နှစ်နှစ်တစ်ကြိမ်ကျင်းပသော ရိုက်ဒါဖလား (Ryder Cup) ပြိုင်ပွဲကြီးတွင် ယူအက်စ်အေအသင်း အနိုင်မရသည်မှာ ကြာခဲ့ပါပြီ။ ၂၀၁၀ ၊ ၂၀၁၂ နှင့် ၂၀၁၄ ခုနှစ် ပြိုင်ပွဲသုံးပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့သည်။ ၂၀၀၂ ခုနှစ်မှစ၍ ရေတွက်ပါသော် နောက်ဆုံးခုနစ်ကြိမ်၌ ခြောက်ကြိမ် ရှုံးနိမ့်ထားသည်။ ယခု ၂၀၁၆ ပြိုင်ပွဲကြီး၌ အမေရိကန်တို့ အနိုင်ရအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။
ရိုက်ဒါဖလားဟူသည် လက်ရွေးစင် ၁၂ ဦးစီ ပါဝင်ကြသော အမေရိကန်ပရိုအသင်းနှင့် ဥရောပ ပရို အသင်းတို့၏ အသင်းလိုက်မက်ချ်ပလေး (Match Play) ပြိုင်ပွဲဖြစ်သည်။ ဖိုးဆမ်း ရှစ်ပွဲ၊ ဖိုးဘော ရှစ်ပွဲနှင့် တစ်ဦးချင်း ၁၂ ပွဲ ယှဉ်ပြိုင်ကြရသည်။ ဤပွဲစတင်ခဲ့သည်မှာ ၁၉၂၇ ခုနှစ်က ဖြစ်သည်။ ဂေါက်သီးသည် စကော့တလန်မှ စခဲ့သော်လည်း အမေရိကန်သို့ ဤအားကစား ပြန့်ပွားသွားပြီးနောက် အမေရိကန်ဂေါက်သီးသမားများသည် ဂရိတ်ဗြိတိန်မှ ဂေါက်သီးသမားများထက် ထူးချွန်လာခဲ့ကြသည်။ အင်္ဂလိပ်ကုန်သည်ကြီး Samuel က အမေရိကန်နာမည်ကျော်ပရိုများနှင့် ဂရိတ်ဗြိတိန်ပရိုများ အသင်းလိုက်ယှဉ်ပြိုင်ကြစေလိုသဖြင့် ရွှေအစစ်ဖြင့် ပြုလုပ်ထားသော ဖလားကြီးကို ပေးကမ်းလှူဒါန်းကာ ပြိုင်ပွဲကို ဖန်တီးပေးခဲ့သည်။ သူ့အမည်ကို အစွဲပြုကာ ရိုက်ဒါဖလား (Ryder Cup) ဟု ပြိုင်ပွဲအမည်တွင်ခဲ့သည်။ အမေရိကန်အသင်းအား PGA of America က တာဝန်ခံရပြီး ဂရိတ်ဗြိတိန်အသင်းအား ထိုအချိန်က Mr.Ryder က တာဝန်ခံခဲ့ပါသည်။
နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်တို့ ယှဉ်ပြိုင်မှုအစား အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်ဟူ၍ ပြင်ဆင်ခဲ့ပါသည်။ ဂရိတ်ဗြိတိန်ဟူသည်မှာ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နှင့် မြောက်အိုင်ယာလန်တို့သာ ပါဝင်ပါသည်။ ထိုလေးနိုင်ငံ၏ အင်အားဖြင့် အမေရိကန်ပြည်ထောင်စုအား မယှဉ်နိုင်သောကြောင့် ပိုမိုလက်မျှစေရန် ၁၉၇၉ ခုနှစ်မှစ၍ ဥရောပတစ်တိုက်လုံးအား ထည့်သွင်းခဲ့ခြင်းပါ။ Mr.Ryder မရှိတော့သည့်နောက်ပိုင်းဝယ် ဥရောပအသင်းအား PGA European Tour က တာဝန်ခံပေးခဲ့ပါသည်။
