နည်းပညာကုမ္ပဏီကြီး IBM ၏ သိမ်မွေ့ခက်ခဲသော အသွင်ပြောင်းလဲမှု

ibm1

IBM ဟာ Cloud ကွန်ပျူတာစနစ်မှာနောက်ကျနေပြီး သူ့ရဲ့ 'Watson' နည်းပညာဟာ ဉာဏ်ရည်တုအပိုင်းမှာ ဆွဲဆောင်မှုမရှိဘဲဖြစ်နေပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးမှာ ထက်ထက်မြက်မြက် ဆက်လက်ရှင်သန်နေသူကြီးဟာ အရင်လိုပြန်ပြီး နာလန်ထူနိုင်ပါ့မလား။

ဧရာမနည်းပညာကုမ္ပဏီကြီးတွေဟာ ဒိုင်နိုဆောသတ္တဝါကြီးတွေနဲ့ နည်းနည်းဆင်တူပါတယ်။ သူတို့အများစုဟာ 'စနစ်ပြောင်းလဲမှု' တစ်ခုလို့ခေါ်တဲ့ ခေတ်သစ်တစ်ခုနဲ့အလိုက်သင့်ဖြစ်အောင် အောင်အောင်မြင်မြင် မပြောင်းလဲနိုင်ကြပါဘူး။ ဒီလိုပြောင်းလဲမှုမျိုးကို နှစ်ခုသုံးခုတောင်ဖြတ်သန်းနိုင်တဲ့ ကုမ္ပဏီတွေဟာ နည်းနည်းပဲရှိပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသောကုမ္ပဏီကသာ အဲဒါတွေအားလုံးကို ကျော်ဖြတ်နေပါတယ်။ အဲဒီကုမ္ပဏီကတော့ IBM ပဲဖြစ်ပါတယ်။ IBM ဟာ အပေါက်ဖောက်ထားတဲ့ ကတ်ပြားတွေနဲ့ ဇယားချတဲ့စက်တွေ ဖန်တီးပြီး အစပြုခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်အောင် သက်တမ်းရှည်လာခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ်ကျဆင်းနေတဲ့ ဝင်ငွေတွေနဲ့ သုံးလပတ်ပေါင်း ၂၁ ခု လွန်လာတဲ့အခါမှာတော့ ကြီးမားတဲ့နောက်ဆုံးပြောင်းလဲမှုတွေကို IBM အနေနဲ့ ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ကြီးထွားလာခဲ့ပါတယ်။ အဲဒီပြောင်းလဲမှုတွေဆိုတာက အွန်လိုင်းဝန်ဆောင်မှုတစ်ခုအဖြစ်နဲ့ပေးတဲ့ ကွန်ပျူတာလုပ်ဆောင်မှုလို့ အဓိပ္ပာယ်ရတဲ့ Cloud ထဲကို ရွေ့လျားမှုနဲ့ ဉာဏ်ရည်တု (ArtificialIntellegence) (AI) တိုးတက်လာမှုပဲဖြစ်ပါတယ်။ AI ဆိုတာက အချက်အလက်တွေအများကြီးထဲက ထုတ်ထားတဲ့ ထိုးထွင်းအမြင်ကို အခြေခံထားတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းအမျိုးအစားအားလုံးအတွက် ပေးထားတဲ့နာမည် ဖြစ်ပါတယ်။ မေလတုန်းက Berkshire Hathaway ဦးပိုင်ကုမ္ပဏီကြီးရဲ့ CEO ဖြစ်တဲ့ Warren Buffett က သူ့ရဲ့ကုမ္ပဏီဟာ IBM ထဲမှာရှိတဲ့ သူ့ရဲ့ရှယ်ယာတွေရဲ့ သုံးပုံတစ်ပုံကို ဒေါ်လာ ၁၃.၅ ဘီလီယံနဲ့ ရောင်းပစ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ''IBM ရဲ့ရှယ်ယာတွေကို လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက ကျွန်တော်ဝယ်ခဲ့တုန်းက တန်ဖိုးဖြတ်သလို အခုမဖြတ်ပါဘူး'' လို့ သူကပြောပါတယ်။ IBM ကုမ္ပဏီအကြီးအကဲ Ginni Rometty ဟာ ကုမ္ပဏီရဲ့ခေါင်းဆောင်နေရာမှာဘယ်လောက် ကြာကြာခံတော့မလဲဆိုတာကို သရုပ်ခွဲစိစစ်သူတွေကစပြီး သိချင်လာကြပါပြီ။

