စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်လာတဲ့ အခုလက်ရှိမြန်မာနိုင်ငံဟာဆိုရင် နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းမှာ နေရာတစ်ခုအတိအကျရယူနိုင်ခဲ့ပါပြီ။ ဒီအတွက် ဝင်ရောက်လာကြတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေဟာ သူ့ထက်ငါဦးအောင် ဈေးကွက်အသစ်တွေကို အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ဒီလိုအပြိုင်အဆိုင်ရှာဖွေတဲ့အထဲမှာ ကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်စရာမလိုဘဲ စီးပွားရေးအချက်အလက်တွေကို သိရှိနိုင်ဖို ဝန်ဆောင်မှုပေး တဲ့လုပ်ငန်း တကယ်လိုအပ်တာအမှန်ပါ။ ဒါကြောင့်ထွန်းသစ်စဈေးကွက်တွေကို ရှာဖွေဖော်ထုတ်ပေးနေတဲ့ Hintha Business Centres ရဲ့ ဒါရိုက်တာ Miss Catherine Smith နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ရေးအကျဉ်း Catherine Smith ဟာ ကမ္ဘာတစ်ဝန်းက ထွန်းသစ်စ ဈေးကွက်တွေမှာ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲခြင်းနဲ့ ဖွဲ့စည်း ထူထောင်ခြင်းတို့မှာ အတွေ့အကြုံများ စွာရှိထားသူ ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဟောင်ကောင်ကို သွားရောက်ခဲ့ပြီး စီမံခန့်ခွဲမှုအပိုင်းနဲ့ ဈေးကွက်ဖော်ဆောင်မှုအပိုင်းတွေကို အဓိကအနေနဲ့ လုပ်ကိုင် ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကျော် ကာလတွေမှာတော့ ဗီယက်နမ်မှာ စီမံကိန်းအမြောက်အများကို အကောင်အထည်ဖော် စီမံကိုင်တွယ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်ဒိုချိုင်းနားနဲ့ သီရိလင်္ကာတို့အတွက် ဈေးကွက်ထိုးဖောက်မှုနည်းဗျူဟာအသစ်ကို အကောင်အထည်ဖော်ဖို့ Walt Disney က Catherine ကို တာဝန်ပေးခန့်အပ် ခဲ့ပါတယ်။ သူ့ရဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်ကာလကိုတော့ Warner Bros ကုမ္ပဏီ (ရုရှား) နဲ့ စကင်ဒီနေးဗီးယန်းဆော့ဖ်ဝဲလုပ်ငန်းတစ်ခုတို့မှာ လုပ်ကိုင်ရင်း ကုန်ဆုံးခဲ့ပါတယ်။ မကြာသေးမီကပဲ အိုင်တီဝန်ဆောင်မှုလုပ်ငန်းတစ်ခုတည်ထောင်ပြီး ပြန်လည်ရောင်းချခဲ့ပါတယ်။ Catherine ဟာ ၂၀၁၂ ခုနှစ်၊ ဧပြီလကတည်းက မြန်မာနိုင်ငံမှာ အခြေချခဲ့တာဖြစ်ပါတယ်။
Hintha Business Centres အကြောင်းကို ပြောပြပေးပါ။ Anthem Asia Group of Companies ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ Hintha Business Centres ဟာ ဘယ်လို စီးပွားရေးလုပ်ငန်းမျိုးအတွက်မဆို အဆင်ပြေလွယ်ကူပြီး စွယ်စုံသုံးနိုင်တဲ့ရုံးခန်း ၤFacility တွေ၊ ရုံးခန်းနေရာတွေ နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဒါအပြင် ကျွန်မတို့အနေနဲ့ စီးပွားရေးအကြံပေးလုပ်ငန်းကို လည်း လုပ်ပါတယ်။ ဥပမာ- နိုင်ငံခြားကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍပေါင်းစုံနဲ့ ပတ်သက်ပြီး ဈေးကွက်သုတေသနလုပ်တာမျိုးလည်းကို ဆောင်ရွက်ပေးပါ တယ်။
