စာရေးသူဟာ သူ့မြေးကလေးမွေးကတည်းက ရင်ထဲကထွက်ပေါ်လာတဲ့ပေးစာတွေကို စရေးလာခဲ့တယ်။ နောက်ပိုင်းမြေးကလေးကြီးလာရင်ဖတ်ဖို့ဖြစ်တယ်။ အဲဒီစာတွေ ထဲမှာ ရှိတဲ့အကြောင်းအရာတွေကတော့ အားလုံးအရေးကြီးတဲ့ အကြောင်းအရာတွေချည်းပဲ။ မိဘတွေနဲ့ဆက်ဆံရေး၊ အနိုင်ကျင့်သူတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ လူငယ်သဘာ၀ ချစ်ရေးချစ်ရာကိစ္စတွေ၊ သေခြင်းတရားကို ဘယ်လိုရင်ဆိုင်မယ် စသဖြင့် တော်တော်စုံလင်ပါတယ်။ သူတစ်ခု စိုးရိမ်တာကတော့ သူ့မြေးကလေး လူကြီး အရွယ်ရောက်လာ တဲ့အချိန်အထိ သူ့အသက်ရှင်နေနိုင်ပါ့မလားဆိုတဲ့ အချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ခြေထောက်နှစ်ဖက်စလုံးနဲ့ လက်နှစ်ဖက်စလုံး သွက်ချာပါဒအကြောသေရော ဂါခံစားနေရလို့ဖြစ်တယ်။ ဒီနေရာဂါကလည်း လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက သေသွားနိုင်လောက်အောင် ကားတိုက်ခံခဲ့ရလို့ဖြစ်တယ်။ ဒါကြောင့်လည်း သူဟာ ဘယ်ကိစ္စကိုမှ အမှုမဲ့ဖအမှတ်မဲ့သဘောမထားတတ်သူ တစ်ယောက်ဖြစ် လာတယ်။ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို သူ့မြေးကလေးဟာ ၁၄ လသားအရွယ်ရောက်တော့ Autism ဆိုတဲ့ အထီးကျန်စိတ်ဝေဒနာရောဂါစွဲကပ်နေတာကို သိလိုက်ရတယ်။ ဒီစိတ်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး ဒီလို ကလေးတွေတွေ ပြင်ပကမ္ဘာနဲ့အဆက် အသွယ်မလုပ်တော့ဘဲ သူ့ဘာသာ တစ်ကိုယ်တည်းတွေး ချင်ရာတွေး၊ ငေးချင်ရာငေးနေတတ်ပြီး ပညာသင်ကြားလို့ လည်း မရတတ်ဘူး။ ဒီတော့ မြေးကလည်း ဒုက္ခသည်၊ အဘိုးလုပ်သူ စာရေးဆရာကလည်း ဒုက္ခသည်ဖြစ်နေတယ်။ ဒါကြောင့်လည်း ဒီစာအုပ်ဟာ စာရေးသူရဲ့ လူ့ဘ၀ အမြင်တွေကို မေတ္တာအရင်းခံပြီး ရေးသားထားတာတွေ ဖြစ်နေတယ်။ ဝှီးချဲနဲ့ လှုပ်ရှားနိုင်တဲ့ဒုက္ခိတ ဖြစ်ပေမဲ့ စာရေးသူဟာ စိတ်ရောဂါကုဆရာဝန်အဖြစ်အောင် မြင်စွာရပ် တည်နေနိုင်သူဖြစ်တယ်။ အမေရိကန် ပြည်ထောင်စု ဖီလာဒဲဖီးယားပြည်နယ်က ထုတ်လွှင့်နေတဲ့သောတရှင်တွေရဲ့ တိုက်ရိုက်အမေးအဖြေကဏ္ဍ (Voices in the Family) ဆိုတဲ့ ရေဒီယိုအစီအစဉ်မှာလည်း ဒိုင်ခံဖြေပေးနေရသူလည်းဖြစ်တယ်။ ဒီအစီအစဉ်ဟာ စိတ်ကျန်းမာရေးဆိုင်ရာဆုကိုလည်း ရရှိထားတယ်။