Justin Sway

justinsway1

Justin Sway

CEO

MMONE Online Company

JobNet.com.mm

ShweProperty.com.mm

ဒီနေ့ခေတ်မှာ အလုပ်အကိုင်ရှာဖွေချင်ရင် ကိုယ့်လက်ထဲမှာ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အလုပ်အကိုင်ဈေးကွက်ထဲက ဘယ် Industry တွေမှာ ဘယ်လိုရာထူးတွေ လစ်လပ်နေတယ်ဆိုတာကို ဖော်ပြပေးနေတဲ့ အလုပ်အကိုင်အေဂျင်စီ Website တွေ အများကြီးရှိနေပါပြီ။ လိုအပ်တဲ့အရည်အချင်းတွေ၊ လုပ်ရမယ့်အလုပ်တာဝန်တွေ၊ ဝန်ထမ်းရပိုင်ခွင့်တွေကိုပါ တစ်ပါတည်းဖော်ပြထားတာကြောင့် အလုပ်မလျှောက်ခင်ကတည်းက ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာကိုပါ သိရှိနိုင်နေပါပြီ။ ဒီလိုအလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ပြပေးနေတဲ့ Website တွေထဲက သတိထားလာမိတဲ့ Jobnet.com.mm ရဲ့ Founder ဖြစ်သူ Justin Swayကို အင်တာဗျူးတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပြီး လုပ်ငန်းအကြောင်း၊ သူ့ရဲ့ဖြတ်သန်းရာဘဝခရီးလမ်းကြောင်းတို့ကို အခုလိုသိခွင့်ရခဲ့ပါတယ်။

ပညာအရည်အချင်းနဲ့အတူ လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော်က သြစတြေးလျနိုင်ငံ၊ Malbone မြို့က Monash University ကနေ Bachlor of Computing နဲ့ ဘွဲ့ရခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်က မြန်မာနိုင်ငံမှာ မွေးတာပါ။ ကျွန်တော်လေးနှစ်သားထိ မိသားစုက မြန်မာပြည်မှာနေကြပါတယ်။ ပြီးတော့ ကျွန်တော် သြစတြေးလျမှာ ကျောင်းတက်ခဲ့ပြီး အဲဒီမှာပဲ အလုပ်စလုပ်ခဲ့ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ ကျွန်တော် Fast Track ဆိုတဲ့ Software ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး၊ နှစ်ပေါင်း ၂၀ ကြာ ကျွန်တော်လုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းကို လွန်ခဲ့တဲ့သုံးနှစ်က Private Equity တစ်ခုကို ရောင်းချခဲ့ပြီး သြစတြေးလျ၊ နယူးဇီလန်မှာ Recruitment Software ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ Head Operation လုပ်ငန်းတွေကိုတော့ Europe မှာ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ ဆောင်ရွက်နေပြီး၊ ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ Recruitment ပိုင်းမှာတော့ ဦးဆောင် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သြစတြေးလျမှာဆိုရင် ကျွန်တော်တို့ရဲ့ ဈေးကွက်က ၄၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။

မြန်မာနိုင်ငံအကြောင်းလေ့လာခဲ့ပုံနဲ့ မြန်မာနိုင်ငံကို စီးပွားရေးလာလုပ်ဖို့ ရွေးချယ်ဖြစ်ခဲ့ပုံ . . .