၁၉၂၇ ခုနှစ်က စတင်ခဲ့သော ရိုက်ဒါဖလားပြိုင်ပွဲများသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဆယ်နှစ်ခန့် မကျင်းပနိုင်ခဲ့ပါ။ ၁၉၇၇ ခုနှစ်အထိ ၂၂ ကြိမ် ယှဉ်ပြိုင်ခဲ့ရာတွင် အမေရိကန်အသင်းက ၁၉ ကြိမ် နိုင်ခဲ့ပြီး ဂရိတ်ဗြိတိန်အသင်းက သုံးကြိမ်သာ နိုင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှစ၍ ဥရောပအသင်းအဖြစ် ပြောင်းလဲယှဉ်ပြိုင်ခဲ့သော်လည်း အမေရိကန်အသင်းက ၁၉၈၃ ခုနှစ်အထိ သုံးကြိမ်ဆက်တိုက်နိုင်နေဆဲ ဖြစ်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ် တွင် အမေရိကန်အသင်းရှုံးပွဲနှင့် စတင်ကြုံတွေ့ခဲ့ရသည်။ ဥရောပအသင်း၌ စပိန်မှ ဆီဗီဘယ်လက်စ်တဲ ရော့စ်၊ အင်္ဂလန်မှ နစ်ခ်ဖယ်လ်ဒို၊ ဂျာမနီမှ ဘန်းဟတ်လန်ဂါ၊ စကော့တလန်မှ ဆန်ဒီလိုင်းနှင့် ဝေးလ်စ်မှ အီယံဝူစ်နမ် စသော နောက်ပိုင်းတွင် ဂေါက်သီးမေဂျာ ပွဲကြီး ချန်ပီယံများ ဖြစ်လာကြသည့် လူတော်များ၏ လက်စွမ်းကြောင့် ဖြစ်ပါသည်။
၁၉၈၇ ခုနှစ်၌ အမေရိကန်မြေတွင် ပြိုင်ပွဲကျင်းပခြင်းဖြစ်သော်လည်း အမေရိကန်အသင်း ထပ်မံရှုံးနိမ့်ပြန်သည်။ ၁၉၈၉ ခုနှစ်၌ ဥရောပမြေတွင် ကစားခဲ့ရပေရာ အမေရိကန်တို့ ၁၄ မှတ်ချင်းတိုက်ကာ သရေသာရခဲ့ပြန်သည်။ ၁၉၉၁ နှင့် ၁၉၉၃ ခုနှစ်များတွင် အမေရိကန်အသင်းက ပွတ်ကာသီကာဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ ယင်းနောက်ပိုင်းတွင်မူကား ဥရောပအသင်းက နိုင်ပွဲများ ပိုများလာခဲ့ပါတော့သည်။ ယခု ၂၀၁၆ ခုနှစ် မတိုင်မီ နောက်ဆုံးကျင်းပခဲ့သော ပြိုင်ပွဲသုံးပွဲဆက်တိုက်အား အမေရိကန်အသင်းရှုံးနိမ့်သည့်အခါ အမေရိကန်တို့ မနေနိုင်ကြတော့ပါ။ အဖြေရှာခဲ့ကြသည်။ တိုက်ဂါးပါလည်း ရှုံးသည်။ ဖီးလ်မစ်ကယ်ဆင်ပါလည်း ရှုံးသည်။ ကမ္ဘာ့အဆင့်တစ်နှင့် နှစ်ဖြစ်သော သူတို့နှစ်ဦးအား တွဲကစားစေခဲ့သော်လည်း ရှုံးနေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်က အမေရိကန်အသင်းသည် နှစ်ရက်အပြီး ဆယ်မှတ်ခြောက်မှတ်ဖြင့် အသာစီးရခဲ့သော်လည်း နောက်ဆုံးနေ့ တစ်ဦးချင်း ၁၂ ပွဲအပြီးတွင် ဥရောပက ၁၄ မှတ် ခွဲ၊ အမေရိကန်က ၁၃ မှတ်ခွဲဖြစ်သွားကာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်ပွဲတွင် တွမ်ဝပ်တ်ဆင်က အမေရိကန်အသင်းကပ္ပတိန်အဖြစ် တာဝန်ပေးခြင်းခံရပြီး ဥရောပမြေပေါ်သို့ သွားရောက်ကစားခဲ့ရရာ ၁၆ မှတ်ခွဲ၊ ၁၁ မှတ်ခွဲဖြင့် အမေရိကန်အသင်း ရှုံးနိမ့်ခဲ့ပြန်သည်။ ကပ္ပတိန်တွမ်ဝပ်တ်ဆင်၏ စီမံခန့်ခွဲမှုအပေါ် အသင်းသားနာမည်ကျော်ဖီးလ်မစ်ကယ်ဆင်က ပွင့်လင်းစွာပင် ဝေဖန်ခဲ့သည်အထိ ဖြစ်ခဲ့ကြသည်။
[caption id="attachment_28169" align="alignnone" width="720"]Captain Davis Love[/caption]
