Jo Daniels (Baker & McKenzie Limited)

JoDaniels

Jo Daniels

Managing Partner

Baker & McKenzie Limited

Baker & McKenzie နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့အစည်းကို ၁၉၄၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် သက်တမ်း ၆၈ နှစ်ခန့်ရှိပြီဖြစ်ကာ ကာလရှည်ကြာစွာ အောင်မြင်စွာရပ်တည်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့အခြေစိုက် Baker & McKenzie အဖွဲ့အစည်းဟာ လက်ရှိမှာ နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ထားပြီး ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီပေါင်းငါးရာကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံရဲ့ ပွင့်လန်းလာတဲ့ စီးပွားရေးစနစ်ကြောင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့မှာ ရုံးခွဲစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီမြန်မာနိုင်ငံရုံးခွဲမှာ လက်ရှိ Managing Partner အဖြစ် တာဝန်ယူထားတဲ့ Jo Daniels ကို အင်တာဗျူးတွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး Baker & McKenzie Myanmar အကြောင်း၊ သူ့ရဲ့လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေနဲ့အတူ မြန်မာနိုင်ငံရုံးခွဲမှာ တာဝန်ယူထားမှုများ၊ မြန်မာ့စီးပွားရေးအပေါ် ခန့်မှန်းချက်များကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်မက သြစတြေးလျနိုင်ငံသူဖြစ်ပြီး Queensland University of Technology ကနေ ဥပဒေဘွဲ့နဲ့ မဟာဥပဒေဘွဲ့တွေကို ရရှိခဲ့ပါတယ်။ အခုကတော့ University of Melbourne က PhD ဘွဲ့အတွက် လေ့လာနေပါတယ်။ ဒီဘွဲ့အတွက် ကျွန်မလေ့လာနေရတဲ့ ခေါင်းစဉ်က Worldwide Infrastructure ဖြစ်ပါတယ်။ Infra-structure တွေ ပိုတိုးတက်လာမယ်ဆိုရင် ကုမ္ပဏီအတော်များများလည်း တစ်ချိန်တည်းမှာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

လုပ်ငန်းအတွေ့အကြုံအနေနဲ့က သြစတြေးလျမှာ Infrastructure Partner အဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ အဓိကလုပ်ရတာတွေကတော့ မီးရထားလမ်းတွေ၊ လေယာဉ်ကွင်းတွေ၊ လျှပ်စစ်ဓာတ်အားကွန်ရက်တွေ၊ ဓာတ်အားလိုင်းပေးပို့ဖြန့်ဝေမှုတွေနဲ့ ရေပေးဝေမှုကွန်ရက်တွေ ဖြစ်ပါတယ်။ ဒီလို Infrastructure လုပ်ငန်းတွေအားလုံး မြန်မာပြည်မှာ လုပ်ဆောင်ဖို့လိုတယ်လို့ ထင်တာကြောင့်ရော၊ လာလုပ်ဖို့စိတ်ဝင်စားတာကြောင့်ရော မြန်မာနိုင်ငံကို လာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Baker & McKenzie မှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ၊ Baker & McKenzie မှာ အလုပ်လုပ်ဖို့ ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့သလဲ . . .

ဒီမှာ အလုပ်လုပ်တာ သုံးနှစ်ရှိပါပြီ။ ဘာကြောင့် ဒီမှာလုပ်ဖြစ်ခဲ့လဲဆိုတော့ ကမ္ဘာတစ်ဝန်းလုံးနဲ့ ချိတ်ဆက်မှု ကျယ်ပြန့်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ပါ။ အခုဆိုရင် နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ ရုံးခန်းပေါင်း ၇၇ ခု ရှိနေပါပြီ။ ဒီမှာ အလုပ်လုပ်ရတာရော နိုင်ငံတကာအတွေ့အကြုံတွေ ယူရတာရော ပျော်ပါတယ်။

Baker & McKenzie အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ပြီး လုပ်ငန်းလုပ်ဖြစ်ခဲ့ပုံကိုလည်း ပြောပြပေးပါ . . .