[caption id="attachment_32409" align="alignnone" width="370"]ibm2Warren Buffett[/caption][caption id="attachment_32410" align="alignnone" width="370"]ibm3Ginni Rometty[/caption]

ဒါပေမဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ IBM ရဲ့ သုံးလပတ်ရလဒ်တွေက အဆိုးမြင်သူတွေအနေနဲ့ မှားကောင်းမှားသွားနိုင်တယ်ဆိုတာကို ပြခဲ့ပါတယ်။ ဝင်ငွေတွေဟာ ဒေါ်လာ ၁၉.၂ ဘီလီယံအထိ ထပ်ပြီးကျသွားခဲ့ပေမဲ့ ကျဆင်းမှုဟာ မျှော်လင့်ထားတာထက်တော့ နည်းသွားပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်လာမယ့်သုံးလပတ်မှာ တိုးတက်မှုကို မြင်တွေ့နိုင်တယ်လို့ ကုမ္ပဏီကအရိပ်လက္ခဏာပြခဲ့တဲ့အတွက် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်းတွေဟာ ၈.၉ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်ရဲ့ နောက်ပိုင်းမှာ တစ်ရက်အတွင်းရရှိခဲ့တဲ့ အကြီးမားဆုံးမြင့်တက်မှုဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၃၉၀,၀၀၀ နီးပါးရှိတဲ့ ကမ္ဘာ့အကြီးဆုံးသတင်းအချက်အလက်နည်းပညာ (IT) ကုမ္ပဏီကြီး ဖြစ်နေသေးတဲ့ Big Blue ဟာ (IBM ကို Big Blue လို့လည်းခေါ်ကြပါတယ်) အခက်အခဲတွေကို ကျော်နိုင်ခဲ့ပါပြီလား။

ဒီလိုအပြောင်းအလဲတွေနဲ့အလိုက် သင့်ပြောင်းလဲဖို့ IT ကုမ္ပဏီကြီးတွေက မကြာခဏပျက်ကွက်ရင် ဒီပြောင်းလဲမှုတွေဟာ နည်းပညာအသစ်နဲ့ အလိုက်သင့် ပြောင်းလဲဖို့ထက် ပိုပြီးလိုအပ်လို့ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေက ကုမ္ပဏီတွေကို သူတို့ဟာဘာကို ကိုယ်စားပြုတာလဲဆိုတာကို မေးခွန်းထုတ်ဖို့လည်း အတင်းအကျပ် လုပ်ကြတယ်လို့ Massachusetts နည်းပညာတက္ကသိုလ်က စီးပွားရေးလုပ်ငန်းပညာပါမောက္ခ Michael Cusumano က ဆိုပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ရဲ့ကုန်အမှတ်တံဆိပ်၊ နည်းပညာကျွမ်းကျင်မှုနဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ရောင်းပုံရောင်းနည်းတွေအားလုံးကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်မယ့်အစား ကုမ္ပဏီတော်တော်များက သူတို့ရဲ့လက်ရှိပိုင်နက်နယ်ပယ်တွေကို ခုခံကာကွယ်ဖို့ပဲ ရွေးချယ်နေကြပါတယ်။