ကျွန်တော့်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မြန်မာပြည်ကို နှစ်ပေါင်းလေးဆယ်ကြာ မရောက်ဖြစ်ခဲ့ဘူး။ ၂၀၁၂ ခုနှစ် မှာတော့ မြန်မာပြည်မှာရှိတဲ့ အဖေ့ရဲ့အမျိုးတွေဆီကို အဖေနဲ့အတူ အလည်လာဖြစ်ခဲ့ပါတယ်။ အဲဒီမှာ အင်တာနက်အသုံးပြုတာရဲ့ အခွင့်အလမ်းတွေကို သိရှိနိုင်ဖို့အတွက် Researching ၊ Software ၊ Marketing ပိုင်းတွေကို  ဝန်ထမ်းနှစ်ယောက်၊ သုံးယောက်လောက်နဲ့ အစပျိုးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Myanmar Job Market.com ဆိုတဲ့ Website ကို တည်ထောင်ခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ အလုပ်ရှာဖွေရေး Website တွေထဲမှာ နံပါတ်သုံးနေရာမှာ ရှိပါတယ်။ ကျွန်တော့်ဆီမှာ မြန်မာပြည်မှာ အခြေစိုက်ထားတဲ့ နိုင်ငံတကာက Expat တွေကိုလည်း ငှားရမ်းထားပါတယ်။ သူတို့တွေက ကျွန်တော့်ကို အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ဘာတွေဖြစ်နေပြီဆိုတာကို အမြဲ Update လုပ်ပေးပါတယ်။ သူတို့တွေက စီးပွားရေး၊ နိုင်ငံရေးပိုင်းတွေ သာမကဘဲ အင်တာနက်ပိုင်းတွေမှာပါ ဘာတွေပြောင်းလဲနေတယ်ဆိုတာကို အမြဲပြောပြပေးနေပါတယ်။ ပြည်တွင်းဥပဒေရေးရာပညာရှင်တွေဆီကနေလည်း လေ့လာခဲ့တယ်။ ဒါကြောင့် ဒီနှစ်မတ်လပိုင်းမှာ မြန်မာပြည်ကို အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်ရောက်လာခဲ့ပါတယ်။

မြန်မာပြည်ကို ရောက်တော့ ကျွန်တော် အင်မတန်ကို အံ့သြသွားတယ်ဗျာ။ ကျွန်တော် ဒီမှာ ရှိတုန်းကနဲ့ ဘာတစ်ခုမှကိုမတူတော့ဘဲ အကုန်လုံးပြောင်းလဲသွားတယ်။ အခြေခံအဆောက်အအုံတွေ၊ ကွန်ဒိုတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဆိုတာလည်း အများကြီးရောက်လာတဲ့အပြင် အင်တာနက်ကလည်း တော်တော့်ကို မြန်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်က လွန်ခဲ့တဲ့သုံးနှစ်က မြန်မာပြည်မှာ ကျွန်တော် အစပျိုးခဲ့တဲ့လုပ်ငန်းကို  ၂၀၁၅ ခုနှစ်၊ ဧပြီလမှာ ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်း အခုရုံးစိုက်ထားတဲ့နေရာမှာ အခြေစိုက်ပြီး Shwe Property.com လုပ်ငန်းကို ကျွန်တော်စတင်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ Real Estate ကဏ္ဍမှာတော့ ပထမဆုံး Website ဖြစ်ပါတယ်။ တခြားပြည်တွင်း၊ ပြည်ပက Website တွေနဲ့လည်း ယှဉ်ပြိုင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ကျွန်တော့် Website ကို လာလည်တဲ့လူဦးရေဟာ ဇွန်လမှာ တစ်ရက်ကို တစ်ထောင်ကနေ တစ်သောင်းလောက်ထိကို ရှိလာပါတယ်။ ရှေ့လကဆိုရင် Shwe Property Website ကို လာလည်တဲ့လူအရေအတွက်ဟာ တစ်ရက်ကို နှစ်သောင်းလောက် ရှိလာနေပြီ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အလုပ်လုပ်တဲ့အခါမှာ တခြားနိုင်ငံတွေမှာနဲ့ မတူဘဲ တွေ့ကြုံရတဲ့စိန်ခေါ်မှုတွေဆိုရင် . . .