ကျွန်မတို့ ကုမ္ပဏီက Emerging Market နဲ့ ပတ်သက်လို့ စဉ်းစားတဲ့အခါ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားရေးပွင့်လင်းလာပြီဖြစ်တဲ့ မြန်မာနိုင်ငံကို စဉ်းစားမိပါတယ်။ နောက်ပြီးအခုအချိန်က မြန်မာနိုင်ငံအတွက် အင်မတန်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန် ဖြစ်ပါတယ်။ တကယ်ကို သမိုင်းဝင်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီကလည်းအနိုင်ရခဲ့တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အာရုံစိုက်လုပ်ဆောင်နေတယ်။ ဒီအချိန်မှာ နိုင်ငံတကာကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကို လာချင်ကြတယ်ဆိုတော့ ဥပဒေရေးရာတွေဝန်ဆောင်မှုတွေပေးတဲ့နေရာမှာ ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံးဖြစ်တဲ့ ကျွန်မတို့ကုမ္ပဏီကလည်း မြန်မာနိုင်ငံကိုလာဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါဆို ကိုယ်တိုင်က မြန်မာနိုင်ငံရုံးခွဲမှာ လာလုပ်ဖြစ်တာက ကိုယ်ပိုင်ရွေးချယ်မှုလား . . .

ဒီကိုလာဖြစ်တာက ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သလို အလွန်ကိုကျေနပ်မိပါတယ်။ နောက်ပြီး ကျွန်မက Managing Partner အဖြစ်နဲ့ ရာထူးတိုးပြီး ဒီကိုပြောင်းရွှေ့ခဲ့ရတာဖြစ်သလို သြစတြေးလျမှာ ကျွန်မလုပ်ဆောင်ခဲ့တာတွေကြောင့်ရော အခုမြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကြောင့်ရော ကျွန်မနဲ့သင့်တော်တယ်ဆိုပြီး လာဖြစ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်စမဝင်ခင် ကျွန်မရဲ့ အားလပ်ရက်ကိုလည်း ဒီနိုင်ငံမှာပဲ ကုန်ဆုံးဖြစ်ခဲ့တယ်။ ဒီနိုင်ငံကိုချစ်သလို ဒီကိုလာခွင့်ရတာ ထူးခြားကောင်းမွန်တဲ့ အခွင့်အရေးလို့ မြင်ပါတယ်။

မြန်မာနိုင်ငံကို မလာခင် ဘာတွေကြိုတင်ပြင်ဆင်ခဲ့လဲ . . .

မြန်မာနိုင်ငံဟာ အရင်ကတည်းက ကျွန်မစိတ်ဝင်စားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီတော့မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတွေကို ရေးထားတဲ့စာအုပ်တွေလည်း ဖတ်ခဲ့ပါတယ်။ တချို့သူတွေကလည်း မြန်မာနိုင်ငံအကြောင်း သတင်းအချက်အလက်တွေကို ပြောပြပါတယ်။ အဓိကအနေနဲ့ကတော့ မြန်မာနိုင်ငံကိုမလာခင် စာတွေဖတ်ပြီး လေ့လာပြင်ဆင်ခဲ့ပါတယ်။

Baker & McKenzie မြန်မာရုံးခွဲရဲ့ ဝန်ဆောင်မှုတွေကို ပြောပြပေးပါ . . .

Baker & McKenzie က ကမ္ဘာတစ်ဝန်းမှာ ဥပဒေရေးရာဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။ အဓိကတော့ ကျွန်မတို့ရဲ့ Client တွေထဲက လုပ်ငန်းကြီးလေးခုက မြန်မာနိုင်ငံမှာ အလုပ်လာလုပ်ဖို့ စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုက်ရိုက်လာလုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေလည်းရှိသလို ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး Merger & Acquisition လုပ်ချင်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကပဲ ကျွန်မတို့ ကုမ္ပဏီ မြန်မာနိုင်ငံမှာ စတင်ဖြစ်တဲ့ အကြောင်းရင်းဖြစ်ပါတယ်။ အဓိကအားဖြင့် Infrastructure ပိုင်းမှာ ရင်းနှီးမြှုပ်နှံချင်တဲ့လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနေပါတယ်။