၂၀၁၄ ခုနှစ်က ရိုက်ဒါဖလားပြိုင်ပွဲရှုံးနိမ့်ပြီး တစ်လအကြာ အောက်တိုဘာလတွင်ပင် ရိုက်ဒါဖလားပြိုင်ပွဲ၌ အောင်မြင်မှုရရေးအတွက် အောင်နိုင်ရေးတပ်ဖွဲ့ဟု ခေါ်ခေါ်၊ အောင်နိုင်ရေးကော်မတီဟု ခေါ်ခေါ်၊ အဖွဲ့ဝင် ၁၁ ဦးပါသော Ryder Cup Task Force ကို ဖွဲ့စည်းလိုက်ပါကြောင်း ကြေညာခဲ့ပါသည်။ ထိုအဖွဲ့တွင် Vice President နှင့် Chief Executive Officer တို့နှစ်ဦးက ပူးတွဲဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ရိုက်ဒါဖလားကပ္ပတိန်ဟောင်းများဖြစ်ကြသော ရေမွန်ဖလွိုက်ဒ်၊ တွမ်လေးမင်းနှင့် ဒေးဗစ်စ်လပ်ဗ်၊ ရိုက်ဒါဖလား လက်ရွေးစင်ဖြစ်ခဲ့ကြဖူးသော ဂျင်မ်ဖျူးရစ်ခ်၊ စတိဗ်စထရစ်ကာ၊ ဖီးလ်မစ်ကယ်ဆင်၊ တိုက်ဂါးဂွဒ်စ်နှင့် လူငယ်ပရိုများထဲမှ ရစ်ကီဖောင်လာတို့အပြင် ပီဂျီအေအတွင်းရေးမှူးဖြစ်သူတို့ ပါဝင်ခဲ့ကြသည်။
ထိုအောင်နိုင်ရေးအဖွဲ့၏ တာဝန်များမှာ ရိုက်ဒါဖလားအမေရိကန်အသင်း ကပ္ပတိန်ရွေးချယ်ခြင်း၊ လက်ရွေးစင်ရွေးရန် အမှတ်ပေးပုံပေးနည်းအား သုံးသပ်ပြင်ဆင်ခြင်း၊ အမှတ်ဖြတ်မည့် နေ့ရက်သတ်မှတ်ခြင်း၊ ကပ္ပတိန်၏ ကောက်ရွေးများ ရွေးချယ်ရမည့် နေ့ရက်သတ်မှတ်ခြင်း၊ လက်ထောက်ကပ္ပတိန်များ ရွေးချယ်ပေးခြင်း၊ အမေရိကန်ရိုက်ဒါဖလားအနာဂတ် လက်ရွေးစင်အသင်းများအတွက် နည်းဗျူဟာများ ပိုမိုဖွံ့ဖြိုးရန်နှင့် အခြေခံလိုအပ်ချက်များတည့်မှန်စေရန် အကြံပြုခြင်းများ ဖြစ်ပါသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော အောင်နိုင်ရေးအဖွဲ့၏ တတိယအစည်းအဝေးတွင် ဒေးဗစ်စ်လပ်ဗ်ကိုပင် ၂၀၁၆ ခုနှစ် အသင်းကပ္ပတိန်အဖြစ် ရွေးချယ်လိုက်ကြပါသည်။ ဒေးဗစ်စ်လပ်ဗ်မှာ ၂၀၁၂ ခုနှစ်က နှစ်ရက်အပြီး အမှတ်အပြတ်အသာရနေရာမှ နောက်ဆုံးနေ့အပြီးတွင် ကပ်ရှုံးခဲ့သော ကပ္ပတိန်ပင် ဖြစ်ပါသည်။ သူက ထိုစဉ်ကလိုပင် အောင်နိုင်ရေးဟူသော ရည်မှန်းချက်မှာ မပြောင်းလဲသော်လည်း ယခုအခါတွင် ကွဲပြားသော ကပ္ပတိန်ဖြစ်နေပါပြီဟု ဆိုသည်။ ဒုတိယအကြိမ်တွင် ပထမအကြိမ်ကလို အမှားမျိုးလုပ်မည် မဟုတ်ပါဟုလည်းပြောသည်။ အမှားဟူသည်မှာ ကပ္ပတိန်ဟောင်းများ၊ လက်ရွေးစင်ဟောင်းများနှင့်အတူ အတိတ်က အောင်မြင်မှုများ၊ ရှုံးနိမ့်မှုများအပေါ် စုပေါင်းသုံးသပ်မှုမရှိခြင်းဟု ဆိုပါသည်။ ၂၀၁၆ ခုနှစ်တွင် အမေရိကန်အသင်းသားတစ်ဦးချင်းစီ၏ စုပေါင်းအားထုတ်မှုနှင့် အစစအရာရာ ကြိုတင်ပြင်ဆင်ထားမှုတို့ကို တွေ့ကြရပါလိမ့်မည်ဟုလည်း ဆိုသည်။
အောင်နိုင်ရေးတပ်ဖွဲ့နှင့် ကပ္ပတိန်ဒေးဗစ်စ်လပ်ဗ်တို့က အမေရိကန်လက်ရွေးစင်ရွေးချယ်သည့်မူတွင် အနည်းငယ်အပြောင်းအလဲ လုပ်ခဲ့ပါသည်။ လက်ရွေးစင် ၁၂ ဦး ရွေးသည့်မူမှာ ရှစ်ဦးကို နှစ်နှစ်စာ အမှတ်ဖြင့် ရွေးချယ်ပြီး ကျန်လေးဦးမှာ ကပ္ပတိန်၏စိတ်ကြိုက် ကောက်ရွေးဖြစ်ပါသည်။ ဤမူမှာ အရင်နှစ်ကအတိုင်း အပြောင်းအလဲမရှိပါ။ ကောက်ရွေးလေးဦး ရွေးသည့် အချိန်ကာလကိုသာ ပြောင်းခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်က ကောက်ရွေးလေးဦးစလုံးကို ရိုက်ဒါဖလားမကျင်းပမီ ပြိုင်ပွဲလေးပွဲ ကျန်ချိန်၌ အပြီးသတ်ရွေးခဲ့ပါသည်။ ယခုနှစ်တွင် ကောက်ရွေးလေးဦးအနက် သုံးဦးအားပြိုင်ပွဲ နှစ်ပွဲအလိုတွင် ရွေးရန်နှင့် ကျန်တစ်ဦးအား ရာသီပိတ် Tour Championship ပြိုင်ပွဲ အပြီး၌မှ ရွေးရန်ဖြစ်ပါသည်။