စိန်ခေါ်မှုက နှစ်မျိုးကြုံတွေ့ရပါတယ်။ တစ်ခုက ဝန်ထမ်းရှာဖွေရတာ ခက်ခဲတာပါ။ ဒါဟာ မြန်မာပြည်မှာတင်မဟုတ်ဘဲ ဘယ်နိုင်ငံမှာတင်မဆို တွေ့ကြုံရနိုင်တယ်ဆိုပေမဲ့ ကျွန်တော့်အမြင် မြန်မာပြည်မှာက ပိုပြီးခက်ခဲနေသလိုပါပဲ။ လွန်ခဲ့တဲ့ သုံးနှစ်ကိုပြန်ကြည့်ရင် မြန်မာပြည်မှာ နိုင်ငံတကာကုမ္ပဏီ ၅၀ လောက်ပဲ ရှိခဲ့ပါတယ်။ နောက်နှစ်မှာဆိုရင် နောက်ထပ်နိုင်ငံတကာ ကုမ္ပဏီပေါင်း ၅၀ လောက် ထပ်ဝင်လာဖို့ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံမှာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ရှာဖွေခန့်ထားရတာဟာ လုပ်ငန်းရှင်တွေအတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာတယ်။  ဒုတိယအနေနဲ့ ဝန်ထမ်းတွေကို မွန်းမံသင်တန်းတွေ ထပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Training ပိုင်းမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရပါတယ်။ သူတို့နဲ့အတူ Marketing ၊ IT စတဲ့ အပိုင်းတွေကို ပူးပေါင်းလုပ်ကိုင်ခဲ့တာကြောင့် သူတို့တွေကို အလုပ်လုပ်နေရင်းနဲ့ သင်တန်းပေးရာလည်း ရောက်ခဲ့ပါတယ်။ ဒါဟာ ပိုပြီးတော့လည်း ထိရောက်မှုရှိပါတယ်။ သင်တန်းမှာ သုံး၊ လေးနှစ်လောက် သင်ရမယ့်ပညာရပ်တွေကို ကျွန်တော်တို့နဲ့အတူ ခြောက်လလောက်အလုပ်လုပ်ရုံနဲ့ ရရှိသွားတာ ဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော် ရင်ဆိုင်ရတဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ အခြေခံအဆောက်အဦပိုင်းပါ။

အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ရှာဖွေခန့်အပ်ရတာ ခက်ခဲတယ်ဆိုတော့ လက်ရှိဝန်ထမ်းတွေ အရည်အချင်းတွေ တိုးတက်လာဖို့ကို ဘယ်လိုပုံစံနဲ့ Training ပေးပါသလဲ . . .

ကျွန်တော်ဝန်ထမ်းတွေကို သင်တန်းတွေ အများကြီးပေးပါတယ်။ သူတို့တွေကို ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ သင်တန်းတွေ ပြန်လည်ပို့ချပေးတယ်။ ကျွန်တော်တို့မှာ နိုင်ငံတကာအသိုက်အဝန်းရှိတယ်။ စီးပွားရေးဆိုင်ရာဗျူဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း အကြံပေးတွေလည်းရှိတယ်။ ဈေးကွက်ဗျူဟာနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေရင်းနဲ့ မျှဝေပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ခြောက်လက သူတို့တစ်ယောက်ချင်းစီနဲ့အတူ အလုပ်တွဲလုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ဝေမျှပေးခဲ့ပါတယ်။ အခုဆိုရင် သူတို့တွေဟာ လွန်ခဲ့တဲ့ခြောက်လလောက်ကနဲ့မတူတော့ဘဲ အများကြီးကို ပြောင်းလဲသွားပြီဆိုတာကို တွေ့ရပါတယ်။

Online Marketing အပေါ် ကိုယ်ပိုင်အမြင် . . .

