Jacky LH Kho

Jacky LH Kho

Country Manager

Myanmar Mamee-Double Decker Limited

jacky

ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော်က ထိုင်ဝမ်ကနေ Financial Banking အဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးတော့ ကျွန်တော်ဟာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဟောင်ကောင်၊ တရုတ်၊ စင်ကာပူ၊ ဗီယက်နမ်၊ အာဖရိကနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်စဝင်တဲ့ ၂၀၀၁ ခုနှစ်မှာ အရောင်းဝန်ထမ်းအနေနဲ့ အလုပ်စလုပ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ အခွင့်အရေးတွေရလာ၊ ရာထူးတွေတိုးလာပြီး ၂၀၀၆ ခုနှစ်ကစပြီး စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍထဲကို ရောက်လာခဲ့ပါတယ်။

အဲဒီမတိုင်ခင် မလေးရှားမှာ ကျောင်းတက်နေရင်းနဲ့လည်း ကျူရှင်လခအတွက် အလုပ်လုပ်ခဲ့ပါသေးတယ်။ ဒါကြောင့် ပထမဆုံးအလုပ်စလုပ်ခဲ့တဲ့ ခုနှစ်ကို ၁၉၉၄ ခုနှစ်လို့ ပြောလို့လည်းရပါတယ်။ ကျွန်တော် အထက်တန်းကျောင်းပြီးကတည်းက ကျူရှင်လိုက်ပြတဲ့အလုပ်ကို လုပ်ရင်းနဲ့ တက္ကသိုလ်ပညာကို ဆက်လက်ဆည်းပူးခဲ့တာဖြစ်ပါတယ်။ နောက်ပြီး တစ်ခါတလေမှာ အချိန်ပိုင်းအလုပ်တွေမှာလည်း ဝင်လုပ်ခဲ့ပါသေးတယ်။ ကံကောင်းတာက တခြားလူတွေက ကျောင်းကို လေးနှစ်တက်မှ ဘွဲ့ရပေမဲ့ ကျွန်တော်က သုံးနှစ်ခွဲနဲ့ရခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်း ကျွန်တော်ထိုင်ဝမ်မှာ အလုပ်ရခဲ့ပြီးနောက်ပိုင်းမှာ ဟောင်ကောင်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ စိန်ခေါ်မှုတွေက . . .

မြန်မာနိုင်ငံမှာ ကျွန်တော် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ စတင်တာဝန်ထမ်းဆောင်ခဲ့ရပြီး တခြားနိုင်ငံကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါသေးတယ်။ မြန်မာပြည်ကို မနှစ်ကမှ ပြန်လည်ပြောင်းရွှေ့ပြီး တာဝန်ကျပါတယ်။

ဒီအပြောင်းအလဲကာလအတွင်းမှာ ကျွန်တော့်ရဲ့ အဓိကအခက်အခဲက မြန်မာပြည်ဟာ စီးပွားရေးပွင့်လင်းလာတာနဲ့အမျှ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာကို တခြားနိုင်ငံတွေနည်းတူ ခံစားနေရပါတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာဆိုရင်လည်း စီမံခန့်ခွဲမှုကဏ္ဍမှာတင်မက ကုန်ထုတ်လုပ်ရေးအပိုင်းမှာပါ ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာကို ကြုံတွေ့နေရပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းလဲ . . .

ဒါကို ကျွန်တော်က နည်းနှစ်နည်းနဲ့ ဖြေရှင်းပါတယ်။ ပထမတစ်နည်းက ပြည်တွင်းက အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုကိုသွားပြီး လိုအပ်နေတဲ့ လုပ်ငန်း Culture နဲ့ ကိုက်ညီတဲ့ဝန်ထမ်းကို ရအောင်လုပ်ပါတယ်။ နောက်တစ်နည်းကတော့ မြန်မာနိုင်ငံက သင်တန်းကျောင်းတွေနဲ့ဆက်သွယ်ပြီး သူတို့ရဲ့ကျောင်းသားတွေကို စက်ရုံမှာအလုပ်သင်ဆင်းနိုင်ဖို့ ကူညီပေးတာမျိုးတွေ လုပ်ပါတယ်။ ဒါက ကျောင်းသားတွေ ကျောင်းပြီးတဲ့အခါမှာ ကျွန်တော်တို့ဆီမှာ အလုပ်ဝင်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ မြင်ပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ ဘယ်နိုင်ငံကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရတာပါလဲ . . .

ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံက တခြား Industry မှာ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားမှာတုန်းက ကျွန်တော်အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး မလေးရှားမှာတော့ Telecommunication ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တာဖြစ်ပါတယ်။

MAMEE ကို မြန်မာပြည်စက်ရုံမှာ ထုတ်လုပ်တာနဲ့ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံစက်ရုံတွေမှာ ထုတ်လုပ်တာရဲ့ကွာခြားချက် . . .

ကုန်ထုတ်လုပ်ငန်းကဏ္ဍအနေနဲ့ ပြောရရင် ဒီလိုနိုင်ငံ မတူ၊ စက်ရုံမတူပေမဲ့ ကွာခြားချက်က မရှိဘူးလို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ တိုင်းပြည်အပေါ်မူတည်ပြီး ယဉ်ကျေးမှုတွေက မတူတဲ့အတွက် ဒါတွေကတော့ ပြောင်းလဲနေပါတယ်။

မြန်မာပြည်မှာ ၂၀၁၂ ခုနှစ်အရှေ့ပိုင်းမှာ တာဝန်ထမ်းဆောင်တာနဲ့ အခုပြန်လည်တာဝန်ထမ်းဆောင်ရာမှာ တွေ့ရှိရတဲ့ကွာခြားချက်တွေက . . .

လွန်ခဲ့တဲ့ ၁၉ နှစ်ကျော်က မြန်မာ့စီးပွားရေးဈေးကွက်ဟာ ပွင့်လင်းမြင်သာမှု မရှိသေးပါဘူး။ ဒီမှာ Expatriate တွေလည်း သိပ်များများစားစားမရှိသေးဘူး။ မြင်သာထင်သာ ကွာခြားချက်တွေက လမ်းပန်းဆက်သွယ်ရေးပိုင်း ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးစနစ်နဲ့ Infrastructure ကဏ္ဍတွေ ပိုမိုကောင်းမွန်အောင် လက်ရှိမြန်မာအစိုးရသစ်က ပြုလုပ်သွားမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်နဲ့ အခုနဲ့ ယှဉ်ကြည့်ရင် နေထိုင်စရိတ်တွေ အများကြီးကွာခြားသွားတာတွေ့ရပါတယ်။ နောက်ပြီး လစာပိုင်းမှာလည်း အပြောင်းအလဲတွေ အများကြီးဖြစ်လာပါတယ်။ ဝန်ထမ်းလစာနှုန်းထားတွေကလည်း တက်လာနေပါတယ်။

မြန်မာပြည်မှာ ဝန်ထမ်းစုစုပေါင်း ဘယ်နှယောက်ရှိပါသလဲ . . .

အခုလောလောဆယ်ထိတော့ ကျွန်တော်တို့မှာ ပြည်တွင်းဝန်ထမ်းစုစုပေါင်း သုံးရာနီးပါးရှိပါတယ်။ နိုင်ငံခြားသား ဝန်ထမ်းကတော့ ကျွန်တော်နဲ့ စက်ရုံမန်နေဂျာ နှစ်ယောက်ပဲ ရှိပါတယ်။

စက်ရုံရဲ့တစ်နှစ်ထုတ်ကုန် ထုတ်လုပ်နေမှုနှုန်း . . .

မြန်မာပြည်စက်ရုံမှာ ကျွန်တော်တို့ရဲ့ တချို့ထုတ်ကုန်တွေကို မထုတ်လုပ်ပါဘူး။ Mister Potato ဆိုရင် မလေးရှားကနေ တင်သွင်းပါတယ်။ မြန်မာပြည်မှာတော့ ကျွန်တော်တို့က ခေါက်ဆွဲနဲ့အဆာပြေမုန့်တွေကို အဓိကအနေနဲ့ ထုတ်လုပ်ပါတယ်။

မြန်မာနိုင်ငံကနေ ဘယ်ထုတ်ကုန်တွေကို ထုတ်လုပ်နေလဲ . . .