ဝန်ဆောင်မှုတွေအနေနဲ့ တခြားနိုင်ငံတွေနဲ့ ကွာခြားမှုတွေရှိလားဆိုတော့ နယူးယောက်၊ လန်ဒန်တို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့တော့ ကွာခြားပါတယ်။ သူတို့တွေက စီးပွားရေးဈေးကွက်လည်း ရှိပြီးသားဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အာရုံစိုက်စရာ မလိုပါဘူး။ မြန်မာနိုင်ငံက ရုံးခွဲမှာဆိုရင် Partner လေးယောက်၊ တွဲဖက်ကိုးယောက်နဲ့ ရှေ့နေအကူနှစ်ယောက်တို့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်တာကြောင့် ကြီးမားတဲ့အဖွဲ့အနေနဲ့ သတ်မှတ်လို့ရပေမဲ့ နိုင်ငံတကာက ရုံးခွဲတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ သေးငယ်ပါသေးတယ်။ ဒီလိုသေးငယ်သေးတာကိုပဲ ကျွန်မပိုပြီးသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက ဝန်ထမ်းတွေရဲ့ တိုးတက်မှုကိုအယောက်လေးရာလောက်ရှိတဲ့ လန်ဒန်ရုံးခွဲထက်၊ တခြား နိုင်ငံရုံးခွဲတွေထက် ပိုပြီးအာရုံစိုက်နိုင်ပါတယ်။ ဒါတွေက တခြားနိုင်ငံရုံးခွဲတွေနဲ့ ခြားနားချက်တွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက Client တွေကို ပြောပြပေးပါ . . .

အဓိကကတော့ ကိုးခုလောက်ရှိပါတယ်။ Client တွေရဲ့ Industry တွေကို ပြောပြပေးပါမယ်။ အဓိကအနေနဲ့ လုပ်ဆောင်ဖြစ်နေတာကတော့ စွမ်းအင်လုပ်ငန်း၊ နောက်ပြီး ဆေးဝါးလုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ၊ နည်းပညာလုပ်ငန်းတွေမှာလည်း လုပ်ဆောင်နေပါတယ်။

Baker & McKenzie မြန်မာရုံးခွဲမှာ တာဝန်ယူထားတဲ့အပိုင်းကိုလည်း ပြောပြပေးပါ . . .

မြန်မာရုံးခွဲနဲ့ ပတ်သက်တဲ့ကိစ္စအားလုံးကို တာဝန်ယူထားတယ်လို့ ပြောရမှာပေါ့။ ကျွန်မအထင် ဒီမှာ ကျွန်မတာဝန်ယူထားရတဲ့အထဲက အကြီးမားဆုံးအပိုင်းကတော့ မြန်မာဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်းတွေရဲ့ တိုးတက်ရေးအတွက် ဖြစ်ပါတယ်။ ကျွန်မတို့က အဖွဲ့အစည်းမှာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်ပြီး နိုင်ငံတကာဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုတွေ ရှိတယ်။

နောက်ပြီး နိုင်ငံတကာ Client တွေ ရှိတယ်။ ဒီတော့ နိုင်ငံတကာနဲ့ အလုပ်လုပ်နိုင်ဖို့လိုတယ်။ မြန်မာဝန်ထမ်း ဥပေဒေပညာရှင်တွေကလည်း မြန်မာနိုင်ငံရဲ့ ဥပေဒေပိုင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကြပါတယ်။ ပြည်တွင်းဗဟုသုတလည်း ရှိကြတယ်။ ဒီတော့ နိုင်ငံတကာလုပ်ငန်းကျွမ်းကျင်မှုတွေကို ပြည်တွင်းဥပဒေပညာရှင်တွေ နားလည်တတ်ကျွမ်းပြီး ပိုတိုးတက်လာဖို့လည်း အာရုံစိုက်ပြီး လုပ်ဆောင်ပါတယ်။

ဒီမှာ ဝန်ထမ်းဘယ်နှယောက်ရှိပါသလဲ၊ သူတို့ကို ဘယ်လို Training တွေ ပေးပါသလဲ . . .