ဤသို့လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နောက်ဆုံးပွဲများ၌ လက်ရည်အကောင်းဆုံးဖြစ်နေသူအား ကပ္ပတိန်အနေဖြင့် ပါဝင်စေလိုပါက ရွေးချယ်နိုင်ရန် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်က ဘီလီဟောရှဲလ်သည် အပြီးသတ်လေးပွဲတွင် နှစ်ပွဲပင် အနိုင်ရခဲ့ပြီး ဖက်ဒိတ်စ်ဖလား ချန်ပီယံဖြစ်ခဲ့ကာ အပိုဆောင်းဆုကြေး ဒေါ်လာ ဆယ်သန်းကိုပင် ဆွတ်ခူးနိုင်သူဖြစ်သော်လည်း ထိုနှစ် အမေရိကန်ရိုက်ဒါဖလား လက်ရွေးစင်အသင်း၌ မပါခဲ့ပါ။ အဆိုပါ အပြီးသတ် ပြိုင်ပွဲလေးပွဲမတိုင်မီကာလက လက်ရွေးစင် ၁၂ ဦးကို ရွေးချယ်ပြီးစီးခဲ့၍ပါ။ ထိုနှစ်က အမေရိကန်အသင်းသည် ၁၆ မှတ်ခွဲ ၁၁ မှတ်ခွဲဖြင့် အပြတ်ရှုံးနိမ့်ခဲ့သည်။ ဘီလီဟောရှဲလ်လို လက်ရှိကာလအတွင်း လက်စွမ်းအထူးထက်မြက်နေသူကို ရွေးလိုက ရွေးနိုင်စေရန် မူပြောင်းခဲ့ခြင်း ဖြစ်ပါသည်။
၂၀၁၆ ခုနှစ်တွင် သြဂုတ်လ ၂၈ ရက်နေ့ အမှတ်ဖြတ်ချိန်တွင် အမေရိကန်လက်ရွေးစင် အမှတ်ဇယား အရ ၁) ဒပ်စ်တင်းဂျွန်ဆင် ၂) ဂျော်ဒန်စပိသ် ၃) ဖီးလ် မစ်ကယ်ဆင် ၄) ပက်ထရစ်ခ်ရိဒ် ၅) ဂျင်မီဝေါ်လ်ကာ ၆) ဘရွတ်စ်ကက်ပ်ကာ ၇) ဘရန့်စနဲဒက်ကာနှင့် ၈) ဇက်ခ်ဂျွန်ဆင်တို့ ရှစ်ဦး အရွေးခံခဲ့ရသည်။
ယင်းနောက် စက်တင်ဘာလ ၅ ရက်နေ့ပြိုင်ပွဲနှစ်ပွဲသာလိုတော့ချိန်တွင် ကပ္ပတိန်က ဂျေဘီဟုမ်းစ်၊ ရစ်ကီဖောင်လာနှင့် မက်တ်ကူချာတို့အား ကောက်ရွေးသုံးဦးအဖြစ်ရွေးခဲ့သည်။ ယင်းတို့သုံးဦးသည် အမှတ်ဖြတ်ချိန်၌ အမှတ်စဉ် ၁၀၊ ၁၁၊ ၁၂ ၌ ရှိနေကြသူများ ဖြစ်ပါသည်။ အမှတ်စဉ် ၉ ၌ ရှိနေသော မာစတာစ် ပြိုင်ပွဲကြီး နှစ်ကြိမ်ဗိုလ်စွဲထားသူ ကမ္ဘာ့အဆင့် ခုနစ်ဘယ်ကျော်ဘတ်ဘာဝပ်တ်ဆင်ကို မရွေးခဲ့ပါ။ ယင်းသည် ယခုနှစ်အတွင်း ပီဂျီအေတိုးပွဲတစ်ပွဲနိုင်ထားသူ ဖြစ်သော်လည်း နှစ်ကုန်ပိုင်းရလဒ်များက အားရစရာမရှိခဲ့ပါ။ သို့သော် အသင်းလိုက်လေ့ကျင့်ရာတွင်မူ သူလည်းပါဝင်လေ့ကျင့်ခဲ့ပါသည်။ နောက်ဆုံးပြိုင်ပွဲတွင်သာ ထူးထူးခြားခြား လက်စွမ်းပြသူ မပေါ်တော့ပါက သူပါဝင်ရမည့် သဘောဖြစ်ပါသည်။