IBM ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သူ့ရဲ့စွမ်းအားကြီးတဲ့ ကွန်ပျူတာကြီးတွေရဲ့ အရောင်းတွေပြိုလဲသွားတဲ့အခါ သေလုနီးပါးအတွေ့အကြုံတစ်ခုရခဲ့ပြီးတဲ့နောက် နည်းပညာမှာ ရှေ့ကနေဖို့ ပုံသေနည်းတစ်ခုကို တွေ့ခဲ့ပုံပေါ်ပါတယ်။ ကုမ္ပဏီရဲ့အကြီးအကဲဟောင်းတွေဖြစ်ကြတဲ့ Louis Gerstner နဲ့ Sam Palmisano တို့ရဲ့လက်အောက်မှာ ကုမ္ပဏီဟာ အင်တာနက်နဲ့ ခပ်မြန်မြန်အလိုက်သင့်ပြောင်းလဲပြီး Open-Source (ဘယ်သူမဆိုယူသုံးလို့ရတဲ့) Software ကိုထောက်ခံတဲ့ ပထမဆုံး IT ကုမ္ပဏီကြီး ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီဟာ စားပွဲတင်ကွန်ပျူတာတွေနဲ့ ဈေးသက်သာတဲ့ server တွေလို ကုန်ပစ္စည်းတွေ ဖြစ်လာတော့မယ့် စီးပွားရေးလုပ်ငန်းတွေကို ချောင်ထိုးပစ်ခဲ့ပါတယ်။ ပြီးတာ့ ကုမ္ပဏီဟာ နောက်ငါးနှစ်ကြာတဲ့အခါ ဘယ်လိုအကျိုးအမြတ်ရှိမယ်ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေကိုပြောပြနေတဲ့ ဘဏ္ဍာရေး 'လမ်းပြမြေပုံ' တစ်ခုကို ဖက်တွယ်ထားခဲ့ပါတယ်။ အဲဒါကြောင့် ရှယ်ယာတစ်ခုချင်းအပေါ်မှာ သူ့ရဲ့ဝင်ငွေကိုမြှင့်တင်ဖို့အတွက် စတော့တွေကို ပြန်ဝယ်တဲ့နေရာမှာ ဒေါ်လာတွေဘီလီယံနဲ့ချီပြီး သုံးစွဲပစ်ဖို့လည်း တွန့်ဆုတ်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ (မစ္စ Rometty ထက် အရင်စောတဲ့ ရပ်တည်ချက်ဖြစ်တဲ့) ဘဏ္ဍာရေးဆိုင်ရာ တိုင်းတာမှုတွေအပေါ်မှာ ဒီလိုစွဲလမ်းမှုဟာ Cloud ထဲမှာ IBM ကစပြီး လုပ်တာနောက်ကျခဲ့တဲ့ ကြီးမားတဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ IBM ဟာ Cloud ရဲ့အလားအလာကို သူ့ရဲ့ပြိုင်ဘက်တွေ တော်တော်များများထက် ပိုပြီးစောစောမြင်တွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုနောက်ကျခဲ့တဲ့ ရလဒ်ကတော့ အခုဆိုရင်ကုမ္ပဏီဟာ အနည်းဆုံး Cloud Computing ထဲက 'Public Cloud' လို့ခေါ်တဲ့ ကုမ္ပဏီရဲ့အစိတ်အပိုင်းထဲမှာ ဒါမှမဟုတ် ကုမ္ပဏီတော်တော်များက မျဝေပြီးယူထားတဲ့ Big Data Center တွေရဲ့ ကွန်ရက်တွေထဲမှာ မအောင်မြင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေပါပြီ။ IBM ဟာ အကောင်းဆုံးအနေနဲ့ နံပါတ်သုံးပဲရှိပါတယ်။ Amazon နဲ့ Microsoft တို့ဟာ သူတို့ရဲ့ကိုယ်ပိုင်ကွန်ပျူတာစနစ်တွေနဲ့ လုပ်ကိုင်မနေဘဲ Cloud ထဲကို လျှောက်လွှာတွေ ဝင်လာတဲ့ကုမ္ပဏီတွေရဲ့ တိုးတက်များပြားလာတဲ့ အရေအတွက်ဆီက အကျိုးအမြတ်တွေရရှိပြီး ဒီအုပ်စုမှာ ရှေ့ကိုတော်တော်ရောက်ပြီး ဦးဆောင်နေပါပြီ။ IBM ရဲ့ ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ Public Cloud ပစ္စည်းတွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေဆီက လာတာဖြစ်တယ်လို့ UBS ရင်းနှီးမြှုပ်နှံမှုဘဏ်က Steve Milunovish က ပြောပါတယ်။