အဓိကအနေနဲ့ MAMEE နဲ့ Kmee ဆိုတဲ့ အသင့်စားခေါက်ဆွဲတွေ ထုတ်လုပ်ပါတယ်။ MAMEE ခေါက်ဆွဲကို မြန်မာလူမျိုးတွေ တော်တော်နှစ်သက်ကြပြီး Kmee ခေါက်ဆွဲကတော့ နည်းနည်းပိုပြီး အဆင့်အတန်းမြင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။

ကျွန်တော်တို့က အဆာပြေမုန့်တွေဖြစ်တဲ့ Monster Snack လို မုန့်မျိုးတွေကိုလည်း ကလေးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်နေတာရှိပါတယ်။ Mister Potato ကိုတော့ မလေးရှားကနေ တင်သွင်းပါတယ်။ ဒီလို အဆာပြေမုန့်တွေကို မြန်မာလူမျိုးတွေ တဖြည်းဖြည်းနဲ့ ပိုပိုနှစ်သက်လာပြီး ပိုရောင်းလာရတာကို တွေ့ရပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဆိုရင် Product ဘယ်နှမျိုးလောက်ကို ထုတ်လုပ်နေပါသလဲ . . .

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဆိုရင်တော့ ထုတ်လုပ်နေတာ တော်တော်လေးများပါတယ်။ ကျွန်တော်တို့က Cheese ၊ ခေါက်ဆွဲ၊ ဖျော်ရည်စတာတွေကို ထုတ်လုပ်ပါတယ်။ Product အရေအတွက်အနေနဲ့ဆိုရင်တော့ စုစုပေါင်း အမျိုး ၅၀ လောက်ရှိပါတယ်။ MAMEE ဟာ မနှစ်က ဂျပန်က လူသိများတဲ့ အဖျော်ယမကာ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ Joint Venture ပြုလုပ်ခဲ့ပြီး ဖျော်ရည်စတင်ထုတ်လုပ်ခဲ့ပါတယ်။

မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာအပြင် တခြားနိုင်ငံတွေမှာကော စက်ရုံဆောက်သွားဖို့ရှိပါသလား . . .

ရှိပါတယ်။ ဆော်ဒီအာရေးဗျမှာ စက်ရုံအသစ်ဖွင့်သွားဖို့ အစီအစဉ်ရှိပါတယ်။

နိုင်ငံပေါင်း ဘယ်နှနိုင်ငံလောက်ကို Product တင်သွင်းဖြန့်ဖြူးနေပါသလဲ . . .

လောလောဆယ်မှာတော့ ကျွန်တော်တို့က နိုင်ငံပေါင်း ၈၅ နိုင်ငံလောက်ကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ တိုက်ရိုက်တင်ပို့ဖြန့်ဖြူးနေပါတယ်။ မြန်မာနိုင်ငံကနေတော့ တခြားနိုင်ငံတွေကို တင်ပို့နေတာ မရှိပါဘူး။ မြန်မာပြည်မှာက မြန်မာနိုင်ငံဈေးကွက်အတွက်ကိုပဲ ထုတ်လုပ်နေပါသေးတယ်။ ဒါက လက်ရှိမြန်မာပြည်စက်ရုံက မြန်မာပြည်ဈေးကွက်အတွက်ကိုပဲ ထုတ်နိုင်သေးတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Product တွေကို နိုင်ငံပေါင်းတစ်ရာလောက်မှာ တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အေဂျင်စီကတွေကနေ ဒီနိုင်ငံတွေကို ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

အသင့်စားခေါက်ဆွဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို ဘယ်ကရယူပါသလဲ . . .

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဂျုံကိုတော့ ပြည်တွင်းကနေပဲ ယူပါတယ်။ ဟင်းခတ်အမှုန့်ကိုတော့ မလေးရှားကနေ တင်သွင်းပါတယ်။ ဟင်းခတ်မှုန့်မှာ နည်းပညာပိုင်းကောင်းဖို့နဲ့ Quality တစ်မျိုးတည်းရအောင် ပြုလုပ်ဖို့က အရေးကြီးတာကြောင့် မလေးရှားကနေပဲ တင်သွင်းတာ ဖြစ်ပါတယ်။ အဆာပြေမုန့်တွေမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကိုတော့ မြန်မာပြည်ကနေပဲယူပါတယ်။

ကျန်းမာရေးညီညွှတ်အောင်ကော ဘယ်လိုပြုလုပ်ထားပါသလဲ . . .

ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့က QS နဲ့ QC Procedure အတိုင်းပြုလုပ်ပါတယ်။ ထုတ်လုပ်ရေးပိုင်းကို ဝန်ထမ်းအသစ်ရောက်လာတိုင်း သူ့ကို မလေးရှားမှာ သင်တန်းနှစ်ပတ်သွားတက်ဖို့ စေလွှတ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့က Standard Operation Procedure (SOP) အတိုင်းလည်း ၁၀၀ ရာခိုင်နှုန်း ပြည့်မီအောင် ဆောင်ရွက်ပါတယ်။

jacky2

R & D နဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေက . . .

ကုန်ပစ္စည်းတစ်ခု အသစ်ထုတ်တော့မယ်ဆိုရင် ကျွန်တော်တို့က အရောင်းနဲ့ဈေးကွက်အလားအလာတွေကို အဓိကကြည့်ပါတယ်။ တစ်ခါတလေမှာ အရောင်းနဲ့ ဈေးကွက်ချဲ့ထွင်ရေးဝန်ထမ်းတွေက ကုန်ပစ္စည်းအသစ်၊ အရသာသစ်တွေကို ဈေးကွက်ထဲမှာ တွေ့လာရတတ်ပါတယ်။ အဲဒီလိုတွေ့လာရင် ကျွန်တော်တို့က အဲဒါကို R & D ဌာနကို ပို့ပြီး ဈေးကွက်နဲ့လည်း ကိုက်ညီပြီး ကျန်းမာရေးနဲ့ သင့်တော်တယ်ဆိုရင် ကုန်ပစ္စည်းအသစ်ထုတ်ဖို့ ပြုလုပ်ပါတယ်။ နောက်ပြီး တခြားနိုင်ငံတွေမှာ ပေါက်ပြီးသား ကုန်ပစ္စည်းတစ်ခုက ဒီမှာလည်း တဖြည်းဖြည်းနဲ့ ပေါက်လာတယ်ဆိုရင် ဒီမှာ ကုန်ပစ္စည်းအသစ်တစ်ခုအနေနဲ့ မိတ်ဆက်ဖို့ ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ရဲ့ R & D ဌာနချုပ်ဟာ မလေးရှားနိုင်ငံမှာရှိပါ တယ်။ R & D ဌာန က ဈေးကွက်ရဲ့ လိုအပ်ချက်၊ တောင်းဆိုမှုတွေပေါ်မူတည်ပြီး ကုန်ပစ္စည်းသစ်တွေကို ထုတ်ပါတယ်။ ကုန်ပစ္စည်းတွေက နိုင်ငံပေါ်မူတည်ပြီး အောင်မြင်မှုလည်း မတူပါဘူး။ ဥပမာ- အုန်းနို့ခေါက်ဆွဲဆို မြန်မာပြည်မှာအောင်မြင်နေပေမဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ မအောင်မြင်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း Research ပြုလုပ်ဖို့ အကြံပေးထားပါတယ်။

ဈေးကွက်ပိုင်ဆိုင်မှု . . .

မြန်မာပြည်တွင်းမှာတော့ ကျွန်တော်တို့က ဈေးကွက်ပိုင်ဆိုင်မှုအနေနဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ဒါက ကျွန်တော်တို့ နောက်ဆုံးသုတေသနပြုလုပ်ထားရာက တွေ့ရှိချက်ဖြစ်ပါတယ်။ Ranking အနေနဲ့ပြောရင် နံပါတ်နှစ် ၊ ဒါမှမဟုတ် သုံးနေရာမှာ ရှိနေပါတယ်။ Ranking နံပါတ်တစ်ကိုတော့ Yum Yum က ဦးဆောင်နေပါတယ်။ ကျွန်တော်တို့ MAMEE ဟာ MaMa နဲ့ Ranking တူလုနီးပါးရှိပါတယ်။ သူက Ranking တက်သွားလိုက်၊ ကိုယ်ကတက်သွားလိုက်နဲ့ ရှိနေပါတယ်။ ကျွန်တော်တို့ MAMEE အနေနဲ့ ဈေးကွက်ဦးဆောင်သူ ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ MAMEE ဟာ လောလောဆယ်မှာ အရှေ့အလယ်ပိုင်း၊ ဆော်ဒီအာရေးဗျနဲ့ ဥရောပနိုင်ငံတွေမှာ အောင်မြင်နေပါတယ်။ အခုဆိုရင် တရုတ်နဲ့ ထိုင်ဝမ်ဈေးကွက်တွေမှာလည်း အောင်မြင်မှုရလာပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဈေးကွက်ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကိုပြောဖို့ Figure တိတိကျကျတော့ မရှိသေးပါဘူး။

ဈေးကွက်ဗျူဟာနဲ့ပတ်သက်လို့ . . .