Training ပေးတာကတော့ ဒီမှာ အဓိကလုပ်ဆောင်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီမှာ Zara ကတော့ Knowledge Management ပိုင်းကို တာဝန်ယူထားတယ်။ အပတ်စဉ် Training တွေပေးပါတယ်။ နိုင်ငံတကာ ဥပဒေရေးရာတွေ၊ စာချုပ်စာတမ်းအကြောင်းတွေ၊ ဝန်ဆောင်မှုအကြောင်းတွေစသဖြင့် အမျိုးမျိုးသော ခေါင်းစဉ်တွေ ပါဝင်ပါတယ်။ ဝန်ဆောင်မှုအနေနဲ့ဆိုရင် ဥပမာ - Client Service ။ နောက်ပြီး ဥပဒေပညာရှင်တွေကို နိုင်ငံခြားပို့ပြီးတော့လည်း Training ပေးပါတယ်။ အခွန်အခပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ စင်ကာပူ၊ ဟောင်ကောင်၊ လန်ဒန်တို့မှာလုပ်တဲ့ Regional Training တွေ ရှိတယ်။ နောက်ပြီး ဒီကပညာရှင်တွေကို တခြားနိုင်ငံမှာရှိတဲ့ ရုံးခွဲကိုပို့ပြီး အလုပ်လုပ်စေတာမျိုးလည်း ရှိပါတယ်။ ဒါက အတွေ့အကြုံတွေ ပိုရစေပါတယ်။

ဒီမှာ ကျွမ်းကျင်ပညာရှင်ဘယ်နှယောက်လောက်ရှိပါသလဲ . . .

ဒီမှာ နိုင်ငံခြားသားကျွမ်းကျင် Partner လေးယောက်ရှိပါတယ်။ နိုင်ငံခြားသားတစ်ယောက်၊ ပြည်တွင်းရှစ်ယောက်နဲ့ Associate ကိုးယောက် ရှိပါတယ်။ Paralegals အနေနဲ့ ပြည်တွင်းက နှစ်ယောက်နဲ့ Business Service Staff အဖြစ် ပြည်တွင်းက ၁၃ ယောက်နဲ့ နိုင်ငံခြားသားနှစ်ယောက်ရှိပါတယ်။ Team အနေနဲ့ စုစုပေါင်း ၂၉ ယောက်ရှိပါတယ်။

ပြည်တွင်းဥပေဒေဝန်ထမ်းတွေကို ဘယ်လိုရွေးချယ်ပါသလဲ . . .

အင်တာဗျူးမှာ ကျောင်းမှာ ဘာတွေသင်ခဲ့ရသလဲဆိုတာ မေးပါတယ်။ ပြီးတော့ လုပ်ငန်းအတွေ့အကြုံကို မေးပါတယ်။ အတွေ့အကြုံတွေကတော့ ပြည်တွင်း Law Firm လည်းပါတယ်။ Regional Law Firm လည်း ပါပါတယ်။ အင်္ဂလိပ်စာကျွမ်းကျင်မှုကတော့ မဖြစ်မနေ လိုအပ်ပါတယ်။ နိုင်ငံတကာ Law Firm တွေမှာ အသုံးပြုတဲ့ ဘာသာစကားက အင်္ဂလိပ်စာပဲဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လည်း Training ထပ်ပေးပါတယ်။

လုပ်ငန်းမှာ သင့်ရဲ့ Management Style က ဘယ်လိုမျိုးလဲ . . .

ကျွန်မရဲ့ဝန်ထမ်းတွေကို Inspiration ပေးပါတယ်။ ကျွန်မရဲ့ Career က ကျွန်မတို့ဝန်ထမ်းတွေရဲ့ Career နဲ့အတူတူပဲ။ ကျွန်မရဲ့ Career ကို ကျွန်မ သိပ်တန်ဖိုးထားတယ်။ ကျွန်မရဲ့ ဝန်ထမ်းတွေကိုလည်း သိပ်ကိုတန်ဖိုးထားစရာကောင်းတဲ့ Career ကို ပိုင်ဆိုင်ထားတယ်ဆိုတာမျိုး Inspire လုပ်ပါတယ်။ ဒါက အလုပ်တစ်ခုပဲဆိုတာမျိုးထက် သူတို့ Professional ဖြစ်လာအောင် သူတို့ကိုယ်တိုင်လုပ်ဖို့ လိုတယ်ဆိုတာမျိုး ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ Infrastructure တွေအပေါ်အမြင်နဲ့ အရေးတကြီး ပြင်ဖို့လိုတဲ့အပိုင်းကိုလည်း ပြောပြပေးပါ . . .