Online Marketing နဲ့ ပတ်သက်ပြီး ကျွန်တော်က မြန်မာနိုင်ငံဟာ တအားကို တိုးတက်မှုရှိတဲ့ နိုင်ငံဖြစ်တယ်လို့ မြင်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က မြန်မာနိုင်ငံဟာ အင်တာနက်နဲ့ မိုဘိုင်းအသုံးပြုမှု ၁ ၊ သို့မဟုတ် ၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ အခုအခါမှာ  ၃၈ ရာခိုင်နှုန်း ရှိလာနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အင်တာနက် အသုံးပြုမှုဟာ အခုအခါမှာ ၅၀ ရာခိုင်နှုန်းနားကို ကပ်နေပြီဖြစ်ပါတယ်။ အာဖရိက၊ ကင်ညာ၊ နိုင်ဂျီးရီးယား တို့ဆို မြန်မာနိုင်ငံလို အင်တာနက်နဲ့ မိုဘိုင်းအင်တာနက် အသုံးပြုမှုပမာဏ ဒီလောက်များများရလာအောင် သုံးနှစ်လောက်ကြာခဲ့ပါတယ်။ ဒါကြောင့် မြန်မာဟာ အာဖရိကနိုင်ငံတို့နဲ့မတူဘဲ တစ်နှစ်နဲ့တင် သိသိသာသာတိုးတက်လာတာ ဖြစ်ပါတယ်။

Asia Pacific ရဲ့ ဒီဂျီတယ်အသုံးပြုမှုကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက အသုံးပြုသူ သန်း ၃၀၀ ရှိခဲ့ရာကနေ အခုအခါမှာ အသုံးပြုသူ သန်း ၆၀၀ ရှိလာပြီဖြစ်ပါတယ်။ မြန်မာမှာဆိုရင် တစ်နှစ်အတွင်းမှာ အင်တာနက်အသုံးပြုသူနှုန်း ဟာ ၃၄၆ ရာခိုင်နှုန်းတောင် တိုးတက်လာတာ ဖြစ်တာကြောင့် Asia Pacific ထက်တောင် ပိုများနေသေးတယ်ဆိုတာကိုတောင် တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် Online Trend ဟာ မြန်မာပြည်မှာ တစ်နေ့တခြား တိုးတက်လာတာကို တွေ့ရပါတယ်။

ဒါကြောင့်ဒီနေ့ခေတ်မှာ လူတိုင်းဟာ ဖုန်းကိုင်ပြီး အင်တာနက်အသုံးပြုနေတဲ့ခေတ်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ Off Line Market တွေ ရှိနေသေးတယ်ဆိုပေမယ့် အကုန်လုံးဟာ Digital Platform ပေါ်ကိုတက်ဖို့ လိုအပ်နေပြီလို့ အကြံပေးချင်ပါတယ်။

Property Online Trend အပေါ် ဘယ်လိုမြင်ပါသလဲ . . .

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးတွေရဲ့ Online Trend ဟာဆိုရင် Office Job ၊ Property နဲ့ Car Online Market က တော်တော်ကြီးတယ်ဆိုတာကို တွေ့ရပါတယ်။ Shopping ဟာလည်း ပုံမှန်အားဖြင့်တော့ Popular ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် Popular မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် အခွင့်အရေးတွေ ရခဲ့တာကြောင့် ဒီမှာ ပထမဆုံးရင်းနှီးမြှုပ်နှံဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ Popular မှာ ငွေကြေးတစ်ခုတည်းတင် ရင်းနှီးမြှုပ်နှံတာမဟုတ်ဘဲ ကျွန်တော်တို့အတွက် Online Trend နဲ့ ပတ်သက်လို့ အတွေ့အကြုံတွေကို ရင်းနှီးမြှုပ်နှံတာလည်းပဲ ဖြစ်ပါတယ်။ တစ်လ နှစ်လအတွင်းမှာ စာရင်းဇယားတွေအရ တစ်ရက်ကို ကျွန်တော်တို့ရဲ့ Page ကို လာရောက်လည်ပတ်သူ တစ်ထောင်ကနေ သုံးထောင်ကြားမှာ ရှိခဲ့ပါတယ်။ ဒီထဲကမှ သုံးရာလောက်က ကျွန်တော်တို့ရဲ့ Website ကို လာရောက်လေ့လာကြတာကို တွေ့ရပါတယ်။ အခုတလောမှာတော့ ကျွန်တော်တို့ Website က လာရောက်ကြည့်ရှုသူတွေဟာ တစ်ရက်ကို နှစ်သောင်းလောက် ရှိနေပြီ ဖြစ်ပါတယ်။ အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်ပြီး တစ်ရက်ကို လူအယောက်နှစ်သောင်းလောက်က စိတ်ဝင်စားနေတယ်ဆိုတာ တော်တော့်ကို အံ့သြဖို့ကောင်းပါတယ်။