ရာသီပိတ် Tour Championship ပွဲကြီးတွင် မြောက်အိုင်ယာလန်မှ ရော်ရီမက်ကဲလ်ရွိုင်းနှင့် အမေရိကန်ပရိုနှစ်ဦးဖြစ်သော ရိုင်ရင်မိုးရ်နှင့် ကယ်ဗင်ချက်ပဲလ်တို့ သုံးဦးလေးရက်အပြီး ထိပ်ဆုံးနေရာတွင် တိုက်နေခဲ့ကြကာ ကျင်းပြတ်ကျင်းပိုဆက် ကစားကြသည့်အခါ မက်ကဲလ်ရွိုင်းဗိုလ်စွဲပြီး အမေရိကန်နှစ်ဦးက ပူးတွဲဒုတိယသာ ရခဲ့ပါသည်။
ထိုပွဲအပြီး၌ ကပ္ပတိန်ဒေးဗစ်စ်လပ်ဗ်က နောက်ဆုံးကောက်ရွေးတစ်ဦးအဖြစ် ရိုင်ရင်မိုးရ်အား ရွေးချယ်ကြောင်း ကြေညာခဲ့ပါသည်။ ရွေးချယ်ခြင်းမခံရသော ဘတ်ဘာဝပ်တ်ဆင်အား လက်ထောက်ကပ္ပတိန် ငါးဦးထဲမှ တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။ အခြားလက်ထောက် ကပ္ပတိန်လေးဦးမှာ သမ္ဘာရင့် ရိုက်ဒါဖလား လက်ရွေးစင်ဟောင်းများဖြစ်ကြသော တိုက်ဂါး၊ ဂျင်မ်ဖျူးရစ်ခ်၊ စတိဗ်စထရစ်ကာနှင့် ကပ္ပတိန်ဟောင်း တစ်ဦးဖြစ်သူ တွမ်လေးမင်းန်တို့ ဖြစ်ကြသည်။ အမှတ်ဇယားဖြတ်သည့် ကာလက အမှတ် ၂၀ တွင်သာရှိသော ရိုင်ရင်မိုးရ်အား အမှတ်စဉ် ၉ ၌ရှိသူ ဘတ်ဘာဝပ်တ်ဆင်ကိုကျော်၍ ရွေးလိုက်ခြင်း ဖြစ်ပါသည်။
ထိုရက်သတ္တပတ်အပြီး ဆက်လာသောအပတ်၏ သောကြာနေ့တွင် ရိုက်ဒါဖလားပြိုင်ပွဲကြီး စတင်ပါသည်။ စက်တင်ဘာလ ၃၀ ရက် သောကြာနေ့တွင် နံနက်ပိုင်း၌ ဖိုးဆမ်းလေးပွဲ၊ မွန်းလွဲပိုင်း၌ ဖိုးဘောလေးပွဲ၊ အောက်တိုဘာလ ၁ ရက် စနေနေ့တွင်လည်း သောကြာနေ့ကအတိုင်း ရှစ်ပွဲနှင့် အောက်တိုဘာလ ၂ ရက် တနင်္ဂနွေနေ့တွင် တစ်ဦးချင်း ၁၂ ပွဲ ကစားခဲ့ကြရသည်။ စုစုပေါင်း ၂၈ ပွဲရှိပြီး နိုင်လျှင် တစ်မှတ်၊ သရေကျလျှင် အမှတ်ဝက်နှင့် ရှုံးလျှင် အမှတ်မရဟူသော အမှတ်ပေးပုံအရ အမှတ်ပိုများသည့် အသင်းက အောင်နိုင်သူဖြစ်ပါမည်။ ပေးမှတ်ပေါင်း ၂၈ မှတ်ရှိပေရာ ၁၄ မှတ်ခွဲရပါလျှင် နိုင်ပါပြီ။ တစ်သင်းက ၁၄ မှတ်ခွဲရပါက ကျန်အသင်းက ၁၃ မှတ်ခွဲသာ ရပါတော့မည်။ ၁၄ မှတ်ချင်းတူနေပါက သရေဟုသတ်မှတ်ပြီး လက်ရှိဖလားရရှိထား သူက နောက်ထပ် နှစ်နှစ် ဖလားကြီးအား ဆက်လက်ထိန်းသိမ်းခွင့်ရပါမည်။
အမေရိကန်အသင်း ကပ္ပတိန်ဒေးဗစ်စ်လပ်ဗ်နှင့် လက်ထောက်ကပ္ပတိန် ငါးဦးစလုံးသည် အောင်နိုင်ရေးတပ်ဖွဲ့၏ အဖွဲ့ဝင် ၁၁ ဦး စာရင်း၌လည်း ပါဝင်သူများဖြစ်ကြပါသည်။ ဖိုးဆမ်းနှင့် ဖိုးဘော နှစ်ယောက်တွဲ ပွဲများ၌ မည်သူနှင့် မည်သူတွဲမည်က အစ၊ ပွဲထွက်ရာ၌ မည်သည့်အတွဲက ရှေ့ဆုံး မည်သည့်အတွဲက နောက်ဆုံး၊ ဂေါက်ကွင်းအား မည်သို့စီမံတွက်ချက်၍ ကစားရမည် စသည်များကိုပါ ညှိနှိုင်းစဉ်းစားဆုံးဖြတ်ခဲ့ကြ သည်။ လက်ထောက်ကပ္ပတိန်နှင့် အောင်နိုင်ရေးတပ်ဖွဲ့ဝင်များသည် ယခင်က ခါးသီးသော ရှုံးနိမ့်မှုများကို ခံစားခဲ့ရသူများဖြစ်ကြသည့်အလျောက် ထိုသို့သော အမှားမျိုးမဖြစ်ပေါ်စေရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