မြန်မာနိုင်ငံအနေနဲ့ Infrastructure ပိုင်းမှာတော့ အများကြီး လိုအပ်ချက်တွေ ရှိနေပါတယ်။ စီးပွားရေးမှာ တိုးတက်လာတာနဲ့အမျှ ပထမဆုံးလိုတာကတော့ Tele-commuincation Infrastructure ပဲ ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ Power Infrastructure ပဲဖြစ်ပါတယ်။ သတင်းစာအတော်များများမှာ ပြောနေကြတာက လျှပ်စစ်ထုတ်လုပ်မှုအကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ လျှပ်စစ်ထုတ်လုပ်မှုအတွက်ဆိုရင် သက်ဆိုင်ရာ အခြေခံအချက်တွေလည်း လိုအပ်ပါသေးတယ်။ ဓာတ်အားလိုင်းတွေ လိုမယ်၊ ပေးပို့ဖြန့်ဝေဖို့အတွက်လည်း Network တွေ လိုအပ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ Demand တွေ တိုးလာတာနဲ့အမျှ Power Infrastructure ကလည်း ပိုပြီးလိုအပ်လာပါတယ်။ တတိယကတော့ Railway Infrastructure ပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ဆောင်မှုကျယ်ပြန့်လာတာနဲ့ ကုန်စည်စီးဆင်းမှုတွေ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေကလည်း များလာမယ်၊ ဒီတော့ ဒါကလည်း လုပ်ဆောင်သင့်တဲ့ အချက်ဖြစ်ပါတယ်။ လုပ်ဆောင်စရာများစွာရှိတဲ့အထဲက ဒါတွေကတော့ ဦးစားပေးလုပ်ဆောင်သင့်တဲ့အရာတွေ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အဓိကပြဿနာဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေးပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုကိုလည်း ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ပြောပြပေးပါ . . .

ကျွန်မအမြင်တော့ အစိုးရကလည်း ဒါကို အာရုံစိုက်လုပ်ဆောင်နေကြပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုက အခုအချိန်မှာ ဆိုးရွားတဲ့ကိစ္စဖြစ်လာပါတယ်။ စီးပွားရေးပွင့်လင်းလာတဲ့အခါ လူအများအပြားက စီးပွားရေးဆိုင်ရာမှာ အဓိကဖြစ်တဲ့ ရန်ကုန်မြို့ကိုလာကြမှာပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်တွေလည်း များလာမယ်။ နည်းပညာကုမ္ပဏီတွေလည်း ရောက်လာကြမယ်။ သူတို့ကလည်း နည်းပညာနဲ့ပတ်သက်လို့ အရည်အချင်းရှိတဲ့သူတွေကို အလုပ်ခန့်ကြမယ်။ တက္ကသိုလ်လာတက်မယ့်သူတွေလည်းရှိမယ်။ ဒီတော့ ရန်ကုန်မြို့က ပိုပိုပြီးကြီးလာဖို့ပဲရှိပါတယ်။ ဒါကလည်း အလျင်အမြန်ကို ဖြစ်လာမယ်လို့ မြင်ပါတယ်။ အစကတည်းက ယာဉ်ကြောပိတ်ဆို့မှုတွေက ဖြစ်နေတယ်။ ဒီတော့ မကြာခင်မှာ အရမ်းကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်တွေ ရှိဖို့လိုလာပါပြီ။ ကျွန်မအမြင် ဒီအတွက် အဖြေက ရထားစနစ်ကို ပိုပြီးအသုံးပြုလာနိုင်ဖို့ဖြစ်ပြီး ဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့လည်း လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ . . .

ကျွန်မမြင်တဲ့ စိန်ခေါ်မှုကတော့ အခုက အစိုးရအသစ်ဖြစ်တယ်။ အစိုးရကနေ အာရုံစိုက်လုပ်ဆောင်ဖို့လိုတဲ့ နယ်ပယ်ကလည်း အတော်များနေတယ်။ ဥပမာ - နိုင်ငံရေးစနစ်တွေ၊ ဥပဒေရေးရာတွေ၊ စီးပွားရေး တိုးတက်ပိုင်း၊ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေးတွေမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။

၂၀၁၇ စီးပွားရေးဈေးကွက်အတွက်အမြင်ကို ပြောပြပေးပါ . . .