ဒါကို တော်တော်များတာပဲလို့ သင့်အနေနဲ့ ထင်တယ်ဆိုရင် Job မှာဆိုရင် ပိုများပါလားဆိုတာကို တွေ့ရပါလိမ့်မယ်။ အွန်လိုင်းကနေ အလုပ်အကိုင်ရှာဖွေသူတွေဟာ အိမ်ခြံမြေရှာဖွေသူတွေထက်တောင်မှ ပိုများပါသေးတယ်။ Job Website ကို ကျွန်တော်တို့ လိုင်စင်ပိုင်းတွေ၊ IP ပိုင်းတွေ စတာတွေ တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်ပြီးမှ Launch လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Job Site ကို တစ်လမှာ လာရောက်လေ့လာသူ သုံးသောင်းလောက်ရှိနေပြီး၊ တစ်လမှာတင်ကို Job Application ပေါင်း ငါးသိန်းကျော်ရှိနေပြီဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ နည်းပညာကို အသုံးပြုပြီး လူတွေကို ဆွဲဆောင်ထားနိုင်လို့ပဲ ဖြစ်ပါတယ်။ နောက်နှစ်မှာဆိုရင် ဒီထက်နှစ်ဆလောက်ဖြစ်လာမယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖြစ်လာမယ့် နိုင်ငံရေးအပြောင်းအလဲမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတာတွေ . . .

ဒါဟာ ကျွန်တော့်ရဲ့စီးပွားရေးကို ၂၀၁၅ ခုနှစ်မှာ စဖို့အတွက် အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ တအားလျင်မြန်လာတယ်။ ကျွန်တော့်ရဲ့လုပ်ငန်းကို ဒီမှာစတင်ဖြစ်တဲ့ အဓိကအချက်ကတော့ အင်တာနက်ကအရင်ကထက် အများကြီး ပိုမြန်လာလို့ပဲ ဖြစ်ပါတယ်။ အဲဒီကတည်းက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာလည်း အကောင်းဘက်ကို ဦးတည်နေမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ယုံကြည်မှုရှိနေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာလည်း အခုဆိုရင် အကောင်းဘက်ကို ဦးတည်နေပါတယ်။ နိုင်ငံတကာကုမ္ပဏီ ၁၅၀ လောက်ဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ပြုလုပ်နေပါပြီ။ ကျွန်တော်တို့ကုမ္ပဏီနဲ့ အလုပ်အတူတွဲလုပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေဖြစ်တဲ့ Coca-Cola ၊ Unilever ၊ RMA ၊ RISG ၊ IGA ၊ CDSG အစရှိတဲ့ ကုမ္ပဏီတွေဟာလည်း တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေကို ထပ်မံခေါ်ယူလာတယ်။

Jobnet.com.mm Website ကို ဈေးကွက်မှာ အောင်မြင်အောင် ဦးဆောင်နိုင်တဲ့ဗျူဟာတွေက . . .