ဥပမာအားဖြင့် IBM ဟာ AI အပေါ်မှာ ရည်မှန်းချက်ကြီးခဲ့တဲ့ ပထမဆုံးဧရာမနည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့အတွက် ဒီပြဿနာကိုရှောင်ဖို့ ကြိုးစားခဲ့ပါတယ်။ အမေရိကန်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတစ်ခုဖြစ်တဲ့ Jeopardy မှာ အနိုင်ရခဲ့တဲ့ Watson လို့ခေါ်တဲ့ နည်းပညာတစ်ခုပေါ်မှာ တည်ဆောက်ပြီး နှစ်နှစ်ကြာတဲ့အခါ ကုမ္ပဏီဟာ အဖွဲ့အစည်းတွေကို သူတို့ရဲ့အချက်အလက်တွေထဲမှာ ရှိတဲ့ပုံစံတွေနဲ့ ကြိုတင်ခန့်မှန်းမှုတွေ ပြုလုပ်ရာမှာကူညီဖို့ လုပ်ငန်းအမျိုးအစားအသစ်တစ်ခုကို စပြီးလုပ်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ဒီကြိုးပမ်းမှုကို အကြီးအကျယ်မြှင့်တင်ခဲ့ပြီး အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုမှာ ဥပမာအားဖြင့် ကျန်းမာရေးစွန့်စားမှုတွေကို တွက်ချက်ဖို့အတွက် လူနာရဲ့အချက်အလက်တွေကိုအသုံးပြုဖို့ ဆေးရုံတွေကို ကူညီဖို့ ဒေါ်လာဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ လူနာမှတ်တမ်းတွေကို အဓိပ္ပာယ်ဖော်ဖို့ မကြာခဏ ခက်ခဲနေတဲ့အတွက် တိုးတက်မှုဟာနှေးကွေးခဲ့ပါတယ်။ ဒီနှစ်စောစောပိုင်းက Houston မြို့က MD Anderson ကင်ဆာရာဂါဌာနဟာ Watson စီမံကိန်းတစ်ခုအတွက် ဒေါ်လာသန်းခြောက်ဆယ် အသုံးပြုပြီးတဲ့နောက် အဲဒီစီမံကိန်းဟာ ဆေးခန်းမှာအသုံးပြုဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆတဲ့အတွက် ဖျက်သိမ်းခဲ့ပါတယ်။ အခုဆိုရင် AI နယ်ပယ်မှာရှိတဲ့ လူတွေက Watson ကို အထင်သေးသွားကြတဲ့အတွက် ပင်ကိုအရည်အချင်းရှိတဲ့လူတွေကို ဆွဲဆောင်မယ့် ဒီစီမံကိန်းရဲ့စွမ်းရည်ကို ထိခိုက်နေပါတယ်။