မြန်မာဟာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ယှဉ်ပြိုင်မှုပြင်းထန်လာပါတယ်။ အသင့်စားခေါက်ဆွဲကဏ္ဍပိုင်းမှာလည်း ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာပါတယ်။ ကျွန်တော်တို့က Blue Ocean Strategy ကို အသုံးပြုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့က တခြားကုမ္ပဏီတွေက ထုတ်နေတဲ့ Product တွေကို မထုတ်ဘဲ မတူတဲ့ Product တွေကို ထုတ်လုပ်ပြီး ဈေးကွက်မှာ ယှဉ်ပြိုင်ပါတယ်။ ကျွန်တော်တို့တွေက Potato Chips ၊ ဘီစကွတ်၊ ဖျော်ရည် စတာတွေကိုလည်း ထုတ်နေဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဈေးကွက်ဗျူဟာဖြစ်ပါတယ်။

လူအများစုက အသင့်စားခေါက်ဆွဲတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောတဲ့အပေါ် ဘာပြောချင်ပါသလဲ . . .

အသင့်စားခေါက်ဆွဲတွေဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ ကုန်ကြမ်းတွေကိုပဲ အသုံးပြုထားတာကြောင့် တကယ်တမ်း အန္တရာယ်မဖြစ်စေပါဘူး။ နောက်ပြီး FDA ကလည်း အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ဘယ်အစားအစာပဲဖြစ်ဖြစ် အလွန်အကျွံစားရင် ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ကျွန်တော်တို့ MAMEE ဟာဆိုရင်လည်း လက်ရှိထုတ်လုပ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတွေမှာ FDA Certificate တွေ ရထားပြီး ဖြစ်ပါတယ်။

ကုန်ပစ္စည်းအသစ်တစ်မျိုး မိတ်ဆက်တိုင်းမှာ မြန်မာလူမျိုးတွေရဲ့ အကြိုက်နဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပါသလား . . .

ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတော်တော်များများကို မြန်မာပြည်အတွက် ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မြန်မာလူမျိုးတွေရဲ့ အကြိုက်နဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲတာတွေ ပြုလုပ်ပါတယ်။ မလေးရှား၊ ဒါမှမဟုတ် အင်ဒိုနီးရှားမှာ တအားအောင်မြင်နေတဲ့ Product ဖြစ်ပေမဲ့ မြန်မာလူမျိုးတွေ ကြိုက်၊ မကြိုက်သိရအောင် ဈေးကွက်မှာ မဖြန့်ခင် အရင်ဆုံး သုတေသနလုပ်ပါတယ်။ သုတေသနကို Internal ပိုင်းမှာရော External ပိုင်းမှာပါ ပြုလုပ်ပါတယ်။ ဒီ Product ကို ၈၀ ရာခိုင်နှုန်းကျော်က လက်ခံမှသာ ဈေးကွက်မှာ ဖြန့်ချိတာဖြစ်ပါတယ်။

ဆက်လက်လုပ်ဆောင်သွားမှာတွေ . . .

ကျွန်တော်တို့က မနှစ်ကတင်ပဲ ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး အဖျော်ယမကာထုတ်လုပ်နေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆာပြေမုန့်တွေကို ပိုမိုထုတ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကိတ်၊ ဘီစကစ် စတာတွေ  ထုတ်သွားမှာ ဖြစ်ပါတယ်။

ဖြည့်စွက်ချင်တာရှိရင် . . .

MAMEE ဟာ မြန်မာပြည်မှာ ၁၉ နှစ်နီးပါးသက်တမ်း ရှိလာနေပြီဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျွန်တော်တို့ MAMEE ဟာ ဈေးကွက်ဦးဆောင်သူဖြစ်လာမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ မြန်မာပြည်မှာ ကျွန်တော်တို့စက်ရုံမရှိခင်တုန်းက ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းကို တင်သွင်းရင်းနဲ့ပဲ သုတေသနပြုလုပ်ချက်တွေအရ မြန်မာပြည်ဟာ ဈေးကွက်အလားအလာ အများကြီးရှိတယ်ဆိုတာကို တွေ့ရတဲ့အတွက် စက်ရုံလာရောက်ဖွင့်လှစ်တာဖြစ်ပါတယ်။

ကိုဒီ