[caption id="attachment_28170" align="alignnone" width="720"]Tiger Wood[/caption]
ကမ္ဘာ့နံပါတ်တစ်ဟောင်း တိုက်ဂါးနှင့် ကမ္ဘာ့နံပါတ်နှစ်ဟောင်း ဖီးလ်မစ်ကယ်ဆင်တို့လည်း တစ်ဦး နှင့်တစ်ဦး အကြိမ်ကြိမ် ဖုန်းဆက်ကာ အောင်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။ တိုက်ဂါးသည် ပီဂျီအေတိုးပြိုင်ပွဲများ၌ အောင်ပွဲများအလွန်များပြားခဲ့သော်လည်း ရိုက်ဒါဖလားပြိုင်ပွဲအား ခြောက်ကြိမ် ပါဝင်ကစားခဲ့ရာ ဥရောပ အသင်းပေါ်အနိုင်ရမှုဟူ၍ ၁၉၉၉ ခုနှစ်က တစ်ကြိမ်သာ ရှိခဲ့သည်။ တစ်ဦးချင်းရော နှစ်ယောက်တွဲပွဲပါ စုစုပေါင်း ၂၉ ပွဲ ကစားခဲ့ပြီး အများဆုံးရနိုင်သော အမှတ် ၂၉ မှတ်အနက် ၁၄ မှတ်သာ သူရယူပေးနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်ကပွဲတွင် သူနှင့် ဖီးလ်မစ်ကယ်ဆင်တို့က ပထမနေ့ နှစ်ယောက်တွဲ နှစ်ပွဲစလုံး၌ အတူတွဲကစားခဲ့ရာ နှစ်ပွဲလုံး ရှုံးနိမ့်ခဲ့သည်။
ဖီးလ်မစ်ကယ်ဆင်မှာ ရိုက်ဒါဖလားပြိုင်ပွဲ ဆယ်ကြိမ်ပါဝင်ကစားပြီးဖြစ်ရာ ၁၉၉၉ နှင့် ၂၀၀၈ ခုနှစ်များက နှစ်ကြိမ်သာ သူပါခဲ့သောအမေရိကန်အသင်း အနိုင်ရခဲ့ပါသည်။ သူက ၁၉၉၅ ခုနှစ်မှစ၍ ယခုနှစ်အထိ အကြိမ်တိုင်းတွင် အမေရိကန်လက်ရွေးစင်ထဲပါခဲ့သူပါ။ ကစားပြီးသမျှ နှစ်ယောက်တွဲနှင့် တစ်ဦးချင်းပွဲပေါင်း ၄၅ ပွဲရှိခဲ့ပြီး ၂၁ မှတ်ခွဲသာ အသင်းအတွက် ရယူပေးနိုင်ခဲ့သည်။ အောင်နိုင်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး၌ ဖီးလ်မစ်ကယ်ဆင်ကဲ့သို့ ပါဝင်သည့်အပြင် လက်ရွေးစင်အဖြစ်လည်း ယခုနှစ်ပြိုင်ပွဲအတွက် အရွေးခံထားရသည့် လူငယ်အမေရိကန်ပရိုရစ်ကီဖောင်လာမှာ ရိုက်ဒါဖလားပြိုင်ပွဲအား နှစ်ကြိမ်ပါဝင်ကစားခဲ့ဖူးပြီး သူပါဝင်သည့် နှစ်ကြိမ်စလုံးတွင် ဥရောပအသင်းက နိုင်သွားခဲ့သည်။ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ ပွဲပေါင်း စုစုပေါင်း ၁၁ ပွဲ ကစားခဲ့ပြီး လေးမှတ်ခွဲသာ ရှာပေးနိုင်ခဲ့သူ ဖြစ်ပါသည်။
[caption id="attachment_28171" align="alignnone" width="720"]Phil Mickelson with Amy[/caption]
၂၀၁၆ ခုနှစ် ရိုက်ဒါဖလားပြိုင်ပွဲသည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် မင်နီဆိုတာပြည်နယ်ရှိ ဟေဇယ်လ်တိုင်းနေရှင်နယ် ဂေါက်ကွင်း၌ စတင်ကျင်းပခဲ့ပါသည်။ နံနက်ပိုင်း၌ ဖိုးဆမ်းလေးပွဲ ယှဉ်ပြိုင်ခဲ့ရာ အမေရိကန်အသင်းက လေးပွဲစလုံးနိုင်ကာ လေးမှတ် သုညမှတ်ဖြင့် ဦးဆောင်ခဲ့ပါသည်။ မွန်းလွဲပိုင်း ဖိုးဘောလေးပွဲတွင် ဥရောပအသင်းက ပြန်လည်ကြိုးပမ်းခဲ့ရာ ယင်းတို့က သုံးပွဲနိုင်ပြီး အမေရိကန်တို့က တစ်ပွဲသာ နိုင်ခဲ့သဖြင့် ပထမနေ့အပြီးတွင် အမေရိကန်တို့က ငါးမှတ် သုံးမှတ်ဖြင့်သာ အသာရခဲ့သည်။
