Mr Kazumori Ra ဟာ ဂျပန်နိုင်ငံ၊ တိုကျိုဇာတိ ကိုရီးယား-ဂျပန်သွေးနှောလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူဟာမြန်မာစကားကို ရေလည်အောင်ပြောဆိုနိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာလည်း နှစ်အတော်ကြာနေထိုင်အလုပ်လုပ်ကိုင်နေသူတစ်ယောက်ပါ။ နိုင်ငံတကာစီးပွားရေးနယ်ပယ်ကို အထူးစိတ်ဝင်စားသူတစ်ဦးဖြစ်တဲ့ Mr Kazumori Ra ဟာ MKJ သင်တန်းကျောင်းကို ဦးစီးကာ Corporate training တော်တော်များများကို ကိုယ်တိုင်ပြုလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။
ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ
------------
ကျွန်တော်က ဂျပန်နိုင်ငံ Waseda University ကနေ B.A Degree (Commerce) ရှိခဲ့ပြီး MBA ဘွဲ့ကိုတော့ ကနေ ဒါနိုင်ငံ McGill University ကနေ ရရှိခဲ့ပါတယ်။ Amiways ကို မတည်ထောင်ခင်တုန်းက ကျွန်တော့်အနေနဲ့ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတွေမှာ နယ်ပယ်အစုံက ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်ထဲမှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ်လာရောက်လည်ပတ်၊ နေထိုင်ဖူးတဲ့အတွေ့အကြုံများ
---------------
၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ကျွန်တော်ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို စရောက်ခါစကတော့ အခက်ခဲလေးတွေတော့ ရှိပါတယ်။ ယဉ်ကျေးမှုကအစ အစားအသောက်အဆုံးပါပဲ။ လူနေမှုပုံစံက သိပ်မကွာပေမဲ့ အခက်ခဲလေးတွေတော့ ရှိပါတယ်။မလေးရှားအခြေစိုက် ဂျပန်ကုမ္ပဏီကနေ ကျွန်တော့်ကို Project Coordinator အဖြစ် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်း၊ မြိတ်မြို့ကို စေလွှတ်ခဲ့ပါတယ်။ (အဲဒီကုမ္ပဏီက ဂျန်ဘိုခြင်နိုင်ဆေးခွေတွေကိုလည်း မြန်မာနိုင်ငံအတွင်း အဲဒီအချိန်တုန်းက ဖြန့်ဖြူးရောင်းချခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။) Project ကတော့ မြန်မာနိုင်ငံမှာ SeaFood စက်ရုံတည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံသား Operational Level ဝန်ထမ်းတွေနဲ့ နိုင်ငံခြားသား Manager Level ဝန်ထမ်းတွေနှစ်ဖက်စလုံးကြားမှာ ညှိနှိုင်းလုပ်ကိုင်ပေးရတာဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမားပေါင်း နှစ်ထောင်ကျော်ရှိပါတယ်။ သူတို့တွေကိုလေ့လာပြီး အခြေခံကျတဲ့ အချက်တွေ၊ လိုအပ်နေတာတွေကို သိလာပြီး သူတို့ဘယ်လိုသင်ယူရမယ်၊ ဘာတွေလိုအပ်ချက်ရှိနေသလဲ စသဖြင့် သင်ကြားပေးခဲ့ပါတယ်။ အကျိုးအမြတ်ကတော့ စက်ရုံက အာရှမှာ အကောင်းဆုံးနံပါတ်တစ်စက်ရုံ ဖြစ်လာခဲ့ပါတယ်။ မြိတ်မြို့မှာ ၂၀၀၇ ခုနှစ်ထိလုပ်ခဲ့ပြီး မလေးရှားနိုင်ငံရှိ ရုံးချုပ်ကို ပြန်သွားခဲ့ပါတယ်။