မြန်မာနိုင်ငံမှာ စီပွားရေးလာရောက်လုပ်ကိုင်ဖို့ဘယ်လိုအကြောင်းအရာက တွန်းအားပေးခဲ့တာပါလဲ။ စီးပွားရေးလုပ်ငန်းတွေအောင်မြင်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီးကို ဒီမှာတွေ့ထားသလို လုပ်ငန်ကြီးထွားတိုးတက်ဖို့ ရည်မှန်းထားတဲ့ ပြည်တွင်းလုပ်ငန်းတွေနဲ့ အတူလက်တွဲ အလုပ်လုပ်ချင်ပြီး သူတို့ရဲ့တိုးတက်မှုအတွက် အကူအညီပေးချင်လို့လာရောက်လုပ်ကိုင်ရတာပါ။
Business Centres ရဲ့ သဘောတရားကို သိပါရစေ။ Business Centres ရဲ့ သဘောတရားကို တခြားနိုင်ငံတွေမှာတော့ တော်တော်များများ ရင်းနှီးကျွမ်းဝင်မှုရှိကြပါတယ်။ ဥပမာအနေနဲ့ ဘန်ကောက်မှာဆိုရင် Business Centres ပေါင်း ၅၀၊ ၆၀ လောက်ရှိနိုင်ပါတယ်။ ရန်ကုန်မှာဆိုရင်လည်း လေးခု၊ ငါးခုလောက် ရှိနိုင်ပါတယ်။ ဒီလုပ်ငန်းမျိုးရဲ့ သဘောသဘာဝက ရန်ကုန်လို စီးပွားရေး အချက်အချာကျတဲ့နေရာအတွက် အင်မတန်ကို ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာက စီးပွားရေးသမားတွေ ဒီကိုလာတဲ့အခါမှာ မြန်မာနိုင်ငံက သူတို့အတွက်ဈေးကွက်အသစ်ဖြစ်နေတော့ ဘာလုပ်ရမယ်မှန်းမသိကြဘူး။ ဒါကြောင့် သူတို့ရဲ့ရုံးလုပ်ငန်းတွေအတွက် ကျွန်မတို့ရဲ့ Business Centres က ရုံးခန်း နေရာ၊ လျပ်စစ်မီး၊ ရေ၊ အင်တာနက်နဲ့ ပရိဘောဂကအစ ပံ့ပိုးပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်တာဖြစ်တယ်။ ကျွန်မတို့မှာ ရုံးခန်းပေါင်း ၁၃ ခန်းရှိပြီးတော့ စုပေါင်းအသုံးပြုနိုင်တဲ့ ရုံးလုပ်ငန်းသုံးစားပွဲတွေဖြစ်တဲ့ Hot Desk တွေကိုလည်း ထားပေးပါတယ်။ Conference Room သုံးခုရှိပါတယ်။ အခန်းတစ်ခုမှာဆိုရင် White Board ၊ Projector နဲ့ Flip Chart တွေရှိပါတယ်။ Meeting Room က ၁၂ ယောက်ကနေ ၁၅ ယောက်လောက်ထိ ဆံ့ပါတယ်။
ရုံးခန်းငှားရမ်းခနှုန်းထားကိုလည်း သိချင်ပါတယ်။ ရုံးခန်းငှားရမ်းခကတော့ ငှားမယ့်နေရာအကျယ်အဝန်းနဲ့ ဘယ်အချိန်ကာလအထိငှားမလဲဆိုတဲ့အပေါ်မှာ မူတည်ပါ တယ်။ ငှားရမ်းခအနေနဲ့ တစ်လကို အမေရိကန်ဒေါ် လာ ၁,၈၀၀ ကနေစပြီး ဒေါ်လာ လေးထောင်၊ ငါးထောင်လောက် အထိ အစားစားရှိပါတယ်။ အဲဒီအထဲမှာ ပရိဘောဂ၊ အဲယားကွန်း၊ လျပ်စစ်မီး၊ မီးစက် စတဲ့ ဝန်ဆောင် မှုတွေ အားလုံးပါဝင်ပါတယ်။