ကျွန်တော်တို့မှာ Offline နဲ့ Online ဈေးကွက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Offline ဈေးကွက်ကို Taxi ၊ ဒါမှမဟုတ် ဈေးဝယ်စင်တာတွေမှာ ပြုလုပ်ပါတယ်။ အဓိက ကျွန်တော်တို့လုပ်တာကတော့ ကျွန်တော်တို့ရဲ့ Customer တွေနဲ့ ပုဂ္ဂိုလ်ချင်းတွေ့ပြီး စကားပြောဖြစ်တာပါ။ သူတို့ဘာကို မျှော်လင့်တောင့်တနေလဲ၊ ဘာကိုလိုချင်နေလဲဆိုတာကို သူတို့တွေနဲ့ စကားပြောတဲ့အခါမှာ သိလာတယ်။ ပြီးတော့ သူတို့ဖြစ်ချင်တဲ့ကဏ္ဍတွေကို ကျွန်တော်တို့က Focus လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ငန်းက Human Resource ပေါ်ကို အခြေခံထားပြီး Digital Platform ပေါ်ကနေ လုပ်နေတယ်လို့် ပြောလို့ရပါတယ်။ ကျွန်တော်တို့တွေက လူတွေကျွန်တော်တို့ဆီကနေ ဘာတွေမျှော်လင့်ထားတယ်ဆိုတာကိုသိအောင် အရင်လုပ်တယ် ပြီးတော့သူတို့လိုချင်တာကိုဖြစ်အောင် ဆောင်ရွက်ပေးရင်းနဲ့ ကျွန်တော်တို့ရဲ့ Customer ကုမ္ပဏီတွေလိုချင်တဲ့ တကယ်အရည်အချင်းရှိတဲ့ဝန်ထမ်းကို ရရှိအောင်ဆောင်ရွက်ပေးနေရင်းနဲ့ ကျွန်တော်တို့ရဲ့ Customer တွေကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

Role Model နဲ့ သူ့ဆီကနေ ဘာတွေသင်ယူရရှိခဲ့လဲဆိုတာ . . .

Steve Jobs ဟာဆိုရင် ကျွန်တော့်ရဲ့ Mentor တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ Role Model တော့ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော့်အပေါ်မှာ အများကြီးနားလည်တဲ့ ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံး အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီဖြစ်တဲ့ Cali Services က Vice President ဖြစ်တဲ့ Brand Shaw ဟာလည်း ကျွန်တော့်ရဲ့ Role Model တစ်ယောက် ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို သည်းခံစိတ်မွေးတတ်ဖို့ သင်ကြားပေးခဲ့ပါတယ်။ နောက်ပြီး သူက ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် အလုပ်ပေါ်မှာ အာရုံစိုက်လုပ်တတ်အောင်လည်း သင်ပေးခဲ့ပါတယ်။ သူသင်ပေးခဲ့တာတွေကြောင့်လည်း ကျွန်တော် အခုလိုအောင်မြင်မှုတွေရလာတာ ဖြစ်ပါတယ်။

ဗဟုသုတ တိုးပွားစေဖို့ ဘယ်လိုရှာဖွေပါသလဲ . . .

စာဖတ်ပါတယ်။ များသောအားဖြင့် Richard Brandson တို့လို အောင်မြင်တဲ့ပုဂ္ဂိုလ်တွေရဲ့ Biography တွေ၊ Harvards Business Review စတာတွေကို ဖတ်ပါတယ်။ ကျွန်တော်မှာ Entrepreneur Network တစ်ခုလည်း ရှိတယ်ဗျ။ ကျွန်တော့်ရဲ့ တချို့သူငယ်ချင်းတွေကလည်း  တအားကို အောင်မြင်နေပြီးသားတွေ ဖြစ်ပါတယ်။ သူတို့တွေနဲ့ တစ်ပတ်တစ်ခါလောက်တွေ့ဖြစ်တာကလည်း ကျွန်တော့်ရဲ့ဗဟုသုတတွေ တိုးပွားဖို့အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ နောက်ပြီး ကျွန်တော်နဲ့အလုပ်အတူတူတွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဗဟုသုတတွေ တိုးပွားလာစေပါတယ်။

အနာဂတ်အစီအစဉ် . . .

ကျွန်တော်တို့ Fast Track လုပ်ငန်းကို ဗီယက်နမ်နဲ့ သြစတြေးလျမှာ လုပ်ခဲ့ပြီး နှစ်နိုင်ငံလုံးမှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ ကျွန်တော်တို့က Client ကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးခဲ့တယ်။ အခုလည်း ကျွန်တော်တို့က Shwe Property မှာရော၊ Jobnet မှာရောပါရှိတဲ့ ကျွန်တော်တို့ရဲ့ Client တွေကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းတိုင်းမှာ နံပါတ်တစ်နေရာကိုရရှိဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ကိုဒီ