တကယ်တော့ ကျွန်တော်အဲဒီအချိန်တုန်းက မြိတ်မှာ တာဝန်မကျခင် တိုကျိုမှာနေထိုင်အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ တိုကျိုလူနေမှုဝန်းကျင်ကနေ မြန်မာနိုင်ငံကိုရောက်တော့ ရန်ကုန်မဟုတ်ဘဲ တကယ့်နယ်မြို့လိုနေရာမှာ ရုတ်တရက် ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်ရတာဖြစ်တဲ့အတွက်ကြောင့် ရုတ်တရက်အခြေမကျနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ အခုတော့ မြိတ်မြို့က တော်တော်လေးစည်ကားနေပါပြီ။ အစပိုင်းမှာတုန်းက တော်တော်လည်း ရုန်းကန်ခဲ့ရပါတယ်။
Amiways အကြောင်း
------------
Amiways Co Ltd ကို ၂၀၁၃ ခုနှစ်မှာ မြန်မာ့လူမှုအဖွဲ့အစည်းကို နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Amiways ဆိုတာက မြိတ်ဒေသစကားအရ Happy Suprise လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ပျော်ရွင်အံ့သြစရာကောင်းတဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွန်တော်တို့ အမြဲတမ်းကြိုး စားသွားမှာ ဖြစ်ပါတယ်။
MKJ International Education Center မြန်မာနိုင်ငံကနေ နိုင်ငံတကာအဆင့်မီစီးပွားရေးလုပ်ငန်းရှင်တွေ မွေးထုတ်ပေးဖို့ MKJ International Education Center ကို တည်ထောင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခု MKJ မှာ စနစ်တကျလေ့ကျင့်ပေးထားတဲ့ သင်ကြားရေးဆရာတွေနဲ့ Corporate Training Program တွေကို အာရုံစိုက်ပြီး သင်ကြားပေးနေပါတယ်။ တကယ်တော့ ကျွန်တော်တို့မှာ ကိုယ်တိုင်ရေးဆွဲထားတဲ့ Syllabus တွေရှိပေမယ့် အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် ဖြစ်ပေါ်နေတဲ့ Issue တွေ၊ လိုချင်တဲ့ သင်တန်းပုံစံတွေအလိုက် ဆွေးနွေးမှုတွေလုပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် သင်ရိုးညွှန်းတမ်း၊ Training Plan တွေကို ရေးဆွဲသင်ကြားပေးတာဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ့်လုပ်ငန်းအဖွဲ့အစည်းရဲ့ လိုအပ်ချက်ကို တိုက်ရိုက်အကျိုးပြုပေးမယ့် သင်တန်းတွေကို ကျွန်တော်တို့ ပေးနိုင်ပါတယ်။ ဒါက ပိုထိရောက်တဲ့နည်းလမ်းလို့ ကျွန်တော်ကိုယ်တိုင် ယုံကြည်ပါတယ်။
ကျွန်တော်က MKJ မှာ Program Coordinator တစ်ယောက်အဖြစ် ဆောင်ရွက်နေပါတယ်။ ကျွန်တော်က ဂျပန်နိုင်ငံနဲ့ ကနေဒါတို့မှာ ပညာသင်ကြားခဲ့ပါတယ်။ မြန်မာလူမျိုးတွေနဲ့ ၁၅ နှစ်ကျော် လက်တွဲပူးပေါင်း ဆောင်ရွက်ဖူးပါတယ်။ နောက်ပြီး နိုင်ငံအများအပြားက SME လုပ်ငန်းတွေ၊ Stock Exchange Listed Company တွေမှာ အလုပ်လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေအများကြီး ရှိပါတယ်။