ဒုတိယနေ့ နံနက်ပိုင်း ဖိုးဆမ်းလေးပွဲတွင် ဥရောပက နှစ်ပွဲနိုင်၊ အမေရိကန်တို့က တစ်ပွဲနိုင်၊ တစ်ပွဲ သရေကျသဖြင့် ဥရောပက နှစ်မှတ်ခွဲ၊ အမေရိကန် အသင်းက တစ်မှတ်ခွဲ ရခဲ့ကြပြီး စုစုပေါင်းတွင် အမေရိကန်က ခြောက်မှတ်ခွဲ၊ ဥရောပက ငါးမှတ်ခွဲ ဖြစ်နေခဲ့ကြသည်။ မွန်းလွဲပိုင်း ဖိုးဘောလေးပွဲတွင် အမေရိကန်တို့က သုံးပွဲနိုင်ပြီး ဥရောပက တစ်ပွဲသာနိုင်သဖြင့် နှစ်ရက်အပြီး စုစုပေါင်းအမှတ်တွင် အမေရိကန်က ကိုးမှတ်ခွဲ၊ ဥရောပက ခြောက်မှတ်ခွဲ ဖြစ်နေခဲ့ကြပါသည်။
နောက်ဆုံးနေ့မှာ တစ်ဦးချင်း ၁၂ ပွဲ ဖြစ်ပါသည်။ ထို ၁၂ ပွဲတွင် အမေရိကန်တို့က ခုနစ်ပွဲနိုင်ပြီး ဥရောပက လေးပွဲသာနိုင်ကာ တစ်ပွဲသရေကျခဲ့ပါသည်။ တစ်ဦးချင်း ၁၂ ပွဲမှ ရမှတ်များမှာ အမေရိကန်က ခုနစ်မှတ်ခွဲ၊ ဥရောပက လေးမှတ်ခွဲဖြစ်ပါသည်။ ထို့ကြောင့် သုံးရက်စလုံး၏ အမှတ်ပေါင်းတွင် အမေရိကန်က ၁၇ မှတ် ဥရောပက ၁၁ မှတ်ဖြင့် အမေရိကန်အသင်းက ရိုက်ဒါဖလားကြီးကို ပြန်လည်ရယူနိုင်ခဲ့ပါသည်။
နောက်ဆုံးနေ့ တစ်ဦးချင်းပွဲများတွင် ထွက်ထွက်ချင်း ပထမဆုံးပွဲ၌ ဥရောပ၏ အကောင်းဆုံးဂေါက်သီးသမားဖြစ်ပြီး ပူပူနွေးနွေး ဖက်ဒိတ်စ်ဖလား ချန်ပီယံဖြစ်သူ ရော်ရီမက်ကဲလ်ရွိုင်းအား အမေရိကန်အသင်းမှ ပက်ထရစ်ခ်ရိဒ်က 1 Up ဖြင့် နိုင်ခဲ့ရာ ဥရောပအသင်း ဦးကျိုးသွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုကို ကယ်တင်ခဲ့သော လူစွမ်းကောင်းအကြောင်း ကလေးကြိုက်ရုပ်ရှင်ဖြစ်သည့် Captain America ဇာတ်ကားထဲမှ ကယ်တင်ရှင်လူစွမ်းကောင်းနှင့် နှိုင်းယှဉ်ကာ ပက်ထရစ်ခ်ရိဒ်ကို Captain America ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ မက်ကဲလ်ရွိုင်းသည် ပထမနှစ်ရက်က ကစားပြီးသမျှ နှစ်ယောက်တွဲ လေးပွဲတွင် သုံးပွဲနိုင်ထားသူဖြစ်ပြီး ရိဒ်သည်လည်း နှစ်ပွဲနိုင် တစ်ပွဲသရေတစ်ပွဲရှုံး ရလဒ်ရထားသူဖြစ်ကာ နှစ်ဦးစလုံးက မိမိအသင်း၏ အားအထားရဆုံး ဂေါက်သီးသမားလို ဖြစ်နေကြ၍ အစောဆုံးပွဲ၌ ပွဲထုတ်ခံခဲ့ကြရခြင်းပါ။ မက်ကဲလ်ရွိုင်းက လက်စွမ်းထက်သလို ရိဒ်ကလည်း မကြောက်တမ်း မရွံ့တမ်း ကစားတတ်သူ ဖြစ်ပါသည်။ တစ်ယောက်က ဘာဒီရလျှင် နောက်တစ်ယောက်ကလည်း ဘာဒီလိုက်ရသည်။ သို့မဟုတ်ပါကလည်း နောက်တစ်ကျင်းတွင် ဘာဒီပြန်ရပြီး ပြန်ချေလိုက်နိုင်သည်။ သူတို့ နှစ်ဦး၏ပွဲက အလွန်ကြည့်ကောင်းခဲ့သည်။ အကောင်းဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမားနှစ်ဦး ယှဉ်ထိုးနေသကဲ့သို့ပါပင်။