ကျွန်မအထင်တော့ ၂၀၁၇ အတွက် စီးပွားရေးက ကောင်းလာမှာ အသေအချာပါပဲ။ ၂၀၁၆ မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အားနည်းခဲ့ပါတယ်။ မသေချာမှုတွေများတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အနည်းငယ်တွန့်ဆုတ်နေခဲ့ပါတယ်။ အခုဆိုရင် အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကိုရော၊ ကုမ္ပဏီတွေနဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းနဲ့ ဉာဏပစ္စည်းဆိုင်ရာဥပဒေသစ်ကိုရော အာရုံစိုက်လုပ်ဆောင်နေတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များလာမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ဘဏ်နဲ့ငွေကြေးဆိုင်ရာလုပ်ငန်းတွေက ၂၀၁၇ ခုနှစ်မှာ ပိုပြီးကြီးထွားဖွံ့ဖြိုးလာမယ်လို့ ထင်ပါတယ်။

သင့်ရဲ့သင်ယူမှုပုံစံကို ပြောပြပေးပါ . . .

ကျွန်မထင်တာတော့ စာအုပ်အများကြီး ကျွန်မဖတ်ဖြစ်ပါတယ်။ စာတွေဖတ်တယ်၊ လူတွေနဲ့စကားပြောတယ်။ လူတွေနဲ့စကားပြောတာကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို လေ့လာခွင့်ရသလို သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလည်း အတုယူလို့ရပါတယ်။ နောက်ပြီး အမြင်သစ်တွေလည်း ရစေပါတယ်။

ဥပဒေရေးရာနယ်ပယ်မှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာတာ ဘာကြောင့်ပါလဲ . . .

ကျွန်မအထင်ကတော့ ကျွန်မအလုပ်နယ်ပယ်ဖြစ်တဲ့ Infrastructure ပိုင်းမှာ စိတ်အားထက်သန်မှုနဲ့ အလုပ်လုပ်ခဲ့လို့ပါပဲ။ နောက်ပြီး ကျွန်မက တခြားသူတွေရဲ့အရည်အချင်းကို မြှင့်တင်ပေးရတာကိုလည်း နှစ်သက်ပါတယ်။ ဒါကြောင့် အခု Baker & McKenzie မှာလည်း ဒီလိုပဲ စိတ်အားထက်သန်မှုနဲ့ပဲ အလုပ်လုပ်ပါတယ်။

မန်နေဂျာတွေ၊ စီမံခန့်ခွဲမှုခေါင်းဆောင်မှုတွေတာဝန်ယူရသူတွေ အသက်မွေးအလုပ်မှာ အဆင့်မြှင့်နိုင်ဖို့ အကြံဉာဏ်တွေပေးပေးပါ . . .

ကျွန်မရှေ့နေလုပ်ခါစက ကျွန်မဘယ်တုန်းကမှ မတွေးမိခဲ့၊ မခံယူဖူးတဲ့ အကြံဉာဏ်မျိုးပေးခံရဖူးပါတယ်။ အဲဒါကဘာလဲဆိုတော့ အသက်မွေးမှုအလုပ်ဆိုတာ မာရသွန်ပြေးပွဲလိုပဲတဲ့။ ဆိုလိုချင်တာက ဒီအလုပ်ထဲမှာပဲ မြှုပ်နှံထားရမယ်။ နောက်ပြီး ဘယ်အလုပ်မှာမဆို အတက်အကျရှိနေနိုင်တယ်ဆိုတာလည်း သတိချပ်ရမယ်။ ကိုယ်ကသာ အလုပ်အပေါ်မှာ အလွန်စိတ်အားထက်သန်တယ်ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကို အကောင်းဆုံး ဆက်ပြီးလုပ်နိုင်သလို အသက်မွေးမှုအလုပ်ကို အဆင့်မြှင့်နိုင်မှာ ဖြစ်ပါတယ်။

မှန်ကန်တဲ့အသက်မွေးဝမ်းကျောင်း အလုပ်ဟုတ်မဟုတ်ဆိုတာကို ဘယ်လိုသိနိုင်ပါသလဲ . . .