ဘယ်လို Customerတွေ အဓိကထားပါသလဲ။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားက ကုမ္ပဏီအသစ်တွေအနေနဲ့ လုပ်ငန်းမြန်မြန်ဆန်ဆန် စတင် လည်ပတ်နိုင်ဖို့နဲ့ ကျွန်မတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြု ဖို့ လိုအပ်တဲ့ ဒီမှာရောက်ရှိနှင့်ပြီးသား၊ ရုံးခန်းရှိပြီးသား နိုင်ငံခြားကုမ္ပဏီတွေကို ဝန်ဆောင်မှုပေးဖို့ အဓိကရည်ရွယ်ပါတယ်။ ဥပမာအနေနဲ့ ရန်ကုန်မှာဆိုရင် ယာဉ်ကြော ပိတ်ဆို့မှုများနေတဲ့အတွက် တကယ်လို့ ကုမ္ပဏီတော်တော်များများရဲ့ ရုံးခန်းက ရှစ်မိုင်မှာရှိတယ်ဆိုပါစို့။ သူတို့အနေနဲ့ အစည်းအဝေးအတွက် မြို့ထဲကိုလာချင်တယ် ဆိုရင် ကျွန်မတို့ရဲ့ Conference Room ကို တစ်နေ့တာအတွက် ငှားရမ်းအသုံးပြုနိုင်ပြီး အစည်းအဝေးတွေ တစ်ခုပြီးတစ်ခု လုပ်လို့ရနိုင်ပါတယ်။
ဝန်ဆောင်မှုတွေကို ပြောပြပေးပါ။ ဝန်ဆောင်မှုအနေနဲ့ အစည်းအဝေးခန်းတွေ၊ မိတ္တူကူးစက်၊ Scanning ၊ Printing ၊ ဘာသာပြန်တို့အပါဝင် Secretary နဲ့ သက်ဆိုင်တဲ့အလုပ်တွေကို ဝန်ဆောင်မှုပေး ပါတယ်။ ဒါအပြင် နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ဒီမှာ မှတ်ပုံတင်ဖို့ ကိစ္စတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။
မြန်မာနိုင်ငံမှာ Business Centres တွေရဲ့ အလားအလာ အပေါ် သုံးသပ်ပေးပါ။ ရန်ကုန်မြို့အနေနဲ့ပြောရရင် စီပွားရေးအချက်အချာဖြစ်တဲ့အတွက် Business Centres လုပ်ငန်းတွေအတွက် အလားအလာတော်တော်ကောင်းတယ်လို့ ဆိုရမှာပါ။ ဒီလုပ်ငန်းမျိုးက နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေအတွက် အင်မတန်ကို အထောက်အကူဖြစ်တဲ့ လုပ်ငန်းမျိုးဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို အခုလိုနိုင်ငံခြားကုမ္ပဏီတွေ အများကြီးဝင်လာနေတဲ့အခါမျိုးမှာ အလားအလာ တော်တော်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီမှာ လုပ်ငန်းမြန်မြန်စတင်နိုင်ရင် မြန်မာ နိုင်ငံအတွက်လည်း ပိုကောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာမှာပါ။ ကျွန်မတို့အနေနဲ့လည်း တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ (Responsible Investment) ကို ထောက်ပံ့သွားဖို့ အမြဲအဆင်သင့်ရှိနေသလို ပြည်တွင်းဝန်ထမ်းတွေကို ငှားရမ်းပြီး လေ့ကျင့်ပျိုးထောင်ပေးတာမျိုးကိုလည်း လုပ်ဆောင်သွားမှာပါ။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအပေါ် ဘယ်လိုသုံးသပ် မိပါသလဲ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေက အချို့နေရာတွေမှာတော့ ပိုမိုကောင်းမွန်အောင်လုပ်ဖို့လိုနေသေးပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် တော်တော်ကလေး