့ဆု ဖြစ်ပါတယ်။

- L'Oréal ဟာ ပြင်သစ်စတော့ရှယ်ယာ ဒိုင်အညွှန်း CAC 40 မှာ တတိယနာမည်အကောင်းဆုံးဖြစ်ပါတယ်။ Challenges ပြင်သစ်မဂ္ဂဇင်းကြီးက နာမည်အကောင်းဆုံး CAC 40 ကုမ္ပဏီတွေအတွက် အဆင့်သတ်မှတ်ချက်တွေကို ထုတ်ဝေခဲ့ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)