မက်ကဲလ်ရွိုင်းက ပထမကော်နာတွင် ကျင်း ၅ မှ စ၍ ဘာဒီလေးကျင်း ဆက်တိုက်ရိုက်ခဲ့သည်။ ရိဒ်ကလည်း ထိုကိုးကျင်းတွင် ဘာဒီလေးကျင်းရသည့်အပြင် ၃၀၃ ကိုက်သာရှည်သော ပါဖိုးကျင်း၌ ဂရင်းပေါ်သို့အရောက် တီခုံမှ ရိုက်နိုင်ခဲ့ကာ ခုနစ်ပေအီဂယ်ပတ်လည်း ဝင်ခဲ့သဖြင့် ဘာဒီရသူ မက်ကဲလ်ရွိုင်းအား ထိုကျင်း၌ နိုင်ခဲ့သည်။ ကျင်း ၁၇ အပြီးအထိ ရိဒ်က တစ်ကျင်းအနိုင်သာရှိခဲ့ပြီး ကျင်း ၁၈ ပါဖိုး၌ မက်ကဲလ်ရွိုင်း၏ ဘာဒီပတ်က လေးပေသာ ကွာဝေးသလိုပင် ရိဒ်၏ ဘာဒီပတ်ကလည်း ငါးပေသာ ကွာဝေးနေခဲ့ပါသည်။ ရိဒ်က ထိုဘာဒီပတ်ကို ဝင်အောင်သွင်းနိုင်ခဲ့၍ အနိုင်ရခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်ပရိသတ်ထုကြီးက ဟစ်အော်သံများ ဆူညံကုန်ပါတော့သည်။
ဖီးလ်မစ်ကယ်ဆင်နှင့် ဆာဂျီယိုဂါစီယာတို့၏ ပွဲသည်လည်း ကြည့်ကောင်းခဲ့သည်။ နှစ်ယောက်ပေါင်း ဘာဒီ ၁၉ လုံးရခဲ့သည်။ နောက်ဆုံးကျင်းတွင် ၁၈ ပေ ဘာဒီပတ်မစ်ကယ်ဆင်က ဝင်အောင်သွင်းနိုင်ခဲ့ပြီး သရေကျခဲ့ကြသည်။
[caption id="attachment_28172" align="alignnone" width="720"]Ryan Moore[/caption]
ကပ္ပတိန်က ကောက်ရွေးအဖြစ် နောက်ဆုံးရွေးချယ်ခဲ့သူ ရိုင်ရင်မိုးရ်၏ အခန်းဏ္ဍကလည်း အလွန်လှပသည်။ မိုးရ်နှင့် လီးဝက်စ်ဝွဒ်တို့ ပြိုင်နေသော ပွဲမတိုင်မီအထိ အမေရိကန်အသင်းက ၁၃ မှတ်ခွဲ ရထားခဲ့ပါသည်။ ၁၄ မှတ်ခွဲရပါက အမေရိကန်အသင်းနိုင်မှတ်ရမည် ဖြစ်ပါသည်။ မိုးရ်က ဝက်စ်ဝွဒ်အား ကျင်း ၁၈ ၌ 1 Up ဖြင့် အနိုင်ရလိုက်ပေရာ အမေရိကန်အသင်း၏ လိုအပ်သောအမှတ် ပြည့်ဝသွားခဲ့ပါသည်။ မိုးရ်က နောက်ဆုံးသုံးကျင်းတွင် အီဂယ်- ဘာဒီ-ပါများ ရိုက်နိုင်ခဲ့ခြင်းပါ။
တစ်ဦးချင်း ၁၂ ပွဲ စလုံးပြီးသည့်အခါတွင်မူကား အမေရိကန်အသင်းက ၁၇ မှတ်အထိ ရသွားခဲ့ပါသည်။ ရိုက်ဒါဖလား၌ အမေရိကန်တို့ ဆက်တိုက်ရှုံးနိမ့်နေမှု အဆုံးသတ်ခဲ့ပါပြီ။ ဖိအားများကြားမှ တစ်ဦးနှင့်တစ်ဦး အားပေးလက်တွဲကာ ကြိုးပမ်းခဲ့မှုကြီး အောင်မြင်ခဲ့ပါပြီ။ ရည်မှန်းချက် ပြည့်ဝခဲ့ပါပြီ။
နှစ်နှစ်တစ်ကြိမ်ကျင်းပသော ဤပွဲမှာ ၂၀၁၈ ခုနှစ်တွင် ဥရောပမြေ၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပမည်ဖြစ်ပေရာ ဥရောပအသင်းက မည်သို့တုံ့ပြန်ပါမည်နည်း။ သူတို့လည်း အောင်ပွဲပြန်ရအောင် လူရွေးပုံကစ၍ ပြန်လည်သုံးသပ်ပြင်ဆင်ပါလိမ့်မည်။ အမေရိကန်အသင်းကလည်း လာမည့်အကြိမ်တွင် ယခုနှစ်ထက် ခက်ခဲမည်ကို မှန်းဆထားပြီး ဖြစ်ပါသည်။ အနိုင်ရအောင် ကြိုးပမ်းပါလိမ့်မည်။ ရိုက်ဒါဖလားပြိုင်ပွဲကြီးသည် ဆက်လက်၍ကြီးကျယ်သော ဂေါက်သီးပြိုင်ပွဲကြီး ဖြစ်နေပါလိမ့်ဦးမည်။
ဝင်းမြင့်သိန်း