ကျွန်မ ခုနစ်နှစ်သမီးလောက်ကတည်းက ရှေ့နေဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတာကို ကျွန်မအမေ ပြန်ပြောပြလို့ သိရပါတယ်။ တကယ်တမ်း အဲဒီတုန်းက ရှေ့နေဆိုတာ ဘာလဲ၊ ဘာတွေလုပ်ရတာလဲဆိုတာ ကျွန်မ မသိခဲ့မှာ အမှန်ပါပဲ။  ဒါပေမဲ့ အမေ့အပြောအရဆိုရင် ကျွန်မကတော့ အမြဲပြောနေခဲ့တယ်။ ကျွန်မအထင်တော့ ဘာကကိုယ်နဲ့သင့်တော်တဲ့ အသက်မွေးမှုအလုပ်ဆိုတာ သိဖို့ဆိုရင် မနက်ခင်းအိပ်ရာနိုးတာနဲ့ ကိုယ်စဉ်းစားမိတဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အရာ၊ ကိုယ့်ကိုလုပ်ဖို့ တွန်းအားပေးနေတဲ့အရာမျိုးကို ကိုယ့်ရဲ့ အသက်မွေးမှုအလုပ်အဖြစ် ရွေးချယ်သင့်ပါတယ်။ ရှေ့နေတစ်ယောက်ဆိုရင်လည်း လူတွေကို ကူညီချင်ရမယ်၊ ကိုယ့်ဆီ အလုပ်အပ်သူတွေရဲ့ အရေးကိစ္စတွေကို ဂရုတစိုက်လုပ်ဆောင်ပေးရမယ်။ ဒီတော့ ဒီလိုကိုယ့်စိတ်နဲ့ ကိုက်ညီတဲ့အလုပ်ကသာ ကိုယ်နဲ့သင့်တော်တဲ့ အသက်မွေးမှုအလုပ်ပဲ ဖြစ်ပါတယ်။

ကိုယ်နဲ့သင့်တော်တဲ့ အဖွဲ့အစည်းကိုရော ဘယ်လိုရွေးချယ်ရမလဲ . . .

အဖွဲ့အစည်းတစ်ခုကို ရှာဖွေမယ်ဆိုရင် အရင်သိရမှာက သူတို့မှာ ဘယ်လိုလေ့ကျင့်ရေးအစီအစဉ်တွေရှိလဲ၊ အဓိကတော့ ကိုယ့်အတွက် ဘယ်လိုတွေအထောက်အကူပြုမလဲဆိုတာတွေကိုကြည့်ပြီး ရွေးချယ်သင့်ပါတယ်။

စာအုပ်တွေအများကြီးဖတ်ဖြစ်တယ်ဆိုတော့ မန်နေဂျာတွေ၊ စီမံခန့်ခွဲမှုခေါင်းဆောင်မှုတွေ တာဝန်ယူရသူတွေအတွက် အကျိုးရှိမယ့်စာအုပ်တွေ ညွှန်ပေးစေချင်ပါတယ် . . .

အဲဒီလို စီမံခန့်ခွဲရသူတွေအတွက်ဆိုရင် The Trusted Advisor by David H. Maister ဆိုတဲ့စာအုပ်ကို ညွှန်းချင်ပါတယ်။ ဒီစာအုပ်က စိတ်ခွန်အားဖြစ်စေတယ်။ အလုပ်သွားရုံ အလုပ်လုပ်ရုံလောက်တင်မဟုတ်ဘဲ ဒီစာအုပ်အတိုင်း လိုက်နာလုပ်ဆောင်မယ်ဆိုရင် အလုပ်အပ်တဲ့သူတွေက သင့်ကိုပိုယုံကြည်လာစေပြီး သင့်ဆီကိုလာချင်ကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်က ကျွန်မကို စိတ်ခွန်အားအဖြစ်စေဆုံးစာအုပ်ပဲ ဖြစ်ပါတယ်။

Career အတွက် အနာဂတ်အစီအစဉ်ကို ပြောပြပေးပါ . . .

အခုဆိုရင် ကျွန်မက Managing Partner အသစ်ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်အနေနဲ့လည်း အရည်အချင်းတွေ တိုးတက်လာဖို့ လုပ်ရပါမယ်။ ဒီမှာတော့ Managing Partner အနေနဲ့ အကြာကြီးလုပ်ဖြစ်ဦးမှာ ဖြစ်ပါတယ်။

နန္ဒာနေဝင်း