AI လုပ်ငန်းရဲ့ အထနှေးမှုဟာ စီမံခန့်ခွဲမှုမှာ လုပ်ငန်းဟောင်းကို ကျဆင်းအောင်လုပ်နေသလို လုပ်ငန်းသစ်တွေကို အမြန်ကြီးထွားအောင်လုပ်ဖို့ကိုလည်း ပိုပြီးတောင်ခက်ခဲအောင် လုပ်နေပါတယ်။ Cloud နဲ့ AI အပြင် ကုမ္ပဏီဟာ ဆိုက်ဘာလုံခြုံရေး၊ လက်ကိုင်ဖုန်းဝန်ဆောင်မှုတွေနဲ့ Blockchains ကို အခြေခံတဲ့ပစ္စည်းတွေ၊ Cryptocurrency ဆိုတဲ့ Bitcoin (ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုး) ကိုပဲ အခြေခံတဲ့ Special Database (အထူးစုစည်းထားတဲ့ အချက်အလက်) တွေကိုလည်း ဖော်ထုတ်နေပါတယ်။ ''ဒါဟာ စက်လှေကားကို ပြောင်းပြန်တက်စီးရသလိုဖြစ်နေပါတယ်'' လို့ ဈေးကွက်သုတေသန လုပ်ငန်းတစ်ခုဖြစ်တဲ့  IDC က Frank Gens ဆိုသူကပြောပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ IBM ဟာ လုံလောက်အောင် မမြန်ခဲ့တဲ့အတွက် ဝင်ငွေတွေကျဆင်းခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင်တိုင်းတာမှုတွေအရ အနည်းဆုံးဘယ်တော့မှ ခြေချော်မကျမယ့် အထက်ကိုတက်ဖို့လုံလောက်တဲ့ အရှိန်အဟုန် သူ့မှာရှိနေပါတယ်။ 'အဓိကလုပ်ငန်း' လို့ ကုမ္ပဏီကခေါ်တဲ့ လုပ်ငန်းဆီကဝင်ငွေတွေ၊ ဒါမှမဟုတ် သမားရိုးကျကွန်ပျူတာလုပ်ငန်းမှာသုံးတဲ့ IBM ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချမှုဆီက ဝင်ငွေဟာ နောက်ဆုံးသုံးလပတ်မှာ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အဲဒီရှေ့သုံးလပတ်တုန်းက ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အဲဒါနဲ့ဆန့်ကျင်ဘက်အနေနဲ့ အဓိကအားဖြင့် Cloud နဲ့ AI ပါဝင်တဲ့ကုမ္ပဏီရဲ့ ''မဟာဗျူဟာမြောက်မရှိမဖြစ်တဲ့အရာတွေ'' ဟာ ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါတယ်။ ဒါတွေက IBM ရဲ့လုပ်ငန်းရဲ့ ၄၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးပြီး အရင်သုံးလပတ်ထက် ၂ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ ''ဒီနှစ်စောစောပိုင်းကဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ ကတိပေးခဲ့တဲ့နေရာကို အခုကျွန်တော်တို့ အတိအကျ ရောက်နေပါပြီ'' လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Martin Schroeter က ပြောပါတယ်။

ကုမ္ပဏီဟာ အခုအချိန်အထိ ပြီးခဲ့တဲ့နှစ်ကနေရာနဲ့ အလားတူတဲ့နေရာမှာပဲ ရှိနေပါသေးတယ်။ လုပ်ငန်းဟောင်းတွေရဲ့ ကျဆင်းမှုအရှိန်ရနေတာနဲ့ လုပ်ငန်းသစ်တွေရဲ့ တိုးတက်မှုနှေးကွေးနေတာတွေကို မြင်တွေ့နေရပါတယ်။ သူတို့ရဲ့ဘတ်ဂျက်တွေကို သုံးဖို့လိုအပ်နေတဲ့ ပြန်ကြားရေးအရာရှိချုပ်တွေရဲ့ ပတ်လည်က ရာသီအလိုက်သက်ရောက်မှုတစ်ခုကြောင့် ဒီအချိန်မှာတော့ ကောင်းမယ့်အလားအလာတွေ ဆက်ပြီးဖြစ်သွားနိုင်ပါတယ် (မနှစ်တုန်းကဝင်ငွေဟာ တတိယသုံးလပတ်က စတုတ္ထသုံးလပတ်အထိ ဒေါ်လာ ၂.၅ ဘီလီယံ မြင့်တက်ခဲ့ပါတယ်)။ တစ်စိတ်တစ်ပိုင်းအားဖြင့် မကြာသေးခင်က စတင်မိတ်ဆက်ခဲ့တဲ့ IBM ရဲ့ စွမ်းအားမြင့်ကွန်ပျူတာပုံစံသစ်ကို ကောင်းကောင်းရောင်းလို့ရနေတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ မြင့်တက်မှုဟာ ဒေါ်လာသန်းသုံးရာနဲ့ လေးရာကြားဖြစ်ဖို့ မစ္စတာ Schroeter က မျှော်လင့်ထားပါတယ်။