အဲဒီလိုအတွေ့အကြုံတွေအပေါ် အခြေခံပြီး MKJ က မြန်မာလူမျိုးတွေကို နိုင်ငံတကာအဆင့်စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာကို သိရှိခဲ့ပါတယ်။ MKJ က နောက်ဆုံးပေါ် စီးပွားရေးသီအိုရီတွေ၊ စီးပွားရေးပညာရပ်ဆိုင်ရာအစီအစဉ်တွေ သုံးပြီး သင်ကြားပေးနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီကို ရောက်ရှိလာတဲ့သူတွေရဲ့ လက်ရှိအခြေအနေအပေါ်မူတည် ပြီး သူတို့နဲ့ကိုက်ညီမယ့် အသင့်တော်ဆုံးသင်တန်းကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။
MKJ ရဲ့ Vision
--------
ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ အာရှနဲ့မြန်မာနိုင်ငံမှာ အကောင်းဆုံးပညာရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာဖို့ ဖြစ်ပါတယ်။
MKJ ရဲ့ Mission
--------
ကျွန်တော်တို့ Mission ကတော့ နောက်ဆုံးပေါ်နိုင်ငံတကာအဆင့်မီ သင်ကြားရေး Program တွေကို အသုံးပြုသင်ကြားပေးပြီး မြန်မာနိုင်ငံကနေ ကမ္ဘာ့အဆင့်မီစီးပွားရေးလုပ်ငန်းရှင်တွေ မွေးထုတ်ပေးဖို့ ဖြစ်ပါတယ်။
MKJ ရဲ့ Motto
---------
ကျွန်တော်တို့ရဲ့ လက်ကိုင်ဆောင်ပုဒ်ကတော့ ပျော်ရွှင်အံ့သြဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေကို Customer တွေကို ပေးသွားဖို့ ဖြစ်ပါတယ်။
ဘယ်လိုသင်တန်းတွေကို သင်ကြားပေးနေသလဲ
------------------
ကျွန်တော်တို့ဆီမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့အခြေခံကျတဲ့ ကျွမ်းကျင်မှုတွေကို အဓိကထားပြီး သင်ကြားပေးပါတယ်။ အဓိကအနေနဲ့တော့ Logical Thinking/Problem Solving ၊ Cross Cultural Communication Organizational Behavior ၊ Strategy ၊ Sales & Marketing ၊ Team Building ၊ Bussiness Manners နဲ့ Design Thinking စတဲ့ Program အမျိုးမျိုးရှိပါတယ်။
Trainer တွေအနေနဲ့ ဂျပန်လူမျိုး၊ ဥရောပလူမျိုးနဲ့ မြန်မာလူမျိုးတွေ ဖြစ်ပါတယ်။ Trainer တွေက MBA ဘွဲ့ရတွေ၊ CPA လက်မှတ်ရရှိထားသူတွေ၊ ရှေ့နေတွေ ဖြစ်ကြပြီး အတွေ့အကြုံအများကြီးရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြပါတယ်။
ပြီးတော့ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်တည်ထောင်ချင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေကိုလည်း လုပ်ငန်းတည်ထောင်ခြင်းကစပြီး ဝန်ထမ်းခန့်ခြင်းကိစ္စတွေအထိ ဝန်ဆောင်မှုပေးတဲ့ Business Consulting / Recruiting Service လည်း လုပ်ပေးပါသေးတယ်။ ပြီးတော့ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ပြီးလုပ်ငန်းလုပ်တဲ့အခါမှာ သိသင့်တဲ့ ဓလေ့ထုံးတမ်းတွေက လိုအပ်ရင် လိုအပ်သလို သင်တန်းပေးတာမျိုးလည်း လုပ်ပေးပါတယ်။
English Conversation Course ၊ Business English Course ၊ Pronounciation Course ၊ Business Basics Course ၊ MBA Introductory Course နဲ့ Japanese Translation Course တို့လို သင်တန်းတွေလည်း ရှိပါတယ်။