အပြု သဘောဆောင်တယ်လို့ ဆိုရမှာပါ။ ထိုင်းတို့၊ ဗီယက်နမ်တို့မှာလည်း ဒီလိုပါပဲ။ သူတို့လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပိုပြီးကောင်းလာအောင် လုပ်နေရတာ ပါပဲ။ မြန်မာနိုင်ငံအစိုးရနဲ့ ဥပဒေရေးဆွဲသူတွေအနေနဲ့ စီမံကိန်းတွေအများကြီးကို အကောင်အထည်ဖော်ဖို့၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ့် ဥပဒေတွေ၊ အသေးစိတ် လုပ်ရမယ့်ကိစ္စတွေရှိနေပြီး ဘယ်ဟာကို အဓိကဦးစားပေးဆောင်ရွက်ရမယ်ဆိုတာအပေါ်မှာတော့ အခက်အခဲအများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံ သူတစ်ယောက်အနေနဲ့ပြောရရင် တော်တော်လေးကို အပြုသဘောဆောင်ပြီး တိုးတက်ပြောင်းလဲမှုတွေကလည်း ဆက်လက်ဖြစ်ပေါ်နေတယ်လို့ မြင်ပါတယ်။
CSR အစီအစဉ်အနေနဲ့ ဘာတွေကို ဆောင်ရွက်ဖို့ ရှိပါသလဲ။ ကျွန်မတို့လုပ်သမျလုပ်ငန်းတိုင်းကို တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ အလေးထားပြီး ဆောင်ရွက်ပါတယ်။ ဥပမာအနေနဲ့ ကျွန်မတို့ Business Centres အတွက် အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း ပြည်တွင်းက သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့်ပစ္စည်းတွေကို အသုံးပြုထားပါတယ်။ အခုအချိန်ထိတော့ ကျွန်မတို့လုပ်ငန်းနဲ့ ပတ်သက်ပြီး တိကျတဲ့ CSR (Corporate Social Responsibility) အစီအစဉ်မျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်မတို့ဝန်ထမ်းတွေကို ဘာပဲ လုပ်လုပ် ပြည်တွင်း လူမှုအဖွဲ့အစည်းရဲ့ အကျိူးစီးပွားကို ရှေးရှုလုပ်ဆောင်တတ်ဖို့ လေ့ကျင့်ပေးထားပါတယ်။ ဥပမာအနေနဲ့ မနှစ်ကရန်ကုန်မှာပြုလုပ်တဲ့ ဧရာဝတီစာပေပွဲတော်မှာလည်း ကျွန်မတို့ပါဝင်ပံ့ပိုးခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ပြည်တွင်းလူမှုအဖွဲ့အစည်းအတွက် တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
အနာဂတ်အစီအစဉ်ကို သိချင်ပါတယ်။ လုပ်ငန်းခွဲတွေကို ရန်ကုန်ရဲ့ အခြားနေရာတွေနဲ့ နေပြည်တော်တို့မှာ ဖွင့်လှစ်သွားဖို့ဖြစ်နိုင်ခြေတော့ရှိပါတယ်။ ခုထိတော့ သေချာမပြောနိုင်သေးပါဘူး။ အရင်ဆုံးအနေ နဲ့တော့ Client များများရပြီး လက်ရှိလုပ်ငန်းကိုပဲ ချောချောမွေ့မွေ့လည်ပတ်နိုင်အောင်လို့ လုပ်ဆောင်သွားမှာဖြစ်ပြီး တာဝန်ယူတဲ့ ရင်နှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ အခွင့် အလမ်းတွေကို ရှာဖွေသွားမှာပါ။ ရလဒ်အနေနဲ့ မြန်မာနိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးလာနိုင်ဖို့ မျှော်လင့်ပါတယ်။