စစ်ဆေးစမ်းသပ်မှုအစစ်အမှန်က စွမ်းအားမြင့်ကွန်ပျူတာအသစ်တွေရဲ့ သက်ရောက်မှုကုန်လွန်သွားတဲ့ နောက်ပိုင်းမှ လာမှာဖြစ်တဲ့အတွက် သူ့ရဲ့ပြောင်းလဲဖို့ကြိုးပမ်းမှုတွေမှာ ပြောင်းလဲမှုအမှတ်ကို ရောက်ခဲ့ပြီဆိုတာကို IBM အနေနဲ့ သက်သေပြရဦးမှာဖြစ်ပါတယ်။ ဒါဟာ လွယ်ကူမှာတော့မဟုတ်ပါဘူး။ အဓိကကျတဲ့ အဟောင်းတွေဟာ ဆက်ပြီးကျဆင်းဦးမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ နှောက်ယှက်တိုက်ခိုက်မှုတွေကို ပျက်ပြားအောင်လုပ်ဖို့ အထူးပြုလုပ်ထားတဲ့ စွမ်းအားမြင့်ကွန်ပျူတာပုံစံသစ်တွေက အောင်မြင်မှုရှိနေပေမယ့် ဒီတစ်ဆင့်ခံလုပ်ပိုင်ခွင့်ရ ကွန်ပျူတာလုပ်ငန်းဟာ 'တစ်စတစ်စ ဆုတ်ယုတ်နေပါပြီ' လို့ မစ္စတာ Milunovich ကပြောပြီး နှစ်စဉ် ၃ ရာခိုင်နှုန်းနဲ့ဆက်ပြီး လုပ်ငန်းကျုံ့သွားလိမ့်မယ်လို့လည်း သူကမျှော်လင့်ထားပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ဒီကော်ပိုရေးရှင်းအဆောက်အအုံကြီးကို အားနည်းစေပါလိမ့်မယ်။ ခန့်မှန်းချက်တချို့အရ စွမ်းအားမြင့်ကွန်ပျူတာတွေရဲ့ အရောင်းဟာ ကုမ္ပဏီကြီးရဲ့ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကိုသာ ပေါ်ထွက်စေပေမယ့် ဆက်စပ်နေတဲ့ Software တွေနဲ့ ဝန်ဆောင်မှုတွေက ဝင်ငွေတွေရဲ့လေးပုံတစ်ပုံနဲ့ အမြတ်ရဲ့ငါးပုံနှစ်ပုံကျော်ကို ပေးနေပါတယ်။

လုပ်ငန်းအသစ်တွေအနေနဲ့ အရှိန်ရနေပုံပေါ်နေပေမဲ့ ဘယ်လောက်ရနေသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ IBM ဟာ သူ့ရဲ့ Cloud ဝင်ငွေထဲမှာ ဆက်စပ်မှုရှိနေတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအမျိုးအစားတွေ အများကြီးထည့်သွင်းထားပြီး အဲဒီအထဲမှာ ဝယ်ယူသူတွေအတွက် သူတို့ရဲ့ဥပစာတွေထဲမှာ သူတည်ဆောက်ပေးနေတဲ့ 'ပုဂ္ဂလိက' Cloud တွေတောင်မှ ပါဝင်ပါတယ်။ ဒါပေမဲ့ IT ရဲ့ အဓိကကျတဲ့နေရာနဲ့ ဆန်းသစ်တီထွင်မှုရဲ့ အဓိကအရင်းအမြစ်ဖြစ်လာခဲ့တာကတော့ အများနဲ့ဆိုင်တဲ့ Cloud  ဖြစ်တယ်လို့ မစ္စတာ Gens က ပြောပါတယ်။ အဲဒါဟာ အထူးတီထွင်ထားတဲ့ AI Chip တွေလို Software အသစ်နဲ့ Hardware အသစ်တွေကိုတိုးတိုးပြီး ဖော်ထုတ်တဲ့နေရာဖြစ်ပါတယ်။ အခုဆိုရင် Microsoft ဟာ သမားရိုးကျ ကွန်ပျူတာတွေထက် အများကြီးပိုပြီးအားကောင်းတဲ့ Quantum ကွန်ပျူတာတွေနဲ့ လက်တွေ့စမ်းသပ်မှုလုပ်နိုင်ဖို့အတွက် အများနဲ့ဆိုင်တဲ့ Cloud တည်းက ဖော်ထုတ်သူတွေအတွက် လက်နက်တွေကိုတောင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