MKJ နဲ့ Amiways တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက
--------------------
တခြားအဖွဲ့စည်းတွေအနေနဲ့တော့ MKJ Asia Leaders Pte Ltd (Singapore) ၊ Rapro Pack Co Ltd (Japan) တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
၂၀၁၈ ခုနှစ်အတွင်း MKJ က ဘာတွေဆက်လက် လုပ်ဆောင်သွားဦးမှာပါလဲ
--------------
ကျွန်တော်တို့အနေနဲ့ LEGO Serious Play Method နဲ့ Workshop တွေ များများပေးဖို့ လုပ်ဆောင်ချင်ပါတယ်။ LEGO Serious Play နဲ့ သင်တန်းတွေ နိုင်ငံတကာမှာတော့ နာမည်ကြီးပေမယ့် မြန်မာနိုင်ငံမှာတော့ မတွင်ကျယ်သေးပါဘူး။ ဒါပေမဲ့ LEGO Serious Play Method နဲ့ Workshop တွေပေးမယ်ဆိုရင် ကုမ္ပဏီအတွင်း ဆက်သွယ်ရေး၊ ရည်မှန်းချက်အောင်မြင်အောင်ဆောင်ရွက်ခြင်း၊ နည်းဗျူဟာများချမှတ်ခြင်းနဲ့ အသင်းအဖွဲ့တည်ဆောက်ခြင်း စတဲ့ပြဿနာတွေ အများကြီးကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြီး စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာစာအုပ်တစ်အုပ် ထုတ်ဝေသွားဖို့ စီစဉ်နေပါတယ်။
LEGO Serious Play အကြောင်း
----------------
LEGO Serious Play က ကျွန်တော်တို့ အစည်းအဝေးလုပ်တဲ့အခါ ပိုမိုလွယ်ကူစေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ရှုပ်ထွေးတဲ့ကိစ္စတွေဖြစ်လာတဲ့အချိန်၊ ပြဿနာဖြေရှင်းရခက်တဲ့အချိန်နဲ့ အဖြေတိတိကျကျမထွက်တဲ့ အချိန်တွေမှာဆိုသုံးပါတယ်။ သူက ပိုမိုလွယ်ကူစေပြီး လိုချင်တဲ့အရာကို တိတိကျကျအဖြေ ထုတ်ပေးပါတယ်။
နောက်ပြီး အစည်းအဝေးမှတဆင့် အမြင်ဖလှယ်ခြင်းတွေ အတွေးအခေါ်သစ်တွေ အသင်းအဖွဲ့စိတ်ဓာတ် တိုးတက်တာတွေ အစရှိတဲ့အကျိုးသက်ရောက်မှုတွေ ပေးပါတယ်။ တကယ်တော့ LEGO Serious Play ကို သုံးတာက အစည်းအဝေးတွေလုပ်တဲ့အခါမှာ လူတစ်ယောက်ချင်းစီတိုင်းရဲ့ ကိစ္စရပ်တစ်ခုအပေါ် မြင်တဲ့အမြင်ကို လက်တွေ့ပုံဖော်ပြသနိုင်စေပါတယ်။ Prototype တစ်ခု၊ ပုံသဏ္ဍာန်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ပြီးတော့ ဒါကိုကြည့်ပြီး တခြားလူတွေကို ကိုယ့်အတွေးအမြင်ကို ပြန်ရှင်းပြရလွယ်ကူသလို တခြားလူတွေအနေနဲ့လည်း ရှင်းရှင်းလင်းလင်း သိသွားမှာ ဖြစ်ပါတယ်။
နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း LEGO Serious Play အတွက် Certified Facilitator တစ်ယောက် ဖြစ်ပါတယ်။
MKJ နဲ့ Amiways တို့ရဲ့ ရေရှည်အနာဂတ်အစီအစဉ်
--------
အခုကတော့ ကျွန်တော်တို့က အရွယ်ရောက်ပြီး အလုပ်လုပ်နေတဲ့လူတွေကို အဓိကထားပြီး ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။ သိပ်မကြာတော့တဲ့ကာလမှာ ကလေးငယ်တွေအတွက်ပါ နောက်ဆုံးပေါ် နိုင်ငံတကာသင်ကြားရေးအစီအစဉ်တွေနဲ့ မိတ်ဆက်ပေးပြီး ပညာရေးဆိုင်ရာဝန်ဆောင်မှုတွေပေးသွားဖို့ အစီအစဉ်ရှိပါတယ်။