AI နဲ့ဆိုရင် ငွေကြေးအခြေအနေဟာ အလားတူပဲ မှုန်ဝါးနေပါတယ်။ IBM ဟာ Watson ရဲ့ အကျိုးအမြတ်တွေကို ထုတ်မပြောပါဘူး။ ဇူလိူင်လမှာ နောက်ထပ်ရင်နှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်တဲ့ Jefferies က သူ့ရဲ့အစီရင်ခံစာတစ်စောင်ထဲမှာ IBM ရဲ့ AI ရင်းနှီးမြှုပ်နှံမှုဆီက အကျိုးအမြတ်တွေဟာ တကယ်တော့ သူတို့ရဲ့အရင်းအနှီး ကုန်ကျစရိတ်ကို ကာမိရုံကလေးပဲရှိတယ်လို့ သတိပေးထားပါတယ်။ မစ္စတာ Schroeter ရဲ့စကားအရအခုဆိုရင် သူ့ရဲ့ကုန်ပစ္စည်းတွေအားလုံးမှာ AI ကို ငွေကြိုးနဲ့ ရက်ထားသလိုပါပဲလို့ ကုမ္ပဏီကိုယ်တိုင်က ပြောပါတယ်။ ဈေးဝယ်သူတွေဟာ အခွန်ကိစ္စအကြံပေးမှုနဲ့ အလိုအလျောက် ဈေးဝယ်သူထောက်ခံမှုတွေလို ဝန်ဆောင်မှုအသစ်တွေကိုလည်ပတ်စေဖို့ ဒီနည်းပညာကို ပိုပြီးသုံးနေကြတယ်လို့လည်း ကုမ္ပဏီကပြောပါတယ်။ ပြီးတော့ တခြားကုမ္ပဏီတွေအတွက် သူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေနဲ့ပေါင်းစပ်ဖို့ အွန်လိုင်းဝန်ဆောင်မှုလိုရနိုင်တဲ့ ဘာသာစကားနားလည်မှုနဲ့ ဘာသာပြန်မှုနည်းပညာလို တချို့ AI ပစ္စည်းတွေကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ Amazon ၊ Microsoft နဲ့ တခြားကုမ္ပဏီသစ်တော်တော်များကလည်း အလားတူ 'အသိဉာဏ်ဆိုင်ရာဝန်ဆောင်မှု' တွေကို ရောင်းနေကြပြီး အဲဒီထဲကတချို့ဟာ IBM ရဲ့ ဝန်ဆောင်မှုတွေထက် ပိုပြီးကောင်းတယ်လို့ ဆိုနေပါတယ်။

လုပ်ငန်းအသစ်တွေဟာ လုပ်ငန်းဟောင်းတွေလောက် အကျိုးအမြတ်ရှိချင်မှရှိပါလိမ့်မယ်။ မစ္စတာ Shroeter ကတော့ လုပ်ငန်းသစ်တွေဟာ လုပ်ငန်းဟောင်းတွေလောက် အကျိုးအမြတ်ရှိပြီး အမြတ်နှုန်းတွေ တိုးလာပါလိမ့်မယ်လို့ ပြောပါတယ် (အမြတ်တွေဟာ ပြီးခဲ့တဲ့သုံးလပတ်မှာ ဒေါ်လာ ၂.၇၃ ဘီလီယံအထိ ၄.၅ ရာခိုင်နှုန်း ကျခဲ့ပါတယ်)။ ဒီတစ်ပတ်မှာ IBM ရဲ့ ရှယ်ယာတွေ ခုန်တက်မှုက ရင်းနှီးမြှုပ်နှံသူတွေဟာ သံသယရဲ့အကျိုးကို မစ္စ Rometty ကို ခံစားခွင့်ပေးလိမ့်မယ်ဆိုတာကို ပြောပြနေပါတယ်။ ဒါပေမဲ့ ဒီအကောင်းမြင်မှုနဲ့ အောင်မြင်မှုအလှည့်အပြောင်းတစ်ခုဆိုတဲ့ မျှော်လင့်ချက်ဟာ မှန်တယ်ဆိုတာကို ဒီကုမ္ပဏီကြီးက ပြရဦးမှာဖြစ်ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)